အခန်း ၅
Vol. 1 Ch. 5
အခန်း (၅) - ဝမ်ပေါင်၏ ခြိမ်းခြောက်မှု
"စနစ်... ဘက်စုံစွမ်းရည် အဆင့်တူတဲ့ လူတွေက အင်အားချင်း အတူတူပဲလား"
ရှောင်ဖန်းသည် မိမိ၏ စိတ်ထဲ၌ထင့်နေသောမေးခွန်းကိုမေးလိုက်၏။ထိုအချက်က နောင်တွင် သူ၏ အချက်အလက်မှတ်များကို မည်သို့ ခွဲဝေရမည်ဟူသည်ကို ဆုံးဖြတ်ပေးမည် ဖြစ်သည်။
[သေချာပေါက် မတူနိုင်ပါ။ အဆင့်ချင်း တူညီနေပါစေဦးတိကျသော အင်အားပြသမှုသည် မိမိပိုင်ဆိုင်သော စွမ်းရည်၏ အစွမ်းထက်မှု၊ အချက်အလက်မှတ် အမျိုးမျိုး၏ အဆင့်များနှင့် ထိုစွမ်းရည်ကို အသုံးချနိုင်စွမ်းရှိသည့် ကျွမ်းကျင်မှုအပေါ် မူတည်၍ ကွဲပြားသွားမည် ဖြစ်ပါသည်]
[ဘက်စုံစွမ်းရည် အဆင့်သတ်မှတ်ချက်ဆိုသည်မှာ အင်အားကို ယေဘုယျအားဖြင့် ခွဲခြားပြသခြင်းသာ ဖြစ်ပါသည်]
[ပိုင်ရှင်အနေဖြင့် အချက်အလက်အမှတ်များကို မျှတစွာ ပေါင်းထည့်ရန် အကြံပြုပါသည်၊ ထိုသို့ပြုလုပ်ခြင်းဖြင့် အချက်အလက်တစ်ခုတည်း အားသာသော စွမ်းရည်မျိုး နိုးထခြင်းမှ ကာကွယ်နိုင်ပြီး အခြားသူများ၏ တန်ပြန်တိုက်ခိုက်ခြင်းကို ခံရမည့် အခွင့်အရေးကို လျှော့ချနိုင်ပါလိမ့်မည်]
စနစ်၏ ရှင်းပြချက်မှာ ရှောင်ဖန်း သံသယဝင်နေသည့် အချက်နှင့် ထပ်တူပင် ဖြစ်သည်။ ထို့ကြောင့် ရှောင်ဖန်းသည် ဘက်စုံမျှတစွာ ဖွံ့ဖြိုးတိုးတက်မည့် လမ်းစဉ်ကို ရွေးချယ်ရန် ဆုံးဖြတ်လိုက်၏။ ဘက်စုံမျှတစွာ ကြီးထွားလာမှသာသူ၌ အားနည်းချက် ရှိတော့မည်မဟုတ်ပေ။
သူသည် ဝိညာဉ်ကူးပြောင်းလာနိုင်ပြီး စနစ်တစ်ခုကို နိုးထစေနိုင်ခဲ့သည်ဖြစ်ရာ မကြာမီ ရောက်ရှိလာတော့မည့် ကမ္ဘာပျက်ကပ်ကြီးမှာ သေချာပေါက် ရိုးရှင်းလိမ့်မည် မဟုတ်ချေ။ အခြားသော စွမ်းရည်ရှင်များ ပေါ်ထွက်လာခြင်းမှာလည်း ပုံမှန်ပင် ဖြစ်လိမ့်မည်။
အဘယ်ကြောင့်ဆိုသော် သူတို့အိမ်ရာဝင်းထဲတွင်ပင် ပြန်လည်မွေးဖွားလာသူဖြစ်ပြီး စွမ်းရည်တစ်ခု နိုးထထားသည်ဟု သံသယရှိရသော လူတစ်ယောက် ရှိနေသောကြောင့် ဖြစ်၏။ ထိုသူမှာဝမ် ပေါင်ပင် ဖြစ်သည်။
ဝမ်ပေါင်ကို တွေးမိလိုက်သည်နှင့် မူလပိုင်ရှင်၏ ရင်နာစရာ မှတ်ဉာဏ်များသည် ရှောင်ဖန်း၏ ဦးနှောက်ထဲသို့ တိုးဝင်လာတော့သည်။ အအေးဒဏ်၊ ငတ်မွတ်မှုနှင့် အရှက်ခွဲခံရမှုများ...။
ထိုမှတ်ဉာဏ်များကြောင့် ရှောင်ဖန်းခေါင်းကိုက်ခဲလာပြီး မူလပိုင်ရှင်၏ နာကျင်မှုနှင့် နာကျည်းမှုများသည် သူ့ကို အစဉ်အမြဲ သက်ရောက်နေဆဲ ဖြစ်၏။
ရှောင်ဖန်းသည် ကိုက်ခဲနေသော ခေါင်းကို ပွတ်သပ်ရင်း တိုးညှင်းစွာ ရေရွတ်လိုက်သည်။
"အဘိုးကြီးရှောင်... စိတ်ချပါ။ ကျွန်တော် ခင်ဗျားအတွက် သေချာပေါက် ကလဲ့စားချေပေးမယ်"
နောက်အဆိုင်းနှင့် အလုပ်မလွှဲပြောင်းခင် အချိန်အနည်းငယ် ကျန်သေးသဖြင့် ရှောင်ဖန်းသည် ရေချိုးခန်းသို့ဝင်ကာ အရင်ဆုံး ရေချိုးလိုက်၏။
ရေချိုးနေစဉ်အတွင်း ရှောင်ဖန်းသည် မိမိ၏ မူလက တွန့်လိမ်ခြောက်ကပ်နေသော ကြွက်သားများသည် တဖြည်းဖြည်းပြန်လည်ဖောင်းကြွလာပြီး ယခင်ကကဲ့သို့ ပိန်လှီသော ပုံစံမျိုး မဟုတ်တော့ကြောင်း သတိပြုမိလိုက်သည်။
သူ၏ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း သိသိသာသာ လျော့ပါးသွား၏။ သူ၏ အချက်အလက်များ တိုးတက်လာမှုကြောင့် ယခု ရှောင်ဖန်းသည် အဖိုးကြီးရုပ်ရည်နှင့် လူငယ်တစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ရှောင်ဖန်းသည် တာဝန်ကျရာ လုံခြုံရေးဂိတ်သို့ အလုပ်ဆင်းရန် ထွက်လာခဲ့၏။ သူသည် ဖန်ခွက်ကြီးထဲတွင် ဂေါ့ဂျီသီးလက်ဖက်ရည်ကို ဖျော်စပ်ပြီးနောက် လုံခြုံရေးအခန်း ဝင်ပေါက်ဘေးရှိ ကုလားထိုင်ကို ဆွဲကာ ထိုင်လိုက်သည်။
အိမ်ရာဝင်းအတွင်းသို့ အဝင်အထွက်ပြုလုပ်နေကြသော လူများကို ကြည့်ရင်း ရှောင်ဖန်းသည် မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို တစ်စစီ ပြန်လည်ခွဲခြမ်းစိတ်ဖြာနေမိ၏။ မကြာမီမှာပင် ရှောင်ဖန်းသည် ပြဿနာအချို့ကို ရှာဖွေတွေ့ရှိသွားတော့သည်။
ဝမ်ပေါင်ဆိုသည့် လူနှင့်ပတ်သက်၍ ရှောင်ဖန်းအနေဖြင့် ထိုလူသည် ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်ပြီး ဟင်းလင်းပြင်စွမ်းရည်ကို ပိုင်ဆိုင်ထားနိုင်သည်ဟု ယခုအခါ လုံးဝ သေချာသွားခဲ့ပြီ ဖြစ်၏။ အဘယ်ကြောင့်ဆိုသော် ဝိညာဉ်မကူးပြောင်းခင်က ရှောင်ဖန်းသည်လည်း ဝဘ်ဝတ္ထုများကို ဖတ်ရှုရသည်ကို သဘောကျသူတစ်ဦး ဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ပြန်လည်မွေးဖွားခြင်းနှင့် ဟင်းလင်းပြင်စွမ်းရည်ဟူသော အယူအဆများနှင့် စိမ်းသက်မနေပေ။
ယခင်ဘဝက ကမ္ဘာပျက်ကပ် ရောက်ရှိပြီး တစ်လအကြာတွင် ပြင်ပမှ ကယ်ဆယ်ရေးများ ရောက်မလာခဲ့ဘဲ အိမ်ရာဝင်းတစ်ခုလုံး ရိက္ခာပြတ်လပ်ခဲ့ရသည်။
ထိုအချိန်တွင်ဝမ်ပေါင်သည် သူ၏အစားအသောက်များကို အိမ်ပိုင်ရှင်များအဖွဲ့ထဲ၌ အမြဲတစေ ကြွားဝါခဲ့သဖြင့် အိမ်ရာဝင်းအတွင်းရှိ လူအများစု၏ နာကျည်းမှုကို ဖြစ်ပေါ်စေခဲ့၏။
နောက်ဆုံးတွင် ပုဟွေအမည်ရှိ လူမိုက်တစ်ဦးက ဦးဆောင်ကာ ဝမ်ပေါင်၏ အခန်းကို စီးနင်းပြီး ရိက္ခာများကို လုယူရန် ကြိုးစားခဲ့ကြသည်။
သို့သော်လည်း သူ၏ အခန်းမှာ အထူးသတ္တုစပ်နံရံများဖြင့် ပြုလုပ်ထားသော ဘေးကင်းလုံခြုံသည့်အိမ်အဖြစ် ပြောင်းလဲထားပြီးဖြစ်ကြောင်းကိုသာ တွေ့ရှိခဲ့ကြရ၏။ ဤကဲ့သို့သော အိမ်ကို ဖောက်ထွင်းရန်မှာ လုံးဝ မဖြစ်နိုင်ဘဲ ဝမ်ပေါင်၏ ကြိုတင်ပြင်ဆင်ထားသော တန်ပြန်တိုက်ခိုက်မှုကြောင့် လူအများအပြား အသက်ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရ ကမ္ဘာပျက်ကပ် မရောက်မီ တစ်လအလိုတွင် ဝမ်ပေါင်သည် ပစ္စည်းအမြောက်အမြားကို မှာယူခဲ့သော်လည်း အသေးစိတ်ကိုမူ မသိရှိရချေ။ သို့သော်လည်း အိမ်ရာဝင်းအတွင်းသို့ ကုန်တင်ကားများ ဆက်တိုက်ဝင်ရောက်လာခဲ့သည်ကိုမူ ရှောင်ဖန်းအထင်အရှား မှတ်မိနေ၏။
ထိုပစ္စည်းပမာဏမှာ ဝမ်ပေါင်၏ အခန်းငယ်လေးအတွင်း ဆန့်ဝင်နိုင်မည့် ပမာဏမျိုး မဟုတ်သဖြင့် သူ့တွင် ဟင်းလင်းပြင်စွမ်းရည်ကဲ့သို့သော သိုလှောင်မှုနေရာ ရှိနေရမည်ဟု ရှောင်ဖန်းသေချာနေခြင်း ဖြစ်သည်။ သူကိုယ်တိုင်လည်း စနစ်၏ သိုလှောင်မှုနေရာကို ပိုင်ဆိုင်ထားသည် မဟုတ်ပါလား၊ သို့သော် သူ၏ စနစ်နေရာမှာ လောလောဆယ်တွင် ပြင်ပပစ္စည်းများကို ထည့်သွင်း၍မရသေးချေ။
ဝမ်ပေါင်၏ သိုလှောင်မှုနေရာ မည်မျှကျယ်ဝန်းပြီးရိက္ခာ မည်မျှအထိ သိမ်းဆည်းထားနိုင်သည်ကိုမူ သူ မသိရှိပေ။
ဝမ်ပေါင်သည် သူ၏ အစားအစာနှင့် နွေးထွေးသော အခန်းကို အမှီပြု၍ အိမ်ရာဝင်းအတွင်းရှိ လှပသော အမျိုးသမီးနှစ်ဦးကို ဆွဲဆောင်ခဲ့သည်။ ဝမ်ပေါင်ကထိုထက်ပို၍ မသိမ်းပိုက်ခဲ့သည်မှာသူ၏ ကိုယ်ပိုင်ကြံ့ခိုင်မှု မလုံလောက်သဖြင့် အများကြီးကို မနိုင်နင်းခြင်းကြောင့် ဖြစ်နိုင်သည်ဟု ရှောင်ဖန်းတွေးမိသည်။
သူ၏ ရင်ထဲတွင် နာကျည်းမှုများ ရှိနေသော်လည်း ရှောင်ဖန်းသည် ဝမ်ပေါင်ကို သတ်ရန် အလျင်မလိုသေးချေ။
ပထမအချက်အနေဖြင့် ကမ္ဘာပျက်ကပ်ကြီး မရောက်သေးသဖြင့် ယခုအချိန်တွင် ဝမ်ပေါင်ကို သတ်လိုက်ခြင်းမှာ မိမိ၏ အသက်ကိုပါ လွှတ်လိုက်ရခြင်းနှင့် အတူတူပင် ဖြစ်သည်။
ကပ်ဘေးကြီး ရောက်လာသည်နှင့် အိမ်ရာဝင်းတစ်ခုလုံးနှင့် ကမ္ဘာကြီးတစ်ခုလုံးသည် လုံးဝ ဖရိုဖရဲ ဖြစ်သွားလိမ့်မည် ဖြစ်၏။ ဝမ်ပေါင်၏ ထိုစဉ်က လုပ်ရပ်များအရ သူသည် အိမ်ရာဝင်းအတွင်းရှိ လူတိုင်း၏ နာကျည်းမှုနှင့် အာရုံစိုက်မှုကို ခံခဲ့ရသည်။ ဝမ်ပေါင်က ထိုသို့ ဘာ့ကြောင့် လုပ်ခဲ့သနည်းဟူသည်ကို ရှောင်ဖန်းမသိသော်လည်း ၎င်းက သူ့အတွက်တော့ မကောင်းသောအချက် မဟုတ်ပေ။ မည်သည့်စနစ်ပင်ရှိနေပါစေဦး သူ ဖွံ့ဖြိုးတိုးတက်ရန်အတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပေသည်။
ရှောင်ဖန်းတစ်ယောက် မျက်လုံးများကို မှိတ်ကာ တွေးတောနေစဉ်မှာပင် အသံတစ်ခု ထွက်ပေါ်လာ၏။
"အဘိုးကြီးရှောင်.. တံခါးဖွင့်စမ်း"
ရှောင်ဖန်းမျက်လုံးဖွင့်ကြည့်လိုက်ရာ လုံခြုံရေးအခန်းဘေးတွင်သူ့အား ရွံရှာသော မျက်နှာထားဖြင့် ရပ်ကြည့်နေသည့် ဝမ်ပေါင်ကို တွေ့လိုက်ရသည်။
ရှောင်ဖန်းထရပ်လိုက်ပြီး ဂိတ်တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ ကုန်တင်ကားနှစ်စီး ရောက်ရှိနေသည်ကို တွေ့ရ၏။
"ဘာတွေ သယ်လာတာလဲ"
ရှောင်ဖန်းသည် ဂေါ့ဂျီသီးလက်ဖက်ရည်ကို တစ်ငုံသောက်ရင်း အေးအေးလူလူ မေးလိုက်သည်။
"အိမ်ပြင်မယ့် ပစ္စည်းအချို့ပါ"
ဝမ်ပေါင်က စိတ်မရှည်စွာ ဖြေကြား၏။
"အိမ်ပြင်မှာ ဟုတ်လား။ စီမံခန့်ခွဲရေးအဖွဲ့မှာ မှတ်ပုံတင်ပြီးပြီလား"
ရှောင်ဖန်းက ပုံမှန်အတိုင်း မေးလိုက်သည်။
"ငါ့အိမ်ငါပြင်တာ ဘာမှတ်ပုံတင်စရာ လိုလို့လဲ"
ဝမ်ပေါင်က ဒေါသတကြီးပြန် ပြောလိုက်၏။
"ဒါက စည်းကမ်းပဲလေ။ အိမ်ပြင်ရင် စီမံခန့်ခွဲရေးအဖွဲ့မှာ အရင်ဆုံး မှတ်ပုံတင်ရတယ်၊ မဟုတ်ရင်တော့ ငါ ပေးမဝင်နိုင်ဘူး"
ရှောင်ဖန်းက ပြုံးရွှင်သော မျက်နှာထားဖြင့် ပြောလိုက်သည်။
"အဘိုးကြီး... ခင်ဗျား စောင့်နေလိုက်"
ဝမ်ပေါင်သည် ကြိမ်းမောင်းလိုက်ပြီး နောက်စီမံခန့်ခွဲရေးအဖွဲ့ရုံးခန်းဘက်သို့ လှည့်ထွက်သွားတော့သည်။
ဝမ်ပေါင်ထွက်သွားပြီးနောက် ရှောင်ဖန်းသည် ကုန်တင်ကားများထံသို့ လျှောက်သွားကာ စီးကရက်တစ်လိပ်ကိုထုတ်၍ဒရိုင်ဘာအား ကမ်းပေးလိုက်၏။
"ဆရာ... ဒီထဲမှာ ဘာတွေ သယ်လာတာလဲ"
ကုန်တင်ကားဒရိုင်ဘာသည် စီးကရက်ကို လှမ်းယူရင်း ပြုံးလိုက်သည်။
"သံထည်အချို့ပါ။ ကုမ္ပဏီကတော့ အိမ်ပြင်ဖို့လို့ ပြောတာပဲ၊ ဒါပေမဲ့ ဘယ်လိုအိမ်ပြင်တာမို့လို့ ဒီလောက်အများကြီးရှိတဲ့ အထူးသတ္တုစပ်တွေကို သုံးရတာလဲတော့ မသိဘူး"
မျှော်လင့်ထားသည့်အတိုင်းပင် ဤကောင်လေး ဝမ်ပေါင်သည် ကြိုတင်ပြင်ဆင်မှုများကို စတင်နေပြီ ဖြစ်၏။
ခဏအကြာတွင် အိမ်ရာဝင်းမန်နေဂျာ မာရှောင်ကျွင်းသည်ဝမ်ပေါင်နှင့်အတူ ဂိတ်ဝသို့ ရောက်ရှိလာခဲ့သည်။
"အဘိုးရှောင်... ပေးလွှတ်လိုက်ပါ"
မာရှောင်ကျွင်းက ရောက်သည်နှင့် ပြောလိုက်၏။
"မန်နေဂျာမာ... ကျွန်တော်တို့ စစ်ဆေးဖို့ မလိုဘူးလား"
ရှောင်ဖန်းက စိုးရိမ်ပူပန်သော မျက်နှာထားဖြင့် မေးလိုက်သည်။
"ဘာကို စစ်ဆေးရမှာလဲ။ အမြန် တံခါးဖွင့်ပေးလိုက်ပါ"
မာရှောင်ကျွင်းက စိတ်မရှည်စွာ ပြောလိုက်၏။
မာရှောင်ကျွင်း၏ မျက်နှာအမူအရာကို ကြည့်ရုံဖြင့်ဝမ်ပေါင်က သူ့ကို အကျိုးအမြတ်တစ်ခုခု ပေးထားကြောင်း ရှောင်ဖန်းသဘောပေါက်လိုက်သည်။ မာရှောင်ကျွင်းက ကုန်တင်ကားထဲတွင် ဘာပါသည်ကို ဂရုမစိုက်သဖြင့် ရှောင်ဖန်းကလည်း စကားပိုမပြောတော့ပေ။
မည်သို့ပင်ဖြစ်စေ ဝမ်ပေါင်ကို တားဆီးခြင်းမှာ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် ပြုလုပ်ခြင်းမျှသာ ဖြစ်ပြီး ထိုဘေးကင်းလုံခြုံသောအိမ်ကို ပြုပြင်မွမ်းမံမည့်အရေးကို အမှန်တကယ် တားဆီးရန် ရည်ရွယ်ချက်မရှိချေ။ ရှောင်ဖန်းအနေဖြင့် ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက် မိမိအတွက် ရန်သူ့ပစ်မှတ်ကို လွှဲပြောင်းပေးရန် ဝမ်ပေါင်ကို အမှီပြုရဦးမည် ဖြစ်သည်။
ဂိတ်တံခါး ပွင့်သွားပြီးနောက် ဝမ်ပေါင်သည် ရှောင်ဖန်းကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"အဘိုးကြီး... စောင့်နေလိုက်။ ခင်ဗျား နောင်တရမယ့် အချိန် ရောက်လာလိမ့်မယ်"
ရှောင်ဖန်းသည် ဝမ်ပေါင်ကို ပြုံးလျက်သာ ပြန်လည်ကြည့်ရှုလိုက်သည်။
သူ၏ ရင်ထဲတွင်မူ နောင်တွင် ဝမ်ပေါင်သိမ်းပိုက်မည့် လှပသောအမျိုးသမီးနှစ်ဦးကို မည်သို့ ကြားဖြတ်လုယူရမည်ဟူသည်ကို တွေးတောတွက်ချက်နေမိတော့သည်။
*********