← Chapters

အခန်း ၁၁၅

Vol. 12 Ch. 115

အခန်း ၁၁၅

Vol. 12 Ch. 115

115

ရှောင်ကျိုးတို့ တည်းခိုခန်းသို့ပြန်ရောက်လာချိန်တွင် တံခါးဝ၌ သူတို့ကို တစ်စုံတစ်ယောက် စောင့်နေသည်ကို တွေ့လိုက်ရ၏။

အိမ်တော်ထိန်းလျို့က ချန်လဲ့မင်းသမီးလေး အဝေးမှလျှောက်လာသည်ကို မြင်သောအခါ ရိုရိုသေသေဖြင့် ရှေ့သို့တိုးလာပြီးပြောသည်။

"ဒီအဘိုးကြီးက မင်းသမီးလေးကို ဂါရဝပြုပါတယ်၊ မင်းသမီးလေး အသက်ရာကျော်ရှည်ပါစေ"

ရှောင်ကျိုး ရိုးရိုးရှင်းရှင်းလက်ဟန်လေးဖြင့် အိမ်တော်ထိန်းကိုထူပေးလိုက်၏။ သူမက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ငါ့ကို ရှာနေတာလား"

သူမကတော့ ဤလူကိုမသိကြောင်း သတိထားမိသွား၏။ အိမ်တော်ထိန်းက မျှော်လင့်ချက်များအပြည့်ပါသော မျက်လုံးများဖြင့်ပြုံးကာ ခင်မင်ရင်းနှီးသောလေသံဖြင့် ပြောလာသည်။

"မင်းသမီးလေး မင်းသမီးစံအိမ်တော်ကို ဘယ်တော့လောက်ပြန်လာဖို့ အစီအစဉ်ရှိလဲ၊ မကြာသေးခင်ကမှ ဧကရာဇ်က ဒီစံအိမ်တော်ကို မင်းသမီးလေးအတွက် ချီးမြှင့်ထားတာပါ၊ ဒီအဘိုးကြီးကလည်း အဲ့ဒီမှာပဲစောင့်နေခဲ့ရတာ၊ ဒါပေမဲ့ မင်းသမီးလေးက တည်းခိုခန်းမှာပဲ တည်းနေခဲ့တာကိုး"

ရှောင်ကျိုးက အချိန်အတော်ကြာ စဉ်းစားပြီးမှသာ လွန်ခဲ့သည့်အချိန်အတန်ကြာက သူမ အိမ်တစ်လုံး အလကားရခဲ့ဖူးသလိုလို ရှိကြောင်းကို ပြန်သတိရသွားတော့သည်။

ရှောင်ကျိုးက ထိုလူကို စိုက်ကြည့်ကာ မေးလိုက်၏။

"ဒါဆို နင်ကဘယ်သူလဲ"

အိမ်တော်ထိန်းက ချက်ချင်းပင်ပြုံးကာ ပြောသည်။

"မင်းသမီးလေး၊ ဒီအဘိုးကြီးက မင်းသမီးစံအိမ်တော်ရဲ့ အိမ်တော်ထိန်းပါ၊ မင်းသမီးလေးကို အိမ်ပြန်ခေါ်ဖို့ ရောက်လာတာပါ"

"အိမ်တော်ထိန်း၊ ငါက ဘယ်မှာနေရမှာလဲ"

ရှောင်ကျိုးက သူ့ကိုတောက်ပနေသော မျက်လုံးလေးများဖြင့် ကြည့်လိုက်၏။

‘မင်းသမီးလေးက နောက်ဆုံးတော့ ပြန်လာဖို့ ဆုံးဖြတ်လိုက်ပြီလား’

အိမ်တော်ထိန်းက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"မင်းသမီးလေးက စံအိမ်တော်ကိုပြန်ဖို့ အစီအစဉ်ရှိတာလား"

‘သေချာပေါက် သွားရမှာပေါ့၊ အလကားရတဲ့အိမ်ကို ငြင်းစရာ အကြောင်းမှ မရှိတာ’

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။

"ငါ ပြန်မယ်၊ ပစ္စည်းတွေသိမ်းဖို့ ခဏစောင့်ဦး"

အိမ်တော်ထိန်းက သူ့လက်ကိုဝှေ့ယမ်းလိုက်ရာ အစေခံများနှင့် အိမ်‌ဖော်မလေးများတစ်အုပ်ကြီး သူ့နောက်မှ ထွက်ပေါ်လာတော့သည်။

"ရထားလုံး အဆင်သင့်ရှိပါတယ်၊ မင်းသမီးလေးက စံအိမ်တော်ကို အရင်သွားလို့ရပါပြီ၊ ကျန်တာတွေအတွက်တော့ ကိုယ်တိုင်လုပ်စရာမလိုပါဘူး၊ သူတို့ကိုသာ လွှဲထားလိုက်ပါ"

အိမ်တော်ထိန်းမှာ မင်းသမီးလေး ပြန်လာမည့်အချိန်ကို လည်တဆန့်ဆန့်ဖြင့် စောင့်နေခဲ့ခြင်းပင်။ အပြင်တွင်နေ,နေသော မင်းသမီးလေးက ပြန်လာမည့် အရိပ်အယောင်မပြသဖြင့် နောက်ဆုံးတွင် သူလည်းထိုင်မနေနိုင်တော့ဘဲ သူ့အဖွဲ့သားများကိုခေါ်ကာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖိတ်ခေါ်ရတော့၏။

ရုတ်တရက် ပေါ်ထွက်လာသော လူအုပ်ကြီးကိုကြည့်ရင်း ရှောင်ကျိုးက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ဒီလူတွေအကုန်လုံးက မင်းသမီးစံအိမ်တော်ကလား"

အိမ်တော်ထိန်းမှ ကမန်းကတန်းပြန်ဖြေ၏။

"မင်းသမီးလေး၊ ဒီလူတွေအကုန်လုံးက စံအိမ်တော်က အစေခံတွေပါ၊ အဲ့ဒီမှာ စောင့်နေတဲ့သူတွေ အများကြီးရှိပါသေးတယ်"

ရှောင်ကျိုးက စူးစမ်းလိုစိတ်ဖြင့်ထပ်မေးလိုက်သည်။

"ဒါဆို သူတို့ရဲ့လုပ်အားခတွေ အကုန်လုံးကို ငါကပေးရမှာလား"

သူမအဘွား၏အိမ်တော်၌ အစေခံများအတွက် လုပ်အားခကို သူမ၏အဘွားနှင့် အဒေါ်များက စီစဉ်ပေးရကြောင်း သတိရသွားကာ ရှောင်ကျိုးက သူမပိုက်ဆံအိတ်လေးကို စိုးရိမ်တကြီး ဆုပ်ကိုင်လိုက်၏။

သူမ စိုးရိမ်နေသည်ကိုမြင်သောအခါ အိမ်တော်ထိန်းက အမြန်ရှင်းပြသည်။

"မင်းသမီးလေး စိတ်ပူစရာမလိုပါဘူး၊ စံအိမ်တော်မှာ ကိုယ်ပိုင်ခြံမြေတွေနဲ့ လယ်ယာတွေရှိပြီး ဝင်ငွေအများကြီးရပါတယ်၊ ဒါ့အပြင် ဧကရာဇ်ကလည်း မြေဂရန်တွေနဲ့ ဆိုင်ခန်းတွေ အများကြီးကိုလည်း စံအိမ်တော်အတွက် ချီးမြှင့်ထားပါသေးတယ်၊ ဒီဝင်ငွေတွေက အစေခံတွေကို ထောက်ပံ့ဖို့ လုံလောက်ရုံတင်မကပါဘူး"

"ငါ့အဖေက အဲ့လောက်တောင် သဘောကောင်းတာလား"

ရှောင်ကျိုးခမျာ အနည်းငယ်သံသယဝင်သွားတော့၏။ သူမအဖေနှင့် တစ်ခါသာတွေ့ဖူးသေးသော်ငြား သူမကို အိမ်နှင့် ငွေများပေးနေလေပြီပင်။ ထို့ကြောင့် သူမ သိပ်မရင်းနှီးသေးသော သူမ၏အဖေကို နောက်တစ်ခါတွေ့လျှင် လက်ဆောင်တစ်ခုခုပေးရန် ဆုံးဖြတ်လိုက်တော့သည်။

"နောင်ဆိုရင် စံအိမ်တော်မှာ ပိုင်ဆိုင်မှုတွေပိုများလာဦးမှာမို့ အစေခံတွေရဲ့လစဉ်လုပ်အားခအတွက် မင်းသမီးလေး စိတ်ပူစရာမလိုပါဘူး"

အိမ်တော်ထိန်းက ထပ်ဖြည့်ပြောလိုက်သည်။

ရှောင်ကျိုးလေးခမျာ အများကြီး စိတ်သက်သာရာရသွားတော့၏။

စံအိမ်တော်သို့မထွက်မီ သူမအဘွားနှင့် အခြားသူများကို သွားပြောရန် ဆုံးဖြတ်လိုက်သည်။

သူမက တည်းခိုဆောင်ထဲသို့ပြေးဝင်သွားကာ အဘွားဖြစ်သူနှင့် အဒေါ်များကို နှုတ်ဆက်လိုက်ပြီး သခင်မကြီးရှီမှာလည်း ထိုနေ့တွင်ပင် ကျန်းပေနယ်စားအိမ်တော်သို့ ပြန်ပြောင်းရွှေ့ရန် ပြင်ဆင်နေကြောင်း သိလိုက်ရ၏။

သခင်မကြီးရှီက မြေးဖြစ်သူနှင့် ခွဲရမည်ကို နှမြောနေသော်ငြား သူမ၏ကိုယ်ပိုင်စံအိမ်တော်အတွက် မည်မျှစိတ်လှုပ်ရှားနေကြောင်းမြင်သောအခါ သခင်မကြီးရှီက သူမကို သွားခွင့်ပြုလိုက်တော့သည်။ သူမက ရှောင်ကျိုးကို ကျန်းပေနယ်စားအိမ်တော်သို့ မကြာခဏအလည်လာရန် ထပ်ခါတလဲလဲ မှာကြားလိုက်၏။

ရှောင်ကျိုးက ချက်ချင်းပင်သဘောတူလိုက်ပြီး သူမအဘွားနှင့် အဒေါ်များကို မင်းသမီးစံအိမ်တော်တွင်လာနေရန် ဖိတ်ခေါ်လိုက်သည်။

သို့ရာတွင် သခင်မကြီးက မကြာခဏ အလည်လာမည်ဟုပြောကာ ငြင်းလိုက်၏။ အကယ်၍ ကျန်းပေနယ်စားမိသားစုသာ မင်းသမီးစံအိမ်တော်ထဲသို့ ပြောင်းရွှေ့သွားပါက မြို့တော်မှလူများက သူမမြေးလေးကို လှောင်ကြလိမ့်မည်။

ထို့ကြောင့် အိမ်တော်နှစ်ခုစလုံးမှ အစေခံများမှာ ပစ္စည်းများကို ဟိုရွှေ့ဒီပြောင်းလုပ်ရင်း အလုပ်များနေကြတော့သည်။

ရထားလုံးပေါ်တွင် ကျောက်ဟူက စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်၏။

"ရွာသူကြီးလေး၊ ရွာသူကြီးလေးရဲ့အဖေပေးတဲ့အိမ်က အရမ်းကြီးတာ မဟုတ်ဘူးလား"

ရှောင်ကျိုး ခေါင်းခါပြလိုက်သည်။ သူမ တစ်ခါမှမမြင်ဖူးခဲ့ပေ။ အကယ်၍ အိမ်တော်ထိန်းကသာ လာမပြောခဲ့လျှင် သူမခမျာ ဤကိစ္စကို လုံးဝမေ့သွားလောက်ပြီဖြစ်၏။

အားသို့က ခဏစဉ်းစားလိုက်ပြီးနောက် သဘောပေါက်သွားတော့သည်။

"ရွာသူကြီးလေးအဘွားရဲ့အိမ်တော်ထက်တော့ ပိုကြီးမှာ သေချာတယ်"

"ကွတ် ကွတ် ကွတ် ကွတ်"

'သခင်မလေး၊ ဒါက ငါ့ရဲ့ဗီလာပဲ'

ရှောင်ကျိုးက ယွိဟွာကို တံတောင်ဖြင့် တွတ်ကာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ နင့်ရဲ့ဗီလာက သေချာပေါက် အဆင့်အတန်းလျော့သွားမှာ မဟုတ်ပါဘူး"

ယွိဟွာက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်၏။

ရထားလုံးက မင်းသမီးစံအိမ်တော်သို့ ဆိုက်ရောက်သွားပြီးနောက် ရှောင်ကျိုးတို့ အောက်သို့ခုန်ဆင်းကာ အထဲသို့ ပြေးဝင်သွားကြတော့သည်။

စံအိမ်တော်မှာ နန်းတော်ငယ်လေးတစ်ခုနှင့်တူကာ ခမ်းနားထည်ဝါလှသည်။ ရွှေရောင်၊ ကျောက်စိမ်းရောင်များဖြင့် တောက်ပနေကာ တည်ငြိမ်ခံ့ညားပြီး တော်ဝင်မိသားစု၏ဂုဏ်ကျက်သရေကို ဖော်ညွှန်းနေ၏။

အတွင်းပိုင်းကိုလည်း ဇိမ်ခံကော်ဇောများ၊ အဆင့်မြင့် ပရိဘောဂများနှင့် အဖိုးတန် အနုပညာပစ္စည်းများဖြင့် အလှဆင်ထားပြီး မင်းသမီးလေး၏ မြင့်မြတ်သော အဆင့်အတန်းကို ပေါ်လွင်စေသည်။

ကလေးများအတွက်တော့ ဤမြင်ကွင်းက ချမ်းသာကြွယ်ဝမှုကြီး၏ လက္ခဏာတစ်ရပ်ဖြစ်ပြီး ရွာသူကြီးလေးအဘွား၏အိမ်တော်ထက် အများကြီး ပိုမိုချမ်းသာကြွယ်ဝကြောင်း ပြနေ၏။

စံအိမ်တော်တွင် ကျောက်ဆောင်တုများ၊ ရေကန်များနှင့် လသာဆောင်များပါဝင်သော သာယာလှပသည့် နောက်ဖေးဥယျာဉ်တစ်ခုလည်း ရှိသည်။

အဆောက်အအုံများကိုလည်း သေသေသပ်သပ် စီစဉ်ထားကာ တောင်ကုန်းများနှင့် ရေကန်များက ရင်သပ်ရှုမောဖွယ် မြင်ကွင်းတစ်ခုကို ဖန်တီးပေးထားသည်။

အဘွားရွှီနှင့် အခြားသူများအထဲသို့ ဝင်လာသောအခါ ကော်ဇောကိုမြင်ပြီး ညစ်ပေသွားမည်စိုး၍ ဘယ်နင်းရမှန်းပင်မသိဖြစ်နေကြတော့၏။

အိမ်တော်ထိန်းက လူတိုင်းကိုခြံဝင်းလေးများ ရွေးချယ်ရန် ကိုယ်တိုင်ကိုယ်ကျ ဦးဆောင်ခေါ်သွားပေးသည်။

ဤလူများက မင်းသမီးလေး၏ရွာသားများနှင့် သူငယ်ချင်းများသာဖြစ်သော်ငြား ရှီမိသားစုထက်ပင် သူမနှင့် ပိုမိုရင်းနှီးကြောင်း၊ မိသားစုထက်ပင်ပိုကြောင်းကို သူစုံစမ်းသိရထားပြီးဖြစ်၏။

အိမ်တော်ထိန်းက အစေခံများနှင့် အထိန်းတော်များကို သူတို့အတွက်ခြံဝင်းများကို သေသေချာချာရှင်းထားရန် ကြိုတင်ညွှန်ကြားထားပြီးဖြစ်သည်။

ရှောင်ကျိုးက သူမစံအိမ်တော်ကို ပတ်ကြည့်ရင်း တော်တော်လေးကျေနပ်နေတော့၏။

‘လူတွေ အများကြီးဆံ့တာပဲ၊ နောက်တစ်ခါကျရင် ဆွေမျိုးတွေ အကုန်လုံးကို ခေါ်လာလို့ရတယ်’

သူမတွင် လယ်ယာမြေများလည်းရှိသေးကြောင်းနှင့် ရွာသားများလာရောက်စိုက်ပျိုးကာ အရသာရှိသော အစားအစာများစွာ စိုက်ပျိုးနိုင်ကြောင်းကို အိမ်တော်ထိန်းပြောနေသည်အား သူမ ယခုလေးတင်ကြားလိုက်ရသည်။

ရှောင်ကျိုးတစ်ယောက် တွေးလေတွေးလေ ပိုပြီးပျော်လာလေပင်။

ကျင့်ရှင်းမှာလည်း သူရွေးလိုက်သော ခြံဝင်းလေးကို အလွန်အမင်းကျေနပ်နေတော့သည်။ သူမနောက်လိုက်လုပ်မည့် သူ့ရွေးချယ်မှုမှန်သွားပြီဟု ခံစားလိုက်ရ၏။ ရက်အနည်းငယ်အတွင်းမှာပင် သူက အိမ်ခြေရာမဲ့လေလွင့်နေသော တာအိုဆရာဘဝမှ မင်းသမီးစံအိမ်တော်တွင် ကိုယ်ပိုင်ခြံဝင်းလေးတစ်ခုနှင့် သူဌေးတစ်ဦးဖြစ်လာခဲ့သည်။

ဆရာကြီးရွှီ၊ ဆရာကြီးယန်နှင့် ချင်းရွှီတို့ကတော့ တည်တည်ငြိမ်ငြိမ်ပင်ရှိနေကြ၏။ သူတို့၏ကိုယ်ပိုင်ခြံဝင်းများကို ရွေးချယ်ပြီးနောက် သူတို့အလုပ်များကိုသာ ဆက်လုပ်နေကြတော့သည်။

ကျောက်ဟူက ဆရာကြီးရွှီ၏ခြံဝင်းမှာ သူ့ခြံဝင်းနှင့်ကပ်လျက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။ ရှားရှားပါးပါး သူတစ်ခါလောက် ဉာဏ်ပြေးသွား၏။ သူက အထုတ်အပိုးများကို အမြန်သိမ်းကာ ခြံဝင်းပြောင်းလိုက်ပြီး ဆရာကြီးရွှီနှင့် အဝေးဆုံးနေရာကို ရွေးချယ်လိုက်တော့သည်။

ယွိဟွာအတွက်မူ အိမ်တော်ထိန်းက အစေခံတစ်ယောက် သီးသန့်ပေးထား၏။ ယွိဟွာတစ်ကောင် အလွန်အမင်းကျေနပ်သွားပြီး နောက်တစ်ခါ ပစ္စည်းထွက်ဝယ်လျှင် အိမ်တော်ထိန်းကို သေချာပေါက်ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်တော့သည်။

လူအုပ်ကြီးက အိမ်ရွေးရန်သာ အာရုံစိုက်နေကြသည်ကို မြင်သောအခါ စတုတ္ထမင်းသားက ဖက်တီးလေးကို ဒေါသတကြီးဖြင့်မေးလိုက်သည်။

"ဝက်နံရိုးပေါင်းရှိတယ်ဆို၊ မင်း ငါ့ကို လိမ်နေတာလား"

စတုတ္ထမင်းသားခမျာ ဗိုက်ဆာလွန်းနေပြီဖြစ်ကာ ဆာလောင်မှုက သူ့ကိုဒေါသထွက်လွယ်စေသည်။ ဖက်တီးလေးမှာလည်း ဗိုက်ဆာနေပြီး ဒေါသထွက်နေသည်ပင်။

"ဒီနေ့ ငါတို့အိမ်ပြောင်းနေကြတာ မဟုတ်ဘူးလား၊ အဲ့လိုသာမဟုတ်ရင် မင်းကို ပြိုင်ဘက်ကင်းတဲ့အရသာ သေချာပေါက် မြည်းခိုင်းလိုက်ပြီ"

ဖက်တီးလေး ပြန်အော်လိုက်၏။

"မင်းကများ ငါ့ကိုအော်ရဲတယ်ပေါ့၊ ခမည်းတော်ကို မင်းကိုအပြစ်ပေးခိုင်းပစ်မယ်ဆိုတာ ယုံလား"

"ဖယ်စမ်းကွာ၊ မျက်နှာပြောင်တိုက်လွန်းတယ်၊ ဒီလောက်ကြီးနေပြီကို တိုင်ကြောထူတုန်းပဲ"

ထိုနှစ်ယောက်မှာ ဝက်နံရိုးပေါင်းတစ်နပ်အတွက် ပြင်းပြင်းထန်ထန်ငြင်းခုံနေကြတော့၏။

ထိုမြင်ကွင်းကိုမြင်သောအခါ အဘွားရွှီက သူတို့ကိုဆွဲခွာလိုက်သည်။

"မငြင်းကြနဲ့တော့၊ ဒီနေ့က ရွာသူကြီးလေးအိမ်ပြောင်းတဲ့နေ့ဆိုတော့ အောင်ပွဲခံဖို့ စားသောက်ပွဲကြီးပြင်ရမယ်၊ ခြံထဲမှာ ခဏလောက် လမ်းလျှောက်နေကြ၊ ဟင်းတွေကျက်ရင် ခေါ်လိုက်မယ်"

ထိုသို့ပြောပြီးနောက် အဘွားရွှီနှင့် ရွှီရှောင်ရှောင်တို့ မင်းသမီးစံအိမ်တော်၏ မီးဖိုချောင်ဆီသို့ ထွက်သွားကြတော့၏။

ဆွဲခွာခံလိုက်ရသော ဖက်တီးလေးနှင့် စတုတ္ထမင်းသားတို့မှာ တစ်ယောက်ကိုတစ်ယောက် နှာခေါင်းရှုံ့ကြည့်၍ မျက်နှာလွှဲလိုက်ကြတော့သည်။

All Chapters