← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

107

ထိုအချိန်တွင် ထျန်းကျီတည်းခိုဆောင်ရှိ ရှောင်ကျိုးနှင့် အခြားကလေးများက ကျင့်ရှင်း၏စကားများမှာ အလွန်အဓိပ္ပာယ်ရှိသည်ဟု ခံစားလိုက်ရသဖြင့် သူတို့အချိန်အကြာကြီး မေ့ထားခဲ့သော သရေစာမုန့်ဆိုင်အကြောင်းကို စတင်ဆွေးနွေးကြတော့သည်။

'ငါသာ မြို့တော်မှာ ဆိုင်ဖွင့်ချင်ရင် အဒေါ်တွေကို အကြံတောင်းလို့ရတာပဲ၊ သူတို့က ငါ့ထက်ပိုပြီး သေသေချာချာ သိမှာ သေချာတယ်'

ရှောင်ကျိုးက ထိုသို့တွေးလိုက်သည်။

ထို့ကြောင့် ကလေးများမှာ သခင်မသုံးဦးကိုရှာရန် အမြန်ပြေးသွားကြ၏။

"အဒေါ်တို့၊ ဆိုင်ဘယ်လိုဖွင့်ရမလဲသိလားဟင်"

ရှောင်ကျိုး မေးလိုက်သည်။

"ဆိုင်ဖွင့်မလို့ ဟုတ်လား၊ ရှောင်ကျိုးလေးက စီးပွားရေးလုပ်ချင်လို့လား"

တတိယသခင်မက မေးလိုက်၏။

"ဟုတ်တယ်၊ ယွင်ရှန်းလို့လိုမျိုး နေ့တိုင်း ပိုက်ဆံတွေရနေချင်တာ"

ရှောင်ကျိုးပြန်ဖြေလိုက်သည်။

"ဒါဆို ဘယ်လိုဆိုင်မျိုး ဖွင့်ချင်တာလဲ"

ပထမသခင်မက စိတ်ဝင်စားသွားဟန်ဖြင့် မေးလိုက်၏။

"သရေစာမုန့်ဆိုင်လေ၊ အရမ်းစားလို့ကောင်းတာ၊ အစ်မရွှီရှောင်ရှောင်က လုပ်တတ်တယ်မလား"

"ဒါက အဆန်းတော့အဆန်းပဲ၊ မြို့တော်မှာတော့ မရနိုင်သေးဘူး"

ဒုတိယသခင်မက ပြောလိုက်သည်။

သခင်မကြီးရှီက သူမမြေးမလေး သရေစာမုန့်ဆိုင်ဖွင့်ချင်သည်ကိုကြားသောအခါ အထိန်းတော်ကို အကူအညီတောင်းကာ လျှောက်လာခဲ့၏။

"ရှောင်ကျိုးလေးက သရေစာမုန့်ဆိုင် ဖွင့်မလို့လား"

သခင်မကြီးက မေးလိုက်သည်။

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။

သခင်မကြီးမှာ ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"ကောင်းပြီလေ၊ စမ်းကြည့်ချင်စိတ်ရှိတာ ကောင်းပါတယ်၊ မြေးလေးကို ကူညီပေးဖို့ အဘွားရဲ့မိသားစုဆီက လူတွေကို စီစဉ်ပေးလို့ရတယ်"

ထို့နောက် သခင်မကြီးကအိမ်တော်ထိန်းကို ခေါ်လိုက်၏။

စာရင်းအင်းကျွမ်းကျင်သူများ၊ ရွှီရှောင်ရှောင်ထံမှ ဟင်းချက်သင်ဖူးသူများနှင့် ဉာဏ်ရည်ထက်မြက်သူများအားလုံးကို ခေါ်လာရန်နှင့် ရှောင်ကျိုးလိုချင်သူကို ရွေးခိုင်းရန် သူမအမိန့်ပေးလိုက်သည်။ အဒေါ်သုံးဦးမှာလည်း အိမ်တွင်အလုပ်မရှိသဖြင့် အားလုံးကူညီပေးနိုင်ကြောင်း သခင်မကြီးကပြောလိုက်၏။

ရှောင်ကျိုးက ကူညီမည့်သူများကို မျက်လုံးလေးများ အရောင်လက်ကာ ကြည့်လိုက်သည်။

ရှောင်ကျိုးက အိမ်တော်ထိန်းကို နေရာကောင်းတစ်ခုတွင် ဆိုင်ခန်းရှာရန် မြို့ထဲသို့ လူတစ်ယောက်လွှတ်ပေးဖို့ ညွှန်ကြားလိုက်ပြီး သူမအစေခံမလေးကို အစ်မရွှီရှောင်ရှောင်ထံမှ သရေစာမုန့်လုပ်နည်းသင်ယူရန် စေလွှတ်လိုက်ကာ ဆိုင်ဘယ်လိုဖွင့်ရမည်ကို စဉ်းစားပေးရန် သူမ၏အဒေါ်သုံးဦးကို တောင်းဆိုလိုက်၏။

ငွေကြေးနှင့် အခြားအမြတ်ဝေစုများကို မည်သို့ခွဲဝေမည်ဆိုသည့်ကိစ္စနှင့် ပတ်သက်၍မူ ရှောင်ကျိုးက ဖက်တီးလေးထံသို့ လွှဲပြောင်းပေးလိုက်သည်။ မည်သို့ပင်ဆိုစေ သူက ငယ်စဉ်ကတည်းက သူ့ဖခင်စီးပွားရေးလုပ်သည်ကို ကြည့်ရှုလာခဲ့သူပင်။ ဖက်တီးလေးက ဤအရာနှင့် ရင်းနှီးကျွမ်းဝင်ကြောင်းပြောပြီး နားမလည်သည့်အရာတစ်ခုခုနှင့်ကြုံလာပါက သူ့ဖခင်ကို မေးရန် အိမ်သို့အမြန်စာရေးနိုင်ကြောင်း ပြောလိုက်၏။

ထိုလူများကို နေရာချထားမည့်တာဝန်ကိုတော့ ရှန်ကျစ်ယွမ်ထံသို့လွှဲအပ်လိုက်သည်။ မည်သို့ပင်ဆိုစေ သူမက အရာရှိမိသားစု၏သမီးတစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူထံမှ အိမ်ထောင်စုတစ်စုကို မည်သို့စီမံခန့်ခွဲရမည်ကို သင်ခဲ့ဖူးသဖြင့် ယင်းနှင့်ပတ်သက်၍ အနည်းငယ်တော့ သိသင့်သည်။ သူမ မသိလျှင်တောင်မှ ရှန်ကျစ်ယွမ်ကလိုက်မေးမြန်းနိုင်သည်။

နောက်ဆုံးတွင်တော့ ရှောင်ကျိုးလေးက အပြီးသတ်ဆုံးဖြတ်ချက်ချလိုက်၏။

"လောလောဆယ်တော့ ဒီလောက်ပဲ ထားလိုက်ကြစို့"

ရှယ်ယာရှင်ကြီးနှင့် သူဌေးနေရာအတွက်မူ ရှောင်ကျိုးက မနေ့ကမင်းဆရာကြီး၏စံအိမ်တော်မှ သူမလုလာခဲ့သောတိုက်ပွဲဝင်ပစ္စည်းများကို စီစစ်ရန် အေးအေးလူလူပင်ပြန်သွားတော့သည်။

သူမက တိုက်ခိုက်ရေးမှလွဲ၍ ဘာမှမသိသူတစ်ဦးဖြစ်ရာ ဘာလို့များပြဿနာသွားရှာနေရမည်နည်း။

သူမဝမ်းကွဲအစ်ကိုပြောခဲ့သည့် စကားကို သူမမှတ်မိနေ၏။

'မင်းသာအဖွဲ့တစ်ဖွဲ့ကို မဦးဆောင်နိုင်ခဲ့ရင် သေတဲ့အထိ အလုပ်လုပ်ရလိမ့်မယ်'

သူမက သေသည်အထိ အလုပ်မလုပ်ချင်သောကြောင့် သူမအဖွဲ့ကိုကြိုးကြိုးစားစားနှင့် အပတ်တကုတ် လုပ်ကိုင်စေချင်ပြီး သူမကတော့ သူတို့၏တိုးတက်မှုကို ရံဖန်ရံခါစစ်ဆေးရုံသာ လုပ်ချင်၏။

ရှောင်ကျိုးက လက်နောက်ပစ်ကာ သူမအခန်းထဲသို့ ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်ဝင်သွားတော့သည်။

လမ်းတွင် ရှောင်ကျိုးက ရှီထုံနှင့် ကျန်းဟယ်တို့ ပုရစ်တိုက်တမ်းကစားနေကြသည်ကို မြင်လိုက်ရသဖြင့် ဆောင့်ကြောင့်ထိုင်ကာ သူတို့နှင့်အတူ ဝင်ကစားလိုက်၏။

ခဏအကြာတွင် တတိယမင်းသားမှ ရှောင်ကျိုးလေးကိုရှာနေကြောင်း အိမ်တော်ထိန်းက လာရောက်သတင်းပို့သည်။

'တတိယမင်းသားဟုတ်လား'

'အဲ့ဒါက သူမရဲ့အစ်ကိုအရင်းဖြစ်တဲ့ ဒုတိယမင်းသားနဲ့ အတူတူပဲပေါ့'

ယခုအခါ ရှောင်ကျိုးလေးက သူမအစ်ကိုဖြစ်သူအပေါ် အလွန်အထင်ကြီးလေးစားနေပြီဖြစ်၏။ မည်သို့ပင်ဆိုစေ သူမကို ဒုတိယအစ်ကိုဟုခေါ်သော ထိုလူက မနေ့က သူမမိသားစုတစ်ခုလုံးကို ညစာဝယ်ကျွေးခဲ့သည်။

ရှောင်ကျိုးက ဧည့်သည်များကို ခေါ်လာရန် အိမ်တော်ထိန်းကို ခိုင်းလိုက်၏။

တတိယမင်းသားနှင့် သူ့အစေခံတို့ ဝင်လာသောအခါ မြေပြင်ပေါ်တွင် ပုရစ်များနှင့် ကစားနေသော ကလေးတစ်သိုက်ကို တွေ့လိုက်ရသည်။

တတိယမင်းသားက ရှေ့သို့လှမ်းလာပြီး ရှောင်ကျိုးကို နှုတ်ဆက်ရန် သဘာဝကျကျပင်ဆောင့်ကြောင့်ထိုင်လိုက်၏။

"မင်္ဂလာပါ ညီမလေးချန်လဲ့၊ ငါက ညီမလေးရဲ့ တတိယအစ်ကိုပါ"

ရှောင်ကျိုးကလည်း ယဉ်ယဉ်ကျေးကျေးပြန်ဖြေလိုက်သည်။

"မင်္ဂလာပါ တတိယအစ်ကို၊ တတိယအစ်ကိုကလည်း ညီမတို့မိသားစုတစ်ခုလုံးကို ညစာလာဝယ်ကျွေးတာလားဟင်"

တတိယမင်းသား : ....

တတိယမင်းသား မကြားဟန်ဆောင်လိုက်သည်။

သူယူလာသော သရေစာမုန့်များနှင့် ကစားစရာများအားလုံးကို ယူလာရန် အစေခံကို လက်ယပ်ခေါ်လိုက်၏။

"တတိယအစ်ကိုက ညီမလေးအတွက် လက်ဆောင်တွေ ယူလာတယ်၊ ညီမလေး ကြိုက်မကြိုက် ကြည့်ကြည့်ပါဦး"

ထိုသို့ပြောပြီးနောက် ကစားစရာများနှင့် သရေစာမုန့်များအပြည့်ထည့်ထားသော သေတ္တာအချို့ကို ရှောင်ကျိုးထံသို့ ယူဆောင်လာခဲ့သည်။

ရှီထုံနှင့် ကျန်းဟယ်တို့မှာ သူတို့ကိုင်ထားသော ပုရစ်များကိုအမြန်လွှင့်ပစ်လိုက်ကြပြီး ယူလာသောသေတ္တာများထဲသို့ ဝင်ရောက်မွှေနှောက်ကြတော့၏။

ရှောင်ကျိုးလေးက ဤသရေစာမုန့်များကို အလွန်အမင်းစိတ်ဝင်စားသွားသည်။

သူမက သေတ္တာထဲမှသရေစာမုန့် အများအပြားကို အမြန်ဆွဲထုတ်ကာ အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။

ကလေးများ မည်မျှသဘောကျနေသည်ကိုမြင်သောအခါ တတိယမင်းသားက သူ့ခရီးစဉ်မှာ လာရကျိုးနပ်သည်ဟု ခံစားလိုက်ရသည်။ ကလေးဆိုလျှင် ကလေးများ သဘောကျသည့်နည်းဖြင့်သာ ဆက်ဆံရမည်ဟု ထင်ရသည်။

'ငါ့ရဲ့ဒုတိယအစ်ကိုလို ငတုံးကတော့ ပိုက်ဆံတွေ အများကြီးဖြုန်းပြီး ဘာမှ ပြန်မရခဲ့ဘူး'

တတိယမင်းသားက ရှောင်ကျိုးကိုမေးလိုက်၏။

"ညီမလေးချန်လဲ့က ဒီပစ္စည်းတွေကို သဘောကျရဲ့လား၊ သဘောကျတယ်ဆိုရင် တတိယအစ်ကိုက နောက်တစ်ခါ ထပ်ပို့ပေးမယ်လေ"

သရေစာမုန့်ကိုစားနေသော ရှောင်ကျိုးလေးက မော့မကြည့်ဘဲပြောလိုက်သည်။

"သဘောကျတယ်၊ ကျေးဇူးတင်ပါတယ်၊ တတိယအစ်ကိုက တအားသဘောကောင်းတာပဲ"

တတိယမင်းသားက နောက်ထပ် တစ်ခုခုပြောချင်နေသေး၏။

ပြတင်းပေါက်မှနေ၍ အောက်ထပ်ခြံဝင်းထဲတွင် တရားထိုင်နေသောလူငယ်တာအိုဆရာတစ်ပါးကို သူမြင်လိုက်ရသည်။

သူက ခပ်လှမ်းလှမ်းနေတတ်သည့် ဆရာသခင်ကြီးတစ်ဦးနှင့် အလွန်တူနေ၏။

'ဒီလူက ချန်လဲ့မင်းသမီးလေးရဲ့ နောက်ကွယ်က ကြိုးကိုင်သူများလား'

တတိယမင်းသားက သူ့အစေခံကို အမြန်ထားခဲ့ကာ ခြံဝင်းထဲရှိ တာအိုဆရာလေးဆီသို့ ဆင်းသွားတော့သည်။

အပေါ်ထပ်တွင်တော့ ရှီထုံနှင့် ကျန်းဟယ်တို့မှာကျောက်စရစ်ခဲလုံးလုံးလေး တစ်လုံးအတွက် ငြင်းခုံနေကြ၏။ ထိုကျောက်စရစ်ခဲမှာ တစ်လုံးတည်းသာ ရှိပြီး နှစ်ယောက်လုံးက လိုချင်နေကြကာ မည်သူကမျှအလျှော့မပေးလိုကြပေ။

ရှောင်ကျိုးက ခဏတာစဉ်းစားပြီးနောက် သူမလက်တစ်ဖက်ထဲတွင် ငွေတစ်တုံးကိုကိုင်ကာ ပြောလိုက်သည်။

"ဘယ်လက်ထဲမှာ ငွေရှိလဲဆိုတာကို ခန့်မှန်းနိုင်တဲ့သူက ဒီကျောက်စရစ်ခဲကို ရမယ်"

ရှီထုံနှင့် ကျန်းဟယ်တို့က အမြန်စတင်ခန့်မှန်းကြပြီး နောက်ဆုံးတွင်တော့ ရှီထုံ ရှုံးသွား၏။

ကျောက်စရစ်ခဲမှာ ကျန်းဟယ်ပိုင်ဖြစ်တော့မည်ကို မြင်သောအခါ ရှီထုံတစ်ယောက် ရမ်းကားလာတော့သည်။

"ငါ အရင်မြင်တာ၊ အဲ့ဒါကြောင့် ငါ့ဟာ"

ကျန်းဟယ်က ကျောက်စရစ်ခဲကိုလုရန် အပြေးအလွှားသွားကာ အဖန်ဖန်ပြောလိုက်၏။

"မှန်အောင် မှန်းနိုင်တဲ့သူက ရမယ်လို့ ရွာသူကြီးလေးက ပြောတယ်လေ၊ အဲ့ဒါကြောင့် အဲ့ဒါ ငါ့ဟာ၊ ငါ့ကိုပြန်ပေးစမ်း"

ငြင်းခုံ၍မနိုင်တော့သည်ကို မြင်သောအခါ ရှီထုံက ဒေါသတကြီးဖြင့် သူ့အင်အားအကုန်သုံးကာ ကျောက်စရစ်ခဲကို မလိုက်ပြီး အောက်ထပ်သို့ပစ်ချလိုက်တော့သည်။

"ဒါဆို ဘယ်သူမှမကစားနဲ့တော့"

ယင်းကိုမြင်သောအခါ ကျန်းဟယ်တစ်ယောက် ငိုချလိုက်တော့၏။

ရှီထုံမှာလည်း ကျန်းဟယ်ငိုနေသည်ကို မြင်သောအခါ မနေနိုင်ဘဲငိုချလိုက်တော့သည်။

ယင်းက အခြားအခန်းများမှ လူတိုင်းကို ချက်ချင်းဆွဲဆောင်သွား၏။

ရှောင်ကျိုးတစ်ယောက် အမျက်ချောင်းချောင်းထွက်သွားတော့သည်။ ထိုနှစ်ယောက်မှာ လုံးဝအကြောင်းပြချက်မရှိဘဲ ပြုမူနေကြခြင်းဖြစ်ပြီး အထူးသဖြင့် ရှီထုံပင်။

ဒေါသထွက်နေသော ရှောင်ကျိုးက သူတို့နှစ်ယောက်လုံးကို တံခါးဝသို့ဆွဲခေါ်သွားပြီး မြင်းထိုင် ထိုင်ခိုင်းထားလိုက်သည်။

ရှောင်ကျိုးက အောက်ထပ်သို့ ဒေါသတကြီးဆင်းသွားပြီး ကျောက်ဟူနှင့် အခြားသူများကလည်း ဒေါသထွက်နေသော ရွာသူကြီးလေးနောက်သို့ အမြန် လိုက်သွားကြ၏။

ရှောင်ကျိုး ခြံဝင်းထဲသို့ရောက်လာပြီး မြေကြီးပေါ်တွင်လဲနေသော တတိယမင်းသားကိုကြည့်ကာ အနည်းငယ် ထူးဆန်းနေသလို ခံစားလိုက်ရသည်။

သူက သူမကို သရေစာမုန့်များနှင့် ကစားစရာများပေးခဲ့သဖြင့် သူမစိတ်မကောင်းဖြစ်သွားရ၏။

ရှောင်ကျိုးလေးက အမြန် ဆောင့်ကြောင့်ထိုင်လိုက်ပြီး တတိယမင်းသားကို လက်ညှိုးဖြင့်ထိုးကာ သတိပေးလိုက်သည်။

"တတိယအစ်ကို၊ ဒီမှာအိပ်ခွင့်မရှိဘူးနော်"

သူ ဘာတုံ့ပြန်မှုမှမရှိသေးသည်ကို မြင်သောအခါ သူမက သူ့ကိုထပ်တွန်းလိုက်၏။

"တတိယအစ်ကို ထတော့၊ ဒီမှာ အိပ်ရင် အေးလိမ့်မယ်"

သူ့နောက်မှလိုက်ဆင်းလာသော တတိယမင်းသား၏အစေခံမှာ တတိယမင်းသား မြေကြီးပေါ်တွင်လဲနေသည်အားမြင်သောအခါ အလွန်တရာထိတ်လန့်သွားတော့သည်။

"မင်းသား မင်းသား၊ ဘာဖြစ်လို့လဲ"

ရှောင်ကျိုးလေးက အမြန်ပြန်ဖြေလိုက်၏။

"သူ အိပ်နေတာ"

အစေခံခမျာ ဆွံ့အသွားရတော့သည်။ ထို့နောက် မင်းသားခေါင်းပေါ်မှ အဖုအကြီးကြီးကို သူမြင်လိုက်ရ၏။

"မင်းက တတိယမင်းသားကို သတိလစ်သွားအောင် ရိုက်ရဲတယ်ပေါ့လေ၊ မင်း..."

ရှောင်ကျိုးက ကန့်ကွက်သည့်အနေဖြင့် သူမလက်သီးကို ဆုပ်လိုက်သည်။

"နင်က ငါ့အပေါ်အပြစ်ပုံချနေတာလား"

အစေခံက ချန်လဲ့မင်းသမီး၏လက်သီးလေးကို မြင်လိုက်ရ၏။

တံတွေးကို ခဲခဲယဉ်းယဉ်းမျိုချလိုက်ပြီး မြို့တော်တွင်ပျံ့နေသော ချန်လဲ့မင်းသမီးလေးမှာ ရက်စက်ကြမ်းကြုတ်ပြီး သနားညှာတာမှုကင်းမဲ့သည်ဆိုသည့် ကောလာဟလများကို သူပြန်အမှတ်ရသွားကာ ထစ်အထစ်အဖြင့် ပြောလိုက်သည်။

"မင်းသမီး... မင်းသမီးက ကျွန်တော့်ကို နှုတ်ပိတ်ချင်လို့လား"

ရှောင်ကျိုးက သူမလက်သီးလေးကို မြှောက်လိုက်၏။

"ငါ နင့်ကိုမသတ်ပါဘူး၊ ဒါပေမဲ့ နင့်ကို အရိုက်ခံရအောင်တော့ လုပ်ပစ်မယ်၊ ငါ့ကို မတရားစွပ်စွဲတာဆိုမုန်းတယ်"

ယင်းကိုကြားသောအခါ အစေခံအချို့က သူတို့မင်းသားကို အမြန်မ,ချီကာ ထျန်းကျီတည်းခိုဆောင်မှ ထွက်ပြေးသွားသကဲ့သို့ အပြေးအလွှားထွက်သွားကြတော့သည်။

ရှောင်ကျိုးက ဒေါသတကြီးဖြင့် သူမလက်သီးကို ချလိုက်၏။

"ဟမ့် ကောင်းတာလုပ်ပြန်တော့လည်း အကောင်းမထင်ကြဘူး"

ထိုအဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရသော ကျင့်ရှင်းတစ်ယောက် အပေါ်ထပ်မှ ကျောက်ခဲပစ်ချကာ တတိယမင်းသား၏ခေါင်းကို ထိပြီး သတိလစ်သွားအောင် မည်သူလုပ်ခဲ့သည်ကို သူမသိသော်ငြား တိတ်တဆိတ်ပင် နှုတ်ဆိတ်နေလိုက်တော့သည်။

သို့သော် ယခုအချိန်တွင် သူ ပြောလိုက်ပါက ရှောင်ကျိုးကဒေါသထွက်ပြီး သူအား ထရိုက်မည်ကိုပင် စိုးရိမ်နေမိ၏။

သူစိတ်ကိုငြိမ်အောင်ထားရန် ဆုံးဖြတ်လိုက်ပြီး တရားထိုင်ရန် အခြားနေရာတစ်ခုသို့ ခပ်သုတ်သုတ်ပြောင်းသွားတော့သည်။

All Chapters