← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉ - စနစ်အရောင်းဆိုင် အဆင့်မြှင့်တင်ခြင်း

"ဒီလိုမျိုး လွယ်လွယ်ကူကူနဲ့ သိမ်းသွင်းနိုင်ခဲ့တာလား"

ရှောင်ဖန်းသည် ယုံကြည်ရန် ခက်ခဲနေ၏။သို့သော် ပြန်လည်တွေးတောကြည့်လျှင် သူမသည် နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေထိုင်ခဲ့သည့် မုဆိုးမတစ်ဦး ဖြစ်သည်။ ယနေ့တွင် သူကသူမကို ကူညီပေးခဲ့သည့်အပြအရက်သောက်ရင်း သူမ၏ရင်ဖွင့်ချက်များကို နားထောင်ပေးခဲ့၏။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူမ၏ စိတ်ကျေနပ်မှုနှုန်း လျင်မြန်စွာ မြင့်တက်လာခြင်းမှာ သဘာဝကျပါသည်။

သို့သော်လည်း‌ ရှောင်ဖန်းသည် ရုတ်တရက် ဝင်လာသော ဖုန်းခေါ်ဆိုမှုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေဆဲပင်။အကယ်၍ ထိုဖုန်းခေါ်ဆိုမှုသာ မရှိခဲ့လျှင်‌ ရှောင်ဖန်းအနေဖြင့် သူမနှငိ့ဆက်ဆံရေးကို ယခုထက် ပိုမိုတိုးတက်အောင် လုပ်ဆောင်နိုင်ခဲ့မည်ဖြစ်၏။

သူသည် ဖုန်းကိုကောက်ကိုင်ကာ ကြည့်လိုက်သောအခါ ဖုန်းခေါ်ဆိုသူမှ အိမ်ရာစီမံခန့်ခွဲသူ မန်နေဂျာမာရှောင်ကျွင်း ဖြစ်နေသည်ကို တွေ့ရသည်။

ရှောင်ဖန်းကဖုန်းပြန်ခေါ်မည်အပြုတွင် ဖုန်းမှာ ထပ်မံမြည်လာပြန်သည်။

မာရှောင်ကျွင်းက ထပ်မံခေါ်ဆိုနေခြင်း ဖြစ်၏။

သူက ဖုန်းလက်ခံသည့် ခလုတ်ကို နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် မာရှောင်ကျွင်း၏ အော်ဟောက်သံက ဖုန်းထဲမှ ကျယ်လောင်စွာထွက်လာခဲ့သည်။

"အဘိုးကြီးရှောင်... ခင်ဗျား ဘာဖြစ်နေတာလဲ။ တိုက်ခန်းမှာနေတဲ့သူကို ရိုက်ရဲတယ်ပေါ့လေ"

ဖုန်းထဲမှ မာရှောင်ကျွင်း၏ အော်သံကို နားထောင်ရင်း ရှောင်ဖန်းက မျက်မှောင်ကုတ်ကာ ဖုန်းကိုနားနှင့်ခပ်ခွာခွာထားလိုက်၏။

"အဲဒီ မိန်းမက သူများပစ္စည်းကို လုနေတာ။ ငါက ဝင်တားရုံပဲ ရှိတာ။ အဲဒါ ဘာမှားလို့လဲ"

"သူက ခင်ဗျားပစ္စည်းကို လုတာမှ မဟုတ်တာ။ ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ။ အခုသူက ခင်ဗျားကို တိုင်ချက်ဖွင့်ထားတယ်။ နက်ဖြန်ကစပြီး အလုပ်လာစရာ မလိုတော့ဘူး။ ခင်ဗျား အလုပ်ထုတ်ခံလိုက်ရပြီ"

မိမိအလုပ်ထုတ်ခံရပြီဟူသောစကားကို ကြားသောအခါ ရှောင်ဖန်းသည် ဆက်လက်ငြင်းခုံခြင်း မပြုလိုတော့ပေ။

ဘာပဲဖြစ်ဖြစ် မကြာမီအချိန်တွင် ကမ္ဘာပျက်ကပ် ရောက်ရှိလာတော့မည် ဖြစ်ရာ ဤကဲ့သို့သော အလုပ်ကိုမက်‌ မောနေစရာမရှိပေ။

"ဒါဆိုရင်လည်း ငါ့ရဲ့ လုပ်အားခကို မနက်ဖြန် ရှင်းပေးပါ"

ကမ္ဘာပျက်ကပ် ရောက်လာလျှင် ငွေကြေးက အသုံးမဝင်တော့ဟု ဆိုသော်လည်း သူလုပ်အားစိုက်ထုတ်ခဲ့သည့်အတွက် ရထိုက်သော ငွေကြေးကိုမူ သူ လိုချင်သေးသည်။

"လုပ်အားခ ဟုတ်လား။ ခင်ဗျားက လုပ်အားခ လိုချင်သေးတယ်ပေါ့လေ။ ခင်ဗျားရဲ့ လုပ်အားခကို အ‌ဒေါ်တုန်ရဲ့ ဆေးကုသစရိတ်အဖြစ် လျော်ကြေးပေးလိုက်ပြီ"

"ပြီးတော့ အိမ်ရာစီမံခန့်ခွဲရေးက ခင်ဗျားကို ပေးထားတဲ့ တိုက်ခန်းကနေ နက်ဖြန် ဖယ်ပေးရမယ်။ ကြားလား"

မာရှောင်ကျွင်း၏ စကားကို ကြားပြီးနောက် ရှောင်ဖုန်းသည် တစ်ခွန်းမျှ ထပ်မပြောတော့ဘဲ ဖုန်းကို ချက်ချင်း ချလိုက်၏။

ထိုလုပ်အားခကို မည်သို့မျှ ပြန်ရမည်မဟုတ်ကြောင်း သူ သိရှိထားရာ အချိန်ကုန်ခံပြီး စကားအပို မပြောချင်တော့ပေ။

စီမံခန့်ခွဲရေးက ပေးထားသော တိုက်ခန်းငယ်လေးသို့ ပြန်ရောက်သောအခါ ရှောင်ဖုန်းသည် ပစ္စည်းများကို ထုပ်ပိုးပြီး ဖန်ချင်းယွီထံမှ ငှားရမ်းထားသော တိုက်ခန်းသို့ ညတွင်းချင်း ပြောင်းရွှေ့ရန် ပြင်ဆင်တော့သည်။

အခန်းဝန်းကျင်ကို ကြည့်ရှုပြီးနောက် ရှောင်ဖန်းက မိမိတွင် ပြောင်းရွှေ့စရာ ပစ္စည်းသိပ်မရှိကြောင်း သတိပြုမိ၏။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ အဝတ်အစားများမှာ ခေတ်နောက်ကျပြီး ဟောင်းနွမ်းနေသဖြင့် ရှောင်ဖန်းသည်၎င်းတို့ကို မလိုချင်တော့ပေ။

အခြားအရာများအတွက်မူငှားရမ်းထား‌သည့်တိုက်ခန်းမှာ အလုံးစုံ ပြုပြင်မွမ်းမံထားပြီး အသုံးအဆောင်ပစ္စည်းများ အပြည့်အစုံ ရှိနေပြီးသားဖြစ်သည်။

နောက်ဆုံးတွင်‌ ရှောင်ဖန်းသည် အိပ်ရာခင်းနှင့် ပြီးခဲ့သည့်အကြိမ်က ကုန်တိုက်တွင် ဝယ်ယူခဲ့သော အအေးဒဏ်ခံဝတ်စုံကိုသာ ယူဆောင်ကာ တိုက်ခန်းငယ်လေးမှ ထွက်ခွာခဲ့၏။

အဆောက်အအုံ ၁၀ ၏ ၁၅ ထပ်တွင်ရှိသော သူငှားထားသည့်တိုက်ခန်းသို့ ရောက်ရှိလာသောအခါ သူ၏ပစ္စည်းရွှေ့ပြောင်းနေသော အသံကြောင့် တစ်ဖက်ခန်းမှ ယွမ်ချင်းမေနိုးလာခဲ့သည်။

ယွမ်ချင်းမေတံခါးဖွင့်ကြည့်ပြီးတိုက်ခန်းထဲသို့ ပစ္စည်းများ ရွှေ့နေသည့်သူ့ကို မြင်သောအခါ အလွန်အံ့အားသင့်သွား၏။

"အဘိုးရှောင်... ဒါ ဘာလုပ်နေတာလဲ"

ယွမ်ချင်းမေက ရှောင်ဖန်းအနီးသို့ လျှောက်လာရင်း မေးမြန်းလိုက်သည်။

"ငါ ဒီအခန်းကို ငှားလိုက်တာ။ ဒီနေ့ပဲ ပြောင်းလာတာ"

ရှောင်ဖန်းက ပြုံးလျက် ပြန်လည်ဖြေကြားလိုက်၏။

"အော်... ရှင် ဒီမှာ ငှားနေတာလား"

ယွမ်ချင်းမေက ရှောင်ဖန်းကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်၏။

"ဒီတိုက်ခန်းက နည်းနည်း ပိုကျယ်ပြီး နေလို့ကောင်းတယ်။ ပိုပြီး အဆင်ပြေတာပေါ့"

ရှောင်ဖန်းက ယွမ်ချင်းမေကို ကြည့်ကာ ပြုံးလျက် မျက်စိတစ်ဖက် မှိတ်ပြလိုက်၏။ရှောင်ဖန်းသည် သူမကို ကမ္ဘာပျက်ကပ်အကြောင်းမပြောပြ‌သေးချေ။

ကမ္ဘာပျက်ကပ် ရောက်လာပြီး သူ၏ ခိုလှုံရာစခန်း အဆင်သင့်ဖြစ်ပါက သူမကို အချိန်မရွေး ခေါ်ဆောင်လာနိုင်သောကြောင့် ဖြစ်သည်။

"ရှင်ကတော့ တကယ့်လူပဲ"

ရှောင်ဖန်း၏ ပြုံးဖြဲဖြဲ မျက်နှာကို ကြည့်ရင်းယွမ်ချင်း‌မေက မနာလိုသလို ညည်းတွားလိုက်၏။

ထို့နောက် သူမက ရှောင်ဖန်း၏ ပစ္စည်းများကို အခန်းထဲသို့ ရွှေ့ပြောင်းပေးရန် ကူညီပေးခဲ့သည်။

ဖန်ချင်းယွီ၏ တိုက်ခန်းမှာ အလှဆင်ပြီးသား ဖြစ်သည့်အပြင် အသုံးအဆောင် များလည်း စုံလင်လှ၏။

မကြာမီအချိန်အတွင်းယွမ်ချင်း‌မေ၏ ကူညီမှုဖြင့် သူသည် တိုက်ခန်းကို ရှင်းလင်းပြီးစီးသွားသည်။

ညတစ်ည ကုန်ဆုံးပြီးမနက်နိုးလာသောအခါ ရှောင်ဖန်းသည် ပထမဆုံးအနေဖြင့် နေ့စဉ်စနစ်ဆိုင်းအင်ဝင်ခြင်းကို ပြုလုပ်လိုက်သည်။

(ရမှတ် ၂ မှတ် ရရှိသည် )

ယခင်မှတ်ပုံတင်ထားသော ၁ မှတ်နှင့် ဆုလာဘ် ၅ မှတ်တို့ကို ပေါင်းလိုက်လျှင် ရှောင်ဖန်းတွင် စုစုပေါင်း ရမှတ် ၈ မှတ် ရှိနေပြီ ဖြစ်၏။

ခေတ္တမျှ ဝေခွဲမရဖြစ်ပြီးနောက် ရှောင်ဖန်းကထို ၈ မှတ်ကို လောလောဆယ် သိမ်းဆည်းထားရန် ဆုံးဖြတ်လိုက်သည်။

သူသည် ရမှတ် ၁၀ မှတ် ပြည့်သည်အထိ နောက်ထပ်တစ်ရက် စောင့်ဆိုင်းပြီးမှ [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို ဦးစွာ လဲလှယ်မည် ဖြစ်၏။

ဆက်လက်၍ ရှောင်ဖန်းသည် ယွမ်ချင်းမေ၏ စိတ်ကျေနပ်မှုနှုန်းကို ကြည့်လိုက်ရာ လက်ရှိတွင် ၅၈% သို့ ရောက်ရှိနေပြီ ဖြစ်သည်။

မကြာမီအချိန်တွင် ၁၀၀% သို့ ရောက်ရှိတော့မည် ဖြစ်ပုံရပြီး ထိုအချိန်‌ ရောက်ပါက သူသည် နေ့စဉ်ဆိုင်းအင်ဝင်ခြင်းမှ အပိုရမှတ်တစ်ခု ရရှိမည် ဖြစ်၏။

"စနစ် ...ဖန်ချင်းယွီရဲ့ အချက်အလက်စာမျက်နှာကို ဖွင့်ပါ"

ယွမ်ချင်းမေ၏ အချက်အလက်ကို စစ်ဆေးပြီးနောက် ရှောင်ဖန်းက ဖန်ချင်းယွီ၏ အချက်အလက်ကိုလည်း ကြည့်ရှုရန် ဆုံးဖြတ်လိုက်သည်။

[ ဖန်ချင်းယွီ၊ လိင်: အမျိုးသမီး၊

အသက်: ၂၈ နှစ် (သက်တမ်း: ? နှစ်) ]

[ ဘက်စုံစွမ်းဆောင်ရည်: အဆင့် ? ]

[ ခွန်အား: ? မှတ် ]

[ လျင်မြန်မှု: ? မှတ် ]

[ ခန္ဓာကိုယ်ကြံ့ခိုင်မှု: ? မှတ် ]

[ စိတ်စွမ်းအား: ? မှတ် ]

[ သက်စောင့်စွမ်းအား: ? မှတ် ]

[ စိတ်ကျေနပ်မှုနှုန်း: ၃၂% ]

[ စွမ်းရည်: မရှိပါ ]

မျှော်လင့်မထားဘဲ ရှောင်ဖန်း ထွက်ခွာသွားပြီးနောက် ဖန်ချင်းယွီ၏ စိတ်ကျေနပ်မှုနှုန်းမှာ နှစ်မှတ်ခန့် မြင့်တက်လာခဲ့၏။

ဖန်ချင်းယွီ၏ ရှောင်ဖန်းအပေါ် အမြင်မှာ တော်တော်လေး ကောင်းမွန်နေပုံရသည်။

အေးဆေးငြိမ်သက်သော နောက်ထပ်တစ်ရက် ကုန်ဆုံးသွားခဲ့ပြန်၏။

စနစ်ဆိုင်းအင်ဝင်ခြင်း ပြီးဆုံးသွားသောအခါ ရှောင်ဖန်းသည် ရမှတ် ၁၀ မှတ် စုဆောင်းမိသွားပြီး စနစ်အရောင်းဆိုင်ကို ချက်ချင်း ဖွင့်လိုက်သည်။

ရမှတ် ၁၀ မှတ် သုံးစွဲပြီးနောက် စနစ်အရောင်းဆိုင်၏ သိုလှောင်မှုနယ်ပယ်ထဲတွင် အနက်ရောင် သေတ္တာငယ်တစ်ခု ပေါ်လာ၏။

သို့သော်လည်း ရှောင်ဖန်းသည် [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို စစ်ဆေးရန် အလျင်မလိုသေးပေ။

အဘယ်ကြောင့်ဆိုသော် စနစ်အရောင်းဆိုင်တွင် ရမှတ် ၁၀ မှတ် သုံးစွဲပြီးနောက် စနစ်အရောင်းဆိုင် အဆင့်မြင့်တက်သွားကြောင်း စနစ်က သူ့ကို အကြောင်းကြားစာ ပေးပို့လာသောကြောင့် ဖြစ်သည်။

ရှောင်ဖန်းသည် အဆင့်မြင့်တက်သွားသော အရောင်းဆိုင်တွင် မည်သည့် အပြောင်းအလဲသစ်များ ရှိနေသည်ကို ကြည့်ရှုရန် စနစ်အရောင်းဆိုင်မျက်နှာပြင်ကို ဖွင့်လိုက်၏။

[ စနစ်အရောင်းဆိုင် အဆင့် ၂ (နောက်တစ်ဆင့်အတွက် ရမှတ် ၁၀၀ သုံးစွဲရန် လိုအပ်သည်) ]

[ အမျိုးစုံသော အစားအစာ ၁ တန် - ၂ မှတ်၊ အမျိုးစုံသော နေ့စဉ်သုံးပစ္စည်း ၅၀၀ ကီလိုဂရမ် - ၂ မှတ်၊ သန့်ရှင်းသောရေ ၁၀ တန် - ၂ မှတ်၊ စွမ်းအင်မြင့် ဖိသိပ်စွမ်းအင်ထုတ်ကုန် (အသေး) - ၁၀ မှတ် ]

[ အလယ်အလတ် ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ _၁၀၀ မှတ် (တစ်ခုတည်းသာရှိသည်) ]

[ စနစ်အရောင်းဆိုင်တွင် ကုဗမီတာ ၁၀၀,၀၀၀ ရှိသော သိုလှောင်မှုနယ်ပယ် ပါဝင်သည်။ စနစ်နယ်ပယ်အတွင်း လဲလှယ်ထားသော ပစ္စည်းများသည် ၎င်းနေရာတွင် တိုက်ရိုက်ပေါ်လာမည် ဖြစ်ပြီးပိုင်ရှင်အနေဖြင့်လည်း ပစ္စည်းများကို သိုလှောင်မှုနယ်ပယ်အတွင်းသို့ သိမ်းဆည်းနိုင်သည် ]

စနစ်အရောင်းဆိုင် အဆင့်မြင့်တက်ပြီးနောက် ပြောင်းလဲမှုများကို ကြည့်ရင်း ရှောင်ဖန်းသည် ဝမ်းမြောက်ဝမ်းသာဖြစ်သွားရသည်။

အခြားအရာများကို ခေတ္တဖယ်ထားစနစ်သိုလှောင်မှုနယ်ပယ် ပိုမိုကျယ်ဝန်းလာပြီး ပစ္စည်းများကို သိမ်းဆည်းနိုင်ပြီဟူသောအချက်ကပင် သူ့ကို ရင်ခုန်စိတ်လှုပ်ရှား‌စေ၏။

ပစ္စည်းများကို အတွင်း၌ သိမ်းဆည်းနိုင်ပြီ ဖြစ်သောကြောင့် ရှောင်ဖန်း၏ စိတ်ထဲတွင် အကြံအစည်အသစ်တစ်ခု ပေါ်ပေါက်လာခဲ့တော့သည်။

*********

All Chapters