အခန်း ၁၀၂
Vol. 11 Ch. 102
102
မနက်ခင်း ညီလာခံတွင် နှုတ်ထွက်သွားပြီဖြစ်သော တော်ဝင်ဆရာရွှီက ဘယ်ကနေဘယ်လိုရလာမှန်းမသိသည့် ဟုန်ဖူဘုန်းကြီးကျောင်း၏ စာရင်းစာအုပ်ကြီးအား တယမ်းယမ်းဖြင့်ပြန်ရောက်ချလာ၏။ သူက အလွန်ဆိုးရွားလှသည့် ဟုန်ဖူဘုန်းကြီးကျောင်း၏ပြစ်မှုစာရင်းများကို ဒေါသတကြီးပြစ်တင်လိုက်တော့သည်။
မူလက အရာရှိများမှာ ချန်ရှန်းနန်းဆောင်ကို မစော်ကားမိစေရန်နှင့် မိမိကိုယ်ကိုကာကွယ်ရန်သာ ရည်ရွယ်ထားခဲ့ကြသည်။ သို့သော် သူတို့ဇနီးမယားများ အသုံးပြုနေကြသည့်အလှလိမ်းခရမ်နှင့် ပါးနီများမှာ လူသေအလောင်းများကို မြေဩဇာအဖြစ်သုံးကာ စိုက်ပျိုးထားသည့် ပျိုနီပန်းများဖြင့်ပြုလုပ်ထားကြောင်း သိလိုက်ရချိန်တွင်တော့ သူတို့မှာရွံသွားရုံသာမက သူတို့အိမ်များတွင် မကျွတ်မလွတ်သေးသည့် နာနာဘာဝများ ခြောက်နေမည်ကိုပါ အထိတ်တလန့်ဖြစ်သွားကြတော့၏။
ဟုန်ဖူဘုန်းကြီးကျောင်း၏ပြစ်မှုများကို ပြစ်တင်ရှုတ်ချပြီးနောက် တော်ဝင်ဆရာရွှီခမျာ ဒေါသထွက်လွန်းသဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ကာ လက်နောက်ပစ်လျက် ရပ်နေတော့သည်။ သူလှည့်ကြည့်လိုက်စဉ် စုဝေးနေကြသော အရာရှိများကို မြင်လိုက်ရသောအခါ သူ့ဒေါသမီးမှာ ငယ်ထိပ်သို့ရောက်လာပြီး မည်သူ့ကိုမျှ မခြွင်းချန်ဘဲ အကုန်လုံးကို ပတ်ရမ်းတော့၏။
"မြို့တော်ရဲ့အမှုတွေကို စုံစမ်းစစ်ဆေးရတဲ့တာဝန်ရှိသူတစ်ယောက်အနေနဲ့ မကြာသေးမီနှစ်တွေအတွင်း ကလေးတွေ အများကြီးပျောက်နေတာကို မင်းတို့က ဘယ်လိုလုပ်လုံးဝမသိရတာလဲ၊ ဒါက တာဝန်ဝတ္တရား ပျက်ကွက်တာပဲ၊ ပြီးတော့ မင်းတို့ကျန်တဲ့ကောင်တွေ၊ မင်းတို့တွေက ရာထူးတွေသာယူထားပြီး တာဝန်ကျမကျေကြဘူး၊ ဟုန်ဖူဘုန်းကြီးကျောင်းက ဒီလောက်ဆိုးဆိုးရွားရွားလုပ်ရပ်တွေ အများကြီးလုပ်ခဲ့တာကို မင်းတို့ထဲက တစ်ယောက်မှ မသိခဲ့ကြဘူးလား၊ မင်းတို့တွေက ပြည်သူတွေကို တကယ်စိတ်ပျက်အောင်လုပ်နေတာပဲ၊ ပြီးတော့ ဝန်ကြီးချုပ်၊ မင်းကရော အရာရှိတွေရဲ့ခေါင်းဆောင်ဖြစ်ပြီး ဘာတစ်ခုမှဖြစ်မြောက်အောင် မလုပ်နိုင်ဘူး၊ သောက်သုံးကိုမကျဘူး၊ ပြီးတော့ မင်းတို့ စစ်ဆေးရေးအရာရှိတွေ၊ မင်းတို့က ဒီကိစ္စတွေကိုတောင်မကြီးကြပ်နိုင်ဘူးလား၊ မင်းတို့တွေ လစာယူပြီး အလကားပဲ"
အရာရှိများကို ကြိမ်းပြီးနောက် တော်ဝင်ဆရာရွှီက ဧကရာဇ်ဆီသို့ အကြည့်လွှဲလိုက်သည်။
"အရှင်၊ အရှင်လည်း ကိုယ့်လုပ်ရပ်တွေကို ပြန်သုံးသပ်သင့်ပြီ၊ အရှင့်ရဲ့ဝန်ကြီးတွေက ဒီလောက်တောင် အရည်အချင်းညံ့ဖျင်းနေမှတော့ အရှင့်မှာရော တာဝန်မရှိဘူးလား"
ရင်ထဲရှိရှိသမျှကို အကုန်ဖွင့်ချပြီးနောက် တော်ဝင်ဆရာရွှီတစ်ယောက် စိတ်လက်ပေါ့ပေါ့ပါးပါးဖြင့် ထွက်သွားတော့သည်။
တော်ဝင်ဆရာရွှီက ရွှေနန်းတော်ထဲမှ ထွက်လာစဉ် သူ့စိတ်ထဲတွင် ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။ သူ့စိတ်ကို တည်ငြိမ်စေရန် ကူညီပေးခဲ့သည့် တာအိုဆရာလေးပြောသည်မှာ မှန်နေပေသည်။ စကားကြမ်းများကို ရင်ထဲတွင် မြိုသိပ်ထားပါက မိမိစိတ်သာညစ်ညမ်းရမည်ဖြစ်ပြီး အပြင်သို့ဖွင့်ပြောချလိုက်ပါက စိတ်ရှင်းသွားမည်ဖြစ်၏။
ညီလာခံခန်းမအတွင်းရှိ အရာရှိများအားလုံး၏မျက်နှာများမှာ ရှက်ရမ်းရမ်းကာ နီမြန်းနေကြတော့သည်။
တော်ဝင်ဆရာရွှီ ထွက်သွားပြီးနောက် တွေဝေငေးမောနေသော ဧကရာဇ်က စာရင်းစာအုပ်တွင် မှတ်တမ်းတင်ထားသည့်နေရာများအတိုင်း ဖမ်းဆီးမှုများနှင့် ကယ်ဆယ်မှုများကို လုပ်ဆောင်ရန် အရာရှိများကို အမိန့်ပေးလိုက်၏။
ထို့နောက် သူက ညီလာခံကို ရုပ်သိမ်းရန် အမိန့်ပေးလိုက်သည်။ နန်းဆောင်သို့ ခြေလှမ်းကျဲကြီးများဖြင့် ပြန်လာသော ဧကရာဇ်မှာ တစ်စထက်တစ်စစိတ်မသက်မသာဖြစ်လာတော့၏။
တော်ဝင်ဆရာရွှီက ဧကရာဇ်ကိုယ်တိုင် ပြောရန် စီစဉ်ထားသည့် စကားများကို ကွက်တိ ယူသုံးသွားခဲ့ခြင်းပင်။
အရာအားလုံးကို ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ်၏။
'သူက ငါပြောမဲ့စကားတွေကိုကြိုပြောသွားလို့ ငါ့မှာ ပြောစရာစကားတောင်မရှိတော့တဲ့အပြင် ငါ့ကိုပါစော်ကားသွားသေးတယ်၊ ငါ ပြန်ပြောဖို့ အချိန်တောင်မရလိုက်ဘဲ တော်ဝင်ဆရာရွှီက ဒေါသတကြီး ထွက်သွားခဲ့ပြီ'
ဧကရာဇ်ခမျာ တွေးလေတွေးလေ ဒေါသထွက်လေပင်။
တော်ဝင်ဆရာရွှီကို အလွယ်တကူထွက်သွားခွင့်ပေးလိုက်မိသည်ဟု သူ ခံစားနေရ၏။ ယခုအချိန်မှ တော်ဝင်အာဏာကို မလေးစားမှုဖြင့် တော်ဝင်ဆရာရွှီအား ပြစ်တင်ရှုတ်ချရန် အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်မည်ဆိုပါကလည်း သူ၏သဘောထားသေးသိမ်ပြီး အမြင်ကျဉ်းရာ ကျသွားလိမ့်မည်။
ထိုအခြေအနေကို သေသေချာချာမကိုင်တွယ်နိုင်ခဲ့သည့်အတွက် ဧကရာဇ်မှာ ပိုတွေးလေ ပိုစိတ်ဆင်းရဲလေဖြစ်လာကာ ထိုနေ့ကမနက်စာကိုပင် မျိုမကျတော့။
......
တော်ဝင်ဆရာရွှီ၏ အားတက်သရော သတင်းဖြန့်ဝေပေးမှုများကြောင့် ဟုန်ဖူဘုန်းကြီးကျောင်း၏ပြစ်မှုများမှာ ဘုန်းကြီးကျောင်းအတွင်း ကလေးများကို လူကုန်ကူးခြင်းထက် အများကြီးပိုကျယ်ပြန့်ကြောင်း ယခုအခါပြည်သူများအားလုံး သိသွားကြပြီဖြစ်၏။
ချင်းရှန်စီရင်စုနှင့် အခြားနေရာများတွင်လည်း အလားတူဖြစ်ရပ်မျိုးများ ဖြစ်ပွားခဲ့ဖူးသည်။ မနက်ခင်း ညီလာခံတွင် ဖွင့်ချခံရပြီးနောက် ဟုန်ဖူဘုန်းကြီးကျောင်းမှာ ဤပြစ်မှုများ၏ နောက်ကွယ်မှကြိုးကိုင်သူဖြစ်ရုံသာမက အခြားသော ရေတွက်၍မရနိုင်သည့် ပြစ်မှုများစွာတွင်လည်း ပါဝင်ပတ်သက်နေကြောင်း လူတိုင်း သဘောပေါက်သွားကြတော့၏။
လူတိုင်း၏အတွေးထဲတွင် ဟုန်ဖူဘုန်းကြီးကျောင်းနောက်ကွယ်ရှိ ချန်ရှန်းနန်းဆောင်ကို ချက်ချင်းပင်ပြေးမြင်သွားကြပြီး သူတို့အမြဲယုံကြည်ကိုးကွယ်ခဲ့သော အဖွဲ့အစည်းအပေါ် ရှောင်လွှဲ၍မရနိုင်သည့် သံသယများ ဝင်ရောက်လာကြတော့သည်။
အခြားတစ်ဖက်တွင်မူ တိတ်ဆိတ်ငြိမ်သက်ကာ ခမ်းနားလှသော မင်းဆရာကြီး၏စံအိမ်တော်အတွင်း နေရောင်ခြည်များက ပြတင်းပေါက်မှတစ်ဆင့် စစ်တုရင်ခုံပေါ်သို့ဖြာကျနေ၏။
ခံ့ညားသောလူငယ်တစ်ဦးနှင့် ပညာရှိသူတော်စင်အသွင်ရှိသော အဘိုးအိုတစ်ဦးတို့မှာ မျက်နှာချင်းဆိုင်ထိုင်ကာ စစ်တုရင်ကစားရာတွင် အာရုံစိုက်နေကြသည်။
လူငယ်က မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင် စိုးရိမ်မှုအချို့ ထင်ဟပ်နေသည်။ သူက စစ်တုရင်ရုပ်တစ်ရုပ်ကို ရွှေ့လိုက်ရင်း ပြောလိုက်၏။
"သခင်ကြီးရဲ့အစီအစဉ်က ချန်လဲ့မင်းသမီးလေးကြောင့် ပျက်စီးသွားပြီ၊ ဒါပေမဲ့ မင်းဆရာကြီးကတော့ လုံးဝစိုးရိမ်နေတဲ့ပုံမပေါ်ပါလား"
ထိုစကားကိုကြားသောအခါ မင်းဆရာကြီးက သူ့မုတ်ဆိတ်မွေးများကို ပွတ်သပ်လိုက်ပြီး ခေါင်းကိုဖြည်းဖြည်းချင်း မော့လာကာ ဤကိစ္စမှာ အရေးမပါသည့်အလား အေးအေးလူလူပင် ပြောလိုက်သည်။
"ဧကရာဇ်ကို စိတ်မပူဖို့ပြန်ပြောလိုက်၊ ချန်လဲ့မင်းသမီးလေးကို ဖြေရှင်းဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းရှိတယ်၊ နည်းနည်းလေး တလွဲတချော်ဖြစ်သွားအောင်လုပ်လိုက်ရုံနဲ့ ချန်လဲ့မင်းသမီးလေးက နိမိတ်မကောင်းတဲ့သူဆိုပြီး တစ်လောကလုံးယုံသွားအောင် ငါလုပ်နိုင်တယ်၊ ဒီလိုနည်းနဲ့ ပြည်သူတွေရဲ့ အာရုံကို ချန်ရှန်းနန်းဆောင်ကနေ ချန်လဲ့မင်းသမီးလေးဆီ ပြောင်းသွားအောင်လုပ်လို့ရပြီ"
ထိုသို့ပြောပြီးနောက် သူက စစ်တုရင်ရုပ်ကို ချလိုက်ရာ စစ်တုရင်ခုံပေါ်ရှိ အခြေအနေမှာ ချက်ချင်းပင်ပြောင်းလဲသွားတော့၏။
လူငယ်မှာ အသာတန့်သွားပြီးနောက် ရှေ့သို့ကိုင်းသွားကာ မင်းဆရာကြီး၏ အကြံအစည်အပေါ် အလွန်စိတ်ဝင်စားသွားသည့်ဟန်ဖြင့် မေးလိုက်သည်။
"အိုး မင်းဆရာကြီးမှာ ဘယ်လိုထူးချွန်ပြောင်မြောက်တဲ့ အကြံအစည်များရှိနေတာလဲ သိချင်မိပါရဲ့"
မင်းဆရာကြီးက လူငယ်၏အမေးကို ချက်ချင်းမဖြေဘဲ လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။
မင်းဆရာကြီးက စစ်တုရင်ရုပ်များကို တစ်ရုပ်ပြီးတစ်ရုပ် ဖြည်းဖြည်းချင်းချလိုက်ပြီး ကမ္ဘာမြေကို တုန်လှုပ်စေမည့် မဟာဗျူဟာတစ်ရပ်ကို ကြံစည်နေသည့်အလား သူ့အကြည့်များမှာ အလွန်နက်နဲနေတော့သည်။
ခဏအကြာတွင် သူကဖြည်းဖြည်းချင်း ပြောလာ၏။
"ဒီအကြံအစည်ကို သေသေချာချာ စဉ်းစားဖို့ လိုတယ်၊ အချိန်ကျလာရင်တော့ ချန်လဲ့မင်းသမီးလေးကို ပြန်လမ်းမရှိ တွင်းနက်ကြီးထဲ ဆွဲချပစ်နိုင်မှာ အသေအချာပဲ"
ထိုစကားကိုကြားပြီးနောက် လူငယ်က ခေါင်းညိတ်လိုက်ပြီး သူ့အကြည့်များက စစ်တုရင်ခုံပေါ်သို့ ပြန်ရောက်သွားသည်။
"ဒါဆိုရင်လည်း မင်းဆရာကြီးရဲ့ သတင်းကောင်းကို မျှော်နေပါ့မယ်"
လူငယ်က ခဏတာစဉ်းစားလိုက်ပြီးနောက် ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ချန်လဲ့မင်းသမီးလေးရဲ့ ဘေးမှာရှိနေတဲ့ သိုင်းပညာရှင်က တကယ်တော့ ဘယ်သူများလဲ၊ အဲ့ဒီတုန်းက မိဖုရားခေါင်ကြီး ချောက်ကမ်းပါးပေါ်က ပြုတ်ကျသွားတာကို ကျွန်တော်ကိုယ်တိုင်မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတာ၊ စဉ်းစားကြည့်လေ မွေးခါနီးဖွားခါနီး ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်က အဲ့ဒီလောက်အမြင့်ကြီးကနေ ပြုတ်ကျတာတောင် မသေဘူးတဲ့၊ သူမဗိုက်ထဲကကလေးကို အသက်ငါးနှစ်အရွယ်အထိ ဘေးကင်းကင်းနဲ့ ကြီးပြင်းလာအောင် ဘယ်လိုများလုပ်နိုင်ခဲ့တာလဲ"
မင်းဆရာကြီးက သူ့လက်ထဲရှိ စစ်တုရင်ရုပ်ကို လှည့်ကစားရင်း မေးလိုက်သည်။
"အဲ့ဒီတုန်းက ချောက်ထဲပြုတ်ကျသွားတာကို မင်းကိုယ်တိုင်မြင်ခဲ့ရတဲ့သူက မိဖုရားခေါင်ကြီးကိုယ်တိုင်ဆိုတာ သေချာလို့လား"
လူငယ်က ပေါ့ပေါ့ပါးပါးပင်ပြန်ဖြေလိုက်၏။
"သေချာတာပေါ့၊ ကျွန်တော်ကိုယ်တိုင် သေချာတွေ့ခဲ့ရတာ၊ ဒါမှမဟုတ် မိဖုရားခေါင်ကြီးသေသွားပြီလို့ ကျွန်တော်တို့ကို ယုံသွားအောင် သူမပုံစံဟန်ဆောင်ထားတဲ့အမြွှာ ဒါမှမဟုတ် ညီမတစ်ယောက်များရှိနေတာလား"
ထို့နောက် သူ့ခန့်မှန်းချက်မှာ ရယ်စရာကောင်းကြောင်း သူ သဘောပေါက်သွားတော့သည်။
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီလောကကြီးမှာ အမြွှာတွေက ဘယ်ကနေ အများကြီး ရောက်ချလာမှာလဲ၊ ချန်ရှန်းနန်းဆောင်ထဲမှာ သစ္စာဖောက်တစ်ယောက်ရှိနေတာ၊ ပြီးတော့ သူမနောက်ကို တိတ်တိတ်လေးလိုက်သွားပြီး မိဖုရားခေါင်ကြီးကို ကြိုကယ်သွားတာကမှ ပိုဖြစ်နိုင်ဦးမယ်"
သူ စကားပြောပြီးသွားသည်နှင့် လူငယ်ရော အဘိုးအိုပါအံသြသွားကြ၏။
ထို့နောက် သူတို့နှစ်ဦးအချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
မင်းဆရာကြီးက ဖြည်းဖြည်းချင်းပြောလိုက်၏။
"သစ္စာဖောက်လား မဖြစ်နိုင်တာတော့ မဟုတ်ဘူး၊ အဲ့ဒီတုန်းကဖြစ်ခဲ့တဲ့ကိစ္စက အစကတည်းက လုံးဝကို အမှားအယွင်းမရှိခဲ့တာ၊ ဒါပေမဲ့ အခုစတုတ္ထသခင်လေးက ရှင်းပြလို့မရနိုင်လောက်အောင်ပြန်ရောက်လာပြီး ရှီမိသားစုရဲ့ အငယ်ဆုံးမြေးလေးကလည်း အသက်ရှင်နေသေးတယ်၊ ဒီကိစ္စမှာ တစ်ခုခု လွဲချော်နေတာ သေချာတယ်၊ နန်းတော်ထဲမှာ တကယ်သစ္စာဖောက်တစ်ယောက်ရှိနေမှာကို စိုးရိမ်ရတယ်"
လူငယ်က မတ်တတ်ရပ်ပြီးပြောလိုက်သည်။
"ကျွန်တော် အခုချက်ချင်းပြန်ပြီး သခင်ကြီးကို သတင်းပို့မှရမယ်"
ထိုသို့ပြောပြီးနောက် လူငယ်က မင်းဆရာကြီး၏စံအိမ်တော်မှ အလျင်စလို ထွက်ခွာသွားတော့၏။
ထောင့်တစ်နေရာတွင် ဘယ်ကနေဘယ်လို မင်းဆရာကြီး၏စံအိမ်တော်ထဲရောက်လာမှန်းမသိသော ယွိဟွာတစ်ယောက် နေပူဆာလှုံရင်း တစ်ရေးတစ်မောအိပ်နေသည်။
'ချန်လဲ့မင်းသမီးလေး ဟုတ်လား၊ အဲ့ဒါ သခင်မလေး မဟုတ်ဘူးလား'
ယွိဟွာက သူမခြေသည်းများဖြင့် မြေကြီးကို ကုတ်ခြစ်လိုက်ပြီး နေ့တိုင်း ကျောင်းပြေးကာ တော်ဝင်ဆရာရွှီထံတွင် သေသေချာချာစာမသင်ခဲ့မိသည်ကို အနည်းငယ်နောင်တရနေတော့၏။
ထိုလူနှစ်ယောက်ပြောနေသမျှကို အားလုံးနားမလည်သော်ငြား အဘိုးကြီးက သူမသခင်မလေးကို ဒုက္ခပေးရန် ရည်ရွယ်နေကြောင်းကိုတော့ သူမ အနည်းဆုံးနားလည်ထားသည်။ အဘိုးကြီးက မည်သို့ကြံစည်နေသည်ကို မသိသော်ငြား သူ့နောက်သို့အနီးကပ်လိုက်နေပါက သူ ဘာလုပ်မည်ကို နောက်ဆုံးတွင်သိလာရမည်ဟု သူမခံစားမိ၏။
ယွိဟွာက ပြန်လှဲချလိုက်ပြီး အတွေးထဲ နစ်မြောနေပုံရသည့် အဘိုးကြီးကို မျက်လုံးလေး ပေကလပ်ပေကလပ်ဖြင့် စိုက်ကြည့်နေတော့သည်။
အတွေးလွန်နေသော မင်းဆရာကြီးမှာ တစ်စုံတစ်ယောက်က သူ့ကိုစောင့်ကြည့်နေသကဲ့သို့ ရုတ်တရက်ခံစားလိုက်ရသည်။ သူပတ်ဝန်းကျင်ကို သတိထားကာ အကဲခတ်လိုက်ပြီး အနီးနားတွင်ဝပ်နေသော ရစ်ငှက်တစ်ကောင်ကို မြင်လိုက်ရမှသာ သူ့သတိထားမှုကို လျှော့ချလိုက်၏။
ထို့နောက် သူကအစေခံတစ်ယောက်ကို ခေါ်ကာ ကြက်စာအချို့ယူလာပေးရန် ခိုင်းလိုက်သည်။
ယွိဟွာက အစေခံယူလာပေးသော ဆန်စေ့များကိုကြည့်ကာ ခေါင်းလေးကိုစောင်းပြီး အဘိုးကြီးကိုကြည့်လိုက်၏။
"ကွတ် ကွတ် ကွတ် ကွတ်"
'ကျေးဇူးပဲနော်၊ ရှင်က တကယ့်ကို သဘောမနောကောင်းတဲ့သူပဲ'
ယွိဟွာက တိတ်တဆိတ်ခေါင်းငုံ့ကာ သူမအစာများကို စားလိုက်တော့သည်။ တော်ဝင်ဆရာရွှီပြန်ရောက်လာကတည်းက သခင်မလေးမြင်သွားပြီး စာအတင်းသင်ခိုင်းမည်ကို ကြောက်သဖြင့် ယွိဟွာခမျာ နေ့တိုင်းအပြင်တွင် လမ်းသလားနေခဲ့ရ၏။
'လွန်ခဲ့တဲ့ရက်ပိုင်းကတည်းက ငါ အပြင်မှာ လမ်းသလားနေခဲ့တော့ အိတ်ကပ်ထဲက အစားအစာတွေလည်းကုန်သွားပြီ'
ယွိဟွာက ထိုညတွင် တိတ်တဆိတ် ပြန်သွားကာ အစားအစာအနည်းငယ် ထပ်မံဖြည့်တင်းပြီးနောက် အဘိုးကြီးကို ဆက်စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်တော့သည်။