အခန်း ၁၀၃
Vol. 11 Ch. 103
103
တည်းခိုဆောင်မှ ထွက်လာပြီးသည်နှင့် သူငယ်ချင်းတစ်သိုက်မှာ မြို့တော်၏ ဈေးအကြီးဆုံးစားသောက်ဆိုင်တွင် ပျော်ပျော်ပါးပါး စားသောက်ကြရန် စီစဉ်လိုက်ကြသည်။
မနေ့က ဟုန်ဖူဘုန်းကြီးကျောင်းတွင် ပစ္စည်းဥစ္စာအမြောက်အများရခဲ့ကြသဖြင့် သူတို့တစ်သိုက်မှာ ယခုအခါ ယုံကြည်မှုများ အပြည့်အဝရှိနေကြတော့၏။
"ရွာသူကြီးလေး၊ ကျွန်တော် ဟင်းတွေ အများကြီး အများကြီးမှာချင်တယ်၊ အခုဆို ကျွန်တော့်မှာ ပိုက်ဆံတွေ အားကြီးရှိနေပြီလေ"
ကျောက်ဟူက သူ့အိတ်ကပ်ထဲတွင် ကျန်နေသေးသော ငွေအနည်းငယ်ကို ပွတ်သပ်ရင်း ဝင့်ဝင့်ကြွားကြွားဖြင့် ပြောလိုက်သည်။
ငွေများကို မြန်မြန်မသုံးပစ်လိုက်လျှင် အဖေဖြစ်သူက နောက်ထပ်ဆင်ခြေတစ်ခုရှာကာ လှည့်စားယူသွားမည်ကို ကျောက်ဟူခမျာ တကယ်စိုးရိမ်နေမိ၏။
ပြီးခဲ့သည့်ညက သူ့အဖေ အခန်းထဲသို့ ဝင်လာချိန်တွင် အခန်းအပြည့်ရှိနေသော ရွှေငွေရတနာများကိုမြင်ပြီး လန့်ဖျပ်ကာ သတိလစ်သွားခဲ့သည်ကို ကျောက်ဟူတစ်ယောက်ပြန်တွေးမိလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဦးလေးချင်း အချိန်မီရောက်လာပြီး သူ့အဖေကို အပ်စိုက်ကုသကာ သတိပြန်လည်လာစေရန် လုပ်ပေးခဲ့ရရှာ၏။
သို့ဖြစ်ရာ သူ့အဖေသတိပြန်လည်လာလာချင်း ပထမဆုံးလုပ်ခဲ့သည့်အရာမှာ ထိုငွေအများစုကို သိမ်းဆည်းသွားခြင်းပင်။ ကျောက်ဟူကြီးလာလျှင် မိန်းမယူရန်နှင့် ကလေးမွေးလျှင်သုံးရန်အတွက် မိခင်ဖြစ်သူက ထောင်ယွမ်ရွာသို့ပြန်ယူသွားပြီး သိမ်းဆည်းထားပေးမည်ဆိုကာ ယူသွားခဲ့ခြင်းဖြစ်၏။
ကျောက်ဟူတစ်ယောက် အမျက်ချောင်းချောင်း ထွက်သွားတော့သည်။ ထိုမျှများပြားသော ငွေများဖြင့်ဆိုလျှင် မိန်းမရာချီယူကာ ကလေးရာချီမွေးမြူနိုင်သည်ကို သူပိုသိနေခဲ့၏။
'ဟမ့် သွေးသားရင်းချာတွေသာမဟုတ်လို့ကတော့ အဲ့ဒီအချိန်ကတည်းက လျှပ်စစ်တုတ်ကလေးထုတ်ပြီး သူ့ကို လက်သီးနဲ့ အချက်ရေအတော်များများ ထိုးပစ်လိုက်ပြီ'
သူ့အနေဖြင့် မည်သည့်ငွေကြေးကိုမျှ လက်ဝယ်ထားရှိနိုင်မည်မဟုတ်ကြောင်း ကျောက်ဟူတစ်ယောက် သဘောပေါက်သွားသည်။ အကယ်၍ သူ မသုံးပစ်လိုက်ပါက ရက်အနည်းငယ်အတွင်း ထိုငွေများမှာ သူ့ငွေများ ဖြစ်တော့မည်မဟုတ်ပေ။
ထျဲနျိုမှာလည်း အလားတူအဖြစ်အပျက်မျိုး အတိအကျကြုံတွေ့ခဲ့ရ၏။
သူတို့နှစ်ယောက်မှာ တကယ့်ကိုဘဝတူလေးများပင်။
ကလေးများ ပစ္စည်းဥစ္စာများစွာရခဲ့ကြောင်းကိုသိသွားသော အဘွားရွှီကလည်း အလားတူဆင်ခြေနှင့် နည်းလမ်းများကိုအသုံးပြုကာ ထျဲနျို၏ငွေအများစုကို ယူသွားခဲ့သည်။
"ယွင်ရှန်းလို့က မြို့တော်မှာ အခမ်းနားဆုံး စားသောက်ဆိုင်လည်းဖြစ်၊ အလှဆုံးနဲ့ အနုစိတ်ဆုံးနေရာလို့ ငါကြားဖူးတယ်"
ကျင့်ရှင်းက လက်ပိုက်ကာ စားသောက်ဆိုင်ကြီးကို တပ်မက်စွာ ကြည့်ရင်းပြောလိုက်သည်။
သူက နှုတ်ခမ်းကိုသပ်လိုက်ပြီး ဆက်ပြောလာ၏။
"ပြီးတော့ အစားအစာတွေကလည်း တကယ့်ကို ရှယ်တဲ့၊ ဟင်းပွဲတစ်ပွဲချင်းစီကို မြို့တော်ရဲ့ထိပ်တန်းစားဖိုမှူးတွေက သေသေချာချာ ပြင်ဆင်ထားပြီး အရောင်အဆင်းရော အနံ့အရသာပါ ပြည့်စုံလွန်းလို့စားကြည့်ရုံနဲ့ ဆွေမျိုးပါ မေ့သွားမယ်လို့လည်း ပြောကြတယ်"
*ဂွီ* *ဂွီ* *ဂွီ*
ရှောင်ကျိုးကဆန္ဒပြနေသော သူမဗိုက်ကလေးကို အမြန်ဖက်ထားလိုက်ပြီး ရဲရဲဝင့်ဝင့်ပြောလိုက်သည်။
"ငါတို့ အခုချက်ချင်းသွားကြမယ်၊ ငါတို့မှာ ပိုက်ဆံတွေအားကြီးရှိတာပဲ"
မကြာမီတွင် သူတို့တစ်သိုက်မှာ အခမ်းနားဆုံးစားသောက်ဆိုင်ဟုခေါ်ကြသောနေရာသို့ ရောက်သွားကြပြီး အပေါ်သို့ မော့ကြည့်လိုက်ကြ၏။
ယွင်ရှန်းလို့ စားသောက်ဆိုင်မှာ မြို့တော်၏အစည်ကားဆုံးနေရာတွင် တည်ရှိသည်။ ၎င်းမှာ ခမ်းနားထည်ဝါသော အနီရောင်တံခါးကြီးပါရှိသည့် လေးထပ်အဆောက်အအုံကြီးတစ်ခု ဖြစ်၏။ ဆိုင်းဘုတ်ပေါ်တွင် ယွင်ရှန်းလို့ ဟူသော ရွှေရောင်တဝင်းဝင်းတောက်ပနေသည့် စာလုံးကြီးသုံးလုံးကို ထင်ထင်ရှားရှား ပြသထားသည်။
သူတို့တစ်သိုက် ခပ်သုတ်သုတ်ဝင်သွားကြတော့သည်။
ပြင်းရှရှဝိုင်နံ့သင်းသင်းလေးက သူတို့အပေါ်လွှမ်းခြုံလာကာ နတ်ပြည်ရောက်သွားသကဲ့သို့ ခံစားလိုက်ကြရ၏။
"ဒီကဝိုင်တွေကလည်း တကယ့်ကို ထူးခြားတယ်လို့ ငါကြားဖူးတယ်"
ကျင့်ရှင်းက သူ့ပါးစပ်ထောင့်ရှိ မရှိသောတံတွေးများကို သုတ်ပစ်ရင်း အာမေဍိတ်သံဖြင့် ပြောလိုက်သည်။
ဧည့်ခန်းမကြီးမှာ ကျယ်ဝန်းပြီး တောက်ပနေကာ မျက်စိကျိန်းမတတ် ရွှေရောင်များနှင့် တဖျပ်ဖျပ်လက်နေသော အဆင်တန်ဆာများဖြင့် လှလှပပ အလှဆင်ထား၏။
ယုံကြည်မှုလွန်ကဲနေသော သူတို့တစ်သိုက်မှာ ပင်မခန်းမတွင် မထိုင်ရန် ဆုံးဖြတ်လိုက်ကြပြီး တာဝန်ခံထံတွင် သီးသန့်ခန်းတစ်ခု တောင်းလိုက်ကြသည်။
သူတို့မှာ အဆောက်အအုံကိုမော့ကြည့်လိုက်ကြပြီး သူတို့မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တလက်လက် တောက်ပနေကြတော့၏။
အပေါ်ထပ်ရှိ သီးသန့်ခန်းများမှာ ပိုလို့တောင် ထူးခြားဆန်းပြားလှပြီး အခန်းတိုင်းကို သေသပ်လှပသောပရိဘောဂများနှင့် ခမ်းနားထည်ဝါသောအလှဆင်ပစ္စည်းများဖြင့် အလှဆင်ထားသည်။ ပြတင်းပေါက်များမှတစ်ဆင့် အပြင်ဘက်သို့ ကြည့်လိုက်ပါက စည်ကားသိုက်မြိုက်လှသော မြို့တော်ကြီး၏ မြင်ကွင်းကျယ်ကို ခံစားကြည့်နိုင်သည်။
သူတို့တစ်သိုက်မှာ စိတ်လှုပ်ရှားစွာဖြင့် ထိုင်လိုက်ကြပြီး အစားအသောက်များကို စတင်မှာယူကြတော့သည်။
ဘေးဘက်သီးသန့်ခန်းအတွင်း၌ ဒုတိယမင်းသားက ပြတင်းပေါက်မှတစ်ဆင့် စားသောက်ဆိုင်ထဲသို့ဝင်လာသော ကလေးတစ်သိုက်ကို မြင်လိုက်ရပြီး ချက်ချင်းပင်မှတ်မိသွား၏။ ထိုအဖွဲ့ကို ဦးဆောင်လာသော ကောင်မလေးမှာ သူ့ခမည်းတော် မကြာသေးမီကမှ မွေးစားခဲ့သည့် သမီးအသစ်လေးဖြစ်သော ချန်လဲ့မင်းသမီးလေးပင်။
ဒုတိယမင်းသားက ချန်လဲ့မင်းသမီးလေးနှင့် သူမအဖွဲ့ ဘေးခန်းသို့ဝင်သွားသည်ကို စောင့်ကြည့်နေပြီးနောက် သူနှင့်အတူ စားသောက်နေသော ဟယ်ချီချွမ်းဘက်သို့ လှည့်ပြောလိုက်သည်။
"ခမည်းတော် အသိအမှတ်ပြုထားတဲ့ ညီမလေးနဲ့ ငါမတွေ့ရသေးဘူး"
ဟယ်ချီချွမ်းက ပြန်ဖြေလိုက်၏။
"ဒုတိယမင်းသား ဘေးကသီးသန့်ခန်းကိုသွားပြီး သူတို့ကိုနှုတ်ဆက်ချင်လို့လား"
ဒုတိယမင်းသားက တူများကိုချလိုက်ပြီး ပြောလိုက်သည်။
"ဒါပေါ့၊ ဒုတိယအစ်ကိုအနေနဲ့ ငါ့ညီမလေး မြို့တော်ကိုပြန်ရောက်လာပြီဆိုတော့ သွားနှုတ်ဆက်ရမှာပေါ့"
ထိုသို့ပြောပြီးနောက် ဒုတိယမင်းသားက မတ်တတ်ရပ်လိုက်ပြီး လူတိုင်းကို ဦးဆောင်ကာ ဘေးခန်းသို့သွားလိုက်တော့၏။
ဘေးခန်း၏တံခါးမှာ ဟဟလေးဖြစ်နေသည်ကိုမြင်သောအခါ ဟယ်ချီချွမ်းက ရှေ့သို့လှမ်းကာ ဖြည်းဖြည်းချင်း တွန်းဖွင့်ပေးလိုက်ပြီး ဒုတိယမင်းသားကို အတွင်းသို့ဝင်စေလိုက်သည်။
အစားအသောက်များမှာယူရန် အလုပ်များနေကြသော ကလေးတစ်သိုက်မှာ သူတို့အခန်းထဲသို့ဝင်လာသော သူစိမ်းများကို သတိထားမိသွားကြ၏။
'နေပါဦး၊ သူတို့ထဲက တစ်ယောက်ကို အရင်က မြင်ဖူးသလိုပဲ'
ပြီးခဲ့သည့်အကြိမ်က သူတို့ဇာတ်လမ်းတစ်ပုဒ်ကို တိတ်တဆိတ်ကြည့်နေစဉ်အတွင်း ဤလူက မိန်းကလေးတစ်ယောက်ကို အတင်းလက်ထပ်ရန် ဖိအားပေးကာ သူမ၏အဆိပ်ဖြေဆေးကို ခိုးသွားခဲ့သည်ကိုမြင်ခဲ့ရခြင်းပင်။
ရှောင်ကျိုးက ထိုလူကိုသဘောမကျသဖြင့် မျက်နှာလွှဲလိုက်ကာ သူမ၏အစားအသောက်များကိုသာ ဆက်မှာနေတော့သည်။
ဒုတိယမင်းသားက သူတို့ဝင်လာခြင်းကို အနည်းငယ်အံ့သြသွားပြီးနောက် ယခုအခါ သူတို့ကို လုံးဝလျစ်လျူရှုထားသော သူ့ညီမလေးကို သတိပြုမိသွား၏။
ဒုတိယမင်းသားက ဖွဖွပြုံးလိုက်ပြီး ကိုယ်ကိုကိုင်းကာ ကျစ်ဆံမြီးနှစ်ဖက်ဖြင့် ခရမ်းရောင်ဝတ်ဆင်ထားသော ချစ်စရာကလေးမလေးကို တီးတိုးပြောလိုက်သည်။
"ချန်လဲ့ မင်္ဂလာပါ၊ ငါက မင်းရဲ့ဒုတိယအစ်ကိုပါ"
ထိုသို့ပြောပြီးနောက် သူက ကောင်မလေးခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်၏။
သို့သော် ရှောင်ကျိုးဘေးတွင် ရပ်နေသော အရပ်ရှည်ရှည်နှင့် ဗလတောင့်တောင့်ကိုယ်ရံတော်နှစ်ယောက်က သူ့ကို တားလိုက်သည်။
"ကျွန်တော်တို့သခင်မလေးရဲ့ ခေါင်းကို ခွင့်ပြုချက်မရှိဘဲ ကိုင်လို့မရပါဘူး၊ မဟုတ်ရင် သခင်မလေး အရပ်ရှည်လာတော့မှာ မဟုတ်ဘူး"
ထိုကိုယ်ရံတော်နှစ်ယောက် တာဝန်စတင်ထမ်းဆောင်ချိန်တွင် ရှောင်ကျိုးက သူမသတိမထားမိချိန်၌ သူမခေါင်းကို လာကိုင်မည့် မည်သူ့ကိုမဆိုတားရန် ချက်ချင်းညွှန်ကြားထားခဲ့ခြင်းပင်။
ယခုအခါ ရှောင်ကျိုးလေးမှာ အနည်းငယ်ကြီးလာပြီဖြစ်ရာ သူမအရပ်အမောင်းနှင့် ပတ်သက်၍ တစ်စထက်တစ်စဂရုစိုက်လာခဲ့၏။
ဒုတိယမင်းသား၏အစေခံက ရိုင်းစိုင်းသော ထိုလူများကို ဆူပူကြိမ်းမောင်းရန်ပြင်လိုက်စဉ်မှာပင် ဒုတိယမင်းသားက သူ့ကိုတားလိုက်သည်။
ဒုတိယမင်းသားမှာ ချန်လဲ့မင်းသမီးလေးကို သူ့ဘက်ပါလာအောင်ဆွဲဆောင်ရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ ရောက်လာခဲ့ခြင်းပင်။
ဧကရာဇ်က ချန်လဲ့မင်းသမီးလေးကို လျစ်လျူရှုထားပုံပေါ်သော်ငြား မကြာသေးမီက ညီလာခံတွင် သူမကို ထောက်ခံသည့် ခြေလှမ်းအချို့ကို လှမ်းခဲ့သည်။ ထို့အပြင် ချန်လဲ့မင်းသမီးလေး၏ဘေးတွင် ဟုန်ဖူဘုန်းကြီးကျောင်းရှိ ဆရာတော်များအားလုံးကို ရှင်းပစ်နိုင်စွမ်းရှိသည့် အစွမ်းထက် သိုင်းပညာရှင်တစ်ဦးရှိနေသည်ဟု ကောလာဟလများထွက်ပေါ်နေသဖြင့် ဒုတိယမင်းသားမှာ အလွန်အမင်း စိတ်ဝင်စားနေခဲ့၏။
ချန်လဲ့မင်းသမီးလေးကို သူတို့ဘက်ပါလာအောင် ဆွဲဆောင်နိုင်ခြင်းက အကူအညီကြီးတစ်ခု ဖြစ်လာလိမ့်မည်။
ဒုတိယမင်းသားက သူ့လက်ကို အနေရခက်ခက်ဖြင့် ပြန်ရုပ်လိုက်သော်ငြား စားပွဲဝိုင်းရှိ ကလေးများက သူ့ကိုဆက်လျစ်လျူရှုထားသည့်တိုင်အောင် သူက ဒေါသမထွက်ခဲ့ပေ။
သူ ပြုံးလျက် ပြောလိုက်သည်။
"ညီမလေးချန်လဲ့ စားချင်တာရှိရင် အားမနာဘဲမှာနော်၊ အားလုံး ဒုတိယအစ်ကို စာရင်းထဲ ထည့်လိုက်"
ထိုသို့ပြောပြီးနောက် ဒုတိယမင်းသားက စားပွဲထိုးဘက်သို့လှည့်ကာ ညွှန်ကြားလိုက်၏။
"ချန်လဲ့မင်းသမီးလေးရဲ့ကျသင့်ငွေကို ဒုတိယမင်းသားရဲ့စာရင်းထဲ ထည့်လိုက်"
စားပွဲထိုးက သဘောတူကြောင်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
တစ်စုံတစ်ယောက်က ကျသင့်ငွေရှင်းပေးမည်ဟု ကြားလိုက်ရသောအခါ ရှောင်ကျိုးက မင်းသားဘက်သို့လှည့်ကြည့်လိုက်ပြီး အနည်းငယ်မသေချာမရေရာသောလေသံဖြင့် ပြောလိုက်သည်။
"အစ်ကိုက တကယ်ကြီး ညီမတို့ကို ဒကာခံမှာလား၊ ညီမတို့က လူအများကြီးနော်"
ဒုတိယမင်းသားက သူတို့စားပွဲဝိုင်းရှိ ကလေးများ၊ ကိုယ်ရံတော်နှစ်ယောက်နှင့် တာအိုဆရာလေးတစ်ပါးပါဝင်သည့် ထိုအဖွဲ့ကိုကြည့်ကာ အလွန်ယုံကြည်မှုရှိရှိဖြင့်ပြောလိုက်၏။
"ဒါပေါ့ ကြိုက်သလောက်စား၊ အခုကစပြီး ဒီမှာစားသမျှအားလုံး ငါ့စာရင်းထဲကပဲ ရှင်းပေးမယ်"
ရှောင်ကျိုးက ဒုတိယမင်းသားကို ရိုးရိုးသားသားကျေးဇူးတင်လိုက်သည်။
"ကျေးဇူးတင်ပါတယ်၊ အစ်ကိုက အရမ်းသဘောကောင်းတာပဲ"
တည်းခိုဆောင်တွင် ယာယီခိုလှုံနေကြသော သူမ၏အဘွား၊ အဒေါ်၊ အစေခံများနှင့် အိမ်တော်ထိန်းတို့အားလုံး ထမင်းမစားရသေးမည်ကို ရှောင်ကျိုးလေးခမျာစိတ်ပူနေခဲ့ခြင်းပင်။ သူတို့အတွက် ဘာအစားအသောက်တွေ ပါဆယ်ထုပ်သွားရမည်ကို ကျောက်ဟူတို့နှင့်တိုင်ပင်နေခဲ့ပြီး အားလုံးအတွက် ပိုက်ဆံမလောက်မည်ကိုပါ သူမစိုးရိမ်နေခဲ့၏။
ယခု သူမ၏ဒုတိယအစ်ကိုဟုဆိုလာသော ဤလူမှာ တကယ့်ကို သဘောထားကြီးလွန်းလှပြီး စားသောက်ဆိုင်ရှိ သူတို့၏အစားအသောက်များအားလုံးကို သူ့စာရင်းထဲထည့်ပေးခဲ့သည်။
သူမ၏ဒုတိယအစ်ကိုမှာ တော်တော်လေးချမ်းသာကြောင်းကို ရှောင်ကျိုးတစ်ယောက် ရုတ်တရက် သဘောပေါက်သွားတော့သည်။ သူလိုမျိုး ငွေကိုရေလိုသုံးနိုင်အောင် ပိုက်ဆံရှာဖို့ ပိုကြိုးစားရမည်ဟု သူမခံစားလိုက်ရ၏။
သူ့ကို လျစ်လျူရှုထားခဲ့သော ကောင်မလေးမှာ သူက ညစာဝယ်ကျွေးမည်ဟုပြောလိုက်သည်နှင့် သူမအမူအရာ လုံးဝပြောင်းလဲသွားသည်ကို ဒုတိယမင်းသား သတိပြုမိသွားသည်။
ဒုတိယမင်းသားက စိတ်ထဲမှတွေးလိုက်၏။
'ထင်တဲ့အတိုင်းပဲ၊ သူမက တောသူမလေးတစ်ယောက်ဆိုတော့ နည်းနည်းလေးကြင်နာပြလိုက်ရုံနဲ့ အလွယ်လေး သိမ်းသွင်းလို့ရတာပဲ'
ငြီးငွေ့သွားသောကြောင့် ဒုတိယမင်းသားက အလ္လာပသလ္လာပစကားအနည်းငယ်ပြောပြီးနောက် စားသောက်ဆိုင်မှ ထွက်သွားတော့သည်။