← Chapters

အခန်း ၁၀၆

Vol. 11 Ch. 106

အခန်း ၁၀၆

Vol. 11 Ch. 106

106

ထို့ကြောင့် ရှောင်ကျိုးနှင့် ကြက်မလေးတို့မှာ သဘောတူညီမှုတစ်ခုရသွားကြတော့သည်။

သူတို့နှစ်ဦးမှာ မင်းဆရာကြီး၏စံအိမ်တော်သို့ တိုက်ရိုက်ဦးတည်သွားကြ၏။ ရှောင်ကျိုးက အိမ်တော်အတွင်းသို့ ဝင်လိုက်သည်နှင့် တစ်ခုခုလွဲမှားနေသလို ခံစားလိုက်ရသည်။ သူမမျက်လုံးများဖြင့် မြင်ရသည့်လမ်းကြောင်းနှင့် သူမစိတ်စွမ်းအင်က ထောက်လှမ်းသိရသည့်လမ်းကြောင်းတို့မှာ ဘာလို့များ လွဲနေရသနည်း။

ရှောင်ကျိုးက အဖြေရှာမရသဖြင့် နောက်ဆုံးတွင် ညဉ့်နက်နေပြီဖြစ်၍ သေသေချာချာမမြင်ရခြင်းသာဖြစ်မည်ဟု သတ်မှတ်လိုက်တော့သည်။

ထို့ကြောင့် ရှောင်ကျိုးက သူမစိတ်စွမ်းအင်ကိုအသုံးပြု၍ လမ်းရှာကာ အနီးဆုံးကုန်လှောင်ရုံမှစပြီး ဝင်ရောက်မွှေနှောက်တော့၏။

ကောင်မလေးတစ်ယောက်နှင့် ကြက်တစ်ကောင်တို့မှာ လမ်းတစ်လျှောက်လုံးရှိ အရာအားလုံးကို ရှင်းလင်းသိမ်းဆည်းလာကြသည်။

ရှောင်ကျိုးက ကုန်လှောင်ရုံများအားလုံးကို အကုန်မွှေနှောက်ပြီးမှသာ ရပ်တန့်လိုက်သော်ငြား သူမကတော့ ကျေနပ်ပုံမပေါ်သေးချေ။

ဗလာဖြစ်သွားပုံရသော မင်းဆရာကြီး၏စံအိမ်တော်ကိုကြည့်ကာ ယွိဟွာက ရှောင်ကျိုးကို မသေချာမ‌ရေရာသောလေသံဖြင့် မေးလိုက်သည်။

"ကွပ် ကွပ်၊ ကွပ် ကွပ်"

'သခင်မလေး၊ ကျွန်မတို့လုပ်တာ နည်းနည်းများလွန်မသွားဘူးလား'

ရှောင်ကျိုးက သူမနေရာလွတ်အိတ်လေးကို ကောက်ကိုင်လိုက်ပြီး ယွိဟွာကိုပြကာ မေးလိုက်၏။

"ဒါကိုလွန်တယ်လို့ ခေါ်လို့ရလား၊ ငါ့အိတ်လေးတောင် မဖောင်းလာသေးဘူး၊ အဲ့ဒါ ငါလုံလုံလောက်လောက်မထည့်ရသေးဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ"

ချွေ့ဟွာ : "ကွပ် ကွပ်၊ ကွပ် ကွပ်"

'အဲ့ဒါက အိတ်မှမဟုတ်တာ၊ ပိုက်ဆံတွေ အကုန်မျိုချတဲ့သားရဲကြီး'

ရှောင်ကျိုးက အိတ်ကိုအမြန်သိမ်းလိုက်သည်။

'ငါ နားမထောင်ဘူး၊ ငါ နားမထောင်ဘူး၊ နင်က လျှောက်ပြောနေတာ'

'ကိုယ့်လက်ထဲရောက်လာတာ ကိုယ့်ဟာပဲလေ'

"ငါ နင့်ကို အိမ်သစ်ဆီပို့ပေးခဲ့ပြီးပြီနော်၊ အေးအေးဆေးဆေးပဲ ပျော်ပျော်ကြီး နေရစ်ခဲ့တော့၊ ငါ သွားတော့မယ်"

ထိုသို့ပြောပြီးနောက် ရှောင်ကျိုးက နောင်တရသည့်အရိပ်အယောင် အနည်းငယ်မျှမရှိ၊ နောက်တောင်လှည့်မကြည့်တော့ဘဲ ပျံထွက်သွားတော့သည်။

သူမ၏သခင်မလေးမှာ သူမကိုလာပို့ခြင်းမဟုတ်ဘဲ ပစ္စည်းများလာရောက်သိမ်းဆည်းခြင်းသာဖြစ်မည်ဟု ယွိဟွာတစ်ယောက် ပြင်းပြင်းထန်ထန် သံသယဝင်သွား၏။

ယွိဟွာက မကျေမချမ်းဖြင့်ကြည့်လိုက်သည်။

သူမက သခင်မလေး ထောင့်တစ်နေရာတွင်ပစ်ထားခဲ့သော သတိလစ်နေသည့် ဆရာတော်ကို တစ်ချက်လှမ်းကြည့်လိုက်၏။

ယွီဟွာ အနည်းငယ် တွေဝေသွားသည်။

'ဒီလူ သေသွားပြီလား'

'ဘာလို့ အခုထိသတိမရသေးတာလဲ'

'သူက သတိလစ်နေရင်းနဲ့ပဲ ငတ်သေသွားတာလား'

ယွိဟွာက ထိုလူနှင့် အနည်းငယ်ဝေးရာသို့ရွှေ့သွားပြီး နွေးနွေးထွေးထွေးနေရာတစ်ခုကိုရှာကာ လှဲအိပ်လိုက်တော့သည်။

နောက်တစ်နေ့တွင် မင်းဆရာကြီးက ထုံးစံအတိုင်း ခြံဝင်းထဲသို့ထွက်လာ၏။

မင်းဆရာကြီးက ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ပြီး တစ်ခုခုမှားနေသကဲ့သို့ ခံစားလိုက်ရသော်ငြား အတိအကျတော့ မသိရပေ။

သူက နောက်လှည့်ကာ အစေခံကိုမေးလိုက်သည်။

"ဒီနေ့အိမ်တော်ကြီးက ထူးထူးခြားခြား ကျယ်နေသလိုမခံစားရဘူးလား"

အစေခံက တစ်ချက်ကြည့်ကာ ခဏတာ စဉ်းစားပြီးနောက်ပြန်ဖြေလိုက်၏။

"အစေခံမလေးက ပရိဘောဂတွေကို နေရာရွှေ့လိုက်လို့ ပိုကျယ်သွားတယ်လို့ ခံစားရတာနေမှာပါ"

မင်းဆရာကြီးက နောက်တစ်ကြိမ်ထပ်ကြည့်လိုက်သော်ငြား တစ်ခုခုမှားနေဆဲဟု ခံစားနေရသည်။

"ကုန်လှောင်ရုံကို သွားစစ်ကြည့်ရအောင်"

မင်းဆရာကြီးက လူတိုင်းကိုဦးဆောင်ကာ ကုန်လှောင်ရုံဆီသို့ သွားလိုက်တော့၏။

မင်းဆရာကြီးက ကုန်လှောင်ရုံကိုဝန်းရံထားသော အစီအရင်ကိုသတိထားကာ ဖယ်ရှားလိုက်ပြီး တံခါးကိုဖွင့်လိုက်သည်။

အထဲတွင် ဗလာကျင်းနေ၏။

"ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

မင်းဆရာကြီးက အခြားကုန်လှောင်ရုံများကို ဆက်ဖွင့်ကြည့်လိုက်သော်ငြား မင်းဆရာကြီး၏စံအိမ်တော်တစ်ခုလုံးမှာ ပြောင်သလင်းခါနေတော့သည်။

မင်းဆရာကြီးမှာ မျက်လုံးများပြာဝေသွားကာ နောက်သို့ခြေလှမ်းအနည်းငယ် ဆုတ်သွားရ၏။

"ဒါ မဖြစ်နိုင်ဘူး၊ ငါ့ရဲ့အစီအရင်ကိုချိုးဖျက်ပြီး မင်းဆရာစံအိမ်တော်ရဲ့ ပစ္စည်းဥစ္စာတွေအကုန်လုံးကို ညတွင်းချင်း ရွှေ့ပြောင်းသွားနိုင်လောက်အောင် ဘယ်သူကများ ဒီလောက်အစွမ်းကြီးနေရတာလဲ"

"အဲ့ဒါ ဘယ်သူလဲ"

မင်းဆရာကြီးက ဒေါသတကြီးအော်ချလိုက်တော့သည်။

ယွိဟွာနှင့် မနီးမဝေးတွင် ကျောင်းထိုဂ်ဆရာတော်က နောက်ဆုံးတွင်တော့ သတိရလာ၏။ သူ သတိမလစ်မီက မြင်ကွင်းများကို ပြန်အမှတ်ရလာပြီး သူ့ကိုယ်ပေါ်မှ ထွက်ပေါ်နေဆဲဖြစ်သော အနံ့ဆိုးများကိုလည်း ရလိုက်သည်။

သူက သူ့ကိုတုပ်နှောင်ထားသည့် ကြိုးများကို ချက်ချင်းဖြေလိုက်၏။

ကျောင်းထိုင်ဆရာတော်မှ ထွက်ပြေးရန် ကြိုးစားနေသည်ကို ယွိဟွာတစ်ယောက် မြင်လိုက်ရသောအခါ

'မဟုတ်သေးဘူးလေ၊ ဒီလူကြီး ကြိုးဖြည်ပြီး ထွက်ပြေးလိမ့်မယ်လို့ သခင်မလေးက မပြောခဲ့ပါဘူး၊ ငါ ဘာလုပ်ရမလဲ'

ယွိဟွာခမျာ အလွန်အမင်းစိုးရိမ်လွန်းသဖြင့် *ကွပ်ကွပ်ကွပ်ကွပ်*နှင့် စတင်အော်ဟစ်တော့၏။

အိပ်ချင်မူးတူးဖြစ်နေသေးသော ကျောင်းထိုင်ဆရာတော်မှာ ထိုအသံကို ကြားလိုက်ရပြီး ကျန်းပေနယ်စားအိမ်တော်တွင် သူရှိနေသေးသည်ဟုထင်သွားသည်။ အော်ဂလီဆန်ဖွယ်ကောင်းသော အိမ်သာကျင်းကို သတိရသွားသောအခါ သူကအလျင်အမြန်အစီအရင်တစ်ခုကို ဖန်တီးကာထွက်ပြေးသွားတော့၏။

ကြက်တွန်သံများကိုကြားလိုက်ရသောအခါ မင်းဆရာကြီး၏စံအိမ်တော်မှ လူတိုင်းက ယွိဟွာရှိရာဆီသို့ ပြေးလာကြသည်။ မင်းဆရာကြီးက ကျောင်းထိုင်ဆရာတော် အစီအရင်ဖန်တီးကာ ထွက်ပြေးသွားသည်ကို အချိန်ကိုက်မြင်လိုက်ရ၏။

ဒေါသထွက်လွန်းသဖြင့် သူက မင်းဆရာကြီးတစ်ဦး၏တည်ငြိမ်မှုကို လုံးဝစွန့်လွှတ်ကာ ဆဲရေးတိုင်းထွာတော့သည်။

"အကျင့်ပျက်နေတဲ့ သောက်ဘုန်းကြီး၊ ငါ သိသားပဲ၊ ငါ့ရဲ့မင်းဆရာစံအိမ်တော်က အစီအရင်တွေနဲ့ အပြည့်လေ၊ သာမန်လူတစ်ယောက်သာ ဝင်လာခဲ့ရင် ပြန်ထွက်သွားလို့မရဘူး၊ ဒီလောက်များတဲ့ငွေတွေကို ညတွင်းချင်းပြောင်းရွှေ့သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါဆို မင်းက ချန်ရှန်းနန်းဆောင်က သစ္စာဖောက်ပေါ့လေ၊ ကောင်းပြီ မင်း ဘယ်ပြေးမလဲ ကြည့်ကြသေးတာပေါ့"

မင်းဆရာကြီးက စက္ကူနှင့် စုတ်တံကို အလျင်အမြန်ရှာကာ သခင်ကြီးထံသို့ သတင်းပို့လိုက်သည်။

ထိုအလုပ်အားလုံးပြီးသွားပြီးနောက် မင်းဆရာကြီးက *ကွပ်ကွပ်ကွပ်ကွပ်* နှင့် အော်နေဆဲဖြစ်သော ယွိဟွာကို ကောက်ချီလိုက်၏။

"မင်းက ငါ့ရဲ့မင်းဆရာစံအိမ်တော်က လာဘ်ကောင်ကြက်ကလေးဖြစ်နေလိမ့်မယ်လို့ ငါ တစ်ခါမှမတွေးဖူးဘူး၊ မင်းသာအသံပေးပြီး ငါ့ကိုသတိမပေးခဲ့ရင် အိမ်တော်ထဲကို ဘယ်သူဝင်လာပြီး ဒီလောက်များတဲ့ ပိုက်ဆံတွေကို ခိုးသွားလဲဆိုတာ ငါသိမှာမဟုတ်ဘူး၊ အခုကစပြီး မင်း မင်းဆရာစံအိမ်တော်မှာပဲနေတော့၊ ငါ မင်းဆရာကြီးက မင်းကို သေသေချာချာစောင့်ရှောက်ပေးပါ့မယ်"

ထိုစကားကိုကြားသောအခါ ယွိဟွာက ချက်ချင်းပင် ငြိမ်ကျသွားတော့သည်။

'ငါက အဲ့ဒီအဘိုးကြီးကို ဘာတွေများ သတိပေးလိုက်မိလို့လဲ'

'ငါက မင်းဆရာစံအိမ်တော်ရဲ့ လာဘ်ကောင် ကြက်ကလေးတဲ့လား'

ကြက်မလေး၏ခေါင်းပေါ်တွင် မေးခွန်းသင်္ကေတများ အပြည့်ဖြစ်နေတော့၏။

သို့သော် ယွိဟွာတစ်ယောက် မည်သို့ပင် တွေးနေစေကာမူ ထိုအဖြစ်အပျက်အပြီးတွင် မင်းဆရာစံအိမ်တော်ရှိ ယွိဟွာ၏အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်သွားခဲ့ပြီး သူမနေရာမှာ မင်းဆရာကြီး၏အောက်တွင်သာရှိတော့သည်။

တစ်ချိန်တည်းတွင် ယွင်ရှန်းလို့မှ အစေခံများက ညတွင်းချင်းစာရင်းရှင်းတမ်းများကိုပြုစုခဲ့ပြီး ယနေ့မနက်စောစောတွင် ဒုတိယမင်းသား၏စံအိမ်တော်သို့ လာရောက်ပို့ဆောင်ခဲ့ကြသည်။

ဒုတိယမင်းသားစံအိမ်တော်တွင် အိမ်တော်ထိန်းက ဒုတိယမင်းသား ထမင်းစားနေသည်ကို တွေ့လိုက်ရ၏။

သူက သတိထားကာပြောလိုက်သည်။

"မင်းသား၊ ယွင်ရှန်းလို့က အစေခံတစ်ယောက် မနေ့ကကျသင့်ငွေစာရင်းကို ယူလာပြီး ငွေရှင်းချင်လို့ပါတဲ့"

ဒုတိယမင်းသားက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်၏။

"ရှင်းပေးလိုက်လေ၊ ဒီလောက် အသေးအဖွဲကိစ္စလေးကို ငါ့ကိုလာမေးနေဖို့ တကယ်လိုလို့လား"

ဒုတိယမင်းသားက အနည်းငယ်စိတ်မရှည်ဖြစ်လာသည်။

အိမ်တော်ထိန်းက ခဏတာတုံ့ဆိုင်းသွားသော်ငြား နောက်ဆုံးတွင်တော့ ပြောလိုက်၏။

"အစေခံယူလာတဲ့ ကျသင့်ငွေစာရင်းက တေး ၁၀၀,၀၀၀ကျော်နေလို့ပါ၊ ဒါပေမဲ့ စံအိမ်တော်မှာ အခုလောလောဆယ် အဲ့ဒီလောက် ငွေသားမရှိပါဘူး"

"ဟမ် ဘယ်လောက်"

ဒုတိယမင်းသား၏အသံမှာ အလွန်အမင်းတုန်လှုပ်သွားသဖြင့် အက်ကွဲသွားတော့သည်။

"တေး ၁၀၀,၀၀၀ကျော်ပါ၊ ယွင်ရှန်းလို့ ဆိုင်တာဝန်ခံက အကြွေတွေကို လျှော့ပေးလိုက်ပြီး ကျွန်တော်တို့ကို တေး ၁၀၀,၀၀၀ပဲ ကောက်ပါမယ်တဲ့"

အိမ်တော်ထိန်းက အလျင်အမြန် သတင်းပို့လိုက်၏။

"တေး ၁၀၀ ၊ ဒါမှမဟုတ် တေး ၁၀,၀၀၀ မဟုတ်ဘဲ တေး ၁၀၀,၀၀၀ဆိုတာ သေချာရဲ့လား"

ဒုတိယမင်းသားခမျာ သူ့နားကိုပင်မယုံနိုင်သေးချေ။

အိမ်တော်ထိန်းက ထပ်ခေါင်းညိတ်ပြလိုက်သည်။

"တကယ် သေချာပါတယ်"

ထိုသို့ပြောပြီးနောက် သူကယွင်ရှန်းလို့မှ ပေးပို့လာသော ကျသင့်ငွေစာရင်းကို ထုတ်ပြလိုက်၏။

ထူထူထဲထဲ ထိုကျသင့်ငွေစာရင်းကို ကြည့်ကာ ဒုတိယမင်းသားခမျာ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုမတတ် ဖြစ်သွားရတော့သည်။

"ဒါက လူ ၃၀၀နီးပါးလောက် စားလို့ရတယ်၊ ငါ့ညီမက ဒီအစားအသောက်တွေ အကုန်လုံးကို စစ်စခန်းဆီများပို့လိုက်တာလား"

"ကျန်းပေနယ်စားအိမ်တော်တစ်ခုလုံးအတွက်လို့ ပြောပါတယ်"

အိမ်တော်ထိန်းက ရှင်းပြလိုက်၏။

"ကျန်းပေနယ်စားအိမ်တော်မှာ လူနည်းနည်းလေးပဲ ရှိတာကို၊ ယွင်ရှန်းလို့က ငါ့ကို ဂျင်းထည့်ဖို့ကြိုးစားနေတာလား"

ဒုတိယမင်းသားက ဤအရာမှာအလွန်ဖြစ်နိုင်ခြေရှိသည်ဟု တွေးလိုက်သည်။

"ချန်လဲ့မင်းသမီးလေးက သူမရဲ့ ဒုတိယအစ်ကိုက သူမမိသားစုတစ်ခုလုံးအပြင် ကျန်းပေနယ်စားအိမ်တော်က အစေခံတွေ ကျွန်တွေအားလုံးကိုပါ ညစာဝယ်ကျွေးတယ်ဆိုပြီး အပြင်မှာ လိုက်ပြောနေတယ်လို့ ကျွန်တော်ကြားခဲ့ပါတယ်"

အိမ်တော်ထိန်းက ချွေးများကိုသုတ်ရင်း ရှင်းပြလိုက်၏။

ဒုတိယမင်းသားမှာ ဒေါသထွက်လွန်းသဖြင့် တူများကိုပင် ပစ်ပေါက်လိုက်တော့သည်။

"မင်းသား၊ ဒီကျသင့်ငွေစာရင်းကို ဘယ်လိုလုပ်ရမလဲ"

အိမ်တော်ထိန်းက ဒေါသမပြေနိုင်သေးသော ဒုတိယမင်းသားကို မေးလိုက်၏။

"တခြား ဘာလုပ်လို့ရဦးမှာလဲ၊ ကုန်လှောင်ရုံကိုသွားပြီး အသုံးမလိုတဲ့ ပစ္စည်းတချို့ကို ပေါင်ပြီးပိုက်ဆံစုလိုက်"

ဒုတိယမင်းသားတစ်ယောက် အမျက်ချောင်းချောင်း ထွက်နေတော့သည်။

သူ့လိုမင်းသားတစ်ပါးက ဤမျှ ဂုဏ်သိက္ခာမဲ့သောအလုပ်မျိုးကို ဘယ်သောအခါမှ လုပ်မည်မဟုတ်ပေ။

‘မနေ့က အဲ့ဒီကနေ အစောကြီးထွက်လာမိတာကို တကယ့်ကို နောင်တရတာပဲ’

တတိယမင်းသားမှာလည်း ထိုသတင်းကိုကြားလိုက်ရသောအခါ မျက်ရည်များပင် ထွက်ကျလာသည်အထိ အားရပါးရ ရယ်ချလိုက်တော့၏။

"ဟားဟားဟားဟား ငါ့ရဲ့ ဒုတိယအစ်ကိုက ကောင်မလေးတစ်ယောက်ရဲ့ အကွက်ထဲ ဝင်သွားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးဘူး၊ သူက သူမကို တေး ၁၀၀,၀၀၀တန် ညစာကိုဝယ်ကျွေးလိုက်ရတယ်တဲ့၊ ဟားဟား ဒါကတကယ့်ကို ဟာသကြီးပဲ"

တတိယမင်းသား၏အကြံပေးက အလျင်အမြန် ဝင်ပြောလိုက်သည်။

"ချန်လဲ့မင်းသမီးလေးရဲ့နောက်ကွယ်ကလူက သိုင်းပညာမှာ ထူးချွန်ရုံသာမက တော်တော်လေးလည်း ကောက်ကျစ်လိမ့်မယ်လို့ ကျွန်တော် စိုးရိမ်မိပါတယ်၊ မနေ့က ယွင်ရှန်းလို့မှာဖြစ်ခဲ့တဲ့ကိစ္စက ချန်လဲ့မင်းသမီးလေးက ဒုတိယမင်းသားရဲ့မိတ်ဖွဲ့ဖို့ ကမ်းလှမ်းမှုကို လက်မခံချင်လို့ ဒီလိုကွက်ကျော်ရိုက်ပြီး ဒုတိယမင်းသားကို အထိနာသွားအောင် လုပ်လိုက်တာဖြစ်နိုင်တယ်"

တတိယမင်းသားက သူ့အပြုံးကို အမြန် ရုတ်သိမ်းလိုက်၏။

"ဒါဆို ချန်လဲ့မင်းသမီးလေးရဲ့နောက်က သိုင်းပညာရှင်က ဒုတိယအစ်ကို့ကို သဘောမကျဘူးလို့ ဆိုလိုတာလား"

အကြံပေးက သူ့မုတ်ဆိတ်မွေးကို ပွတ်သပ်ရင်း ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"မင်းသား၊ အခုက ကျွန်တော်တို့ ချန်လဲ့မင်းသမီးလေးကို သိမ်းသွင်းဖို့ အကောင်းဆုံးအချိန်ပဲ၊ ဒုတိယမင်းသားကို နမူနာယူပြီး ကျွန်တော်တို့ ပိုပြီးသတိထားသင့်ပါတယ်၊ ချန်လဲ့မင်းသမီးလေးက ကျွန်တော်တို့ဘက်မပါလာရင်တောင် ကျွန်တော်တို့ ဘာမှမရှုံးပါဘူး၊ အထင်အမြင်ကောင်းလေး ချန်ထားခဲ့လို့ရတာပဲလေ"

တတိယမင်းသားက သဘောတူကြောင်း ခေါင်းညိတ်လိုက်၏။

"ငါ့ညီမလေးချန်လဲ့က အခု ထျန်းကျီတည်းခိုဆောင်မှာ တည်းနေတယ်လို့ ကြားတယ်၊ ကလေးတွေအတွက် သရေစာမုန့်တွေနဲ့ ကစားစရာတချို့ကို အစေခံတွေကိုယူခိုင်းပြီး ငါ့ညီမလေးကိုသွားကြည့်ရမယ်”

All Chapters