အခန်း ၁၀၈
Vol. 11 Ch. 108
108
တည်းခိုဆောင်အတွင်း၌ ချင်းရွှီက နောက်ဆုံးတွင်တော့ သတင်းကောင်းတစ်ခုယူလာခဲ့သည်။ ဆရာကြီးယန် သတိရလာလေပြီပင်။
ထိုသတင်းကိုကြားသောအခါ ကလေးများမှာ ဆရာကြီးယန်၏အခန်းဆီသို့ စိတ်လှုပ်ရှားစွာဖြင့် အုံခဲသွားကြတော့၏။
ရှီထုံနှင့် ကျန်းဟယ်တို့ကလည်း သူတို့မြင်းထိုင်ထိုင်နေသည်ကို ရပ်လိုက်ပြီး လူအုပ်နောက်သို့ ပျော်ပျော်ရွှင်ရွှင် လိုက်သွားကြသည်။
ဆရာကြီးယန် မျက်လုံးများဖွင့်လိုက်သောအခါတွင် ခေါင်းလုံးလုံးလေး ခုနစ်လုံး၊ ရှစ်လုံးခန့်က သူ့အားဝိုင်းထားသည်ကို မြင်လိုက်ရ၏။
ထိုအထဲတွင် သွားပင်မစုံသေးသော ကလေးငယ်နှစ်ဦးလည်းပါပြီး သူတို့က ခုတင်ပေါ်သို့တက်ရန် အသေအလဲ ကြိုးစားနေကြကာ ရှောင်ကျိုးက သူတို့ကို အောက်သို့တွန်းချနေသည်။
ထိုအရာများပြီးနောက် ချက်ချင်းဆိုသလိုပင် စိုးရိမ်တကြီးမေးနေသော အသံပေါင်းစုံက သူ့နားထဲသို့ ဝင်ရောက်လာတော့၏။
"ဆရာကြီးယန်၊ သတိရလာပြီလား"
"ဆရာကြီးယန်၊ နာနေသေးလားဟင်"
"ဆရာကြီးယန်၊ ဆရာကြီးကို ဘယ်သူ အနိုင်ကျင့်တာလဲ၊ သားတို့သွားပြီး လက်စားချေပေးမယ်"
"ဆရာကြီးယန်၊ ဆရာကြီးယန်ကို ရိုက်တာ အဲ့ဒီဘုန်းကြီးတွေလား၊ ကျွန်တော်တို့ ခဏနေထောင်ထဲသွားပြီး သူတို့ကို ဖမ်းလာခဲ့မယ်၊ ပြီးရင် ဆရာကြီးယန် ပြန်ရိုက်ပေါ့"
"ဆရာကြီးယန်..."
"ဆရာကြီးယန်..."
ကလေးတစ်သိုက်ကိုကြည့်ကာ ဆရာကြီးယန်၏မျက်လုံးများက အကြောင်းပြချက်မရှိဘဲ နီရဲလာတော့သည်။ ထိုအခိုက်အတန့်တွင် သူ့နှလုံးသားမှာ နက်နက်ရှိုင်းရှိုင်းထိရှသွား၏။
ကလေးများ၏အပြစ်ကင်းစင်သော စကားလုံးများမှာ ဆရာကြီးယန်၏နှလုံးသားထဲရှိ အအေးဓာတ်ကို ပျောက်ကွယ်သွားစေနိုင်သည့် တားဆီးမရသော အင်အားတစ်ခုကဲ့သို့ပင်။
ဆရာကြီးယန်၏အဖြေကိုပင်မစောင့်တော့ဘဲ ကလေးများက သူတို့ဘာသာ လက်စားချေမည့်အစီအစဉ်ကို စဆွဲနေကြပြီဖြစ်သည်။
ဆရာကြီးယန်ခမျာ အနည်းငယ် အံ့အားသင့်သွား၏။ သူ ထောင်ယွမ်ရွာမှ ထွက်လာစဉ်က ဤကလေးများမှာ တောဝက်များနှင့် ယုန်များကိုသာဖမ်းရန် တောင်ပေါ်သို့တက်ရဲခဲ့သည်ကို သူ မှတ်မိနေသည်။ သူတို့လုပ်ခဲ့သည့် အဆိုးဆုံးအရာမှာ သူတို့ကိုတိုက်ခိုက်ခဲ့သည့် ဓားပြများထံမှပြန်လုယက်ခဲ့ခြင်းသာဖြစ်ပြီး ထိုစဉ်ကပင် သူတို့က ဓားပြများကို ထောင်ယွမ်ရွာသို့ပြန်ခေါ်ကာ အလုပ်ကြမ်းများသာ ခိုင်းခဲ့ကြသည်။
သူ သူတို့နှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ သိပ်မကြာသေးချေ။ သို့သော် ယခုအခါ ဤကလေးများ၏ပါးစပ်မှ ထွက်လာသောစကားများမှာ သတ်ဖြတ်ခြင်းနှင့် ခုတ်ထစ်ခြင်းအကြောင်းများသာ ဖြစ်နေတော့၏။
သခင်ကြီးရွှီက သင့်လျော်တဲ့ဆရာတစ်ယောက် မဟုတ်ဘူးလား။
သူက ကလေးတွေကို ဘာတွေများ သင်ပေးနေတာလဲ။
အမြဲတမ်းဓားသွားပေါ် လမ်းလျှောက်ခဲ့သော အမျိုးသားတစ်ဦးအနေဖြင့် ဤကလေးများရှေ့တွင် သူကဥပဒေကို လေးစားလိုက်နာသော နိုင်ငံသားတစ်ဦးဖြစ်နေသည်ဟု ရုတ်တရက်ခံစားလိုက်ရသည်။
ဆရာကြီးယန်က သခင်ကြီးရွှီကို အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။
မူလက စိုးရိမ်တကြီးဖြင့် စကားအနည်းငယ်ပြောရန် ရည်ရွယ်ထားသော သခင်ကြီးရွှီမှာ ဆရာကြီးယန်၏ အကြည့်ကိုမြင်သောအခါ ချက်ချင်းပင် ဒေါသထွက်သွားတော့သည်။
"ဘာလဲ၊ အဲ့ဒါက ဘယ်လိုအကြည့်မျိုးလဲ၊ ငါက မင်းကိုအဲ့လိုရိုက်ခဲ့လို့လား"
ဆရာကြီးယန်အကြည့်များက ကလေးများထံသို့ ပြန်ရောက်သွား၏။
သူက သခင်ကြီးရွှီကို အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်သည်။
"သူတို့က ကလေးတွေပဲရှိသေးတာလေ၊ ခင်ဗျားက သူတို့ရဲ့ဆရာဖြစ်ပြီးတော့ သူတို့ကိုစာအုပ်တွေထဲက ဗဟုသုတတွေသင်ပေးမဲ့အစား တိုက်ခိုက်တာတွေ၊ သတ်ဖြတ်တာတွေ သင်ပေးနေတာလား"
သခင်ကြီးရွှီက ဘုန်းကြီးများကို ဆီပူအိုးထဲထည့်ကြော်မည်လား၊ ရိုက်သတ်မည်လား ငြင်းခုံနေကြဆဲဖြစ်သော ကလေးများကို တစ်ချက်ကြည့်ကာ ဆွံ့အသွားရတော့၏။
"ငါက သူတို့ကို ဒါတွေအကုန်လုံး သင်ပေးနိုင်တယ်လို့ မင်းထင်နေတာလား၊ ငါကလည်း မင်းကိုအဲ့ဒီမေးခွန်း ပြန်မေးချင်တယ်၊ မင်း ထောင်ယွမ်ရွာက အဲ့ဒီကလေးတွေကို သိုင်းပညာ သင်ပေးတုန်းကရော ဒီလိုကလေးတစ်အုပ်ကို မွေးထုတ်ပေးခဲ့တာလား"
သခင်ကြီးရွှီက ကလေးများ၏ သူရဲကောင်းဆန်ဆန်လုပ်ရပ်များကို ပြန်အမှတ်ရသွားပြီး ရယ်မောကာ ဆက်ပြောလိုက်သည်။
"ပြီးတော့ နောက်တစ်ချက်၊ ဒီကလေးတွေက ချန်ရှန်းနန်းဆောင်အနောက်မှာရှိတဲ့ ဟုန်ဖူဘုန်းကြီးကျောင်းကို ရှင်းပစ်ခဲ့တယ်ဆိုတာကိုရော မင်းသိလား၊ အံ့သြစရာမကောင်းဘူးလား"
ဆရာကြီးယန်မှာ တကယ်ကိုတုန်လှုပ်သွားတော့၏။
"သူတို့အားလုံးကို တစ်ချက်တည်းနဲ့ ဖြုတ်ချပစ်လိုက်တယ်ပေါ့၊ အကုန်လုံးကိုလား"
သခင်ကြီးရွှီက ကောင်မလေးကို လက်ညှိုးထိုးပြလိုက်သည်။
"ကြည့် ဒီကောင်မလေးလေ"
ဆရာကြီးယန်နှင့် သခင်ကြီးရွှီတို့က သူမအားလက်ညှိုးထိုးနေသည်ကို မြင်သောအခါ ရှောင်ကျိုးက လိမ္မာရေးခြားရှိစွာပြုံးပြလိုက်၏။
"ကျွန်မက သူတို့ကို ဖွဖွလေးပဲပုတ်လိုက်တာပါနော်၊ ကျွန်မထိလိုက်တာနဲ့ သူတို့လဲကျသွားမယ်လို့ ဘယ်သူထင်မှာလဲ"
သခင်ကြီးရွှီက ဆရာကြီးယန်ကိုကြည့်ကာ လက်ဖြန့်ပြရင်း ပြောလိုက်သည်။
"ဒီမှာ နားထောင်ကြည့်၊ သူမက အဲ့ဒီဘုန်းကြီးတွေ ခေါင်းမမာလို့ဆိုပြီးတောင် အပြစ်တင်နေသေးတယ်"
ဆရာကြီးယန်က တံတွေးကိုခဲခဲယဉ်းယဉ်း မျိုချလိုက်၏။
"ရှောင်ကျိုး ဆရာ့ကို အမှန်အတိုင်းပြော၊ သမီးဆရာက ဘယ်သူလဲ"
ရှောင်ကျိုးက ဆရာကြီးယန်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဆရာလေ၊ ဆရာ ကျွန်မကိုသင်ပေးခဲ့တာတွေမေ့သွားပြီလား"
သခင်ကြီးရွှီက အမြန်ဝင်ပြောလိုက်၏။
"သူ့အစွမ်းအစကို သူအသိဆုံးပါ၊ သူသာ မင်းလောက်စွမ်းရင် အခုလို အရိုက်ခံရမှာမဟုတ်ဘူး"
ဆရာကြီးယန်၏ဒဏ်ရာများကို မြင်သောအခါ သခင်ကြီးရွှီက မေးလိုက်သည်။
"မင်း ဒီဒဏ်ရာတွေကို ဘယ်ကရလာတာလဲ၊ ချန်ရှန်းနန်းဆောင်က တပည့်တစ်ယောက်က ဟုန်ဖူဘုန်းကြီးကျောင်းက ဘုန်းကြီးတွေဖမ်းတာကို ဘယ်လိုလုပ်ခံရတာလဲ၊ မင်း သစ္စာဖောက်လိုက်တာလား"
ဆရာကြီးယန်က တစ်ခွန်းမျှမတုံ့ပြန်ချေ။
"မဖြစ်နိုင်တာ၊ မင်း တကယ်ကြီး သစ္စာဖောက်လိုက်တာလား"
သခင်ကြီးရွှီက အနီးသို့တိုးသွားရင်း အံ့သြတကြီးမေးလိုက်၏။
"ဆရာကြီးယန်၊ ဆရာကြီးယန်က ချန်ရှန်းနန်းဆောင်က တပည့်လားဟင်"
ကလေးအချို့က စူးစမ်းချင်စိတ်ဖြင့် အနီးသို့ချဉ်းကပ်ကာ မေးလိုက်ကြသည်။
"ဆရာကြီးယန်၊ ကျွန်တော်တို့ကို ချန်ရှန်းနန်းဆောင်ဆီ ခေါ်သွားပေးလို့ရမလား"
"မရဘူး"
ဆရာကြီးယန်က ကလေးများ ချန်ရှန်းနန်းဆောင်သို့သွားမည့်အရေးကို အလျင်အမြန် တားလိုက်၏။
"ဘာလို့လဲ"
ကလေးများက နားမလည်စွာဖြင့်မေးလိုက်ကြသည်။
ဆရာကြီးယန်က ကလေးတစ်သိုက်ကို ကြည့်ကာ ပြောလိုက်၏။
"ချန်ရှန်းနန်းဆောင်မှာ ရန်သူတွေ အများကြီးရှိတယ်"
"ကျွန်မကတော့ မကြောက်ပေါင်"
ရှောင်ကျိုးက ပြန်ဖြေလိုက်သည်။
"ငါက ချန်ရှန်းနန်းဆောင်ရဲ့တပည့် မဟုတ်တော့ဘူး၊ ပြီးတော့ ချန်ရှန်းနန်းဆောင်ကလူတွေက အခု ငါ့ကိုလိုက်ရှာနေလောက်ပြီ"
ဆရာကြီးယန် ရှင်းပြလိုက်၏။
"မဖြစ်နိုင်တာ၊ မင်း အတည်ပြောနေတာလား၊ မင်း တကယ်ကြီးသစ္စာဖောက်လိုက်တာလား"
သခင်ကြီးရွှီမှာ ယခုအခါအတော်လေး စိတ်ဝင်စားသွားပြီဖြစ်သည်။
ဆရာကြီးယန်က ခေါင်းညိတ်ပြလိုက်၏။
သခင်ကြီးရွှီက ထိုလူကို ချက်ချင်းပင် ပို၍သဘောကျသွားတော့သည်။
ကလေးများဘက်သို့လှည့်ကာ သူပြောလိုက်၏။
"သူက သစ္စာဖောက်လိုက်ပြီ၊ နန်းဆောင်တစ်ခုလုံးက သူ့ကိုလိုက်ရှာနေကြတာ၊ မင်းတို့သာ သူနဲ့အတူသွားရင် အသေခံသလိုဖြစ်သွားလိမ့်မယ်၊ ဒါမှမဟုတ် မင်းတို့သာသွားရင် ချန်ရှန်းနန်းဆောင်က ချန်ရှန်းနန်းဆောင်အဖြစ် ဆက်ရှိနေပါ့မလားဆိုတာ ဘယ်သူသိမှာလဲ"
ဆရာကြီးယန်၏ဒဏ်ရာများကိုကြည့်ကာ သခင်ကြီးရွှီက မည်သို့ဖြစ်ပျက်ခဲ့သည်ကို အကြမ်းဖျင်းခန့်မှန်းနိုင်လိုက်သည်။
သူက ဆက်ပြောလိုက်၏။
"မင်းရဲ့ဒဏ်ရာက ဟုန်ဖူဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီး လုပ်ထားတာမလား၊ ချန်ရှန်းနန်းဆောင်က မင်းကိုလိုက်ဖမ်းနေတာကို သူမြင်တော့ မင်းကိုမအပ်ခင် သူက အရင် ညှဉ်းပန်းနှိပ်စက်တာပေါ့လေ၊ ပြောစမ်းပါဦး၊ မင်းက သူ့အပေါ် ဘာရန်ငြိုးတွေရှိလို့လဲ၊ မင်းက ဘာလို့ အဲ့ဒီလောက်တောင် လူမုန်းများနေရတာလဲ"
ဆရာကြီးယန်က ခေါင်းလွှဲသွားပြီး သူနှင့် ဆက်မပြောချင်တော့ပေ။ သခင်ကြီးရွှီက လူများကိုလှောင်ပြောင်ရန် အခွင့်အရေးရတိုင်း အမြဲတမ်း အသုံးချတတ်ကြောင်း သူ သဘောပေါက်လိုက်၏။
ဆရာကြီးယန်က စကားလမ်းကြောင်းလွှဲကာ မေးလိုက်သည်။
"မင်းတို့မြို့တော်ကို ဘာကိစ္စနဲ့လာကြတာလဲ"
"အဘွားကို လာရှာတာ"
ရှောင်ကျိုးက ဝင်ပြောလိုက်၏။
"အဘွားကို တွေ့ပြီလား"
ဆရာကြီးယန်က ရှောင်ကျိုးအတွက် တကယ်ကို ဝမ်းသာသွားသည်။ ဆွေမျိုးတစ်ယောက်ကို ရှာတွေ့ခြင်းမှာ ကောင်းသောအရာပင်။
ရှောင်ကျိုးက ခေါင်းညိတ်ပြလိုက်၏။
သခင်ကြီးရွှီက ထိုလူဘာမှမသိသေးကြောင်းသတိထားမိသဖြင့် ရှောင်ကျိုး၏သရုပ်မှန်ကို အသေးစိတ်ရှင်းပြလိုက်သည်။
ဆရာကြီးယန်ခမျာ သူ ထွက်သွားသည်မှာ လအနည်းငယ်သာရှိသေးသော်ငြား နှစ်ပေါင်းများစွာကြာသွားသကဲ့သို့ ခံစားလိုက်ရပြီး ကိစ္စရပ်များစွာလည်း ဖြစ်ပျက်ခဲ့ပြီးပြီဖြစ်၏။
"မင်းက ချန်ရှန်းနန်းဆောင်ကတပည့်တစ်ယောက် မဟုတ်ဘူးလား၊ ဒါဆိုအဲ့ဒီတုန်းက ရှီမိသားစုနဲ့ ပတ်သက်တဲ့ အတွင်းရေးတွေက ဘာတွေလဲ"
သခင်ကြီးရွှီက ဆရာကြီးယန်ကိုစိုက်ကြည့်လိုက်သည်။
အကယ်၍ ဤလူလည်းပါဝင်ပတ်သက်နေပါက သူက ကောင်မလေးကို သူမမိသားစုသံယောဇဉ်ကို ဘေးဖယ်ထားပြီး ပိုမိုကြီးမားသော အကျိုးအတွက် လုပ်ဆောင်ခိုင်းရမည်ဖြစ်၏။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ ဘာမှမသိဘူး၊ ငါက ချန်ရှန်းနန်းဆောင်ရဲ့အဆင့်နိမ့်တပည့်တစ်ယောက်ပါ၊ သိုင်းပညာရှင်အကျော်အမော်တွေ အားလုံး အဲ့ဒီမှာရှိတယ်လို့ကြားလို့ ငါက သိုင်းပညာသင်ဖို့ ဝင်ခဲ့ရုံပဲ"
ဆရာကြီးယန်က အလျင်အမြန်ရှင်းပြလိုက်သည်။
"ဟမ့်"
သခင်ကြီးရွှီက သူ့ကိုသံသယမျက်လုံးများဖြင့် ကြည့်လိုက်၏။
"မင်းက ချန်ရှန်းနန်းဆောင်မှာ ဒီလောက်ကြာကြာနေခဲ့တာတောင် လျှို့ဝှက်ချက်တွေကို ဘာမှမသိဘူးလား"
ဆရာကြီးယန်က ခဏတာစဉ်းစားပြီးနောက် ရုတ်တရက် တစ်ခုခုကိုသတိရသွားကာ ပြောလိုက်သည်။
"တစ်ခါတုန်းက ဆရာသခင်သေရည်မူးနေတုန်း သခင်ကြီးက ကံကောင်းတဲ့သူတွေကို စုဆောင်းနေတယ်လို့ယောင်ပြီး ပြောဖူးတယ်၊ ပြီးတော့ ချန်ရှန်းနန်းဆောင်မှာ လျှို့ဝှက်တောင်ကြားတစ်ခု ရှိပြီး အဲ့ဒီမှာကံကောင်းတဲ့သူတချို့ကို ဖမ်းလှောင်ထားတယ်တဲ့"
သခင်ကြီးရွှီက ယင်းကိုအဓိပ္ပာယ်မရှိဟု ယူဆလိုက်၏။
"မင်းရဲ့ဆရာသခင်ဆိုတဲ့လူက တခြားလူတွေရဲ့ကံကြမ္မာကို သူ့ဆီလွှဲယူနိုင်တယ်လို့တော့ မပြောနဲ့၊ သူကဘာလုပ်ဖို့ ကြိုးစားနေတာလဲ၊ ကောလာဟလတွေထဲကလို သေသွားတဲ့သူတွေကို တကယ်ကြီး အသက်ပြန်ရှင်အောင် လုပ်နိုင်တာလား"
ဆရာကြီးယန်က သူ မသိကြောင်း ပြသည့်အနေဖြင့် ခေါင်းခါလိုက်၏။
"ဒါပေမဲ့ ချန်ရှန်းနန်းဆောင်မှာ သေသွားတဲ့သူတွေ အသက်ပြန်ရှင်လာတာကိုတော့ ငါ တကယ်မြင်ဖူးတယ်"
"အဲ့ဒီလောက်တောင် အံ့သြစရာကောင်းတာလား"
အခန်းထဲရှိလူတိုင်း အံ့အားသင့်သွားကြတော့သည်။
ချန်ရှန်းနန်းဆောင်တွင် တကယ်ပင် လျှို့ဝှက်ချက် အချို့ရှိနေတာလား။
"အဲ့ဒီကူပိုးကောင်တွေရဲ့ကိစ္စကရော ဘယ်လိုလဲ"
ချင်းရွှီက ဆရာကြီးယန်ကိုမေးလိုက်၏။
"ငါ မသိဘူး၊ ချန်ရှန်းနန်းဆောင်မှာ ထူးဆန်းတဲ့သူတွေ အများကြီးရှိတယ်၊ အကြီးတန်းတစ်ယောက်ယောက်က ဒီကိစ္စမှာ ကျွမ်းတာလည်းဖြစ်နိုင်တာပဲ"
ဆရာကြီးယန်မှာ အလွန်ပင်ပန်းနေပုံရပြီး ချန်ရှန်းနန်းဆောင်အကြောင်းကို ထပ်မပြောချင်တော့ချေ။