အခန်း ၁၁၆
Vol. 12 Ch. 116
116
ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများမှာ ခေါင်မိုးပေါ်သို့ ခုန်တက်သွားကြ၏။
ထိုမြင်ကွင်းကိုကြည့်ရင်း ဆရာကြီးရွှီခမျာ နားထင်ကြောများပင် ထောင်တက်လာတော့၏။ ဆရာကြီးယန်ဘက်သို့ သူလှည့်ကာ စူးစူးရဲရဲစိုက်ကြည့်လိုက်သည်။
"မင်း ဒါကို တစ်ခုခုမလုပ်ပေးနိုင်ဘူးလား၊ ဟိုမှာ ဖြစ်ပျက်နေတာတွေကိုလည်း ကြည့်စမ်းပါဦး"
ဆရာကြီးယန် ခေါင်းလှည့်သွားကာ ထိုကလေးဆိုးတစ်သိုက်ကို မမြင်ယောင်ဆောင်နေလိုက်၏။
"ငါက သူတို့ကို သိုင်းပညာပဲသင်ပေးတာ၊ ကျန်တာတွေက ဆရာကြီးရွှီရဲ့ တာဝန်ပဲလေ"
ရုတ်တရက် တာဝန်ကြီးတစ်ခု ပခုံးပေါ်ကျလာသဖြင့် ဆရာကြီးရွှီ ဒေါသတကြီး ဆွေ့ဆွေ့ခုန်သွားတော့သည်။
"ဘာလို့ ငါ့တစ်ယောက်တည်းရဲ့ တာဝန်ဖြစ်ရမှာလဲ၊ မင်းပဲ သူတို့ကို ဟိုဟိုဒီဒီ ပျံဖို့နဲ့ ခုန်ပေါက်ဖို့ သင်ပေးခဲ့တာလေ၊ အဲ့ဒါကြောင့် မင်းပဲ သူတို့ကိုပြန်ဖမ်းသင့်တာပေါ့"
ဆရာကြီးယန်က တစ်ချက်လှမ်းကြည့်လိုက်ပြီး ပို၍သေသေချာချာမြင်ရစေရန် ဘေးနားရှိ အရက်ဆိုင်ခေါင်မိုးပေါ်သို့ ခုန်တက်ရန် စဉ်းစားလိုက်သော်ငြား ခြံဝင်းဘက်သို့သာ ပြန်လှည့်လာခဲ့၏။ မျက်စိနောက်သက်သာစေရန် မမြင်ယောင်သာဆောင်နေလိုက်ပြီး သူတီးတိုးရေရွတ်လိုက်သည်။
"ငါ ရှောင်ကျိုးကိုမနိုင်ဘူး"
"မင်းက သူတို့ကိုမနိုင်ဘူးဆိုတာကိုများ ပြန်ငြင်းနေရသေးလား"
ဆရာကြီးရွှီ ညည်းတွားလိုက်၏။ ကလေးများ အိမ်နီးချင်း၏ခေါင်မိုးပေါ်သို့ ခုန်ကူးသွားကြသည်ကိုမြင်သောအခါ သူ့ခမျာရင်နာသွားရတော့သည်။ ဘယ်သူကများ သူများအိမ်အလည်သွားတာကို ခေါင်မိုးပေါ်ကနေ လျှောက်သွားလို့လဲ။ ဤကလေးဆိုးလေးများကို သူသင်ပေးခဲ့ကြောင်း သူ တကယ်ပင် ဝန်မခံချင်တော့ပေ။ သူ့တစ်သက်တာ နာမည်ကောင်းများ သဲထဲရေသွန်ဖြစ်ရတော့မည်။
ဆရာကြီးရွှီမှာ ချင်းရွှီထံသို့အကြည့်လွှဲလိုက်၏။ ချင်းရွှီ ချက်ချင်းပင်အကြည့်လွှဲသွားသည်။
"ကျွန်တော်က သမားတော်တစ်ယောက်ပဲလေ၊ ဘယ်လိုလုပ်နိုင်ပါ့မလဲ"
ဆရာကြီးရွှီက သူ့နောက်ဆုံးမျှော်လင့်ချက်များကို အရပ်ရှည်ရှည်နှင့် တောင့်တင်းသန်စွမ်းသော အစောင့်နှစ်ယောက်အပေါ် ပုံချလိုက်တော့၏။
သူ စကားပင်မဟရသေးမီ ထိုနှစ်ယောက်က သူတို့သစ္စာစောင့်သိမှုကို ပြလိုက်ကြသည်။
"ကျွန်တော်တို့က သခင်မလေးရဲ့အမိန့်ကိုပဲ နာခံပါတယ်"
ဆရာကြီးရွှီမှာ ဒေါသထွက်လွန်းသဖြင့် သူတို့ကို သစ်တုံးခေါင်းများဟုပင် ကျိန်ဆဲလိုက်တော့၏။
ကျင့်ရှင်းကို တစ်ချက်ကြည့်ပြီးနောက် သူက ဘာမှမပြောရန်သာ ဆုံးဖြတ်လိုက်သည်။ ထိုကောင်ကလည်း အေးအေးဆေးဆေးနေတတ်သည့်သူမျိုး မဟုတ်ပေ။ ကျင့်ရှင်းတစ်ယောက် ပြဿနာမရှာလျှင်ပင် ကျေးဇူးတင်ရမည်ဖြစ်၏။
ရှောင်ကျိုးနှင့် သူမသူငယ်ချင်းများက အိမ်နီးချင်း၏ခေါင်မိုးပေါ်သို့ ရောက်နေကြပြီပင်။ ဆူညံသံများကိုကြားသောအခါ ကုဇီရှင်း မော့ကြည့်လိုက်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် သူ့ခေါင်မိုးပေါ်မှနေ အောက်သို့ငုံ့ကြည့်နေကြသော မျက်လုံး ၆ စုံ၊ ၇ စုံခန့်နှင့် ပက်ပင်းတိုးသွားတော့သည်။
ကုဇီရှင်းမှာ အလွန်တရာထိတ်လန့်သွားရကာ ဒေါသတကြီးဖြင့် ကုလားထိုင်ပေါ်မှ ထခုန်လိုက်သည်။
"ကောင်းပြီလေ မင်းတို့ကောင်တွေ၊ ငါ အကျယ်ချုပ်ကျနေတုန်း လက်စားမချေရတော့ဘူးလို့ စိတ်ပူနေတာ၊ အခုတော့ ကိုယ့်သေတွင်းကိုယ်လာတူးတာပဲ၊ စောင့်နေကြစမ်း"
ရှောင်ကျိုးနှင့် သူမအပေါင်းအပါများက ဒေါသထွက်နေသော ကုဇီရှင်းကို ကြည့်လိုက်ကြ၏။
‘အားယား ရင်းနှီးတဲ့သူပဲ’
ရှောင်ကျိုးက သူ့ကိုနှုတ်ဆက်ရန် လက်ဝှေ့ယမ်းပြလိုက်သည်။
ကံမကောင်းစွာဖြင့် ကုဇီရှင်းက ထိုအရာကို မမြင်လိုက်ပေ။ သူက အပေါ်တက်ကာ လူအချို့ကိုသတ်ရန် လှေကားတစ်စင်းယူလာဖို့သာ အလုပ်ရှုပ်နေတော့၏။
အပေါ်တက်ရန် ကိရိယာများမတွေ့သောအခါ သူကခြံဝင်းထဲမှနေ၍ အော်လိုက်သည်။
"မင်းတို့သတ္တိရှိရင် အောက်ဆင်းလာခဲ့၊ ငါနဲ့ တစ်ယောက်ချင်းချမလား"
"နင် သေချာလို့လား"
ရှောင်ကျိုး အနည်းငယ်မသေမချာဟန်ဖြင့် မေးလိုက်၏။
"မင်းက မိန်းကလေးဖြစ်နေလို့ ငါကမရိုက်ရဲဘူး မထင်နဲ့နော်၊ အောက်ဆင်းလာခဲ့စမ်း"
ဒေါသထွက်နေသဖြင့် ကုဇီရှင်းတစ်ယောက် မိဘများ၏သတိပေးချက်များကို လုံးဝမေ့သွားတော့သည်။
သူမကို တစ်ယောက်ချင်းယှဉ်ချရန် တစ်စုံတစ်ယောက်က စိန်ခေါ်လာခြင်းမှာ ဤသည်က ပထမဆုံးအကြိမ်ဖြစ်ပြီး ရှောင်ကျိုးခမျာ သူ့ဆန္ဒကို ဖြည့်ဆည်းပေးသင့်သည်ဟု ခံစားလိုက်ရ၏။
သူမက အောက်သို့ခုန်ဆင်းလိုက်ပြီး ကုဇီရှင်းရှေ့တွင် မတ်တပ်ရပ်လိုက်သည်။
ထိုမျှမြင့်သောနေရာမှ သူမခုန်ဆင်းလာသည်ကိုမြင်လိုက်ရသဖြင့် သူက သူမကို တစ်ချက်ကြည့်ကာ တံတွေးမြိုချလိုက်၏။
"မင်းက ပျံနိုင်တာလား"
ရှောင်ကျိုးက သူ့ကိုလျစ်လျူရှုထားကာ မေးစေ့ကို မော့လိုက်သည်။
"ဘယ်လို ချချင်တာလဲ"
ကုဇီရှင်းခမျာ ကြက်သီးထသွားတော့၏။ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ချန်လဲ့မင်းသမီးလေးမှာ သိုင်းပညာအလွန်ထူးချွန်ကြောင်း မိဘများ၏သတိပေးချက်ကို ပြန်သတိရသွားသည်။ သူတို့လိမ်နေသည်ဟု သူ ထင်ခဲ့သော်ငြား သူမမှ ဤမျှအလွယ်တကူ ဆင်းလာသည်ကိုမြင်သောအခါ သူ နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်ပြီး ယနေ့ သူသေရတော့မှာလားဟု တွေးပူသွားတော့၏။
သူ တွေဝေနေသည်ကို မြင်သောအခါ ရှောင်ကျိုးက စိတ်မရှည်စွာဖြင့် မေးလိုက်သည်။
"နင် ချမှာလား မချဘူးလား"
"ငါ မိန်းကလေးတွေနဲ့ မချဘူး၊ နိုင်ရင်တောင် ဂုဏ်ယူစရာမရှိဘူး"
ကုဇီရှင်း ခေါင်းမာမာဖြင့် အတင်းပြောလိုက်၏။
နောက်ဆုံးတွင် ယှဉ်ပြိုင်မည့်သူတစ်ယောက်ရှာတွေ့ထားပြီဖြစ်သဖြင့် ရှောင်ကျိုးတစ်ယောက် ငြင်းခုံနေရန်ပင် အပျင်းထူနေတော့သည်။
ဘာစကားမှမပြောတော့ဘဲ သူမက ကုဇီရှင်းကိုဆွဲကိုင်ကာ ခေါင်းမိုးပေါ်သို့ ပစ်တင်လိုက်၏။
"အား"
သူတို့ အပေါ်သို့ဆက်ပျံသန်းသွားတော့မည်မှာ ထင်ရှားလှသည်။ ကျောက်ဟူက အော်လိုက်၏။
"ဘယ်သွားမလို့လဲ၊ ပြန်လာခဲ့"
ထိုသို့ပြောပြီးနောက် သူက ကုဇီရှင်းခြေထောက်ကို ဖမ်းဆွဲကာ ခေါင်မိုးပေါ်သို့ ပိုတွန်းတင်ပေးလိုက်သည်။
ပျံသန်းခြင်းကို ကိုယ်တိုင်ကြုံတွေ့လိုက်ရပြီးနောက် ကုဇီရှင်းတစ်ယောက် မကြောက်တော့ပေ။ ထိုခံစားချက်က အရမ်းကောင်းလွန်းသဖြင့် သူ ထပ်စမ်းကြည့်ချင်နေတော့သည်။
သူက ခေါင်မိုးပေါ်တက်ရန် အခွင့်အရေးမရမည်ကို စိတ်ပူနေခဲ့သော်ငြား ယခုတော့ လွယ်လွယ်ကူကူပင် ရောက်လာခဲ့ပြီဖြစ်၏။ မြင်ကွင်းကလည်း ခြံဝင်းထဲမှထက် အများကြီးပိုမိုကောင်းမွန်နေသည်။
ရှောင်ကျိုးက အပေါ်သို့ခုန်တက်လာပြီး မေးလိုက်သည်။
"နင် အရှုံးပေးပြီလား"
ကုဇီရှင်းက ဝန်မခံချင်သေးဘဲပြန်မေးလိုက်၏။
"ငါ ငါ အရှုံးမပေးရင် ဘာဖြစ်မှာလဲ"
"ဒါဆိုရင် ငါ နင့်ကို အောက်ကိုပစ်ချမယ်လေ"
ရှောင်ကျိုး စမ်းကြည့်ချင်စိတ်များဖြင့် ပြောလိုက်သည်။ သူမက သတ္တိရှိသူများကို သဘောကျ၏။ သူတို့ကို ပစ်ပေါက်ရသည်ကို သူမအလွန်နှစ်သက်သည်။
ကုဇီရှင်းက အမြင့်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အောက်ဘက်ရှိ ကျောက်ခင်းလမ်းကို ကြည့်လိုက်၏။
‘ငါသာ ပြုတ်ကျသွားရင် အသားစင်းကောဖြစ်သွားမှာပဲ’
မင်းသမီးလေးမှ လက်လှမ်းလာသည်ကို မြင်သောအခါ ကျောက်ဟူ၏ လက်မောင်းကို သူဖက်တွယ်ကာ အော်လိုက်တော့သည်။
"ငါ အရှုံးပေးပြီ၊ ငါ အရှုံးပေးပြီ၊ လုံးဝကို အရှုံးပေးပါပြီ"
"နောက်ကျသွားပြီ၊ ငါ နင့်ကို အခုပစ်ပေါက်ချင်နေပြီ"
ရှောင်ကျိုး သူ့ပခုံးကို ဆွဲကိုင်လိုက်၏။
သေဘေးနှင့် ရင်ဆိုင်နေရချိန်တွင် ကုဇီရှင်းခေါင်းထဲ၌ အတွေးတစ်ခု ရုတ်တရက် လင်းလက်သွားတော့သည်။
"တခြားတစ်ယောက်ယောက်ကို ပစ်ပေါက်ရင်ရော၊ ငါ့အဖေကို ပစ်ပေါက်ချင်ရင် သူဘယ်မှာရှိလဲဆိုတာ ငါသိတယ်"
‘အဖေ သားသားကို ကယ်ပါဦး’
"ဟင့်အင်း နင့်အဖေက ငါနဲ့ တစ်ယောက်ချင်းမှမချတာ"
ရှောင်ကျိုးက စည်းမျဉ်းတစ်ခု သတ်မှတ်ကာ ပြန်ပြောလိုက်၏။
"ငါ့အဖေက နင်နဲ့ တစ်ယောက်ချင်းချဖို့ စိန်ခေါ်ခဲ့တာလေ၊ သူက အိမ်မှာ အဲ့ဒီအကြောင်း နေ့တိုင်းပြောနေတာ"
ကုဇီရှင်းက သူမ မယုံမည်ကို စိုးရိမ်သဖြင့် ထပ်ဖြည့်ပြောလိုက်သည်။
"တကယ်ပြောတာ"
ရှောင်ကျိုးတစ်ယောက် စိတ်ဝင်စားသွားတော့၏။
"နင့်အဖေက အရမ်းစွမ်းလို့လား"
သူမ စိတ်ဝင်စားမှုလျော့ကျသွားမည်ကို စိုးရိမ်သဖြင့် ကုဇီရှင်းကြွားလုံးထုတ်လိုက်သည်။
"သေချာတာပေါ့၊ ငါ့အဖေက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ"
မိမိကိုယ်ကို 'ကမ္ဘာပေါ်မှာ အကောင်းဆုံး' ဟု သတ်မှတ်ထားသူမှာ မကျေမနပ်ဖြစ်သွားတော့သည်။
ကျောက်ဟူနှင့် သူ့အဖွဲ့မှာမူ ပိုလို့တောင် ဒေါသထွက်သွားကြသည်။
"မဖြစ်နိုင်တာ၊ ကမ္ဘာပေါ်မှာ အတော်ဆုံးက ငါတို့ရွာသူကြီးလေးပဲ"
"မင်းအဖေ ဘယ်မှာလဲ၊ ငါတို့ကို အဲ့ဒီကို ခေါ်သွားပေး၊ မင်းအဖေက ငါတို့ ရွာသူကြီးလေးထက် တကယ်တော်လားဆိုတာ ကြည့်ကြတာပေါ့"
ကြက်တစ်ကောင်ကိုပင် မသတ်ရဲသော မြို့စားကု၏ဆက်ခံသူမှာ ရုတ်တရက် ပြင်းပြင်းထန်ထန် နှာချေလိုက်တော့၏။
"ဘာဖြစ်လို့လဲ"
သခင်မကုက စိုးရိမ်တကြီးဖြင့်မေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး၊ အဲ့ဒီကလေး အကျယ်ချုပ်ကျနေတာကြာလို့ ကိုယ့်ကို ကျိန်ဆဲနေတာနေမှာ"
မြို့စားကု၏ဆက်ခံသူက ခပ်ပေါ့ပေါ့ပင် ပြောလိုက်၏။
"ရှင်းအာ အကျယ်ချုပ်ကျနေတာကြာလှပြီ၊ သူ့ကို တစ်သက်လုံးလှောင်ထားလို့မှ မရတာ၊ မနက်ဖြန်ကျရင် သူ့ကို အပြင်ထွက်ခွင့်ပြုလိုက်ပါလား"
သခင်မကုက စိုးရိမ်ပူပန်စွာဖြင့်ပြောလိုက်သည်။
စဉ်းစားပြီးနောက် ဆက်ခံသူက သဘောတူလိုက်၏။
"မနက်ဖြန် အိမ်တော်ထိန်းကိုပြောပြီး သူ့ကို လွှတ်ပေးခိုင်းလိုက်ပါမယ်၊ ဒါပေမဲ့ ချန်လဲ့မင်းသမီးလေးကို သွားမရန်စဖို့တော့ သူ့ကိုသေချာသတိပေးလိုက်ဦး"
သခင်မကုက တစ်စုံတစ်ခုကိုသတိရသွားသည်။
"ဒါပေမဲ့ မင်းသမီးလေး ဘေးအိမ်ကို ပြောင်းလာတယ်လို့ကြားတယ်၊ ရှင်းအာက သူမနဲ့ အမြဲသွားတိုးနေမှာ မဟုတ်ဘူးလား"
သူမက သူတို့ယခင်အိမ်နီးချင်းဖြစ်သော ယုံနင်ရွာစားကိုပြန်တွေးမိသွား၏။ မိသားစုတစ်ခုလုံးကွဲကွာသွားပြီး ရွာစားမှာလည်း ရာထူးချခံခဲ့ရသည်။ သူကိုယ်တိုင်ဖိတ်ခေါ်ခဲ့သော ပြဿနာဖြစ်သော်ငြား သခင်မကုမှာ ဤမျှရက်စက်သောအိမ်နီးချင်းမျိုးရှိနေမည်ကို အလွန်အမင်းထိတ်လန့်နေခဲ့သည်။
ဆက်ခံသူက ခဏစဉ်းစားလိုက်၏။
“ဒါဆိုရင် အစေခံတစ်ယောက်ကို ရှင်းအာနောက်လိုက်ခိုင်းပြီး သူမကို တတ်နိုင်သမျှ ရှောင်ခိုင်းလိုက်မယ်"
သခင်မကုကတော့ စိုးရိမ်နေဆဲပင်။
"သူက ဒီအတိုင်းပဲဆက်ပုန်းနေရတော့မှာလား"
မြို့စားကု မျက်မှောင်ကြုတ်လိုက်သည်။
"အဲ့ဒါကလွဲပြီး ဘာလုပ်ရမှာလဲ၊ မင်း သူ့အကျင့်ကို သိသားပဲ၊ မင်းက သူ့ကို အလိုလိုက်ထားတာလေ၊ အကယ်၍ သူသာ မင်းသမီးလေးနဲ့ ဆုံမိရင် သေချာပေါက် သွားရန်စမိမှာပဲ၊ သူ့ရဲ့ ပျော့တိပျော့ဖတ်ခန္ဓာကိုယ်နဲ့ဆို တစ်ချက်အထိုးခံရရင်တောင် ခံနိုင်မှာ မဟုတ်ဘူး"
ဤအတိုင်း ဆက်သွား၍မရနိုင်ကြောင်း သူသိသော်ငြား လောလောဆယ်တွင်တော့ ရှောင်နေခြင်းကသာ တစ်ခုတည်းသော ရွေးချယ်စရာဖြစ်နေတော့၏။