← Chapters

အခန်း ၁၀၄

Vol. 11 Ch. 104

အခန်း ၁၀၄

Vol. 11 Ch. 104

104

သူတို့ကိုယ်တိုင် ပိုက်ဆံရှင်းစရာမလိုတော့သည့်အတွက် သူငယ်ချင်းတစ်သိုက်မှာ နှမြောတွန့်တိုနေမှုများနှင့် မှာရမလား မမှာရဘူးလားဆိုသည့် တွေဝေနေမှုများကို ချက်ချင်းဖယ်ရှားပစ်လိုက်ကြတော့၏။

"စားပွဲထိုး၊ မင်းတို့ဆီက နာမည်ကြီး ဟင်းပွဲတွေအကုန် ချပေး"

ကျင့်ရှင်းက အစားအသောက်များမြန်မြန်ချပေးရန် တိုက်တွန်းရင်း စားပွဲထိုးကို လက်ယပ်ခေါ်ကာပြောလိုက်သည်။

"ဟုတ်ကဲ့ပါ"

စားပွဲထိုးက အလျင်အမြန်ပြန်ဖြေလိုက်၏။

"မြို့တော်ကြီးက တကယ့်ကို အံ့မခန်းပဲ၊ ဘာအတွက်မှ ပိုက်ဆံမကုန်တဲ့အပြင် ပိုက်ဆံတောင် ပြန်ရသေးတယ်"

ဖက်တီးလေးက တဖြည်းဖြည်း ဖောင်းကားလာသော သူ့ပိုက်ဆံအိတ်လေးကို ပျော်ပျော်ရွှင်ရွှင်ပွတ်သပ်ရင်း ပြောလိုက်သည်။

"မြို့တော်မှာ နောက်ရက်နည်းနည်းလောက်ဆက်နေပြီးမှ ချင်းရှန်ကို ပြန်သွားရင် ကျွန်တော်တော့ အဲ့ဒီမှာ အချမ်းသာဆုံးသူဖြစ်နေတော့မှာပဲ"

ကျင့်ရှင်းက သူ့ကိုတစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ဒါကမမျှော်လင့်ထားတဲ့ ပစ္စည်းဥစ္စာတွေလေ၊ အချမ်းသာဆုံးသူဖြစ်လာဖို့က မလွယ်ဘူး၊ အဲ့ဒီအတွက် အမြဲတမ်း ဝင်ငွေစီးဆင်းမှုလိုတယ်၊ မင်းရဲ့ စီးပွားရေးလုပ်ငန်းတွေက သုန့်ရှားနိုင်ငံတစ်ခုလုံးကို လွှမ်းခြုံနိုင်သွားတဲ့အခါမှသာ မင်းကအင်အားအကြီးဆုံးနဲ့ အချမ်းသာဆုံးသူဖြစ်လာနိုင်တာ"

"ပုံမှန်ဝင်ငွေတစ်ခုရအောင် ဘယ်လိုလုပ်ရမလဲ"

ရှောင်ကျိုးက စပ်စပ်စုစုဖြင့်မေးလိုက်သည်။

ကျင့်ရှင်းက ယွင်ရှန်းလို့ စားသောက်ဆိုင်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ဒီယွင်ရှန်းလို့ကိုပဲ ဥပမာအနေနဲ့ကြည့်လိုက်၊ နေ့တိုင်း ဧည့်သည်တွေလာပြီး ပိုက်ဆံလာသုံးကြတော့ အမြဲတမ်း ဝင်ငွေရနေတာပေါ့၊ တကယ်လို့ ယွင်ရှန်းလို့သာ သုန့်ရှားနိုင်ငံတစ်ခုလုံး အနှံ့ ဆိုင်ခွဲတွေ ဖွင့်လိုက်မယ်ဆိုရင် နေ့စဉ်ဝင်ငွေက အခုထက်တောင် ပိုများလာဦးမှာ"

သူတို့တစ်သိုက်ခမျာ နားလည်သလိုလို နားမလည်သလိုလို အမူအရာများဖြင့် နားထောင်နေကြတော့သည်။

ထို့ကြောင့် ရှောင်ကျိုးတစ်ယောက် ဆိုင်တာဝန်ခံကိုခေါ်ပေးရန် စားပွဲထိုးကို ခိုင်းလိုက်၏။

အပေါ်ထပ်ရှိ ချန်လဲ့မင်းသမီးလေးက သူ့ကိုခေါ်နေကြောင်း ဆိုင်တာဝန်ခံ ကြားလိုက်ရသောအခါ သီးသန့်ခန်းဆီသို့ ခပ်သုတ်သုတ်တက်သွားတော့သည်။

အထဲမှ ကောင်မလေးကိုမြင်လိုက်ရသည်နှင့် သူက အလျင်အမြန်ဦးညွှတ်လိုက်ပြီး ရိုရိုသေသေပြောလိုက်၏။

"ကျွန်တော် ချန်လဲ့မင်းသမီးလေးကို ဂါရဝပြုပါတယ်၊ မင်းသမီးလေး ကျန်းမာချမ်းသာပါစေ"

ရှောင်ကျိုးက သူ့ကိုမေးလိုက်သည်။

"ငါ့ရဲ့ဒုတိယအစ်ကိုက ကျသင့်ငွေအကုန်လုံးကို သူ့စာရင်းထဲထည့်လိုက်ဖို့ ခုနလေးတင် ပြောသွားတယ်၊ အဲ့ဒါကို သိတယ်မလား"

အသစ်စက်စက် အသိအမှတ်ပြုထားသော ထို "ဒုတိယအစ်ကို" ဆိုသူက အပြောသာရှိပြီး နောက်ပိုင်းတွင် အကြွေးမဆပ်ဘဲ လှည့်စားသွားမည်ကို စိုးရိမ်သဖြင့် ရှောင်ကျိုးက ဆိုင်တာဝန်ခံနှင့် အရင်ဆုံးသေချာအောင် အတည်ပြုချင်နေခဲ့ခြင်းပင်။

သူသိကြောင်း ဆိုင်တာဝန်ခံက အလျင်အမြန် ပြန်ဖြေလိုက်၏။

"ချန်လဲ့မင်းသမီးလေးရဲ့ကျသင့်ငွေတွေကို ဒုတိယမင်းသားရဲ့ စံအိမ်တော်စာရင်းထဲထည့်ဖို့ ဒုတိယမင်းသားက ကျွန်တော်ကို ညွှန်ကြားခဲ့ပြီးပါပြီ၊ မင်းသမီးလေးအနေနဲ့ ဘာမှစိုးရိမ်စရာမလိုဘဲ အေးအေးဆေးဆေးဆက်ပြီး သုံးဆောင်နိုင်ပါတယ်ခင်ဗျာ"

ထိုစကားကိုကြားသောအခါ ရှောင်ကျိုးက ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆိုလည်း ကောင်းပြီ၊ ရှင့်ဆိုင်ကို ငါဝယ်မယ်၊ အဲ့ဒီအတွက် ကျသင့်ငွေကို ငါ့ဒုတိယအစ်ကိုရဲ့စာရင်းထဲပဲ ထည့်လိုက်"

ဆိုင်တာဝန်ခံမှာ သူ့နားကိုပင်မယုံနိုင်ဖြစ်သွားကာ အလျင်အမြန်ထပ်မေးလိုက်၏။

"မင်းသမီးလေးက ယွင်ရှန်းလို့ကိုဝယ်မလို့လား"

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်သည်။

"ယွင်ရှန်းလို့ကိုဝယ်မဲ့ငွေကိုလည်း ဒုတိယမင်းသားရဲ့စံအိမ်တော်စာရင်းထဲ ထည့်ရမယ်လို့ မင်းသမီးလေးက ဆိုလိုချင်တာလား"

လွယ်လွယ်နှင့် လက်မလျော့လိုသော ဆိုင်တာဝန်ခံက ထပ်မေးလိုက်၏။

ရှောင်ကျိုး ဆက်ပြီး ခေါင်းညိတ်ပြနေတော့သည်။ အချမ်းသာဆုံးသူဖြစ်လာရန် အမြဲတမ်း ဝင်ငွေစီးဆင်းမှုလိုသည်ဟူသော အဓိကအချက်ကို ကျင့်ရှင်းထံမှ သူမ ခုလေးတင် သဘောပေါက်သွားခဲ့ခြင်းဖြစ်သည်။

စဉ်းစားကြည့်လေ။ ယွင်ရှန်းလို့ကို ဝယ်ရန် မိမိဘက်က ငွေတစ်ပြားတစ်ချပ်မှ စိုက်ထုတ်စရာမလိုဘဲ နေ့စဉ်ပုံမှန်ဝင်ငွေများ ချက်ချင်းရလာတော့မည်ဖြစ်၏။

ချန်လဲ့မင်းသမီးလေးက ထိုစကားများကို တကယ်ပြောခဲ့သည်ဟု လက်ခံရမည်ထက် သူနားကြားမှားသွားသည်ဟုသာ ဆိုင်တာဝန်ခံတစ်ယောက် ယုံကြည်ချင်နေမိသည်။ ယွင်ရှန်းလို့နှင့် ပတ်သက်ပြီး သူ့တွင်မည်သည့်အာဏာမှ မရှိသည်ကို အသာထား။ အကယ်၍ ချန်လဲ့မင်းသမီးလေးကို ရောင်းချလိုက်ပြီး ဒုတိယမင်းသားထံမှ ငွေသွားတောင်းမည်ဆိုပါက ငွေမရမည့်အပြင် သူ့အသက်ပါ ဆုံးရှုံးသွားနိုင်သည်ဟု သူ ခံစားနေရ၏။

ဆိုင်တာဝန်ခံ၏တုံ့ဆိုင်းတုံ့ဆိုင်းဖြစ်နေသောအမူအရာကို မြင်သောအခါ ရှောင်ကျိုးက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ရှင် မရောင်းဘူးလား"

ခြိမ်းခြောက်သည့်ပုံပေါက်နေသော ထိုစကားများကို ကြားလိုက်ရပြီး မကြာသေးမီကပင် ချန်လဲ့မင်းသမီးလေးက အရာရှိများကိုဖြုတ်ချကာ ဟုန်ဖူဘုန်းကြီးကျောင်းတစ်ကျောင်းလုံးကို ဖျက်ဆီးပစ်ခဲ့သည်အား ပြန်အမှတ်ရသွားသောအခါ ဆိုင်တာဝန်ခံခမျာ ထိုစကားများမှာ သေဒဏ်ပေးသည့် အမိန့်စာလိုပင် ရုတ်တရက် ခံစားလိုက်ရတော့၏။

'တကယ်လို့ သဘောမတူရင် ဒီမိန်းကလေးက ယွင်ရှန်းလို့ကိုပါဖြိုချပစ်တော့မှာလား'

ဆိုင်တာဝန်ခံက မျက်စိစုံမှိတ်ကာပြောလိုက်သည်။

"မင်းသမီးလေး၊ မရောင်းချင်လို့ မဟုတ်ရပါဘူး၊ ကျွန်တော်က ယွင်ရှန်းလို့ရဲ့ ပိုင်ရှင်မဟုတ်တဲ့အတွက် အဲ့ဒီလို ဆုံးဖြတ်ချက်မျိုးချခွင့်မရှိလို့ပါခင်ဗျာ"

"ဒါဆို ယွင်ရှန်းလို့ရဲ့ပိုင်ရှင်က ဘယ်သူလဲ"

ရှောင်ကျိုး သူ့ကိုမေးလိုက်၏။

"ကျွန်တော်လည်း မသိပါဘူး၊ ကျွန်တော်က ဒီမှာလစာယူပြီး အလုပ်လုပ်နေရတဲ့သူပါ၊ သူဌေးက လစဉ်လတိုင်း စာရင်းလာစစ်ဖို့ လူတစ်ယောက် လွှတ်လေ့ရှိပါတယ်"

ဆိုင်တာဝန်ခံက အလျင်အမြန်ပြန်ဖြေလိုက်သည်။

ယွင်ရှန်းလို့ကို မဝယ်လိုက်ရသဖြင့် ရှောင်ကျိုးတစ်ယောက် အနည်းငယ် စိတ်ပျက်သွားတော့၏။

ထို့ကြောင့် သူမပြောလိုက်သည်။

"အဲ့ဒါဆိုလည်း ပြီးရော၊ လူ ၂၀၀၊ ၃၀၀ စာလောက်အတွက် အစားအသောက်တွေ အလုံအလောက်ထပ်ပြင်ပေး၊ အကုန်လုံး ငါ့ဒုတိယအစ်ကိုရဲ့စာရင်းထဲ ထည့်လိုက်၊ ပြီးရင် ထုပ်ပိုးပြီး ခဏနေကျ ထျန်းကျီတည်းခိုဆောင်ကိုပို့ပေး"

ချန်လဲ့မင်းသမီးလေးက ယွင်ရှန်းလို့ကို ဝယ်မည့်အကြောင်း ထပ်မဟတော့သဖြင့် ဆိုင်တာဝန်ခံခမျာ သက်ပြင်းချကာ စိတ်အေးသွားရတော့၏။

ပုံမှန်အားဖြင့်ဆိုလျှင် မင်းသမီးလေးက ယွင်ရှန်းလို့ကိုဝယ်ရန် အရင်မပြောခဲ့ပါက ဆိုင်တာဝန်ခံမှာ လူ ၂၀၀၊ ၃၀၀ စာအတွက် အစားအသောက်များပြင်ပေးရန် သဘောတူမည်မဟုတ်ပေ။ သို့သော် အကြောင်းအရင်းတစ်ခုခုကြောင့်လားတော့ မသိ ဖြစ်နိုင်သည်မှာ မင်းသမီးလေးက စားသောက်ဆိုင်တစ်ဆိုင်လုံးကိုဝယ်မည်ဟု ပြောသည်ကို ကြားလိုက်ရသောကြောင့် လူ ၂၀၀၊ ၃၀၀ အတွက် အစားအသောက်ပြင်ပေးရခြင်းမှာ အသေးအဖွဲကိစ္စလေးတစ်ခုသာဖြစ်သည်ဟု သူ ရုတ်တရက်တွေးလိုက်မိခြင်းပင်။

"စိတ်ချပါ မင်းသမီးလေး၊ ဒီကိစ္စကို သေသေချာချာ စီစဉ်ပေးပါ့မယ်"

ထိုသို့ပြောပြီးသည်နှင့် သူက စားပွဲထိုးတစ်ယောက်ကိုဆွဲခေါ်ကာ အသက်လုပြေးရသည့်အလား သုတ်ခြေတင်ပြေးထွက်သွားတော့သည်။

ကျင့်ရှင်းက ရှောင်ကျိုးကိုကြည့်ကာ လက်မထောင်ပြလိုက်ရင်း ပြောလိုက်၏။

"မင်းက ကိုယ်တိုင်ကျ ဘာမှအားမစိုက်ချင်ဘဲနဲ့ အချောင်ပဲ လိုက်နှိုက်ချင်နေတာကိုး"

"ငါ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်၊ ဒါပေမဲ့ ဆိုင်တာဝန်ခံက ငါ့ကိုမှမရောင်းတာလေ"

ရှောင်ကျိုးက အတည်ပေါက်ဖြင့် ရှင်းပြလိုက်သည်။

ဒုတိယမင်းသား : 'မကြိုးစားပါနဲ့ဟာ၊ မင်း ကြိုးစားမှာကို ငါကြောက်လွန်းလို့ပါ'

ဆောင့်တက်လာသည့် ငိုချင်စိတ်ကို အတင်းမျိုချကာ စိတ်ငြိမ်အောင် ထိန်းလိုက်ပြီးနောက် 'ကြိုးစားအားထုတ်မှု' ဟူသော စကားလုံး၏အဓိပ္ပာယ်ကို ယနေ့မှသာ သူ အစအဆုံးအသစ်ပြန်လည် နားလည်သဘောပေါက်သွားတော့ကြောင်း ကျင့်ရှင်းတစ်ယောက် သိလိုက်ရ၏။

"မင်းရဲ့ကြိုးစားအားထုတ်မှုတွေက တခြားသူတွေရဲ့ အသက်ကို လုံးဝကို ဂရုမစိုက်တာကို ထင်ထင်ရှားရှားပြနေတာပဲ"

မကြာမီမှာပင် စားပွဲထိုးက လှေကားပေါ်ကို အတက်အဆင်း ခေါက်တုံ့ခေါက်ပြန် ပြေးလွှားကာ သူတို့စားပွဲဝိုင်းရှိ ဟင်းပွဲများအားလုံးကို ခပ်သုတ်သုတ် လာချပေးတော့သည်။

ရှောင်ကျိုးက ကျင့်ရှင်းစကားများကို ပြန်ဖြေရန်ပင် စိတ်မဝင်စားတော့ဘဲ တူကို အမြန်ကောက်ကိုင်ကာ စတင်စားသောက်တော့၏။

စားပွဲပေါ်ရှိ အရသာရှိလှသော အစားအသောက်များကိုကြည့်ရင်း ကျင့်ရှင်းတစ်ယောက် စားပွဲထိုးထံမှ ဝိုင်နှစ်အိုးလောက် တောင်းချင်စိတ်များ တဖွားဖွားပေါက်လာသော်ငြား ကလေးများကို တစ်ချက်လှမ်းကြည့်ပြီးနောက် သူ့အကြံကို လက်လျှော့လိုက်သည်။

သောက်စရာများ လာချပေးသည်နှင့်တပြိုင်နက် စပ်စုချင်စိတ်အလွန်များသော ဤကလေးများက ချက်ချင်း အရသာမြည်းစမ်းချင်ကြမည်မှာ ယုံမှားသံသယဖြစ်ဖွယ်မရှိပေ။

ကလေးအချို့အရက်မူးသွားခြင်းက အသေးအဖွဲကိစ္စဖြစ်သော်ငြား တကယ့်ပြဿနာမှာ ထိုမူးနေသောကလေးများထဲမှ တစ်ယောက်ယောက်က ကြောက်ခမန်းလိလိ သိုင်းပညာစွမ်းရည်များ ပိုင်ဆိုင်ထားခြင်းပင်။

ဤကလေးစုတ်လေးများသာ အရက်အနည်းငယ်ဝင်သွားပါက မနက်ဖြန်မနက် ရွှေနန်းတော်ရှိ နဂါးပလ္လင်ပေါ်တွင်ထိုင်နေမည့်သူမှာ အသက်ငါးနှစ်အရွယ် ကောင်မလေးတစ်ယောက်ဖြစ်သွားမည်ကို သူစိုးရိမ်နေမိသည်။

ကျင့်ရှင်းက သူ့ခေါင်းထဲမှ ပုန်ကန်ချင်နေသောအတွေးများကို အလျင်အမြန် မောင်းထုတ်လိုက်ပြီး "အစားပုတ်လေးများအဖွဲ့"ထဲသို့ ဝင်ရောက်ပူးပေါင်းလိုက်တော့၏။

သူတို့စားသောက်နေကြစဉ် အောက်ထပ်၌ ဆူညံပူညံအသံများ ထွက်ပေါ်လာသည်။

ရှောင်ကျိုးနှင့် အခြားသူများ ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ ကြည့်လိုက်ကြ၏။

"အထဲမှာ နေရာလွတ်တွေ အများကြီးရှိသေးတယ်မဟုတ်လား၊ ဘာလို့ ငါတို့ကို အထဲပေးမဝင်တာလဲ"

"ဟုတ်တယ်လေ၊ မင်းတို့က ငါတို့သခင်လေးကို အထင်သေးနေတာလား"

"အထဲမှာ နေရာတွေ အများကြီးကျန်သေးတယ်လေ၊ ပြီးတော့ ငါတို့သခင်မလေးဆီမှာ ပိုက်ဆံတွေ အများကြီးရှိတယ်"

"စီးပွားရေးလုပ်ငန်းဖွင့်ထားပြီးမှ ဧည့်သည်တွေကို ဆိုင်ထဲပေးမဝင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"

"......."

ဆိုင်တာဝန်ခံက အလျင်အမြန်ဝင်ရောက်ဖြန်ဖြေလိုက်သည်။

"အားလုံးပဲ တကယ်ကိုအနူးအညွှတ်တောင်းပန်ပါတယ်ခင်ဗျာ၊ ဒီနေ့ကတော့ ကျွန်တော်တို့ဆိုင်အတွက် အထူးအခြေအနေတစ်ခုဖြစ်သွားလို့ပါ၊ ဟင်းလျာတွေ အကုန်ပြတ်သွားသလို ဝန်ထမ်းအင်အားကလည်း မလောက်မင ဖြစ်နေလို့ပါခင်ဗျာ၊ ကျေးဇူးပြုပြီး မနက်ဖြန်မှ ပြန်လာခဲ့ပေးပါ၊ မနက်ဖြန်ကျရင် ဟင်းပွဲအသစ်တွေရလာမှာမို့ အားလုံး ခံတွင်းတွေ့စေရမယ်လို့ ကျွန်တော် အာမခံပါတယ်"

တာဝန်ခံ၏ရိုးသားစစ်မှန်သော သဘောထားကို မြင်သောအခါ တံခါးဝရှိ ဧည့်သည်များက သူ့ကိုသိပ်ပြီး အခက်မတွေ့စေတော့ပေ။ မည်သို့ပင်ဆိုစေကာမူ မြို့တော်တွင် ဤမျှကြီးမားသောစားသောက်ဆိုင်ကြီးကို ဖွင့်ထားနိုင်သူမှာ ခိုင်မာတောင့်တင်းသော နောက်ခံအင်အား တစ်ခုခုရှိနေမည်မှာ အသေအချာပင်။

မနက်ဖြန်တွင် ဟင်းပွဲအသစ်များရမည်ဟု ကြားသောအခါ လူတိုင်းက နောက်နေ့တွင် ပြန်လာလိုကြောင်းပြောကြပြီး သူတို့အတွက်နေရာများ ဖယ်ထားပေးရန် ဆိုင်တာဝန်ခံကို မှာသွားကြတော့၏။

အပေါ်ထပ်ရှိ ကျောက်ဟူနှင့် အခြားသူများက အံ့ဩတကြီးပြောလိုက်ကြသည်။

"ယွင်ရှန်းလို့စားသောက်ဆိုင်က ဒီလောက်တောင် နာမည်ကြီးမယ်လို့မထင်ထားခဲ့ဘူး၊ ညနေတောင်မရောက်သေးဘူး၊ ဟင်းလျာတွေ အကုန်လုံး ရောင်းကုန်သွားပြီတဲ့၊ ယွင်ရှန်းလို့ကို ရွာသူကြီးလေးဆီသာ ရောင်းလိုက်မယ်ဆိုရင် သူမတော့ နေ့တိုင်းပိုက်ဆံတွေ အများကြီးရနေတော့မှာပဲ"

ကျင့်ရှင်းက အံ့ဩတကြီးပြောလိုက်၏။

"မင်းတို့ ခုလေးတင် လူ ၂၀၀၊ ၃၀၀ စာလောက် အစားအသောက်တွေမှာလိုက်လို့ ယွင်ရှန်းလို့မှာရှိတဲ့ ဟင်းလျာတွေ အကုန်ကုန်သွားတာ မဖြစ်နိုင်ဘူးလား၊ အခုဆိုရင် ယွင်ရှန်းလို့တစ်ဆိုင်လုံးက မင်းတို့ရဲ့အမှာကိုလုပ်ပေးဖို့ အလုပ်ရှုပ်နေကြတာလေ"

ရှောင်ကျိုးနှင့် အခြားသူများက ခေါင်းလေးများစောင်းကာ မေးလိုက်ကြသည်။

"အဲ့လိုလား"

"ဟုတ်တယ်လေ၊ ငါတို့စားပြီးတာနဲ့ မြန်မြန် ထွက်သွားကြရအောင်၊ တကယ်လို့ ကျသင့်ငွေကို ဒုတိယမင်းသားရဲ့စံအိမ်တော်ဆီပို့လိုက်တဲ့အချိန် သူတို့ကမရှင်းပေးဘူးဆိုရင် ဘယ့်နှယ့်လုပ်မလဲ"

ကျင့်ရှင်းက သူတို့တစ်သိုက်ကို သတိပေးလိုက်၏။

ထိုစကားကိုကြားသောအခါ ကလေးများက သူတို့၏စားသောက်နှုန်းကို ချက်ချင်း အရှိန်တင်လိုက်ကြတော့သည်။

မကြာမီတွင် သူတို့တစ်သိုက်မှာ တင်းကားနေသော ဗိုက်ကလေးများကို ပွတ်သပ်ရင်း ယွင်ရှန်းလို့မှထွက်လာကြ၏။

မထွက်ခွာမီ ရှောင်ကျိုးက ဒုတိယမင်းသားမှာ သူမမိသားစုတစ်ခုလုံးကို ညစာဝယ်ကျွေးသည့် တကယ့်ကို သဘောကောင်းလှသူဖြစ်ကြောင်း ပတ်ဝန်းကျင်ရှိသူစိမ်းများကို လိုက်လံကြွားလုံးထုတ်နေတော့သည်။

လူအများမှာလည်း တော်ဝင်မိသားစုဝင်များကြားရှိ နက်ရှိုင်းလှသော မောင်နှမမေတ္တာကိုကြည့်ကာ ချီးကျူးမဆုံးဖြစ်နေကြတော့၏။

All Chapters