အခန်း ၁၁၀
Vol. 11 Ch. 110
110
ဒေသခံများထံမှ လက်ဆောင်များ အပြည့်သယ်ဆောင်လာသော ကလေးများမှာ တည်းခိုဆောင်အတွင်း ဟိုဟိုဒီဒီ လျှောက်သွားနေကြပြီးနောက် နောက်ဆုံးတွင်တော့ သူတို့ပစ္စည်းများကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့်ချထားလိုက်ကြတော့၏။
ရုတ်တရက် ဆရာကြီးယန်၏အခန်းထဲမှ ဒေါသတကြီး အော်သံတစ်ခုထွက်ပေါ်လာသည်။
ရှောင်ကျိုးနှင့် အခြားကလေးများက အခန်းထဲသို့ အလျင်အမြန်ပြေးဝင်သွားကြ၏။
"ဘာတွေဖြစ်နေတာလဲ၊ သူခိုးဝင်လာလို့လား"
သခင်ကြီးရွှီက ဆရာကြီးယန်၏ အခန်းထဲသို့ ကမန်းကတန်းဝင်လာရင်း ပြောလိုက်သည်။
သူတို့ တံခါးကိုဖွင့်လိုက်သောအခါ စောင်အောက်တွင် ပုန်းနေပြီး သူ့တင်ပါးကို ဖုံးကွယ်ရန် အသေအလဲ ကြိုးစားနေသော ရှီထုံကိုမြင်လိုက်ရ၏။
ကျန်းဟယ်မှာလည်း ဆရာကြီးယန်၏ရင်ခွင်ထဲသို့ သူ့ခေါင်းကို အတင်းတိုးဝှေ့နေတော့သည်။
သူတို့နှစ်ယောက်လုံး၏ တင်ပါးများမှာ ရွှဲရွှဲစိုနေ၏။
'ဘုရားရေ၊ သူတို့ကြိုတင်တိုင်ပင်ထားကြတာများလား'
သူတို့နှစ်ယောက်လုံး ခုတင်ပေါ်တွင် သေးပန်းချထားခဲ့ကြလေပြီ။
ဆရာကြီးယန်၏ခန္ဓာကိုယ်မှာလည်း ထိုကလေးနှစ်ယောက်၏ဆီးများဖြင့် စိုရွှဲနေတော့၏။
ဒီကလေးပေါက်စနှစ်ယောက်က ဘယ်လောက်တောင် များများပန်းချလိုက်ကြတာလဲ။
ခုတင်တစ်ခုလုံး ရေလွှမ်းသွားသကဲ့သို့ပင်။
ဆရာကြီးယန်က တံခါးဘက်သို့ လက်ညှိုးထိုးကာ ဟောက်လိုက်သည်။
"အခုချက်ချင်း ဒီကောင်စုတ်လေးနှစ်ယောက်ကို အပြင်ထုတ်သွားကြ"
ရှောင်ကျိုးက သူမနှာခေါင်းလေးကို ပိတ်ကာ ရွံရှာဟန်ဖြင့်ပြောလိုက်၏။
"နင်တို့ တကယ်ကြီး အိပ်ရာထဲ သေးပေါက်ချလိုက်တာပဲ"
ရှီထုံနှင့် ကျန်းဟယ်တို့က အလျင်အမြန် ငြင်းလိုက်ကြသည်။
"လျှောက်မပြောနဲ့၊ ကျွန်တော်တို့ မဟုတ်ဘူး၊ ကျွန်တော်တို့ သေးမပေါက်ဘူး၊ ဆရာကြီးက ပေါက်ချလိုက်တာ"
'ကြားလိုက်ကြလား၊ အဲ့ဒါက ယုတ္တိရော ရှိရဲ့လား'
ရှောင်ကျိုးက ခေါင်းဝှက်ထားသော ထိုနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်၏။
"နင်တို့တင်ပါးတွေက ရွှဲစိုနေတုန်းပဲလေ"
ရှီထုံနှင့် ကျန်းဟယ်တို့က အမြန်လှည့်ကာ သူတို့တင်ပါးလေးများကို စောင်အောက်တွင် ဖုံးကွယ်ရန်ကြိုးစားကြတော့သည်။
သူ့မျက်နှာရှေ့သို့ ရောက်လာသော တင်ပါးသေးသေးလေးနှစ်ခုကြောင့် ဆရာကြီးယန်တစ်ယောက် နားထင်ကြောများပင် ထောင်သွားတော့၏။
အဘွားရွှီလည်း ဝင်လာပြီး ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ သူမက အနည်းငယ် နားမလည်နိုင်ဖြစ်သွားပြီး ပြောလိုက်၏။
"ဒီနှစ်ယောက်က အိပ်ရာထဲသေးပေါက်လေ့ မရှိပါဘူး၊ ဒီနေ့မှ ဘာလို့ နှစ်ယောက်လုံးပေါက်ချရတာလဲ"
သူတို့၏စိုရွှဲနေသော ဘောင်းဘီများကို ရှေ့တိုးကာ ကိုင်ကြည့်ရင်း အဘွားရွှီနောက်ပြောလိုက်သည်။
"ဆရာကြီးယန်နဲ့ အတူအိပ်ရလို့ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကြလို့များလား၊ နောက်တစ်ခါဆိုရင် သူတို့ကို ဆရာကြီးယန် အခန်းထဲမှာပဲပေးအိပ်လိုက်ရမလား"
ဆရာကြီးယန်၏မျက်နှာမှာ ချက်ချင်းပင် မှောင်မည်းသွားတော့၏။
ရှီထုံက အခိုင်အမာရှင်းပြလိုက်သည်။
"ကျွန်တော် အိပ်ရာထဲသေးမပေါက်ပါဘူး၊ အိမ်မက်ထဲမှာ အိမ်သာတွေ့လို့ သေးပေါက်လိုက်တာ၊ ကျွန်တော် မဟုတ်ဘူး"
ယင်းကိုကြားသောအခါ အဘွားရွှီတစ်ယောက် ရယ်ချင်သွားတော့သည်။ ဤကောင်လေးက ရွာသူကြီးလေးနည်းတူ မျက်နှာပန်းအပျက်မခံကြောင်း သူမ သိထား၏။
"အေးပါ၊ ငါတို့ရဲ့ရှီထုံလေးက လိမ္မာပါတယ်၊ သူ အိပ်ရာထဲသေးမပေါက်ပါဘူး"
"ကျွန်တော်လည်း သေးမပေါက်ဘူးနော်"
ကျန်းဟယ်က အမြန်ဝင်ပြောလိုက်သည်။
"အေးပါ အေးပါ၊ ကျန်းဟယ်လည်း လိမ္မာပါတယ်၊ သူလည်း အိပ်ရာထဲ သေးမပေါက်ပါဘူး"
ထိုသို့ပြောပြီးနောက် အဘွားရွှီက ကလေးနှစ်ယောက်ကိုပွေ့ချီကာ ဘောင်းဘီလဲပေးရန် ထွက်သွားတော့၏။
ဆရာကြီးယန် ဒေါသထွက်နေဆဲဖြစ်သည်ကိုမြင်သောအခါ ရှောင်ကျိုးနှင့် အခြားသူများကလည်း အလျင်အမြန် လစ်ထွက်သွားကြသည်။
ဆရာကြီးယန်ခမျာ တကယ်ကို သနားစရာကောင်းရှာ၏။
ထိုအချိန်တွင် မင်းဆရာကြီးက ယွိဟွာကိုပွေ့ချီကာ နန်းတော်ဆီသို့ ဦးတည်သွားနေသည်။
သူ ဘာကြောင့် ယွိဟွာကိုပွေ့ချီထားရသလဲဆိုလျှင် သူက ယွိဟွာကို သူ့လာဘ်ကောင်လေးဟု အမှန်တကယ် ယုံနေခြင်းကြောင့်ပင်။
လမ်းတွင် သူတို့က ဧကရာဇ်စာကြည့်ဆောင်မှ ယခုလေးတင်ထွက်လာသော ကြင်ယာတော်နှင့် ဆုံတွေ့လိုက်ရ၏။
သူမက ဧကရာဇ်နှင့်ကိစ္စရပ်များ ဆွေးနွေးသည့်အခါ နန်းတွင်းအစေခံများ ခြံရံခေါ်ဆောင်သွားခြင်းကို သဘောကျလေ့မရှိပေ။
မင်းဆရာကြီးက အသာခေါင်းညိတ်ကာ အရိုအသေပြုရင်းပြောလိုက်သည်။
"ကျွန်တော် ကြင်ယာတော်ကိုဂါရဝပြုပါတယ်"
မင်းဆရာကြီး၏ရင်ခွင်ထဲမှ ကြက်ကို မြင်သောအခါ ကြင်ယာတော်မှာ ထူးဆန်းသော သူ့အကျင့်ကြောင့် နားမလည်နိုင်ဖြစ်သွားရ၏။ မည်သို့ပင်ဆိုစေ သူမက အသာခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"မင်္ဂလာပါ မင်းဆရာကြီး"
သူတို့မျက်လုံးချင်း ဆုံသွားကြပြီးနောက် မင်းဆရာကြီးက ဧကရာဇ်နှင့် ကိစ္စရှိသည်ကိုမြင်သောအခါ ကြင်ယာတော်က ခဏရပ်တန့်သွားပြီးမှ သူမလမ်းကို ဆက်လျှောက်သွားတော့သည်။
ယွိဟွာတစ်ယောက် ထူးဆန်းနေသည်ဟု ခံစားလိုက်ရ၏။ ကြင်ယာတော်ထံမှ ရရှိသောခံစားချက်မှာ ထောင်ယွမ်ရွာတွင် ကူကောင်များအကျွေးခံထားရသည့်မြင်းများနှင့် အလွန်တူနေသောကြောင့်ပင်။
မသေချာသဖြင့် ယွိဟွာကစမ်းကြည့်ရန် ဆုံးဖြတ်လိုက်သည်။
"ကွပ် ကွပ်"
'လှည့်လိုက်၊ ခုန်လိုက်'
မင်းဆရာကြီးက ဧကရာဇ်စာကြည့်ဆောင်သို့ဝင်တော့မည့်ဆဲဆဲတွင် သူ့ကို ယခုလေးတင်နှုတ်ဆက်သွားသော ကြင်ယာတော်မှာ အခန်းအပြင်ဘက်၌ ကခုန်နေသည်ကို သူမြင်လိုက်ရ၏။
ကြင်ယာတော်က လှပကျော့ရှင်းစွာ အပေါ်သို့ခုန်တက်လိုက်ပြီး လေထဲတွင် ခြေနှစ်ဖက်ကို ဖြောင့်တန်းစွာခွဲလိုက်ပြီးနောက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာပြန်ကျလာကာ စိတ်လှုပ်ရှားစွာဖြင့် အကြိမ်အနည်းငယ် လှည့်ပတ်လိုက်တော့သည်။
ထိုအဖြစ်အပျက်တစ်ခုလုံးကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော မင်းဆရာကြီးမှာ အလွန်တရာတုန်လှုပ်သွားပြီး ကျောချမ်းသွားရတော့၏။
'သူမ ရူးသွားတာလား'
'သူမက... သူမက သူ့လိုအဘိုးကြီးတစ်ယောက်ကို မြူဆွယ်ဖို့အတွက် လူပုံအလယ်မှာ ကပြနေတာလား'
ယွိဟွာကို ပွေ့ချီထားရင်း မင်းဆရာကြီးက သူမနှင့်အနည်းငယ်ဝေးရာသို့ ရွှေ့သွားလိုက်သည်။
တိုက်ဆိုင်မှုများလားဟု ယွိဟွာက မသေချာသဖြင့် ထပ်စမ်းကြည့်ရန် ဆုံးဖြတ်လိုက်၏။
"ကွပ် ကွပ်"
'မင်းဆရာကြီးကိုပွေ့ချီပြီး လှည့်ပတ်လိုက်စမ်း'
မင်းဆရာကြီးမှာ သူ့တုန်လှုပ်မှုမှ သတိမဝင်လာသေးမီမှာပင် ကြင်ယာတော်က လက်နှစ်ဖက်ကိုဖြန့်ကာ သူ့ကိုဖက်ရန် ရည်ရွယ်ထားပုံဖြင့် သူရှိရာသို့ အပြေးအလွှားရောက်လာတော့သည်။
မင်းဆရာကြီး အလွန်တရာလန့်သွားလွန်းသဖြင့် သူ့မျက်လုံးများပင် ပြူးထွက်လုမတတ်ဖြစ်သွားရ၏။
ယွိဟွာကို တင်းတင်းပွေ့ဖက်ထားရင်း ထိုမဖွယ်မရာအပြုအမူကို ကျိန်ဆဲကာ နန်းတော်ထဲမှ သုတ်ခြေတင်ပြေးတော့သည်။
'ငါ ဒါမျိုးကို တစ်ခါမှမမျှော်လင့်ထားခဲ့ဘူး'
'မြင့်မြတ်လှတဲ့ ကြင်ယာတော်တစ်ပါးက သူ့လိုအဘိုးကြီးကိုများ တပ်မက်ရဲတယ်ပေါ့လေ၊ ကံကောင်းလို့ သူမြန်မြန် ထွက်ပြေးလာနိုင်တာ၊ မဟုတ်ရင် သူ့ရဲ့ကျန်နေတဲ့ ဘဝနှောင်းပိုင်းဂုဏ်သိက္ခာတွေ အကုန်ကျဆင်းရတော့မှာ'
မင်းဆရာကြီးက ကြေးမုံပြင်ထဲတွင် သူ့ရုပ်သွင်ကို စစ်ဆေးကြည့်လိုက်၏။ သူက အရင်ကလိုပင် ရုပ်ရည်ချောမောနေဆဲဖြစ်ရာ ကြင်ယာတော် သူ့ကိုဤမျှလောက် စွဲလမ်းသွားသည်မှာလည်း အံ့သြစရာတော့မဟုတ်ပေ။
သူက ရင်ဘတ်ကိုပုတ်လိုက်ပြီး နောက်ရက်အနည်းငယ်အတွင်း နန်းတော်ထဲသို့ မဝင်ရန်ဆုံးဖြတ်လိုက်သည်။ တားဆီးမရသော ဆွဲဆောင်မှုအပြည့်ရှိသည့် သူ့ရုပ်ရည်ကိုသာ အပြစ်တင်လိုက်တော့၏။
ယွိဟွာတစ်ကောင်တည်းသာ လုံးဝကို နားမလည်နိုင်အောင်ဖြစ်နေတော့သည်။
ကြင်ယာတော်က သူမစကားကို ဘာကြောင့် နားထောင်ရတာလဲဆိုသည်ကို သူမ နားမလည်နိုင်ချေ။
သူမက ထောင်ယွမ်ရွာကမြင်းတွေထဲက တစ်ကောင်များဖြစ်နေမလား။
ယွိဟွာတစ်ယောက် ဇဝေဇဝါဖြစ်သွားပြီး သူမကို နောက်တစ်ကြိမ်တွေ့သည့်အခါ သေသေချာချာထပ်စစ်ဆေးရန် ဆုံးဖြတ်လိုက်၏။
ဧကရာဇ်စာကြည့်ဆောင်အတွင်း၌ မင်းဆရာကြီးခစားဝင်ရန် တောင်းဆိုကြောင်း မိန်းမစိုးတစ်ဦးက ဧကရာဇ်ကို သတင်းပို့ခဲ့သော်ငြား အချိန်အကြာကြီးကြာသည်အထိ မည်သူမျှပေါ်မလာခဲ့ချေ။
ဧကရာဇ်က ဘာဖြစ်နေသလဲဟု မေးသောအခါ မိန်းမစိုးက အပြင်ဘက်မှ မြင်ကွင်းကို တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ပြန်ပြောပြလိုက်သည်။
စူးစမ်းချင်စိတ်များ တဖွားဖွားပေါ်လာသဖြင့် ဧကရာဇ်က အပြင်သို့ထွက်ကြည့်လိုက်သောအခါ မျှော်လင့်ချက်မဲ့စွာရပ်နေသော ကြင်ယာတော်ကိုမြင်လိုက်ရ၏။
သူသက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်သည်။
"မင်း ဝမ်းနည်းနေစရာမလိုပါဘူး၊ ဘာပဲဖြစ်ဖြစ် မင်းကအသက်ကြီးနေပြီဆိုတော့ သူတို့ မင်းကိုလက်မခံတာပုံမှန်ပါပဲ"
သူက သူမကို နှစ်သိမ့်လိုက်၏။ အချိန်အတော်ကြာ အတူတကွဖြတ်သန်းလာခဲ့ကြသူများပီပီ ဧကရာဇ်က သနားကြင်နာစွာဖြင့် နှစ်သိမ့်စကားပြောပေးခဲ့သော်ငြား သူမက ဘာကြောင့် ဤမျှ ထူးဆန်းသောအကြိုက်မျိုး ရှိနေရသလဲဆိုသည်ကိုမူ သူ နားမလည်နိုင်အောင် ဖြစ်နေဆဲပင်။
လုံးဝကိုဇဝေဇဝါဖြစ်နေသော ကြင်ယာတော်မှာ သူမရင်ခုန်သံများ မြန်ဆန်နေပြီး အသက်ရှူကြပ်နေသကဲ့သို့ ခံစားနေရ၏။ အပြင်းအထန်လေ့ကျင့်ခန်း လုပ်ထားပြီးသည့်အလား သူမ အလွန်အမင်းပင်ပန်းနွမ်းနယ်နေသည်။ ယခု သူမလိုချင်သည့် တစ်ခုတည်းသောအရာမှာ အမြန်ပြန်ပြီးအနားယူရန်ပင်။
နားမလည်နိုင်ဖြစ်နေသော ဧကရာဇ်ကို လျစ်လျူရှုကာ သူမအရိုအသေပေးလိုက်ပြီးနောက် သူမနန်းဆောင်ဆီသို့ ကမန်းကတန်းပြန်သွားတော့သည်။
ထိုအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသော နန်းတွင်းအစေခံများက ဧကရာဇ်ကို သနားကြင်နာစွာဖြင့် ကြည့်လိုက်ကြ၏။
မိဖုရားခေါင်ကြီးနတ်ရွာစံပြီးကတည်းက ကြင်ယာတော်မှာ ဧကရာဇ်၏အချစ်တော်ဖြစ်လာခဲ့ကြောင်း ကောလာဟလများပျံ့နေခဲ့သည်။
ယခုအခါ သူ့အချစ်တော်က လေးစားရပါသော မင်းဆရာကြီးဆိုသည့် အဘိုးကြီးတစ်ယောက်ကို မျက်စိကျသွားခဲ့ချေပြီ။
ဧကရာဇ်က ဒေါသမထွက်သည့်အပြင် မင်းဆရာကြီးက သူမနှလုံးသားကိုခွဲသွားသောကြောင့် သူမအတွက်ပင် စိတ်မကောင်းဖြစ်နေသေး၏။
'ဧကရာဇ်က ကြင်ယာတော်ကို ဘယ်လောက်တောင် ချစ်လိုက်သလဲ'
လူတိုင်းက အလွန်အမင်းအချစ်ကြီးလှသော ဧကရာဇ်အတွက် စိတ်မကောင်း ဖြစ်သွားကြတော့သည်။
သူ့စံအိမ်တော်သို့ ပြန်ရောက်သောအခါ မင်းဆရာကြီးက ဧကရာဇ်နှင့်ပြောစရာရှိသောကိစ္စရပ်များကို အလျင်အမြန် ရေးသားလိုက်ပြီး အစေခံတစ်ဦးကိုပို့ခိုင်းလိုက်၏။ ကြင်ယာတော်ထပ်ပြီး ထိန်းချုပ်မှုကင်းမဲ့သွားမည်ကို စိုးရိမ်သဖြင့် နန်းတော်သို့သွားခြင်းကို ရှောင်ကြဉ်သင့်သည်ဟု သူခံစားလိုက်ရသည်။
မကြာမီမှာပင် မင်းဆရာကြီး၏စံအိမ်တော်မှနေ ဟုန်ဖူဘုန်းကြီးကျောင်းနှင့် ပတ်သက်နေသည့်သတင်းတစ်ခုထွက်ပေါ်လာခဲ့သည်။
လက်ဖက်ရည်ဆိုင်များ၊ အရက်ဆိုင်များနှင့် လမ်းမများထက်တွင် ထိုအကြောင်းအရာကို ဆွေးနွေးပြောဆိုသံများဖြင့် စည်ကားနေတော့၏။
"ကြားပြီးကြပြီလား၊ ဟုန်ဖူဘုန်းကြီးကျောင်းက ကျောင်းထိုင်ဘုန်းကြီးက ချန်ရှန်းနန်းဆောင်ကို သစ္စာဖောက်သွားတာကြာပြီတဲ့၊ ပြီးတော့ သူတို့ကွယ်ရာမှာ မကောင်းမှုတွေ မျိုးစုံလုပ်နေတာကို ချန်ရှန်းနန်းဆောင်က လုံးဝမသိခဲ့ဘူးလေ၊ အခုတော့ အဲ့ဒီရက်စက်တဲ့ဘုန်းကြီးတွေ အကုန် နှင်ထုတ်ခံလိုက်ရပြီ"
"တကယ်ကောင်းသွားတာပေါ့၊ ငါ သိသားပဲ၊ ချန်ရှန်းနန်းဆောင်က ဘယ်တော့မှ ဒီလိုလုပ်ရပ်မျိုးတွေလုပ်မှာမဟုတ်ဘူး၊ တစ်ချိန်လုံး အဲ့ဒီတိရစ္ဆာန်လို ကျောင်းထိုင်ဘုန်းကြီး လုပ်နေခဲ့တာပဲ"
"ဟုတ်တယ်၊ မနက်ဖြန် မင်းဆရာကြီးရဲ့ စံအိမ်တော်ကနေ တော်ဝင်မိသားစုဝင်တွေ၊ အရာရှိတွေနဲ့ သာမန်အရပ်သားတွေကို ဟုန်ဖူဘုန်းကြီးကျောင်းဆီ ဖိတ်ကြားပြီး ကြီးကျယ်ခမ်းနားတဲ့ ဆုတောင်းပွဲတစ်ခုကျင်းပမယ်လို့ ကြားတယ်"
"အဲ့ဒီဘုန်းကြီးကျောင်းရဲ့ မကောင်းမှုတွေကြောင့် မတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေ ငြိမ်းချမ်းမှုရစေဖို့ ရည်ရွယ်ပြီး ကျင်းပတာလို့ကြားတာပဲ”