← Chapters

အခန်း ၁၁၂

Vol. 12 Ch. 112

အခန်း ၁၁၂

Vol. 12 Ch. 112

112

ဤသဟဇာတဖြစ်ဖွယ်မြင်ကွင်းကို မြင်တွေ့ရသောအခါ လူများမှာ တော်ဝင်မောင်နှမများကြားရှိ နက်ရှိုင်းလှသော သံယောဇဉ်ကြောင့် အလွန်အမင်း စိတ်ထိခိုက်လှုပ်ရှားသွားကြပြီး တိတ်တဆိတ် သက်ပြင်းချလိုက်ကြတော့၏။

မောင်နှမနှစ်ယောက် တကယ်ရင်းနှီးခြင်း ရှိမရှိကိုမူ ဒုတိယမင်းသားက ဆက်ပြီး ဂရုစိုက်ချင်စိတ်မရှိတော့ပေ။ သူက ဤအဓိပ္ပာယ်မရှိသော ဆုတောင်းပွဲကို အမြန်ဆုံးပြီးစေချင်ပြီး သူ့စံအိမ်တော်သို့သာ ပြန်ချင်နေတော့သည်။ နောင်တွင် ချန်လဲ့မင်းသမီးလေး၏ အချိန်ဇယားများကို အတတ်နိုင်ဆုံး ရှောင်မည်ဟု ဒုတိယမင်းသားတစ်ယောက် ဆုံးဖြတ်ထားပြီးဖြစ်၏။ လုံးဝ မလွှဲမရှောင်သာသော အခြေအနေမျိုးမှလွဲ၍ သူတို့နှစ်ယောက် တတ်နိုင်သမျှ အနည်းဆုံးသာဆုံတွေ့ခြင်းက ပိုကောင်းလိမ့်မည်။

ဧကရာဇ်က စင်မြင့်ပေါ်ရှိ မင်းဆရာကြီးကို မသေမချာစိုးရိမ်ပူပန်ဟန်ဖြင့် ကြည့်လိုက်သည်။ ခဏတာစဉ်းစားပြီးနောက် ချန်လဲ့မင်းသမီးလေးကို သူ့ဘေးတွင် လာထိုင်ရန်ခေါ်လာဖို့ မိန်းမစိုးကို လက်ဟန်ပြလိုက်၏။

ဧကရာဇ်၏ စိုးရိမ်နေသောမျက်နှာကို မြင်သောအခါ ကြင်ယာတော်ကမေးလိုက်သည်။

"မင်းဆရာကြီးက ချန်လဲ့မင်းသမီးလေးကို အန္တရာယ်ပြုမှာစိုးရိမ်နေတာလား"

ဧကရာဇ်က ဘေးဘီဝဲယာကိုကြည့်ပြီးနောက် ပြန်ဖြေလိုက်၏။

"ကိုယ်တော် အခုလေးတင် ချန်ရှန်းနန်းဆောင်ကလူတွေကို မြင်လိုက်တယ်၊ ဒီနေ့ မင်းဆရာကြီးလုပ်နေတာတွေက သူတို့ရဲ့ညွှန်ကြားချက်ဖြစ်ပုံရတယ်၊ ဒါပေမဲ့ ကိုယ်တော်တို့နှစ်ယောက်လုံး ဒါကိုကြိုမသိခဲ့ရဘူးဆိုတော့ ဖြစ်နိုင်ခြေ တစ်ခုပဲရှိတယ်၊ ဒီကိစ္စက ကိုယ်တော်တို့ နှစ်ယောက်လုံးနဲ့ သက်ဆိုင်နေတယ်၊ ဒါမှမဟုတ် ချန်ရှန်းနန်းဆောင်ကလူတွေက ကိုယ်တော်တို့ကိုမယုံတော့တာပဲ၊ ကိုယ်တော်တွေးမိတဲ့ တစ်ခုတည်းသောအရာကတော့ ဟုန်ဖူဘုန်းကြီးကျောင်း ကိစ္စပဲ၊ ချန်လဲ့မင်းသမီးလေးက အဲ့ဒီကျောင်းကို ဖျက်ဆီးပစ်ခဲ့တာဆိုတော့ ချန်ရှန်းနန်းဆောင်က သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး၊ ဒီနေ့ မင်းဆရာကြီးရဲ့ ခမ်းနားကြီးကျယ်တဲ့ပြသမှုက သူမကို ရည်ရွယ်တာဖြစ်နိုင်တယ်"

ချန်ရှန်းနန်းဆောင်က သူမကိုမယုံတော့ဘူးဆိုသည့် ဧကရာဇ်၏စကားကြောင့် ကြင်ယာတော်ခမျာ အတွေးများသွားတော့သည်။ သူမက အနည်းငယ် ထိတ်လန့်တကြားဖြင့် မေးလိုက်၏။

‘ဘာလို့ သခင်ကြီးက ငါ့ကိုမယုံရတာလဲ၊ ကိစ္စတိုင်းနဲ့ ပတ်သက်ပြီး စာပို့ခိုတွေကတစ်ဆင့် မြို့တော်ဆီ ငါစာပို့ခဲ့ပါတယ်၊ သူက ဘာလို့ ငါ့ကိုမယုံရတာလဲ’

ထိုအခိုက်အတန့်တွင် ကြင်ယာတော်မှာ ကောင်းကင်ကြီးပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။ သူမကတာဝန်များကို အပတ်တကုတ်ကြိုးကြိုးစားစား ထမ်းဆောင်ခဲ့သော်ငြား သူမသခင်ကြီးက သူမကိုမယုံတော့ကြောင်း သဘောပေါက်သွား၏။ သူမစိတ်ထဲတွင် ဗြောင်းဆန်နေတော့သည်။ အချိန်အကြာကြီး စာတစ်စောင်မျှပြန်မရခဲ့သည်မှာ အံ့သြစရာတော့မဟုတ်ပေ။ သူမ အယုံအကြည်မခံရတော့ခြင်းပင်။

ဧကရာဇ်က သူမကိုသနားကြင်နာသည့် အရိပ်အယောင်ဖြင့် ကြည့်လိုက်သည်။ လင်းယီစုံစမ်းရရှိထားသော သတင်းများအရ မကြာသေးမီက ကြင်ယာတော်လွှတ်လိုက်သော စာပို့ခိုများအားလုံးကို ကျန်းပေမြို့စားအိမ်တော်တွင်နေထိုင်သော အားသို့အမည်ရှိ ကောင်လေးတစ်ယောက်က ပစ်ချခဲ့ခြင်းပင်။

ကျန်းပေမြို့စားအိမ်တော်ရှိလူများမှာ ခိုသားစွပ်ပြုတ်ကို စားရလွန်းသဖြင့် အီနေသည်မှာ အချိန်အတော်ကြာပြီဖြစ်ကြောင်း ကောလာဟလများပင် ထွက်နေခဲ့သည်။

ကြင်ယာတော်တစ်ယောက် ပြင်းထန်သောသံသယများကြား နစ်မွန်းနေသည်ကို မြင်သောအခါ တစ်ဦးတည်းသော အတွင်းသိဖြစ်သည့် ဧကရာဇ်ခမျာ အနည်းငယ် ကျေနပ်ဂုဏ်ယူနေတော့၏။

မိန်းမစိုးက ရှောင်ကျိုးအနီးသို့ အလျင်အမြန် ချဉ်းကပ်လာပြီး ရိုရိုသေသေ ဦးညွှတ်၍ တီးတိုးပြောလိုက်သည်။

"မင်းသမီးလေး၊ အရှင်က သူ့ဘေးမှာ လာထိုင်ဖို့ ဖိတ်ခေါ်နေပါတယ်"

ရှောင်ကျိုးက မိန်းမစိုးကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် ခေါင်းခါပြကာ ဒုတိယမင်းသား၏လက်မောင်းကို ဆွဲကိုင်၍ငြင်းဆန်လိုက်၏။

"မသွားဘူး မသွားဘူး၊ ငါ ဒုတိယအစ်ကိုနဲ့ပဲထိုင်ချင်တာ၊ ဒုတိယအစ်ကို့ဘေးမှာထိုင်ရတာကို သဘောကျတယ်၊ ဘယ်သူမှ သူ့ဆီကနေ ငါ့ကိုခွဲထုတ်သွားလို့မရဘူး"

ဒုတိယမင်းသားက ချန်လဲ့မင်းသမီးလေးကို အံ့အားသင့်စွာဖြင့်စိုက်ကြည့်နေတော့သည်။

‘ငါ့ညီမလေးချန်လဲ့က သူ့ရဲ့ဒုတိယအစ်ကိုဖြစ်တဲ့ ငါ့ကိုဘာလို့ ဒီလောက်တောင်သဘောကျနေရတာလဲ၊ ငါနဲ့ထိုင်ဖို့အတွက်တောင် အရှင့်ရဲ့အမိန့်ကို သူမကဖီဆန်နေတာပဲ’

အကြောင်းပြချက်မရှိဘဲ ဒုတိယမင်းသားတစ်ယောက် ရုတ်တရက် အနည်းငယ် ရှက်ရွံ့သွားတော့၏။ မနေ့က သူသုံးလိုက်ရသော ငွေများအတွက် သူ မကျေမချမ်းမဖြစ်သင့်ချေ။ သူ့ညီမလေးချန်လဲ့က ကလေးတစ်ယောက်သာရှိသေးသည်။

သူမက ဘာအမှားလုပ်ခဲ့လို့လဲ။ သူမက မိသားစုထဲရှိ လူတိုင်း ဝဝလင်လင်စားသောက်ရပြီး စောင့်ရှောက်မှုခံရစေရန် ဆန္ဒရှိသော မိဘအပေါ်သိတတ်သည့် ကလေးလေးတစ်ယောက်သာ ဖြစ်၏။

ဒုတိယမင်းသားက ချန်လဲ့မင်းသမီးလေးကို လှိုက်လှိုက်လှဲလှဲခံစားချက်များဖြင့် ကြည့်လိုက်သည်။ သူ့အမေအရင်းကပင် သူ့အကျိုးအတွက် ဧကရာဇ်၏အမိန့်ကို လူပုံအလယ်တွင် ပေါ်တင်ကြီး ဖီဆန်မည်မဟုတ်သော်ငြား ရက်အနည်းငယ်သာ သိကျွမ်းခဲ့ရသေးသော သူ့ညီမလေးကတော့ ဤသို့ပြုလုပ်ရန်ဆန္ဒရှိနေသည်။

ချန်လဲ့မင်းသမီးလေးက ဧကရာဇ်၏ဖိတ်ခေါ်မှုကို ငြင်းဆန်လိုက်သည်အားမြင်သောအခါ သူမက ဧကရာဇ်၏မျက်နှာသာပေးမှုကို ရရန် အခွင့်အရေးကို မည်သို့ဆုပ်ကိုင်ရမည်ကိုမသိကြောင်း မိန်းမစိုးခံစားလိုက်ရပြီး သူမအားအချိန်ကုန်ခံပြီး ဂရုစိုက်ဖို့ မတန်ဟု ကောက်ချက်ချလိုက်တော့၏။

မိန်းမစိုးက နောက်တောင်လှည့်မကြည့်တော့ဘဲ ဧကရာဇ်ထံသို့ သတင်းပို့ရန် ပြန်သွားတော့သည်။ ဧကရာဇ်က အမျက်ချောင်းချောင်းထွက်မည်ဟု လူတိုင်းက ထင်ထားခဲ့သော်ငြား အားလုံး၏မျှော်လင့်ချက်များနှင့် ဆန့်ကျင်ဘက်ပင် သူကနားလည်ကြောင်းပြရန် ခေါင်းညိတ်လိုက်ပြီး မိန်းမစိုးကို ထွက်သွားရန် လက်ယမ်းပြလိုက်၏။

မကြာမီမှာပင် စင်မြင့်ပေါ်တွင် မင်းဆရာကြီးက ဆုတောင်းပွဲအခမ်းအနားကို စတင်လိုက်တော့သည်။

ယွိဟွာက ဘေးတွင်ပျင်းရိပျင်းတွဲလှဲလျောင်းနေပြီး မင်းဆရာကြီးက ဆုတောင်းပွဲအတွက် လိုအပ်သော အထောက်အကူပြုပစ္စည်းများကို ဟိုဟိုသည်သည် ကိုင်တွယ်နေသည်ကိုကြည့်နေ၏။

အဝေးမှအရိပ်ထဲတွင် အမျိုးသားနှစ်ဦး ရပ်နေပြီး ထိုမြင်ကွင်းကို စောင့်ကြည့်နေကြသည်။

"မင်းဆရာကြီးက ဒီလောက်ခမ်းနားကြီးကျယ်တဲ့ပြပွဲကြီးကို လုပ်နေတာ၊ ချန်လဲ့မင်းသမီးလေးအတွက် ဘာထွက်ပေါက်မှချန်ထားပေးဖို့ ရည်ရွယ်ထားပုံမရဘူး"

အပြာရောင်ဝတ်ရုံနှင့် အမျိုးသားက အခြေအနေကို လုံးဝသတိမထားမိသေးသော ကောင်မလေးကို သနားကြင်နာစွာဖြင့် ကြည့်လိုက်သည်။

"ဘာလဲ၊ မင်းက သူမကို တကယ်သနားနေတာတော့ မဟုတ်ပါဘူးနော်၊ ဟုန်ဖူဘုန်းကြီးကျောင်းရဲ့ ကြေကွဲစရာ အခြေအနေကို မမေ့နဲ့"

အနက်ရောင်ဝတ်အမျိုးသားက သူ့ကို အလျင်အမြန် သတိပေးလိုက်၏။

"ငါက သနားကြင်နာတတ်တဲ့စိတ်တွေ လျှံကျနေတဲ့သူနဲ့ တူလို့လား"

အပြာရောင်ဝတ်အမျိုးသားက လှောင်လိုက်သည်။

"နည်းနည်းလေးတောင် မတူဘူး"

သူတို့နှစ်ဦးမှာ ငြင်းခုံနေခြင်းကိုရပ်လိုက်ကြပြီး စင်မြင့်ဆီသို့သာ အာရုံစိုက်လိုက်ကြတော့၏။

စင်မြင့်မှာ ခမ်းနားထည်ဝါပြီး တည်ငြိမ်မှုရှိကာ လျှို့ဝှက်ဆန်းကြယ်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ကြီးကျယ်ခမ်းနားသော ဝတ်ရုံများကို ဝတ်ထားပြီး ဆုတောင်းပွဲသုံးပစ္စည်းများကို ကိုင်ထားသော မင်းဆရာကြီးက လူအုပ်ကြီး၏စောင့်ကြည့်မှုအောက်တွင် ဂါထာမန္တာန်များကို ရွတ်ဆိုကာ ကောင်းချီးမင်္ဂလာများအတွက် နတ်ဘုရားများနှင့် နတ်မင်းများထံ ဆုတောင်းပေးနေပြီး ဤမတရားသဖြင့် သေဆုံးခဲ့ရသောဝိညာဉ်များကို ပိုမိုကောင်းမွန်သော ဘဝသစ်တစ်ခု ရစေရန် တမလွန်လောကသို့ ပို့ဆောင်ပေးနေ၏။

ဂါထာရွတ်ဆိုသံများ စတင်လာသည်နှင့် သာမန်အရပ်သားများက လက်အုပ်ချီကာ ရိုသေကိုင်းရှိုင်းစွာဖြင့် ခေါင်းငုံ့လိုက်ကြသည်။

အခိုးအငွေ့များက လူများ၏ဆန္ဒများကို နတ်ဘုရားများထံ သယ်ဆောင်သွားသကဲ့သို့ အပေါ်သို့လွင့်တက်သွားတော့၏။

ရှောင်ကျိုးက စင်မြင့်ပေါ်တွင် အဆက်မပြတ်ရွတ်ဆိုနေသော လူအုပ်ကြီးကို ငြီးငွေ့စွာကြည့်လိုက်ပြီးနောက် မှော်လက်နက်တစ်ခုကို ကိုင်ဆောင်ကာ ရုပ်လွန်ဆရာတစ်ဦးကဲ့သို့ ယတြာချေနေသော မင်းဆရာကြီးကိုကြည့်လိုက်သည်။ ရှောင်ကျိုးအကြည့်များက ဘယ်ညာယိမ်းနွဲ့နေသော မင်းဆရာကြီး၏ခြေထောက်များနောက်သို့ လိုက်သွား၏။

ရှောင်ကျိုး၏စူးစမ်းလိုစိတ်များ ရုတ်တရက် နိုးကြားလာတော့သည်။ သူမက မင်းဆရာကြီးတစ်ယောက် ကလိထိုးခံရမည်ကို ကြောက်မကြောက် စမ်းကြည့်ချင်လာ၏။

မင်းဆရာကြီး ထပ်မံခုန်တက်လိုက်ချိန်တွင် ရှောင်ကျိုး၏စိတ်စွမ်းအင်က သူ့ခြေဖဝါးအောက်သို့ တိတ်တဆိတ် ရောက်သွားပြီး ကလိထိုးလိုက်တော့သည်။

အာရုံစူးစိုက်မှုအပြည့်ဖြင့် ကခုန်နေသောမင်းဆရာကြီးမှာ ရုတ်တရက် "ဟီးဟီးဟီး"ဟူသော ထူးဆန်းသည့်ရယ်သံကြီးထွက်လာကာ ခြေခေါက်ပြီး မြေပြင်ပေါ်သို့ လဲကျသွားတော့၏။

လူတိုင်းက လဲကျသွားသောမင်းဆရာကြီးကို စူးစမ်းချင်စိတ်ဖြင့်ကြည့်လိုက်ကြသည်။

မင်းဆရာကြီးက တည်တည်ငြိမ်ငြိမ်ပင် ပြန်ထလာပြီး စင်မြင့်ပေါ်တွင် မတ်တပ်ရပ်ကာ ဘေးဘီဝဲယာကိုကြည့်ရင်း အလေးအနက် ပြောလိုက်သည်။

"ဒီနေရာမှာ မတရားသဖြင့် သေဆုံးခဲ့ရတဲ့ဝိညာဉ်တွေ စုဝေးနေကြတယ်၊ သူတို့ထဲက အများစုက လက်စားချေချင်တဲ့ နာကြည်းနေတဲ့ ဝိညာဉ်တွေဖြစ်နေပြီ၊ ဒီမတရားသဖြင့် သေဆုံးခဲ့ရတဲ့ဝိညာဉ်တွေကို လူဝင်စားဖို့ပို့ဆောင်ပေးနိုင်ဖို့ ဒီနိမ့်ကျတဲ့လူက တန်ဖိုးတစ်ခုပေးဆပ်ဖို့ လိုတယ်"

ထိုသို့ပြောပြီးနောက် သူ့မျက်လုံးများကို မှိတ်ကာ လက်အုပ်ချီပြီး ကျမ်းစာများကို တိတ်တဆိတ်စတင်ရွတ်ဆိုတော့၏။

မင်းဆရာကြီး၏စကားများက ဝန်းရံနေသောလူများအား ချက်ချင်းပင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်သွားစေပြီး ထင်ရှားလှသော သူ့ကရုဏာတရားက တကယ်ကိုစိတ်လှုပ်ရှားဖွယ် ကောင်းလှသည်။

ရှောင်ကျိုးက သူမစိတ်စွမ်းအင်ကို အသုံးပြုကာ မင်းဆရာကြီး၏ ပတ်ပတ်လည်တွင် ဆက်လှည့်ပတ်နေတော့၏။

မင်းဆရာကြီး၏ဂျိုင်းအောက်ကို ချိန်ကာ ရှောင်ကျိုးက သူ့ကို ညင်ညင်သာသာ အကြိမ်အနည်းငယ် ကလိထိုးလိုက်သည်။

ဟီးဟီးဟီး

ဘယ်ဘက်ကို ကုတ်လိုက်

ဟီးဟီးဟီး

ညာဘက်ကို ကုတ်လိုက်

ဟီးဟီးဟီး

အရမ်းပျော်စရာကောင်းတာပဲဟ အရမ်းပျော်စရာကောင်းတယ်

သူမက ဘယ်နှင့်ညာကိုထပ်စမ်းကြည့်လိုက်၏။

ဟီးဟီးဟီးဟီးဟီးဟီး

မင်းဆရာကြီးမှာ ထိန်းမနိုင်သိမ်းမရရယ်ရင်း မြေပြင်ပေါ်တွင်လူးလှိမ့်နေတော့သည်။

ဤတစ်ကြိမ်တွင် လူအုပ်ကြီးမှာ အံ့အားသင့်သွားရုံသာမက အလွန်အမင်းထိတ်လန့်သွားကြတော့၏။

မင်းဆရာကြီးကို နာကြည်းနေတဲ့ ဝိညာဉ်တစ်ကောင်က ဝင်ပူးသွားတာများလား။

လက်စားချေလိုသောဝိညာဉ်များက သူတို့အသက်ကို နှုတ်ယူရန် ဝန်းရံနေသကဲ့သို့ ကြက်သီးမွေးညှင်းထစရာ လေအေးတစ်သုတ်တိုက်ခတ်လာသည်ကို လူများက ရုတ်တရက်ခံစားလိုက်ရသည်။

ရှောင်ကျိုးက စင်မြင့်ပေါ်ရှိ မင်းဆရာကြီးကိုကြည့်ကာ ပါးစပ်ကိုအုပ်၍ တခစ်ခစ်ရယ်လိုက်၏။

ကျောက်ဟူနှင့် သူ့အပေါင်းအပါများက ထိုအသံကိုကြားသောအခါ နားမလည်နိုင်ဖြစ်သွားကြသည်။

ရွာသူကြီးလေးက ခုနက ဘာလို့ ဒီလောက်တောင်ငြိမ်နေရတာလဲ။

စင်ပေါ်ရှိ မင်းဆရာကြီးတစ်ယောက် စတင်ထိတ်လန့်လာတော့၏။ သူ တကယ်ကြီး သရဲနဲ့တွေ့နေတာလား။

တစ်စုံတစ်ယောက်က သူ့ခြေဖဝါးများနှင့် ဂျိုင်းများကို တကယ်ကလိလာထိုးနေခဲ့ခြင်းပင်။

ဤသို့သော နောက်ပြောင်မှုမျိုးကို ကလေးများသာ လုပ်လေ့ရှိကြ၏။ ဟုန်ဖူဘုန်းကြီးကျောင်းတွင် မြှုပ်နှံထားသော ကလေးငယ်များစွာ၏ရုပ်ကြွင်းများကို တွေးမိသောအခါ သူ့ကို အစွမ်းကုန် လှည့်စားနောက်ပြောင်ရန် ကြိုးစားနေကြသည့် သူတို့၏လက်စားချေလိုသော ဝိညာဉ်များ၏ ဝန်းရံခံထားသကဲ့သို့ မင်းဆရာကြီး ခံစားလိုက်ရတော့သည်။

အခြေအနေကို ဤအတိုင်းဆက်ထား၍မဖြစ်တော့ကြောင်း မင်းဆရာကြီး ခံစားလိုက်ရပြီး လိုရင်းကိုသာ တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်၏။

သူက ဖြည်းဖြည်းချင်းမတ်တပ်ရပ်ပြီး ပြောလိုက်သည်။

"ဒီကလေးတွေက ငါ သူတို့ကို ပို့ဆောင်ပေးတာကိုမလိုချင်ကြဘူး ထင်တယ်"

ထိုသို့ပြောပြီးနောက် မင်းဆရာကြီးက ဘာမှမတတ်နိုင်ဟန်ဖြင့် ပါးစပ်ကိုအုပ်ကာရယ်နေသော ရှောင်ကျိုးကိုကြည့်ရင်း ပြောလိုက်၏။

"ချန်လဲ့မင်းသမီးလေးက ဟုန်ဖူဘုန်းကြီးကျောင်းရဲ့ပြစ်မှုတွေကို ဖော်ထုတ်ပေးခဲ့လို့ အဲ့ဒီမှာမြှုပ်နှံထားတဲ့ အရိုးစုတွေ နေရောင်ပြန်မြင်ခွင့်ရခဲ့တယ်လို့ ကြားတယ်၊ ဒီနာကြည်းနေတဲ့ ဝိညာဉ်တွေက ချန်လဲ့မင်းသမီးလေးကို ပိုပြီးယုံကြည်လက်ခံပုံရတယ်၊ ဒီမတရားသေဆုံးခဲ့ရတဲ့ ဝိညာဉ်တွေကို ပို့ဆောင်ပေးဖို့အတွက် ချန်လဲ့မင်းသမီးလေးစင်ပေါ်ကို တက်လာပေးဖို့ ဆန္ဒရှိမလား မသိဘူး”

All Chapters