← Chapters

အခန်း ၁၁၄

Vol. 12 Ch. 114

အခန်း ၁၁၄

Vol. 12 Ch. 114

114

"ဟမ် အသားစားလို့မရဘူးလား"

စတုတ္ထမင်းသားက အထိတ်တလန့်ဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်၏။

ရှောင်ကျိုး အတည်ပေါက်ဖြင့် ခေါင်းညိတ်ပြကာ ပြောသည်။

"မရဘူး"

သူ့စိတ်ထဲ အတန်ကြာလွန်ဆွဲနေပြီးနောက် စတုတ္ထမင်းသားက စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်တော့၏။

"ဒါဆို ဒါဆို ငါမကျင့်တော့ဘူး"

အသားဟင်းမည်သည် မရှိမဖြစ်ပင်။ မည်သည့်ထမင်းစားပွဲတွင်မှ ချန်လှပ်ထား၍ မရပေ။

ရှောင်ကျိုးက သူ့ကိုစကားပင်မပြောနိုင်တော့ဘဲ ကြည့်နေလိုက်တော့၏။

ဤလူနှင့် ဝမ်ကျီရုံက အဖေမတူအမေကွဲညီအစ်ကိုများ ဖြစ်ကြသည်။

လူအုပ်ကြီး ပြန်တော့မည်ကိုမြင်လိုက်ရချိန်တွင် စတုတ္ထမင်းသားမှာ ကမန်းကတန်းဖြင့်လိုက်လာတော့၏။

ဖက်တီးလေးက သူ့ကိုအမြန်တားလိုက်တော့သည်။

"မင်းက ဘာလို့ ငါတို့နောက်လိုက်လာတာလဲ၊ ငါတို့မိသားစုထဲမှာ အစားပုပ်တဲ့သူ နောက်ထပ်တစ်ယောက်မလိုတော့ဘူး"

အစောင့် ၂ ယောက် ရောက်လာကတည်းက ဖက်တီးလေးခမျာ ထမင်းစားနေချိန်၌ စကားပင်မဟရဲတော့ပေ။

စကားတစ်ခွန်း ပိုပြောလိုက်သည်နှင့် စားပွဲပေါ်ရှိ ဟင်းတစ်ပွဲလျော့သွားသကဲ့သို့ အိုးထဲမှထမင်းတစ်ပန်းကန်လည်း လျော့သွားတတ်၏။

စတုတ္ထမင်းသားက ပြန်ဟောက်လိုက်၏။

"မင်းကများ ငါ့လမ်းကိုပိတ်ရပ်ရဲတယ်ပေါ့လေ"

ဖက်တီးလေးက လုံးဝမကြောက်ဘဲ ပြန်ပြောလိုက်၏။

"ဒါဆို ငါတို့နောက်မလိုက်ခဲ့နဲ့လေ၊ မင်း မလိုက်ရင် ငါလည်း တားနေမှာမဟုတ်ဘူး"

စတုတ္ထမင်းသားက ဤမျှမောက်မာသည့်ဖက်တီးမျိုးကို တစ်ခါမှမမြင်ဖူးခဲ့ချေ။ သူ့ဘေးနားရှိလူတိုင်းက သူငယ်ငယ်ကတည်းက ဖူးဖူးမှုတ်၍ ခခယယ ဆက်ဆံခဲ့ကြသည်ချည်းပင်။ ဤလူက သူ့ကိုဦးမညွှတ်သည့်အပြင် သူ့လမ်းကိုပင် ပိတ်ရပ်ရဲသေးသည်။

"ဖယ်စမ်း၊ ငါရိုင်းတော့မှ ငါ့ကိုအပြစ်မတင်နဲ့နော်"

စတုတ္ထမင်းသား ခြိမ်းခြောက်လိုက်၏။

"မဖယ်နိုင်ပါဘူး"

ဖက်တီးလေးက ခေါင်းမာမာဖြင့် ပြန်ပြောလိုက်သည်။

"ထပ်ပြောကြည့်စမ်း"

စတုတ္ထမင်းသားမှာ ဒေါသထွက်သွားတော့သည်။ ဤသို့ရိုင်းစိုင်းမှုအတွက် သူ့ခမည်းတော်အား အပြစ်ပေးခိုင်းချင်နေ၏။

"မဖယ်နိုင်ပါဘူး၊ အစ်မရှောင်ရှောင်ရဲ့ ဝက်နံရိုးပေါင်းကို ငါတို့နဲ့အတူ လိုက်စားဖို့ စိတ်ကူးတောင်မယဉ်နဲ့"

ဖက်တီးလေးက လက်နှစ်ဖက်ကိုကားထားပြီး စတုတ္ထမင်းသားကို ပိတ်ရပ်လိုက်၏။

အစားအသောက်အကြောင်း ကြားလိုက်ရသည်နှင့် စတုတ္ထမင်းသား၏ဒေါသများ ချက်ချင်း ပျောက်ချသွားတော့သည်။

သူက သူတို့နှင့်အတူ လိုက်သွားရန်မရည်ရွယ်ခဲ့ချေ။ ချန်လဲ့အား အသားမစားရခြင်းမှလွဲ၍ နတ်ဆိုးနှိမ်နင်းရန် အခြားနည်းလမ်းများရှိသေးသလားဟုသာ မေးချင်ခဲ့ခြင်းပင်။ ယခု အစားအသောက်အကြောင်း ကြားလိုက်ရသောအခါ ၎င်းကမည်သည့်အရာဖြစ်ကြောင်း သူသိချင်သွားတော့သည်။ မြို့တော်၌ သူတစ်ခါမှမကြားဖူးသော အစားအသောက်များရှိနေခြင်းပင်။

စတုတ္ထမင်းသားက ဖက်တီးလေးကို တောက်ပနေသောမျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

"ဝက်နံရိုးပေါင်းဆိုတာ ဘာကြီးလဲ၊ အရသာရှိလား"

"အရသာရှိတာပေါ့၊ အစ်မရှောင်ရှောင် လုပ်သမျှ အကုန်အရသာကောင်းတာချည်းပဲ၊ အစ်မရှောင်ရှောင်က လောကကြီးထဲမှာ အတော်ဆုံးစားဖိုမှူးပဲ"

ဖက်တီးလေးက အပီအပြင်ဂုဏ်ယူဝင့်ကြွားသောဟန်ဖြင့် ပြောလိုက်၏။

"ငါ မယုံဘူး၊ ကမ္ဘာပေါ်မှာ အတော်ဆုံးစားဖိုမှူးက နန်းတွင်းစားဖိုမှူးပဲ၊ မင်း လိမ်နေတာ"

စတုတ္ထမင်းသားက ချက်ချင်းပင် ဒေါသတကြီးပြန်ချေပလိုက်သည်။

အပြင်ဘက်မှ စားဖိုမှူးတစ်ယောက်က နန်းတွင်းစားဖိုမှူးတွေလောက် ဘယ်လိုလုပ် ကျွမ်းကျင်နိုင်ပါ့မလဲ။

ဤဖက်တီးက တောသားလေးနှင့်တူသော်ငြား သူကဲ့သို့ မင်းသားတစ်ပါးရှေ့တွင် အဓိပ္ပာယ်မရှိသည်များကို ရဲရဲတင်းတင်းပြောရဲသည်။

"မင်းသာလိမ်နေတာ၊ အစ်မရှောင်ရှောင်က ကမ္ဘာပေါ်မှာ အကောင်းဆုံးစားဖိုမှူးပဲ၊ မင်း မယုံရင်လည်းနေပေါ့၊ ငါ အခုချက်ချင်း မင်းကို ငါ့အိမ်ဖိတ်ပြီးမြည်းခိုင်းမယ်၊ အဲ့ကျမှ ဘယ်သူလိမ်နေလဲဆိုတာ မင်းသိသွားလိမ့်မယ်"

"ကောင်းပြီလေ ငါ လိုက်ခဲ့မယ်၊ ဘယ်သူက ဘယ်သူ့ကိုကြောက်ရမှာလဲ"

"သွားမယ်၊ အခု သွားမယ်"

သူတို့နှစ်ယောက်မှာ ခြေလှမ်းကျဲကြီးများဖြင့် တက်တက်ကြွကြွ ရှေ့သို့ လျှောက်သွားကြတော့၏။

ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သောလူအုပ်ကြီးမှာ လုံးဝကို အံ့အားသင့်သွားကြတော့သည်။

အားသို့က မနေနိုင်ဘဲပြောလိုက်၏။

"ဦးလေးချင်ဆီ ဝမ်ကျီရုံရဲ့ခေါင်းကို တစ်ချက်လောက် စစ်ခိုင်းကြည့်ရမလား၊ သူနဲ့ ကျောက်ဟူတို့ဥာဏ်ရည်က ငါတို့နဲ့ယှဉ်ရင် အများကြီးလိုနေသလို ခံစားရတယ်"

ရှန်းကျစ်ယွမ်က ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်ပြကာပြောလိုက်သည်။

"ငါလည်း အဲ့လိုပဲထင်တယ်၊ သူတို့ခေါင်းတွေက ဗလာကြီးဖြစ်နေသလိုပဲလို့ အမြဲခံစားရတယ်၊ ငါတို့ ဦးလေးချင်ကို သေချာစစ်ဆေးခိုင်းသင့်တယ်"

"မင်းတို့နှစ်ယောက် ငါ့အကြောင်း အတင်းတုပ်နေတာကို ငါနဲ့ခပ်လှမ်းလှမ်းသွားပြီး ပြောလို့မရဘူးလား၊ ငါ ကြားနေရတယ်ကွ"

ကျောက်ဟူက လူစုကိုဒေါသတကြီးဖြင့် စိုက်ကြည့်လိုက်၏။

ရှီအန်းက အံ့သြတကြီးပြောလိုက်သည်။

"မင်း နားလည်တယ်ပေါ့၊ ငါတို့က မင်း နားမလည်ဘူးထင်နေတာ"

ကျောက်ဟူက ပိုပိုပြီးတောင့်တင်းလာသော သူ့လက်မောင်းကို မြှောက်ပြလိုက်သည်။

"ချမလား"

"လူကြီးလူကောင်းဆိုတာ လက်သီးမသုံးဘူး၊ စကားပဲ သုံးတာ"

ထိုသို့ပြောပြီးသည်နှင့် လူအုပ်ကြီးမှာ ကျောက်ဟူကို ချက်ချင်းထားရစ်ခဲ့ပြီး ပြေးထွက်သွားကြတော့သည်။

လမ်းခရီးတွင် အဘွားရွှီက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"တစ်ခုခုကို မေ့ကျန်ခဲ့သလိုပဲ၊ စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်နေတယ်"

ထိုစကားကိုကြားသောအခါ ရှောင်ကျိုးနှင့် အခြားသူများက နောက်သို့ လှည့်ကြည့်လိုက်ကြ၏။

အဘွားရွှီက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော ကျန်းဟယ်ကိုပွေ့ချီထားသည်။ လူအုပ်ကြီးမှာ ရုတ်တရက်သတိဝင်လာကြတော့၏။

"ရှီထုံရော"

‘ဒုက္ခပါပဲ၊ ရှီထုံက ဒုတိယမင်းသားနောက်လိုက်သွားတာများလား’

လူအုပ်ကြီးက ဒုတိယမင်းသား၏အခြွေအရံများ အဝေးသို့လျှောက်သွားသည်ကို ကြည့်နေလိုက်ကြသည်။

"ငါတို့ သွားခေါ်လာခဲ့ရမလား"

လူအုပ်ကြီးက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

ကောင်းပြီလေ။ သူတို့အားလုံးက တစ်ယောက်ထက်တစ်ယောက် ပိုအပျင်းထူနေကြခြင်းပင်။

"ဒုတိယအစ်ကိုက ရှီထုံကို တကယ် သဘောကျနေပုံရတယ်၊ သူ့ကို ရက်အနည်းငယ်လောက် ခေါ်ထားခိုင်းလိုက်ရင် မကောင်းဘူးလား၊ ရှီထုံ အိမ်ပြန်ချင်တဲ့အခါ သူပြန်ပို့ပေးနိုင်မှာပါ"

ရှောင်ကျိုးက ရှီထုံအတွက် စိတ်မပူပေ။ မည်သို့ပင်ဆိုစေ သူမအမြင်တွင်တော့ သူမ၏ဒုတိယအစ်ကိုမှာ အင်မတန်သဘောကောင်းသောလူဖြစ်ပြီး သူ့အတွက်ပင် စိတ်မကောင်းဖြစ်မိသေးသည်။ ခေါ်သွားနိုင်သောလူများစွာထဲမှ ရှီထုံကိုခေါ်သွားမိခြင်းပင်။

ရှီထုံမှာ ရက်အနည်းငယ်ကြာတိုင်း ကမ္ဘာပျက်မတတ် အော်ငိုတတ်သည်ကို သတိရသွားချိန်တွင်တော့ လူတိုင်းက ထိုဆုံးဖြတ်ချက်ကို ချက်ချင်း သဘောတူလိုက်ကြတော့သည်။

တစ်ဖက်တွင်လည်း ဒုတိယမင်းသားက သူပွေ့ချီထားသောကလေးကို ပြန်မပေးရသေးကြောင်း သတိထားမိသွား၏။ ကလေးကို အလွယ်တကူပွေ့ချီထားလိုက်မိရာမှ မေ့သွားခဲ့ပြီး ယခုမှပြန်သတိရလာခြင်းဖြစ်၏။

အိပ်ပျော်နေသော ရှီထုံကိုကြည့်ရင်း ချန်လဲ့မင်းသမီးလေးဘေးရှိ အဘွားက သူ့ကို သေချာပေါက်မှတ်မိမည်ဖြစ်ပြီး နောက်မှ ရှီထုံကိုလာခေါ်ရန် လူလွှတ်လိမ့်မည်ဟု ဒုတိယမင်းသားတွေးလိုက်သည်။

ဒုတိယမင်းသားစံအိမ်တော်သို့ ရောက်လာသည်အထိ လမ်းခရီးတစ်လျှောက်တွင် ကလေးကိုလာကြိုသူတစ်ယောက်မျှမရှိခဲ့သဖြင့် တစ်ခုခု မှားနေပြီဟု ဒုတိယမင်းသားသတိထားမိသွားတော့သည်။

ဒုတိယမင်းသားက ရှီထုံကိုစံအိမ်တော်ထဲသို့ ပွေ့ချီသွားရင်းပင် အိမ်တော်ထိန်းအား ညွှန်ကြားချက်ပေးရန်မမေ့ခဲ့ပေ။

"ချန်လဲ့မင်းသမီးလေးဘက်က တစ်ယောက်ယောက် ရောက်လာရင် အထဲကိုပေးဝင်လိုက်"

ထိုသို့ပြောပြီးနောက် သူက ရှီထုံကို ကြင်ယာတော်၏အခန်းထဲသို့ ပွေ့ချီသွားတော့သည်။

ကြင်ယာတော်က သူမအရှင်မှ ကလေးတစ်ယောက်ကို ပွေ့ချီလာသည်အားမြင်သောအခါ သူမခေါင်းထဲတွင် အချက်ပေးခေါင်းလောင်းသံများ ချက်ချင်းထွက်ပေါ်လာတော့၏။

‘သူတို့ လက်ထပ်ထားတာ မကြာသေးဘူး၊ အရှင့်မှာ ကလေးတစ်ယောက်တောင် ရှိနေပြီလား’

ဒုတိယမင်းသားက တောင့်တောင့်ကြီး ပြောလိုက်သည်။

"ဒီကလေးကို ခဏဂရုစိုက်ပေးဖို့ ကြင်ယာတော်ကို ဒုက္ခပေးရဦးမယ်၊ ချန်လဲ့မင်းသမီးလေးက နောက်မှ သူ့ကိုလာခေါ်ဖို့ လူလွှတ်လိမ့်မယ်"

ဒုတိယမင်းသား စကားပြောအပြီးတွင် ရှီထုံကိုကြင်ယာတော်ထံ ကမ်းပေးကာ နောက်တောင်လှည့်မကြည့်ဘဲ ထွက်သွားတော့၏။

ကြင်ယာတော်က သူမရင်ခွင်ထဲ၌ အိပ်ပျော်နေသော ကလေးလေးကိုကြည့်ကာ စူးစမ်းချင်စိတ်ဖြင့် ပါးလေးကို ထိုးကြည့်လိုက်၏။

‘ကလေးရဲ့ပါးလေးတွေက အရမ်းနူးညံ့တာပဲ’

ဒုတိယမင်းသားက နောက်တောင်မလှည့်ကြည့်ဘဲ ထွက်သွားသည်ကိုမြင်ပြီး သူမ၏သခင်မက ကလေးများကို မည်မျှချစ်ခင်ကြောင်း သတိထားမိသောအခါ အစေခံမလေးက စိုးရိမ်တကြီးဖြင့် တီးတိုးပြောလိုက်သည်။

"ကြင်ယာတော်၊ ကြင်ယာတော်နဲ့ အရှင်တို့ လက်ထပ်ထားတာ အချိန်အတော်ကြာပြီဖြစ်ပေမဲ့ အရှင်ကကြင်ယာတော်ရဲ့အခန်းမှာ တစ်ညမှမအိပ်ဖူးဘူး၊ ဒီအတိုင်းဆိုရင် ကြင်ယာတော်က ဘယ်တော့များမှ ကလေးရနိုင်မှာလဲ"

ထိုစကားကိုကြားသောအခါ ကြင်ယာတော်မျက်နှာပေါ်တွင် ဝမ်းနည်းမှုအရိပ်အယောင်များ ဖြတ်ပြေးသွားသော်ငြား သူမ ချက်ချင်းပင်ဟန်ကို့ဖို့ကာ ပြန်ထိန်းချုပ်လိုက်၏။

သူမနှင့် ဒုတိယမင်းသားမှာ ဧကရာဇ်၏အမိန့်တော်ဖြင့် လက်ထပ်ခဲ့ကြခြင်းဖြစ်ပြီး ဒုတိယမင်းသားက သူမအပေါ် မည်သည့်ခံစားချက်မျှမရှိပေ။ ယခု အခြေအနေက ဤသို့ဖြစ်နေ၍ တစ်ယောက်ကိုတစ်ယောက် အနှောင့်အယှက်မပေးခြင်းကသာ ပိုကောင်းလှ၏။

ကြင်ယာတော်က အစေခံမလေးကို ညင်ညင်သာသာ နှစ်သိမ့်လိုက်သည်။

"အရှင်နဲ့ ငါနဲ့လက်ထပ်ထားတာ သိပ်မကြာသေးပါဘူး၊ ဒီလိုကိစ္စတွေကို လောနေလို့လည်း အလကားပဲ၊ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ကြတာပေါ့"

အစေခံမလေး၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများ ပေါ်လွင်နေပြီး သူမလေသံကလည်း စိုးရိမ်မကင်းဖြစ်မှုများဖြင့် ပြည့်နှက်နေ၏။

"ဒါပေမဲ့ သခင်မလေးဟယ်က သူ့အစ်ကိုနဲ့အတူ ဒုတိယမင်းသားစံအိမ်တော်ကို မကြာခဏလာတတ်တယ်လေ၊ သခင်မလေးဟယ်က အရှင့်ကို စိတ်ဝင်စားနေတယ်ဆိုတာ မျက်စိရှိတဲ့သူတိုင်းမြင်နိုင်တယ်၊ သခင်မလေးဟယ်နဲ့ အရှင်က အတူတူကြီးပြင်းလာခဲ့ကြပြီး အစောကြီးမဟုတ်ရင်တောင် တစ်နေ့နေ့မှာ ဒုတိယမင်းသားစံအိမ်တော်ထဲကို ဝင်လာလိမ့်မယ်လို့ စံအိမ်တော်ကလူတိုင်း ပြောနေကြတယ်၊ ကြင်ယာတော်၊ ကြင်ယာတော်က ဘာလို့ နည်းနည်းလေးမှ စိတ်မပူရတာလဲ၊ သခင်မလေးဟယ်က ဘယ်လောက်တောင် မောက်မာလဲဆိုတာ ကြင်ယာတော်မသိပါဘူး၊ သူက သူ့ကိုယ်သူ ဒုတိယမင်းသားစံအိမ်တော်ရဲ့ သခင်မလို့တောင် ထင်နေပြီ"

ရှီထုံ အိပ်ပျော်နေဆဲဖြစ်သည်ကိုမြင်သောအခါ ကလေးနိုးသွားမည်စိုး၍ အသံကို တိုးတိုးထားရန် အစေခံမလေးအား ကြင်ယာတော်က အမြန်သတိပေးလိုက်၏။

သူမ၏သခင်မက ကလေးနှင့် ကစားချင်စိတ်ရှိနေသေးသည်ကို မြင်သောအခါ အစေခံမလေးမှာ ခြေဆောင့်မတတ် စိုးရိမ်တကြီးဖြစ်သွားတော့သည်။

"ကြင်ယာတော်၊ သခင်မလေးဟယ် အိမ်တော်ထဲမဝင်လာခင် ကြင်ယာတော်က အရှင့်ရဲ့ကလေးကိုရအောင် ယူဖို့ နည်းလမ်းတစ်ခု စဉ်းစားသင့်တယ်”

All Chapters