← Chapters

အခန်း ၁၀၉

Vol. 11 Ch. 109

အခန်း ၁၀၉

Vol. 11 Ch. 109

109

အခုမှ သတိရလာသော ဆရာကြီးယန်တစ်ယောက် ပင်ပန်းနေသည်ကိုမြင်သောအခါ ချင်းရွှီက သူတို့ဆရာ အနားယူရန်လိုကြောင်း ကလေးများကို အလျင်အမြန် သတိပေးလိုက်၏။

ယင်းကိုကြားသောအခါ ရှောင်ကျိုးနှင့် အခြားသူများက ဆရာကြီးယန်၏ အခန်းထဲမှ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထွက်သွားကြတော့သည်။

အရပ်ပုပု ဝဝတုတ်တုတ်ကလေးနှစ်ယောက်ဖြစ်သော ရှီထုံနှင့် ကျန်းဟယ်တို့သာကျန်ရစ်ခဲ့၏။

ရှီထုံနှင့် ကျန်းဟယ်တို့က ဆရာကြီးယန်ကို မျှော်လင့်တကြီးစိုက်ကြည့်နေကြသည်။

ဆရာကြီးယန်က သူ့ကိုမျှော်လင့်တကြီး စိုက်ကြည့်နေသော ကလေးနှစ်ယောက်ကိုကြည့်ကာ မေးလိုက်၏။

"မင်းတို့နှစ်ယောက် မသွားကြဘူးလား၊ ကိစ္စတစ်ခုခု ရှိလို့လား"

ရှီထုံက ဆရာကြီးယန်၏ခုတင်ပေါ်သို့ တိတ်တဆိတ် တက်သွားသည်။

"ဆရာကြီး၊ ကျွန်တော့်ကိုပျံတတ်အောင် သင်ပေးလို့ရမလားဟင်၊ မျက်စိတစ်မှိတ်အတွင်း ပျောက်သွားနိုင်တဲ့ ကျွန်တော်တို့ရဲ့ရွာသူကြီးလေးလိုမျိုးလေ"

ရှီထုံ ဖိမိသွားသောဒဏ်ကြောင့် ဆရာကြီးယန်ခမျာ နာကျင်စွာ ညည်းတွားလိုက်တော့၏။

'အဲ့ဒီပြဿနာကောင်တွေက သူတို့ ထွက်မသွားခင် ဘာတွေချန်ထားခဲ့လဲဆိုတာကိုတောင် သေသေချာချာမစစ်သွားကြဘူး'

သူက လူနာတစ်ယောက်ဖြစ်နေတာတောင် ကလေးပေါက်စနှစ်ယောက်ကို စောင့်ရှောက်ပေးနေရသေး၏။

ဆရာကြီးယန်က ရှီထုံကို ဘေးသို့တွန်းဖယ်လိုက်ပြီး အနည်းငယ်ရွှေ့ကာ ပြောလိုက်သည်။

"မင်းတို့က သင်ဖို့ငယ်လွန်းသေးတယ်၊ ကြီးလာမှ သင်လို့ရမယ်"

ကျန်းဟယ်ခမျာ ဆရာကြီးယန်၏ခုတင်ပေါ်သို့ အမြန်တက်လာပြီး မျှော်လင့်ချက်အပြည့်ရှိသော မျက်လုံးလေးများဖြင့် ပြောလိုက်၏။

"ယွိဟွာက ကျွန်တော်တို့ထက်ငယ်တာတောင် သင်လို့ရသေးတာပဲဟာ၊ ကျွန်တော်က ယွိဟွာထက်ကြီးတာဆိုတော့ သင်လို့ရတာပေါ့"

ရှီထုံကလည်း အမြန်ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ ဟုတ်တယ်"

အလယ်တွင်ညှပ်နေသော ဆရာကြီးယန်တစ်ယောက် ထိုကလေးပေါက်စနှစ်ယောက်ကို ခုတင်ပေါ်မှကန်ချပစ်ချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာတော့၏။

"ယွိဟွာက ကြက်လေ၊ ပြီးတော့ သူ့မှာ အတောင်ပံတွေရှိတယ်"

ဆရာကြီးယန်က စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည်။

"ဆရာကြီး၊ ကျွန်တော့်ကို ယွိဟွာလိုမျိုး အတောင်ပံနှစ်ခု တပ်ပေးလို့ရမလားဟင်"

ကျန်းဟယ်က ဆရာကြီးယန်၏လက်ကိုကိုင်ကာ ကလေးဆန်ဆန် ချွဲချွဲနွဲ့နွဲ့ အသံလေးဖြင့် မေးလိုက်၏။

ယင်းကိုမြင်သောအခါ ရှီထုံက ဆရာကြီးယန်၏အခြားလက်တစ်ဖက်ကို အမြန်ဆွဲကိုင်လိုက်သည်။

"ဆရာကြီးယန်က အကောင်းဆုံးပဲ၊ ကျွန်တော်တို့ကို အတောင်ပံနှစ်ခုရအောင် ကူညီပေးပါနော်"

နာကျင်မှုကြောင့် မျက်နှာကြီးရှုံ့မဲ့သွားသော ဆရာကြီးယန်က ထိုကလေးပေါက်စနှစ်ယောက်ကို အလျင်အမြန် တွန်းဖယ်လိုက်တော့၏။

သူတို့က တွန်းထုတ်ခံလိုက်ရသော်ငြား ခုတင်ပေါ်သို့ သူတို့တင်ပါးများကို အမြန်ပြန်ရွှေ့လာကြသည်။

ခဏအကြာတွင် ဆရာကြီးယန်က သူတို့နှင့် ဆော့ကစားနေသည်ဟု ထိုနှစ်ယောက်ထင်သွားကြပြီး လက်ခုပ်တီးကာ ပျော်ပျော်ရွှင်ရွှင်ရယ်မောကြတော့၏။

နောက်ဆုံးတွင်တော့ ဆော့ရလွန်း၍ ပင်ပန်းသွားသော ကလေးနှစ်ယောက်မှာ ဆရာကြီးယန်၏ လက်တစ်ဖက်စီကိုဖက်ကာ အိပ်ပျော်သွားကြတော့သည်။

ဤအခိုက်အတန့်တွင် ဆရာကြီးယန်ခမျာ မည်သူ့အကူအညီမှမရနိုင်ဘဲ ကူကယ်ရာမဲ့ဖြစ်ခြင်းဆိုသည်မှာ ဘယ်အရာဖြစ်ကြောင်း အမှန်တကယ် နားလည်သွားတော့၏။

သူက လူနာတစ်ယောက်ဖြစ်နေသော်ငြား အိပ်ပျော်နေသောကလေးပေါက်စနှစ်ယောက်ကို စောင့်ရှောက်ပေးနေရသေးသည်။

'ဘယ်သူကများ သူ့လိုမျိုး နာမကျန်းဖြစ်နေတဲ့လူနာရှိလို့လဲ'

တည်းခိုဆောင်အဝင်ဝတွင်မူ ရှီထုံနှင့် ကျန်းဟယ်တို့ကို လုံးဝမေ့သွားသော ရှောင်ကျိုးခမျာ ယခုအခါတွင် တက်ကြွနေသော လူတစ်သိုက်၏ဝိုင်းရံခြင်းကို ခံနေရ၏။

အဘွားတစ်ဦးက ကြော်ထားသော မုန့်ပြားများအပြည့်ပါသည့် ခြင်းတောင်းတစ်လုံးကို ကိုင်လာသည်။ သူမက ကလေးများကိုခြင်းတောင်း ကမန်းကတန်း ကမ်းပေးရင်းပြောလိုက်၏။

"ချန်လဲ့မင်းသမီးလေး၊ ကျွန်မရဲ့မြေးလေးကိုရှာပေးလို့ ကျေးဇူးတင်ပါတယ်၊ ဒါတွေက ကျွန်မတို့မိသားစုက လုပ်ထားတဲ့ မုန့်ကြော်တွေပါ၊ အနံ့လေးကလည်း အရမ်းမွှေးတာပဲ၊ မြည်းကြည့်ကြပါဦး၊ အထဲမှာ အသားတွေအများကြီးပါတယ်"

"ချန်လဲ့မင်းသမီးလေး၊ ဒါကျွန်မရဲ့ကြက်ပါ၊ သူမက အရမ်းဝပြီး ဥလည်း ဥနိုင်တယ်၊ မင်းသမီးလေး ကျန်းမာရေး ပြန်ကောင်းလာအောင် ကူညီပေးလိမ့်မယ်၊ ကျွန်မရဲ့သမီးလေးကို ရှာပေးလို့ ကျေးဇူးတင်ပါတယ်"

ကြက်တစ်ကောင်ကို ပွေ့ချီထားသော အမျိုးသမီးက ရှောင်ကျိုးကိုပြုံးကာ ကြည့်ရင်းပြောလိုက်သည်။

"ဒါတွေက ချန်လဲ့မင်းသမီးလေးနဲ့ တခြားကလေးတွေကစားဖို့ ကျွန်တော် လုပ်ထားတဲ့ ကစားစရာလေးတွေပါ၊ ကျွန်တော့်သမီးကို ရှာပေးလို့ ကျေးဇူးတင်ပါတယ်"

ထိုအမျိုးသားစကားမဆုံးမီ ရှီအန်းက သစ်သားပန်းပုရုပ်လေးများကို အလျင်အမြန်ယူကာ သေသေချာချာ စစ်ဆေးကြည့်လိုက်၏။

ဂုဏ်သရေရှိဧည့်သည်တော်များက ယင်းကိုအထင်မသေးကြောင်းမြင်သောအခါ ထိုအမျိုးသားက ချက်ချင်းပင် ပျော်ပျော်ရွှင်ရွှင်ပြောလိုက်သည်။

"ဒါကတန်ဖိုးကြီးတဲ့အရာတော့ မဟုတ်ပါဘူး၊ သစ်သားနဲ့ ကျွန်တော်ကိုယ်တိုင် ထွင်းထားတာပါ၊ သဘောကျတယ်ဆိုရင် နောက်တစ်ခါ ကျွန်တော်ပုံစံအသစ်လေးတွေထွင်းပြီး လာပို့ပေးပါ့မယ်"

ရှီအန်းခမျာ ယင်းကိုအလွန်သဘောကျသွားပြီး သူ့ကိုလှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားပြောတော့၏။

အထင်ရှားဆုံးသူမှာ သကြားလုံးသည် အဘိုးပင်။ မြေးဖြစ်သူ၏လက်ကိုကိုင်ထားသော အဘိုးကျန်းက ရှောင်ကျိုးတို့အဖွဲ့ရှေ့တွင် အလျင်အမြန် ဒူးထောက်ကာ ဦးညွှတ်ရင်းပြောလိုက်၏။

"ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးက ချန်လဲ့မင်းသမီးလေးကို ဂါရဝပြုပါတယ်၊ ကျွန်တော့်သားအတွက် လူသတ်သမားကို ရှာပေးတဲ့အတွက် ချန်လဲ့မင်းသမီးလေးကို ကျေးဇူးတင်ပါတယ်၊ ပြီးတော့ ကျွန်တော့်မြေးလေးကို ရှာပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်"

မျက်ရည်များဖုံးနေသော အဘိုး စကားမဆုံးမီ ရှောင်ကျိုးက သူ့ကို ဖမ်းဆွဲကာ ဆွဲထူလိုက်သည်။

ရှောင်ကျိုးကရင်ကော့ ခေါင်းမော့လိုက်ပြီး သူမလည်ပင်းတွင် တကယ်မရှိသော ပဝါနီလေးကိုထိကိုင်၍ ဘာမှမဖြစ်သကဲ့သို့ ဟန်ဆောင်ရင်းပြောလိုက်၏။

"ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး၊ ဒါက အကူအညီသေးသေးလေးပါ"

အဘိုးကျန်းက သူ့အင်္ကျီလက်ဖြင့် မျက်ရည်များကို အလျင်အမြန်သုတ်လိုက်ပြီး တီးတိုးပြောလိုက်သည်။

"မင်းသမီးလေးက ဘုရားလောင်းရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာပဲ၊ လူကောင်းတွေက အကျိုးပေးပါတယ်၊ မင်းသမီးလေးက သေချာပေါက် အသက် ၁၀၀ အထိ အသက်ရှည်မှာပါ"

အခြားသူများလည်း သူတို့၏ကျေးဇူးတင်မှုကို ဖော်ပြရန် ဒူးထောက်ကာ ဦးညွှတ်နေကြသည်ကို မြင်သောအခါ လူတိုင်းက ထိုသို့လုပ်နေကြောင်း သူမသဘောပေါက်သွားတော့၏။

ရှောင်ကျိုးက သုံးပေခန့်အဝေးသို့ ချက်ချင်းခုန်ဆုတ်လိုက်ပြီး ပြောလိုက်သည်။

"ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါ ထွက်ပြေးတော့မှာနော်"

'ဒီလောက် လူတွေအများကြီးက သူမရှေ့မှာဒူးထောက်နေကြရင် သူမ သက်တမ်းတိုသွားမှာ မဟုတ်ဘူးလား'

ယင်းကိုကြားသောအခါ ဒေသခံများက သူတို့ယူလာသော အကောင်းဆုံး ပစ္စည်းများကို ရှောင်ကျိုးနှင့် အခြားကလေးများလက်ထဲသို့ အလျင်အမြန် ထိုးထည့်ပေးကြပြီး မဆန့်သောကျန်သည့်ပစ္စည်းများကို တည်းခိုဆောင်ထဲသို့ ထည့်ထားလိုက်ကြတော့၏။

အဘိုးကျန်းက သူ့ဆိုင်လေးကို ဆွဲယူလာကာ ရှောင်ကျိုးနှင့် အခြားသူများအတွက် နေရာမှာတင် သကြားလုံးရုပ်အကြီးကြီး တစ်ခုစီလုပ်ပေးလိုက်သည်။

အစားအသောက်များကို ကိုင်ထားသော လူစုလေးမှာ မျက်လုံးများအရောင်လက်နေကြတော့၏။

အခြားသူများမှာ ချန်လဲ့မင်းသမီးလေးက သာမန်အရပ်သားများဖြစ်သည့် သူတို့ပေးသောပစ္စည်းများအား အထင်သေးမည်ကို အစပိုင်းတွင်စိုးရိမ်နေခဲ့ကြသော်ငြား ယခုအခါတွင် သူမ မည်မျှ ပျော်ပျော်ရွှင်ရွှင်စားသောက်နေသည်ကို မြင်တွေ့လိုက်ရသည်။

မုန့်ပြားကြော်များယူလာသော အဘွားက ရှေ့သို့အလျင်အမြန် တိုးဝင်လာပြီး ခြင်းတောင်းထဲမှ မုန့်များကိုယူကာ ကလေးတစ်ယောက်စီလက်ထဲသို့ တစ်ခုစီထည့်ပေးလိုက်ပြီး ကျန်သည့်မုန့်များကို သူမဘေးရှိအစောင့်၏ လက်ထဲသို့ ပုံပေးလိုက်တော့၏။

မကြာမီတွင် ရှောင်ကျိုးနှင့် အခြားသူများမှာ သူတို့လက်များနှင့် လည်ပင်းများတွင် အစားအသောက်များချိတ်ဆွဲထားရပြီး အဒေါ်တစ်ဦးက သူတို့ခေါင်းပေါ်တွင် ဦးထုပ်အသစ်များပင်ဆောင်းပေးထားသေးသည်။

သူတို့ခန္ဓာကိုယ်ပေါ်ရှိ နေရာလွတ်တိုင်းမှာ လက်ဆောင်များဖြင့် ပြည့်ကျပ်နေတော့၏။

ကလေးငယ်များမှာ လူများထံမှ ဤမျှများပြားသော ချီးကျူးစကားများနှင့် လက်ဆောင်များကို ပထမဆုံးအကြိမ် လက်ခံရရှိသဖြင့် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေကြသည်။ သူတို့မှာ ပျော်လွန်း၍ မြောက်ကြွမြောက်ကြွပင် ဖြစ်နေကြတော့၏။

ရှောင်ကျိုးက သူမအစောင့်များကို လူများအားငွေပေးရန် အလျင်အမြန်ညွှန်ကြားလိုက်သည်။

ချန်လဲ့မင်းသမီးလေးက ငွေပေးမည်ကို ကြားသောအခါ လူအုပ်ကြီးမှာ အရာအားလုံးကို ချက်ချင်းချထားခဲ့ပြီး ဝရုန်းသုန်းကား လူစုခွဲကာပြေးကြတော့၏။

ရှောင်ကျိုးလေး : ....

"ငါ နောက်ထပ်အလကားစားရပြန်ပြီ"

ဖက်တီးလေးက ထိုအဒေါ်များ သူ့ခေါင်းပေါ်တွင် ဆောင်းပေးထားသော ဦးထုပ်အသစ်လေးကို ပျော်ပျော်ရွှင်ရွှင် ထိကိုင်လိုက်၏။

ရှောင်ကျိုး ပစ္စည်းများစွာသယ်ထားသည်ကို အစောင့်များကမြင်သောအခါ သူမကို ကူဖြုတ်ပေးရန် အလျင်အမြန် ကမ်းလှမ်းကြသည်။

ရှောင်ကျိုးက ချက်ချင်းပင်ငြင်းဆန်လိုက်ပြီး တည်းခိုဆောင်ထဲသို့ အပြေးအလွှား ဝင်သွားတော့၏။

လမ်းတစ်လျှောက်တွင် အစေခံ သို့မဟုတ် အစေခံမလေးများကိုမြင်တိုင်း ရှောင်ကျိုးက သူမပစ္စည်းများကို ကြွားလုံးထုတ်တော့သည်။

ချန်လဲ့မင်းသမီးလေးကိုမြင်သောအခါ အိမ်တော်ထိန်းက ချက်ချင်းမေးလိုက်၏။

"မင်းသမီးလေး၊ ဒီတလော ယွိဟွာကို ဘာလို့မတွေ့ရတာလဲ"

ရှောင်ကျိုးက သူမခေါင်းကို အမြန်မော့လိုက်ပြီး သူမဝတ်ထားသော ပစ္စည်းများအားလုံးကိုမြင်စေရန် အိမ်တော်ထိန်းရှေ့တွင် တစ်ပတ်လှည့်ပြကာ ပြန်ဖြေလိုက်သည်။

"နင်က ဒါတွေကိုမေးနေတာလား၊ ဒါတွေက ဂိတ်ပေါက်ကလူတွေ ငါ့ကိုပေးထားတာလေ၊ သူတို့အားလုံးက ငါ့ကို သဘောကောင်းတယ်ဆိုပြီး ချီးကျူးကြပြီးတော့ ပစ္စည်းတွေ အများကြီးပေးသွားကြတာ၊ ငါက မယူချင်ပါဘူးဆိုတာကို သူတို့ကအတင်းပေးကြတာပဲ၊ အင်းလေ သူတို့က သဘောကောင်းလွန်းနေတော့လည်း ခက်သားနော်"

ရှောင်ကျိုးက အခက်တွေ့နေဟန်ဖြင့် သူမခေါင်းကို ခါလိုက်၏။

ထို့နောက် သူမက တုံ့ပြန်မှုကိုစောင့်ရင်း အိမ်တော်ထိန်းကို မော့ကြည့်လိုက်သည်။

'အဲ့ဒါကို မေးနေတာမဟုတ်ဘူးလေ'

အိမ်တော်ထိန်းက တံခါးဝတွင်ဘာဖြစ်ခဲ့သည်ကို သိပြီးသားဖြစ်၏။

အိမ်တော်ထိန်းမှာ ရွေးချယ်စရာမရှိတော့ဘဲ ပိုပိုသာသာလေးပြောကာ အလိုက်သင့် မျောလိုက်ရတော့သည်။

"မင်းသမီးလေးက အတော်ဆုံးဆိုတာကို ကျွန်တော်သိသားပဲ၊ ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ကို လူတွေရဲ့ချစ်ခင်မှုကို ရနေပြီ၊ တော်ဝင်မိသားစုထဲမှာ မင်းသမီးလေးတစ်ပါးတည်းသာ သာမန်အရပ်သားတွေဆီကနေ ဒီလောက်များတဲ့ လက်ဆောင်တွေကိုရတာပါ၊ မင်းသမီးလေးက ဘုရားလောင်းဝင်စားတာပါပဲ"

ရှောင်ကျိုးက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

သူမက သူမပစ္စည်းများအားလုံးကို သယ်ထားဆဲဖြစ်ပြီး နောက်ထပ်လူတစ်ယောက်ကို ဆက်လက်ရှာဖွေနေတော့သည်။

"ဘာလဲ၊ နင်က ငါ့ကို အဲ့ဒါမေးနေတာလား၊ ဒါဂိတ်ပေါက်ကလူတွေ ငါ့ကို ပေးထားတာမှန်း နင်ဘယ်လိုသိတာလဲ"

အဝေးမှနေ၍ မင်းသမီးလေး၏စကားများကိုကြားလိုက်ရသော အိမ်တော်ထိန်းတစ်ယောက် ရယ်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရ၏။ မင်းသမီးလေးက ဤမျှငယ်ရွယ်စဉ်မှာပင် ဤမျှလောက်ကြွားလုံးထုတ်တတ်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။ သူမမှာ တကယ့်ကိုအလွန်တရာချစ်စရာကောင်းလွန်းလှ၏။

All Chapters