အခန်း ၁၀
Vol. 1 Ch. 10
အခန်း ၁၀ - ခိုလှုံရာစခန်း စတင်မွမ်းမံမှု
သို့သော်လည်းလောလောဆယ်တွင် ထိုအကြံအစည်ကို ဘေးဖယ်ထားလိုက်ပြီး စနစ်သိုလှောင်မှုနယ်ပယ်ထဲမှ [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို ထုတ်ယူလိုက်သည်။
မိမိလက်ထဲရှိ အနက်ရောင် တုံးငယ်လေးကို ကြည့်ရင်း ရှောင်ဖန်းက စိတ်ထဲမှနေ၍ စနစ်ကို မေးမြန်းလိုက်၏။
"စနစ်... ဒါကို ဘယ်လိုသုံးရမလဲ"
[ ပိုင်ရှင်အနေဖြင့်စနစ်ထံသို့ အမိန့်ပေးရုံမျှဖြင့် စနစ်က အိမ်ရှင်အတွက် တပ်ဆင်ပေးမည် ဖြစ်ပါသည် ]
အသုံးပြုပုံမှာ လွန်စွာလွယ်ကူလှသဖြင့် ရှောင်ဖန်းက စမ်းသပ်ကြည့်ရန် ပြင်ဆင်လိုက်သည်။
ထိုစဉ် ရှောင်ဖန်း၏စိတ်ထဲ၌ အခြားမေးခွန်းတစ်ခု ပေါ်လာပြန်၏။
"စနစ်... ဒါကို တပ်ဆင်ပြီးရင်ကော ပြန်ရုပ်သိမ်းလို့ ရလား"
[ ရပါတယ်... ပြန်လည်ရုပ်သိမ်းခြင်း လုပ်ငန်းစဉ်မှာလည်း အတူတူပင် ဖြစ်ပါတယ်... ပြန်လည်သိမ်းဆည်းရန် ဤစနစ်ထံသို့ အမိန့်ပေးရုံမျှသာ လိုအပ်ပါသည် ]
စနစ်၏အဖြေကို ကြားရသောအခါမှ ရှောင်ဖန်း စိတ်အေးသွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် ကမ္ဘာပျက်ကပ်က ရောက်မလာသေးပေ။ အကယ်၍ တစ်ကြိမ်တပ်ဆင်ပြီးပြန်လည်ရုပ်သိမ်း၍ မရပါက ဤနေရာသို့ အခြားသူများလာလျှင် သံသယဝင်ကြမည်ဖြစ်ပြီး မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်သည်။
"ခိုလှုံရာစခန်းကို တပ်ဆင်ပါ"
ရှောင်ဖန်းက အမိန့်ပေးလိုက်၏။
[ အမိန့်ကို လက်ခံရရှိပါပြီ... အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစကို တပ်ဆင်နေပါသည် ]
စနစ်၏အသံ ပျောက်ကွယ်သွားသည်နှင့် တစ်ပြိုင်နက် ကျောက်ရန်၏လက်ထဲမှ အနက်ရောင်တုံးငယ်လေးသည် လေထဲသို့ ပျံတက်သွားသည်။
၎င်းသည် လေထဲတွင် ဝဲပျံနေရင်း အရွယ်အစားအမျိုးမျိုးရှိသော အစိတ်အပိုင်းများအဖြစ်သို့ လျင်မြန်စွာ ကွဲထွက်သွား၏။
ထို့နောက် ထိုအစိတ်အပိုင်းများသည် အိမ်၏ထောင့်လေးထောင့်ဆီသို့ လျင်မြန်စွာ ပျံသန်းသွားကြသည်။
ထိုတည်ဆောက်မှုအပိုင်းအစများမှာ အိမ်၏နေရာအနှံ့အပြားသို့ ကျရောက်သွားသောအခါ တစ်အိမ်လုံး၏ အတွင်းပိုင်းသည် သာမန်မျက်စိဖြင့် မြင်တွေ့နိုင်လောက်အောင် ထူးဆန်းစွာ စတင်ပြောင်းလဲလာခဲ့၏။
ပြောင်းလဲမှု ပြီးဆုံးသွားသောအခါ တိုက်ခန်း၏အတွင်းပိုင်းမှာ အသွင်အပြင် လုံးဝပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ဖန်ချင်းယွီ၏ ၁၃၅ စတုရန်းမီတာကျယ်ဝန်းသော အိပ်ခန်းသုံးခန်း၊ ဧည့်ခန်းနှစ်ခန်းပါ တိုက်ခန်းမှာ မူလက သာမန်သာအလှဆင်ထားခြင်း ဖြစ်၏။ သေသပ်မှုလည်းမရှိချေ။
သို့သော် ယခုမူ လုံးဝကွဲပြားသွားခဲ့ပြီဖြစ်သည်။အသုံးအဆောင်ပစ္စည်းများနှင့် လျှပ်စစ်ပစ္စည်း အမျိုးမျိုးမှာလည်း ယခင်ကထက် ပိုမိုစုံလင်လာ၏။
ရှောင်ဖန်းသည် အိမ်ထဲတွင် လျှောက်ကြည့်ရှုရင်း ပြဿနာတစ်ခုကို ရှာဖွေတွေ့ရှိသွားသည်။
အိမ်ထဲတွင် အပူပေးစနစ် မရှိပေ။ ယခင်က အခန်းထဲတွင် ရှိနေသော လေအေးပေးစက်များပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
"စနစ်... ဒါ ဘာဖြစ်တာလဲ။ အိမ်ထဲမှာ အပူပေးစနစ်လည်း မရှိဘူး။ လေအေးပေးစက်တောင် မရှိဘူး။ အိမ်ထဲက အပူချိန်ကို ဘယ်လိုထိန်းသိမ်းမှာလဲ"
ရှောင်ဖန်းက ဇဝေဇဝါဖြင့်စနစ်ကို မေးမြန်းလိုက်သည်။
[ ပိုင်ရှင်... အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစဖြင့် ပြုပြင်ထားသော အိမ်များသည် အခန်းတွင်းအပူချိန်ကို ထိန်းညှိရန် ထိုကဲ့သို့ ခေတ်နောက်ကျသော နည်းလမ်းများကို သုံးရန်မလိုပါ... အခန်းတွင်းအပူချိန်သည် လူသားခန္ဓာကိုယ်အတွက် အသက်သာဆုံးသော အပူချိန်အပိုင်းအခြားအတွင်း၌ အမြဲရှိနေမည် ဖြစ်ပါသည်... ထို့ပြင် အိမ်ရှင်အနေဖြင့် ကိုယ်တိုင်လည်း စိတ်ကြိုက် ပြောင်းလဲနိုင်ပါသည် ]
စနစ်၏ ရှင်းလင်းချက်ကို ကြားရသောအခါမှ ရှောင်ဖန်းစိတ်အေးသွားတော့၏။
ဤပြုပြင်မွမ်းမံထားသောအိမ်နှင့် ပတ်သက်၍ သူ မသိသေးသောအရာများစွာ ရှိနေသေးသဖြင့် သူက စနစ်ကို အသေးစိတ် မိတ်ဆက်ပေးရန် တောင်းဆိုလိုက်သည်။
မကြာမီ စနစ်၏မိတ်ဆက်ပေးမှုအရ သူသည် [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကြောင့် ဖြစ်ပေါ်လာသော ပြောင်းလဲမှုများကို သိရှိခဲ့ရ၏။
ထိုအိမ်သည် အတွင်းကောအပြင်ပါ အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။ မြင်တွေ့နိုင်သော နေရာများမှာ စည်းစိမ်ရှိပြီး သက်တောင့်သက်သာရှိအောင် မွမ်းမံထားသည့်အပြင်အိပ်ခန်းသုံးခန်းစလုံးကို ရေချိုးခန်းပါ အိပ်ခန်းများအဖြစ် ပြောင်းလဲထားပြီး အတွင်းရှိ အသုံးအဆောင်များသည်လည်း အသုံးပြုရ အလွန်အဆင်ပြေသော ပုံစံများ ဖြစ်ကြသည်။
ထိုအသုံးအဆောင်များကြောင့် ရှောင်ဖန်းက စနစ်သည် တကယ်ကို စိတ်ကူးယဉ်ဆန်ဆန် ဂရုစိုက်တတ်ပေသည်ဟု တွေးကာ သက်ပြင်းချမိ၏။
အိမ်၏ ပတ်ပတ်လည် နံရံများ၊ မျက်နှာကြက်များ၊ ကြမ်းပြင်များ၊ တံခါးများနှင့် ပြတင်းပေါက်များ အားလုံးတွင် အထူးမော်လီကျူးပစ္စည်းများကို ပေါင်းစပ်ထည့်သွင်းထားသဖြင့် ထိုနေရာများကို ဖျက်ဆီး၍ မရနိုင်တော့ပေ။ဤမျှ ကြံ့ခိုင်မှုရှိသောကြောင့် တစ်အိမ်လုံးသည် ၁၅ ထပ် အမြင့်မှ မြေပြင်သို့ ပြုတ်ကျလျှင်ပင် ပုံသဏ္ဌာန် ပျက်စီးသွားမည် မဟုတ်ချေ။
ထို့ပြင် အိမ်အတွင်း၌ ဟင်းလင်းပြင်ခေါက်ချိုးနည်းပညာကို အသုံးပြုထားသဖြင့် မူလက ၁၃၅ စတုရန်းမီတာသာ ကျယ်သော တိုက်ခန်းမှာ လက်တွေ့တွင် အတွင်းပိုင်းဧရိယာ စတုရန်းမီတာ ၂၀၀ နီးပါးအထိ ကျယ်ဝန်းသွားသည်။
ရှောင်ဖန်းက ယခုထက် ပို၍ မကျယ်နိုင်တော့ဘူးလားဟု စနစ်ကို မေးမြန်းလိုက်၏။
စနစ်၏အဖြေမှာ [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] သည် မူလအိမ်၏ အရွယ်အစားပေါ် မူတည်၍ ၃၀ ရာခိုင်နှုန်းထက် ပိုပြီး မချဲ့ထွင်နိုင်ခြင်း ဖြစ်သည်။
ရှောင်ဖန်းအံ့သြမဆုံးဖြစ်သည့်အရာမှာသူသည် ခိုလှုံရာစခန်းအတွင်း နှင့် ပတ်ပတ်လည်ရှိ မည်သည့်နေရာကိုမဆို အခြေအနေကို ကြည့်ရှုလိုပါက စနစ်က သူ၏စိတ်အာရုံထဲသို့ ပုံရိပ်များကို တိုက်ရိုက် အရိပ်ထင်စေခြင်း ဖြစ်၏။
၎င်းမှာ ၃၆၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်သဖြင့် ရှောင်ဖန်းအနေဖြင့် အိမ်တွင်းအပြင်အဆင် အခြေအနေများကို အချိန်မရွေးသိရှိနိုင်သော စွမ်းအားမြင့် စောင့်ကြည့်ရေးစနစ်တစ်ခု ရရှိထားသလိုဖြစ်00နေသည်။
ခိုလှုံရာစခန်း၏ လျှပ်စစ်မီး ပေးဝေမှုအတွက်မူ ရှောင်ဖန်းအနေဖြင့် စနစ်အရောင်းဆိုင်တွင် စွမ်းအင်မြင့် ဖိသိပ်စွမ်းအင်ထုတ်ကုန်ကို လဲလှယ်ရန်သာ လိုအပ်၏။
လက်ရှိတွင် စနစ်အရောင်းဆိုင်၌ စွမ်းအင်မြင့် ဖိသိပ်စွမ်းအင်ထုတ်ကုန် (အသေး) သာ ရှိပြီး ထိုထုတ်ကုန်တစ်ခုသည် အခြေခံခိုလှုံရာစခန်းတစ်ခုအတွက် တစ်လစာ စွမ်းအင်သုံးစွဲမှုကို ပေးစွမ်းနိုင်၏။
ရေနှင့် ပတ်သက်၍မူ သူ၏ သိုလှောင်မှုနယ်ပယ်ထဲတွင် ရေရှိနေသရွေ့ အိမ်၏ ရေပေးဝေမှုအတွက် ပြဿနာရှိမည် မဟုတ်ပေ။
အိမ်သုံးရေဆိုးနှင့် အမှိုက်များအတွက်လည်း အိမ်တွင် သက်ဆိုင်ရာ စီမံမှုနည်းလမ်းများ ရှိနေသဖြင့် ရှောင်ဖန်းအနေဖြင့် ထိုအရာများကို စိတ်ပူရန် မလိုတော့ချေ။
ဤမျှ ပြည့်စုံလှသော ခိုလှုံရာစခန်းကို ကြည့်ရင်း သူသည် အလွန်အမင်း ကျေနပ်မိသည်။
စိတ်ကြည်နူးနေသော ရှောင်ဖန်း သည် [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို ပြန်လည်ရုပ်သိမ်းလိုက်၏။
"ဒါက တကယ်ကို ထူးဆန်းအံ့သြဖို့ ကောင်းတာပဲ"
[အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို ပြန်ရုပ်သိမ်းပြီးနောက် မူလအခြေအနေသို့ ပြန်ရောက်သွားသော အိမ်ကို ကြည့်ရင်း ရှောင်ဖန်းက ချီးကျူးလိုက်မိ၏။
သူသည် လက်ထဲရှိ [အခြေခံ ခိုလှုံရာစခန်း မွမ်းမံမှုအပိုင်းအစ] ကို သိုလှောင်မှုနယ်ပယ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် အပြင်သို့ ထွက်ခွာခဲ့သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ယနေ့သည် တာဝူမြို့၏ အကျော်ကြားဆုံး အဆင့်မြင့်ဟိုတယ်တစ်ခုမှ ဝမ်ပေါင်ထံသို့ ကုန်ပစ္စည်းများ လာရောက်ပို့ဆောင်မည့်နေ့ ဖြစ်၏။
ဝမ်ပေါင်သည် ပို့ဆောင်လာသော ကုန်ပစ္စည်းများကို သိုလှောင်ရန်အတွက် လူနေရပ်ကွက်၏ မြေအောက်ကားပါကင်ရှိ အိမ်ရာစီမံခန့်ခွဲရေး သိုလှောင်ရုံတစ်ခုကို ကြိုတင်ငှားရမ်းထားခဲ့သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ရှောင်ဖန်း၏ လက်ထဲ၌ ထိုသိုလှောင်ရုံ၏ နောက်ဖေးတံခါးငယ်သော့ ရှိနေဆဲ ဖြစ်၏။
ထို့ပြင် အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့သည် ထိုသော့မှာ ရှောင်ဖန်း၏လက်ထဲတွင် ရှိနေသေးသည်ကို လုံးဝမသိကြပေ။
အောက်ထပ်သို့ ဆင်းလာပြီးနောက် ရှောင်ဖန်းက အချိန်ကို စစ်ဆေးလိုက်ရာ ဝမ်ပေါင်ထံ ပစ္စည်းပို့မည့် ကားတန်းကြီး လူနေရပ်ကွက်သို့ ရောက်ရှိလာရန် အချိန်အနည်းငယ် လိုနေသေးသည်။
ထို့ကြောင့်ရှောင်ဖန်းသည် လူနေရပ်ကွက်မှ ထွက်ခွာပြီးအနီးအနားတွင် ခေတ္တမျှ လျှောက်ကြည့်နေခဲ့၏။
ရှောင်ဖန်းနေထိုင်သောရပ်ကွက်မှာ ကျယ်ဝန်းပြီး ပတ်ဝန်းကျင်ရှိ အထောက်အကူပြု အဆောက်အအုံများမှာလည်း အတော်လေး စုံလင်လှသည်။
ကုန်စုံဆိုင်ကြီးအချို့၊ ဆိုင်ငယ်လေးများနှင့် ဆေးဆိုင်များ ရှိနေ၏။
ထိုကုန်စုံဆိုင်ကြီးများ၊ ဆိုင်ငယ်များနှင့် ဆေးဆိုင်များကို ကြည့်ရင်း အတွင်းရှိ ပစ္စည်းများကို အလဟဿ မဖြစ်စေသင့်ဟုရှောင်ဖန်း ဆုံးဖြတ်လိုက်သည်။
သူ့တွင် စနစ်အရောင်းဆိုင် ရှိပြီး ပစ္စည်းများကို လဲလှယ်နိုင်သည် ဆိုသော်လည်း မိမိလက်ထဲတွင် ပစ္စည်းများကိုလည်းသိမ်းဆည်းထားလို၏။
ထို့ပြင်၎င်းပစ္စည်းများသည် သူ့အနေဖြင့် မည်သည့်တန်ဖိုးမျှ ပေးဆောင်ရန် မလိုပေ။
ရှောင်ဖန်းသည် ကမ္ဘာပျက်ကပ် ကျရောက်စမည့် ပထမဆုံးညတွင် ဤနေရာရှိ ပစ္စည်းအားလုံးကို လျှို့ဝှက်စွာ ယူဆောင်ရန် ဆုံးဖြတ်လိုက်သည်။
အိမ်ရာဝင်းဝန်းကျင်တွင် အနည်းငယ် အချိန်ဖြုန်းပြီးနောက် အချိန်တန်ပြီဖြစ်ကြောင်း မြင်သောအခါ ရှောင်ဖန်းသည် အိမ်ရာဝင်းသို့ ပြန်လာပြီး မြေအောက်ကားပါကင် အဝင်ဝမလှမ်းမကမ်းရှိ ထောင့်တစ်ခုမှ နေ၍အခြေအနေကို စောင့်ကြည့်နေခဲ့၏။
ယခင်က လုံခြုံရေးအခန်းတွင် အလုပ်လုပ်ခဲ့ဖူးသဖြင့် ရှောင်ဖန်းသည် အိမ်ရာဝင်းအတွင်းရှိ မည်သည့်နေရာတွင် စောင့်ကြည့်ကင်မရာ ကွယ်နေသည်၊ မည်သည့်ကင်မရာများ ပျက်စီးနေသည်ကို အတိအကျ သိရှိထားသည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် သိုလှောင်ရုံ၏ နောက်ဖေးတံခါးငယ်အနီးရှိ စောင့်ကြည့်ကင်မရာအချို့မှာ ပျက်စီးနေပြီး အိမ်ရာစီမံခန့်ခွဲရေးအဖွဲ့ကလည်း ငွေကုန်ကြေးကျ သက်သာစေရန်အတွက် လူခေါ်ပြီး မပြင်ဆင်ရသေးပေ။သူသည် အချိန်အကြာကြီး မစောင့်လိုက်ရဘဲဝမ်ပေါင်က ကုန်တင်ကားကြီး ငါးစီးကို မြေအောက်ကားပါကင်ဆီသို့ ဦးဆောင်ခေါ်လာသည်ကို မြင်လိုက်ရသည်။
သေချာစွာ မြင်တွေ့ရပြီးနောက် ရှောင်ဖန်းလှည့်ထွက်ခဲ့ပြီး အခြားအဝင်ဝတစ်ခုမှနေ၍ မြေအောက်ကားပါကင်ဆီသို့ လျှောက်လှမ်းခဲ့၏။
မြေအောက်ကားပါကင်သို့ ဝင်ရောက်ပြီးနောက် သူသည် သိုလှောင်ရုံ၏ နောက်ဖေးတံခါးငယ်ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။သော့ဖြင့် တံခါးငယ်ကို ဖွင့်ပြီးနောက်အတွင်းသို့ လျင်မြန်စွာ ဝင်လိုက်၏။
ထိုတံခါးငယ်၏ ဘေးဘက်တွင် အိမ်ရာစီမံခန့်ခွဲရေး၏ အမှိုက်တချို့ စုပုံနေသဖြင့် တံခါးမြင်ကွင်းကို ကွယ်နေသည်။ အကယ်၍ စီမံခန့်ခွဲရေး ဝန်ထမ်းမဟုတ်ပါက ထိုအမှိုက်ပုံ၏ နောက်ကွယ်သို့ လျှောက်မလာလျှင် ဤနေရာ၌ တံခါးငယ်တစ်ခု ရှိနေသည်ကို မည်သူမျှ ရှာဖွေတွေ့ရှိမည် မဟုတ်ပေ။
ရှောင်ဖန်းသည် အမှိုက်ပုံနောက်ကွယ်တွင် ရပ်ကာ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေခဲ့သည်။
မကြာမီအချိန်အတွင်း ရှေ့ဘက်မှ သိုလှောင်ရုံ တံခါးကြီး ပွင့်သွားသံ ပေါ်ထွက်လာခဲ့၏။
*********