အခန်း ၁၇
Vol. 2 Ch. 17
အခန်း ၁၇ - ယွမ်ချင်းမေပြောင်းလာခြင်း
ရှောင်ဖန်းပြန်သွားပြီးအချိန်သိပ်မကြာမီမှာပင်ဝမ်ပေါင်သည် အောက်ခံအနွေးထည်ကို အထပ်ထပ် တင်းကြပ်စွာ ဝတ်ဆင်၍အိမ်ရာဝင်းထဲမှ ခိုးကြောင်ခိုးဝှက် လှမ်းထွက်လာခဲ့၏။
သူသည် ပထမဆုံးအနေဖြင့် ပတ်ဝန်းကျင်ကို သေချာစွာ အကဲခတ်လိုက်ပြီး မည်သူမျှမရှိကြောင်း သေချာသွားသောအခါမှသာအနီးရှိ ဆိုင်ငယ်များနှင့် စူပါမားကတ်များဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့တော့သည်။
ဝမ်ပေါင် တစ်ယောက်အနီးဆုံးဆိုင်လေးဆီရောက်ရှိသွားသောအခါ ဆိုင်တံခါးမှာဖျက်ဆီးခံထားရသည်ကို တွေ့ရှိလိုက်ရ၏။
၎င်းမြင်ကွင်းကို မြင်လိုက်ရသောဝမ်ပေါင်မှာ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။
သူ ဆိုင်ထဲသို့ အပြေးအလွှား ဝင်ရောက်ကြည့်ရှုလိုက်ရာ ကုန်ပစ္စည်းအားလုံးနီးပါး ပျောက်ကွယ်နေပြီး တစ်စစီပြန့်ကျဲနေသော မုန့်အနည်းငယ်သာ ကျန်ရှိတော့သည်ကို တွေ့ရ၏။
ဝမ်ပေါင်သည် မလှမ်းမကမ်းရှိ စူပါမားကတ်အသေးစားလေးဆီသို့ ထပ်မံပြေးသွားခဲ့သော်လည်း အတူတူပင် ဖြစ်နေခဲ့သည်။
ထို့နောက်တွင်သူသည် အခြားသော နေရာအတော်များများဆီသို့ ထပ်မံပြေးလွှား ကြည့်ရှုခဲ့သော်လည်း အခြေအနေမှာ အတူတူပင်ဖြစ်နေသည်။
အရာအားလုံးနီးပါး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ထိုအခြေအနေနှင့် ရင်ဆိုင်လိုက်ရသဖြင့် ဝမ်ပေါင်၏ စိတ်ထဲတွင် အတွေးများ ဗလောင်ဆူသွားခဲ့ရသည်။
သူခိုး ရှိနေတာလား။ဘယ်လိုသူခိုးမျိုးကများ ဒီလောက်အထိ အေးစက်ပြီး ဆီးနှင်းတွေ ပြင်းထန်နေတဲ့ ရာသီဥတုမှာ အားကြိုးမာန်တက် လာခိုးနေရတာလဲ။ဒါမှမဟုတ် အခြားသော ဖြစ်နိုင်ခြေတစ်ခု ရှိနေတာလား။
ထိုအချိန်တွင်ဝမ်ပေါင်သည် ရုတ်တရက် ကျောရိုးထဲမှ စိမ့်ခနဲ အေးမြမှုကို ခံစားလိုက်ရတော့၏။
ပြန်လည်မွေးဖွားလာသူ တစ်ယောက်လား။
မိမိကဲ့သို့ပင် အာကာသသိုလှောင်မှု စွမ်းရည်များကို ပိုင်ဆိုင်ထားသည့် ပြန်လည်မွေးဖွားလာသူတစ်ဦး ရှိနေပြီလား။
ထိုသို့ တွေးမိသည်နှင့် ဝမ်ပေါင်၏ နဖူးပြင်ထက်တွင်ချွေးစေးများပင် ထွက်ပေါ်လာခဲ့ရသည်။
အကယ်၍ အခြားသော ပြန်လည်မွေးဖွားလာသူတစ်ဦး အမှန်တကယ် ရှိနေပါက သူ ယခင်က ကြုံတွေ့ခဲ့ရသော ကံဆိုးမှုများနှင့် ယနေ့ သိုလှောင်ရုံဗဟိုဌာနတွင် လုံခြုံရေးများ ရုတ်တရက် တင်းကြပ်သွားရခြင်းမှာ ထိုသူ၏ လက်ချက် ဖြစ်နိုင်ပေသည်။
ဝမ်ပေါင်ကို ကြောက်လန့်တကြားဖြစ်စေသည့်အချက်မှာ တစ်ဖက်လူသည် မိမိကိုယ်မိမိ ပြန်လည်မွေးဖွားလာသူတစ်ဦး ဖြစ်ကြောင်းနှင့် မိမိ၏ စွမ်းရည်များကို ကောင်းစွာ သိရှိနားလည်ထားပြီး အကွက်တိုင်းတွင် မိမိကို ပစ်မှတ်ထား နှောင့်ယှက်နေခြင်း ဖြစ်၏။
သို့သော်လည်းဝမ်ပေါင်အနေဖြင့် ထိုသူမှာ မည်သူမည်ဝါဖြစ်ကြောင်း လုံးဝ မခန့်မှန်းန်ိုင်ချေ။တစ်ဖက်လူမှာ အမှောင်ထဲတွင်ပုန်းကွယ်နေပြီး သူ့ကို အချိန်မရွေး အသေအလဲ တိုက်ခိုက်ရန် ပြင်ဆင်နေသည့် အဆိပ်ပြင်းမြွေတစ်ကောင်နှင့် တူလှပေသည်။
ထိုသို့ တွေးမိချိန်တွင်ဝမ်ပေါင်သည် ပတ်ဝန်းကျင်ကို ပျာပျာသလဲ လှည့်ပတ်ကြည့်ရှုလိုက်၏။
ထို့နောက် သူသည်အိမ်ရာဝင်းဆီသို့ အမြန်ပြေးပြန်ခဲ့ပြီး မိမိအိမ်သို့ ပြန်လည်ဝင်ရောက်သွားခဲ့သည်။
စိတ်အေးလက်အေးဖြစ်သွားနောက် ဝမ်ပေါင်သည် သူ့ပတ်ဝန်းကျင်ရှ်ိလူများကို သေချာစွာ စိစစ်ကြည့်သော်လည်း မည်သည့် ထူးခြားသူကိုမျှ ရှာမတွေ့ခဲ့ပေ။
အထပ်ထပ် တွေးတောပြီးနောက်ဝမ်ပေါင်သည် ကမ္ဘာပျက်ကပ်၏ ကနဦးအဆင့်တွင် အေးအေးဆေးဆေး နေထိုင်ရန်နှင့် မိမိတို့ ရပ်ကွက်အတွင်းရှိ အခြေအနေများကို ဦးစွာ အကဲခတ်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။
နောင်ကျမှ ထိုသူကို ရှာဖွေဖော်ထုတ်နိုင်ကောင်း ဖော်ထုတ်နိုင်လိမ့်မည်။
သို့သော်လည်း သူ့ခံစားချက်အရ အခြားသော ဖြစ်နိုင်ခြေ နှစ်ခုလည်း ရှိနေပါသေးသည်။ အမှန်တကယ်ပင် ပြန်လည်မွေးဖွားလာသူတစ်ဦး ရှိနေခြင်း ဖြစ်နိုင်သော်လည်း ထိုသူမှာမိမိတို့အိမ်ရာဝင်းမှ မဟုတ်ဘဲ မိမိရှိနေခြင်းကိုပင် သတိမပြုမိဘဲ ပစ္စည်းများကိုသာ သက်သက်မဲ့ စုဆောင်းနေခြင်း ဖြစ်နိုင်၏။
သို့မဟုတ်ပါက တစ်စုံတစ်ယောက်က ဆီးနှင်းထူထပ်မှုကို အခွင့်ကောင်းယူ၍ ဆိုင်များမှ ပစ္စည်းများကိုတကယ် လာရောက်ခိုးယူခြင်းလည်း ဖြစ်နိုင်ပေသည်။၎င်းမှာ လွန်စွာ နည်းပါးသော်လည်း လုံးဝ ထည့်မတွက်ဘဲ ထား၍မရချေ။
မိမိပြန်လည်မွေးဖွားလာကတည်းက ဖြစ်ပွားခဲ့သော ကံဆိုးမှုများမှာတိုက်ဆိုင်မှုများသာ ဖြစ်နိုင်ပေသည်။
မိမိကိုယ်မိမိ ပြန်လည်နှစ်သိမ့်လိုက်ပြီးနောက် ဝမ်ပေါင်၏ စိတ်မှာ အတော်ပင် သက်တောင့်သက်သာ ရှိသွားခဲ့ရ၏။
တစ်ချိန်တည်းမှာပင် ရှောင်ဖန်းသည် ရေချိုးကန်ထဲ၌ လှဲလျောင်းကာ ရေစိမ်ရင်း ဖုန်းထဲရှိ အိမ်ပိုင်ရှင်များအုပ်စု၏ မက်ဆေ့ခ်ျများကို ကြည့်ရှုနေခဲ့သည်။
"နှင်းတွေ ကျနေပြီ။ အောက်တိုဘာလပဲ ရှိသေးတာကို နှင်းတွေ ကျနေပြီလား"
"နှင်းတွေ တော်တော် သန်တာပဲ"
"ဟုတ်ပ။ မြေပြင်ပေါ်မှာ နှင်းတွေ တော်တော်တောင် အလွှာထူနေပြီ ဆရာတို့ရယ်"
"ကောင်းတာပေါ့... မနက်ဖြန် အလုပ်သွားစရာ မလိုတော့ဘူး"
"မင်းကတော့ စိတ်ကူးယဉ်နေပြီ။ ငါတို့လို အလုပ်သမားတွေအတွက်ကတော့ ကောင်းကင်ကနေ ဓားတွေပဲ ရွာရွာ... သူဌေးကတော့ အလုပ်လာဖို့ပဲ ဖိအားပေးမှာပဲ"
"ဟေ့လူတို့... ခင်ဗျားတို့က နှင်းကိုပဲ ကြည့်မနေနဲ့ဦး၊ အပူချိန်ကိုကော သတိထားမိကြရဲ့လား။ အခု အနုတ် ၁၅ ဒီဂရီ ဖြစ်နေပြီဗျ"
"ဘုရားရေ... တကယ်ကြီး အနုတ်၁၅ ဒီဂရီ ဖြစ်နေတာပဲ။ အံ့သြပါ့... ဒါကြောင့်မို့လို့ ဒီလောက်တောင် အေးနေတာကိုး"
"မဖြစ်နိုင်တာ။ တာဝူမြို့လို နေရာမျိုးက ဘယ်လိုလုပ် ဒီလောက်အထိ အေးသွားရတာလဲ"
ရှောင်ဖန်းသည် အုပ်စုထဲတွင် လူအများအပြား စကားပြောဆိုနေကြသည်ကို မြင်တွေ့ရရာ ညဉ့်နက်သည်အထိ မအိပ်ဘဲ ဇီးကွက်လုပ်နေသူများ ဤမျှအထိ များပြားလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ခေတ္တမျှ ကြာပြီးနောက် ဖန်ချင်းယွီနှင့် ကျူချမ်းချမ်းတို့ နှစ်ဦးစလုံးက ရှောင်ဖန်းထံသို့ မက်ဆေ့ခ်ျများ ပေးပို့လာကြပြီး ယနေ့ညတွင် အပူချိန်ရုတ်တရက်ထိုးဆင်းသွားမည်ကို သူ မည်သို့ သိရှိနေရသနည်းဟု စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလာကြ၏။
ရှောင်ဖန်းက အကြောင်းပြချက်တစ်ခု ပေး၍ လှည့်ပတ်ပြောဆိုလိုက်ပြီး ၎င်းတို့အနေဖြင့် နွေးထွေးစွာ နေထိုင်ကြရန်နှင့် ကောင်းမွန်စွာ အနားယူကြရန် ထပ်မံမှာကြားလိုက်သည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ရှောင်ဖန်းသည် ဖုန်းမြည်သံကြောင့် နိုးလာခဲ့ရ၏။
သူဖုန်းကို ကောက်ကိုင်ကြည့်လိုက်ရာ ယွမ်ချင်းမေဖြစ်နေသည်ကို တွေ့လိုက်ရသည်။
"ဦးလေးရှောင်... တံခါးဖွင့်ပါဦး"
တစ်ဖက်မှ ယွမ်ချင်းမေ၏ အသံ ထွက်ပေါ်လာ၏။
"အေးအေး... အခုချက်ချင်းလာပြီ"
ရှောင်ဖန်းဖုန်းချလိုက်ပြီးနောက် တံခါးမှတစ်ဆင့် ကြည့်လိုက်ရာယွမ်ချင်းမေ တစ်ယောက် စောင်တစ်ထည်ကို ပတ်ထားပြီး တံခါးအပြင်ဘက်တွင် တုန်တုန်ရင်ရင် ဖြစ်နေသည်ကို တွေ့လိုက်ရ၏။
ရှောင်ဖန်းအိပ်ရာမှ ကမန်းကတန်းထ၍ ဧည့်ခန်းဆီသို့ ပြေးသွားကာ တံခါးဖွင့်ပေးလိုက်သည်။တံခါးပွင့်သွားသည်နှင့် တစ်ပြိုင်နက် အေးစက်သော လေလှိုင်းကြီးတစ်ခု ချက်ချင်း တိုးဝင်လာခဲ့၏။
ယွမ်ချင်းမေသည် အထဲသို့ အလောတကြီး ပြေးဝင်လာခဲ့ လေသည်။
"ဦးလေးရှောင်... အပြင်မှာ နှင်းတွေ တအားကျနေတာ၊ အပူချိန်ကလည်း အနုတ်တစ်ဆယ်ဒီဂရီကျော်အထိ ထိုးဆင်းသွားပြီ"
ယွမ်ချင်မေက ဝင်လာသည်နှင့် အလောတကြီး ပြောဆိုလိုက်ပြီးမကြာမီမှာပင် တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားခဲ့သည်။
ရှောင်ဖန်း၏ အိမ်မှာ မနေ့ကနှင့် မတူညီတော့ဘဲ အတွင်းပိုင်း၌ ထူးခြားစွာ နွေးထွေးနေခဲ့သည်။
ထိုအပူချိန်ကြောင့်ယွမ်ချင်းမေသည် သူမဝတ်ဆင်ထားသော ထူထဲသည့် ညအိပ်ဝတ်စုံကိုပင် ဆက်လက်ဝတ်ဆင်မထားချင်တော့လောက်အောင် ဖြစ်ရပြီး ရှောင်ဖန်းကို လှမ်းကြည့်လိုက်၏။
ရှောင်ဖန်းမှာဘောင်းဘီတိုတစ်ထည်နှင့် လက်ပြတ်အင်္ကျီတစ်ထည်ကိုသာ ဝတ်ဆင်ထားပြီး သူမကို ပြုံးလျက် ကြည့်ရှုနေခဲ့သည်။
"ဦးလေးရှောင်... ဦးလေးအိမ်က ဘယ်လိုဖြစ်တာလဲ"
ယွမ်ချင်းမေက ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်းမေးမြန်းလိုက်၏။
"ငါ့ကိုယုံ၊ အများကြီး မမေးနဲ့တော့။ မင်း ဒီအိမ်ကိုပဲ အခုချက်ချင်း ပြောင်းလာခဲ့လိုက်တော့"
ရှောင်ဖန်းက တည်ကြည်သော မျက်နှာထားဖြင့် ပြောဆိုလိုက်သည်။
ရှောင်ဖန်း၏ စကားကြောင့်ယွမ်ချင်း မေတစ်ယောက်မျက်နှာပူသွားခဲ့ရ၏။
၎င်းမှာဦးလေးရှောင်က သူမကို အတူတူနေထိုင်ရန် ဖိတ်ခေါ်ခြင်း ဖြစ်မလား။သူမ တွေးလိုက်ရင်းရှက်သွားရ၏။
ယွမ်ချင်းမေတစ်ယောက် အတွေးကမ္ဘာထဲ နစ်မြောနေစဉ်မှာပင်ရှောင်ဖန်း၏ နောက်ထပ်စကားကြောင့် သူမ အံ့သြသွားခဲ့ရပြန်သည်။
"အပူချိန်က ပိုပြီးတော့ ထိုးဆင်းသွားဦးမှာ၊ ဒီနှင်းတွေက ဘယ်လောက်အထိ ကြာအောင် ကျနေဦးမလဲဆိုတာ ဘယ်သူမှမသိဘူး။ မင်းရဲ့ အဲဒီအိမ်ထဲမှာဆိုရင် မင်း ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ဘူး"
"ဦးလေးရှောင်.. ဦးလေးပြောတာ ဘာအဓိပ္ပာယ်လဲ"
ယွမ်ချင်းမေက ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်၏။
"ငါပြောတာက... ကမ္ဘာပျက်ကပ် ရောက်လာပြီလို့ ပြောတာ"
ရှောင်ဖန်းက တည်ငြိမ်စွာ ပြောဆိုလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"ဟွန့်... ဘာလဲ... ဦးလေးရှောင်က ကျွန်မကို အတူတူလာနေစေချင်လို့ ဒီလို ရယ်စရာကောင်းတဲ့ အကြောင်းပြချက်ကို သုံးနေတာလား"
ယွမ်ချင်းမေကချွဲ့နွဲ့သည့်လေသံဖြင့်ပြောလိုက်၏။
ရှောင်ဖန်းကလှည့်လာပြီးသူမ၏ အနားသို့ လျှောက်သွားကာ သူမ၏ ပုခုံးနှစ်ဖက်ကိုအသာဆုပ်ကိုင်လိုက်သည်။
"ငါ့ကိုကြည့်၊ ပြီးရင် ဒီအခန်းကိုလည်း ကြည့်လိုက်ဦး။ ငါက အကြောင်းပြချက် ပေးနေတယ်လို့ မင်း ထင်လို့လား"
ယွမ်ချင်းမေ၏ အမူအရာသည်လည်း ထိုအချိန်တွင်တည်ငြိမ်သွားခဲ့၏။
ထိုအိမ်၏ ပြောင်းလဲမှုများမှာ လွန်စွာ ကြီးမားလှသည်။ ရှောင်ဖန်းအနေဖြင့် မနေ့ညကမှ အရေးပေါ် ပြင်ဆင်မွမ်းခြင်း လုပ်ရန် လုံးဝ မဖြစ်နိုင်ချေ။
၎င်းပြင် ရှောင်ဖန်းကိုယ်တိုင်နှင့် ပတ်သက်၍လည်း သူမသည် ပုံမှန်မဟုတ်သော အချက်အချို့ကို သတိပြုမိသွားခဲ့သည်။ ရှောင်ဖန်းမှာ ပိုမိုနုပျိုလာသကဲ့သို့ဖြစ်နေပြီးယခင်က သိပ်ပြီး သတိမထားမိခဲ့ချေ။
သူမက ထိုအရာကို မိမိစိတ်ထဲတွင် သက်သက်မဲ့ အထင်အမြင် လွဲမှားနေခြင်း ဖြစ်လိမ့်မည်ဟုသာ ထင်မှတ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု ပြန်လည်တွေးတောကြည့်လျှင်မူ ရှောင်ဖန်း၏ ပြောင်းလဲမှုသည်အမှန်ပင်ဖြစ်သည်။ လက်ရှိ ရှောင်ဖန်း၏ရုပ်ရည်မှာ အသက်ငါးဆယ်ဝန်းကျင်ခန့်သာ ရှိတော့၏။
ပြီးတော့သူက ယခုပင် ကမ္ဘာပျက်ကပ် ရောက်လာပြီဟု ပြောခဲ့သည်။
ကမ္ဘာပျက်ကပ် ဟုတ်လား။ ဒါဆိုရင် လူတွေအားလုံး သေကြရတော့မှာလား။
ထိုသို့ တွေးမိသည်နှင့် ယွမ်ချင်းမေ စိတ်ထဲမှ ကြောက်ရွံ့လာပြီးတုန်ရီသော အသံဖြင့် မေးမြန်းလိုက်၏။
"ဦးလေးရှောင်.. ဦးလေး ခုနက ကမ္ဘာပျက်ကပ် ရောက်လာပြီလို့ ပြောတာလား။ ဒါဆိုရင် ကျွန်မတို့အားလုံး သေကြရတော့မှာလား"
ရှောင်ဖန်းပြုံးလိုက်ပြီး ရှေ့သို့ လှမ်းကာ ယွမ်ချင်းမေ၏ ပုခုံးကို ဖက်လိုက်ရင်း ညင်သာစွာ ပြောဆိုလိုက်သည်။
"မစိုးရိမ်နဲ့... ငါ ရှိနေသရွေ့တော့ ငါတို့ ဒီကမ္ဘာပျက်ကပ်ထဲမှာ ကောင်းကောင်းမွန်မွန် ရှင်သန်နိုင်မှာပါ"
ရှောင်ဖန်း၏ နူးညံ့သော စကားများကို ကြားရသောအခါယွမ်ချင်းမေသည် သူမ၏ ခေါင်းကို သူ၏ ပုခုံးထက်သို့ မှီလိုက်ရင်း
"ဦးလေးရှောင်. ကျွန်မ ဦးလေးကို ယုံပါတယ်"
ထို့နောက်ယွမ်ချင်းမေနှင့် ရှောင်ဖန်းတို့သည်ပစ္စည်းအချို့ကို သူ၏ အိမ်ဘက်သို့ စတင်ရွှေ့ပြောင်းကြတော့သည်။
"ဦးလေးရှောင်... ဦးလေးမှာလျှို့ဝှက်ချက်တစ်ခုခု ရှိနေတာ မဟုတ်လား"
ယွမ်ချင်းမေက သူမ၏ ပစ္စည်းများကို သိမ်းဆည်းရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ဟဲဟဲ... မင်း ခန့်မှန်းတာ မှန်ပါတယ်။ ဒါပေမဲ့ ဒါကို ရှင်းပြဖို့က ငါ့အတွက် နည်းနည်း ခက်ခဲနေလို့ပါ၊ ငါ့ကိုသာ ယုံကြည်ပေးပါ"
ရှောင်ဖန်းက ရယ်မောလျက် ပြောလိုက်သည်။ထိုစကားကို ကြားရသောအခါ သူမသည်ခေါင်းညိတ်လိုက်ပြီး ထပ်မံ၍မမေးမြန်းတော့ပေ။
ရှောင်ဖန်းသည် အခွင့်အရေးကို အသုံးချကာ ယွမ်ချင်းမေ၏ အချက်အလက်များကို စစ်ဆေးကြည့်လိုက်၏။
ဘုရားရေ... သူမ၏ စိတ်ကျေနပ်မှုနှုန်းမှာ ၈၉ ရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အကယ်၍ သူ အနည်းငယ်မျှ ထပ်မံကြိုးစားလိုက်ပါကယွမ်ချင်း မေသည် မကြာမီ ရာနှုန်းပြည့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်ကျလျှင်သူမသည် ရှောင်ဖန်းအပေါ် လုံးဝ သစ္စာရှိသွားမည်ဖြစ်ပြီး သူသည် တုံ့ပြန်ဆောင်ရွက်မှုများမှတစ်ဆင့် သူမ၏ စွမ်းရည်အချက်အလက်များကိုလည်း မြှင့်တင်ပေးနိုင်မည် ဖြစ်သည်။
**********