အခန်း ၁၁၇
Vol. 12 Ch. 117
117
"မြန်မြန်လုပ်၊ မင်းအဖေက ဘယ်ခြံဝင်းထဲမှာ နေတာလဲ၊ ငါတို့ရွာသူကြီးလေးကို ကမ္ဘာပေါ်မှာ အတော်ဆုံးဆိုတဲ့ ဂုဏ်ပုဒ်အတွက် သူကများစိန်ခေါ်ရဲတယ်ပေါ့၊ ငါ သူ့ကို အသားစင်းကောဖြစ်အောင် ထိုးပစ်မယ်"
ကျောက်ဟူက အလောတကြီးပြောလိုက်၏။
"သတ်.....သတ်ပစ်မယ်ဟုတ်လား"
ကုဇီရှင်း သူ့ခြေလှမ်းများကို အရှိန်လျှော့လိုက်သည်။ အချိန်တိုအတွင်း၌ပင် ဤလူအုပ်ကြီးက သူ့အဖေကို သတ်မည် ဖြတ်မည်တကဲကဲ ပြောနေကြသည်ကို သူကြားနေရ၏။ ယခုအချိန် သူတို့ကို သူ့အဖေထံခေါ်သွားခြင်းမှာ တော်တော်လေးကို သားသမီးဝတ္တရားမကျေပွန်ရာကျကြောင်း ရုတ်တရက် သူသဘောပေါက်သွားတော့သည်။
ကုဇီရှင်းတစ်ယောက် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ဖြည်းဖြည်းချင်းလျှောက်သွားတော့၏။
ရှောင်ကျိုးက ခြိမ်းခြောက်ကာ အလောတကြီးပြောလိုက်သည်။
"နင် အရိုက်ခံချင်နေတာလား၊ နင့်အဖေ ဘယ်မှာနေတာလဲ"
အရိုက်မခံချင်သဖြင့် ကုဇီရှင်း ရှေ့ရှိခြံဝင်းကို ချက်ချင်းလက်ညှိုးထိုးပြလိုက်၏။
ရှောင်ကျိုးနှင့် အခြားသူများက ကုဇီရှင်းကို အမြန်ဖမ်းဆွဲကာ သူ လက်ညှိုးထိုးပြသောအရပ်ဆီသို့ ပျံသွားကြတော့သည်။
ရှောင်ကျိုးက ခေါင်မိုးပေါ်တွင် ရပ်လိုက်ပြီး သူ့အဖေကို အပြင်ထွက်လာရန် ခေါ်ခိုင်းလိုက်၏။ ကုဇီရှင်း တွေဝေစွာဖြင့် ပြောလာသည်။
"ဒီလောက်နောက်ကျနေမှတော့ မကောင်းဘူး မဟုတ်လား၊ အိမ်နီးချင်းတွေ အနှောင့်အယှက်ဖြစ်သွားလိမ့်မယ်"
မိမိကိုယ်ကို လိမ္မာရေးခြားရှိသည်ဟု ဂုဏ်ယူလေ့ရှိသော ရှောင်ကျိုးကလည်း သဘောတူလိုက်၏။ ယဉ်ကျေးသိမ်မွေ့သော ကလေးလေးတစ်ယောက်လို ပြုမူရန်လိုကြောင်း သူမသိထားသည်။
ထို့ကြောင့် လူအုပ်ကြီးမှာ ဆောင့်ကြောင့်ထိုင်ချလိုက်ကြပြီး အိမ်နီးချင်းများကို အနှောင့်အယှက်မပေးဘဲ ကုဇီရှင်းအဖေကို တစ်ယောက်ချင်းချရန် မည်သို့ခေါ်ထုတ်ရမည်အား တီးတိုးတိုင်ပင်နေကြတော့သည်။
"ငါတို့ နောက်နေ့မှလုပ်ကြရင်ရော"
ကုဇီရှင်း အကြံပြုလိုက်၏။
"ဟင့်အင်း ငါတို့ရောက်တောင်ရောက်နေပြီလေ"
ရှောင်ကျိုး ပြတ်ပြတ်သားသားပင် ငြင်းလိုက်သည်။ အခြေအနေက ဤအထိရောက်နေပြီဖြစ်ရာ သူတို့အနေဖြင့် သေချာပေါက်ယှဉ်ပြိုင်ရမည်ဖြစ်၏။
ရှောင်ကျိုးက ခေါင်မိုးပေါ်မှအုတ်ကြွပ်ပြားများကို ပုတ်ကာပြောလိုက်သည်။
"သူ့အဖေ ဘာလုပ်နေလဲဆိုတာ အရင် ကြည့်ရအောင်၊ သူ့ကို ဒီအပေါ်မျှားခေါ်ပြီး ချလို့ရတာပဲ"
ထိုစကားကိုကြားသောအခါ ကျောက်ဟူနှင့် သူ့အပေါင်းအပါများက ၎င်းမှာ အလွန်ဖြစ်နိုင်ခြေရှိသော အကြံအစည်တစ်ခုဟု တွေးလိုက်ကြ၏။
ထို့ကြောင့် ကလေးများက အုတ်ကြွပ်ပြားဖယ်ထားသော ကွက်လပ်မှတစ်ဆင့် အောက်သို့ချက်ချင်းငုံ့ကြည့်လိုက်ကြတော့သည်။
အိမ်ထဲတွင် လူ ၄ယောက်ရှိနေသည်ကို လူအုပ်ကြီးက မြင်လိုက်ရ၏။ ကြိုးတုပ်ခံထားရသော အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးအပြင် စားပွဲတွင်ထိုင်ကာ လက်ဖက်ရည်သောက်နေသော အမျိုးသား ၂ ဦးတို့ ဖြစ်သည်။ အမျိုးသားများထဲမှ တစ်ဦးကပြောလိုက်၏။
"မြို့စားကုရဲ့ဆက်ခံသူက မကြာသေးခင်ကမှ လူတော်တော်များများကိုဖမ်းပြီး ကလေးအများကြီးကိုကယ်တင်ခဲ့တယ်လို့ ကြားတယ်၊ သူက တကယ်ကို တာဝန်ကျေပွန်တာပဲ"
မြို့စားကု၏ဆက်ခံသူက စားပွဲပေါ်ရှိ ဓားမြှောင်ကိုကြည့်ကာ တံတွေးကို ခက်ခက်ခဲခဲ မြိုချပြီးမေးလိုက်သည်။
"မင်းတို့က ဘယ်သူတွေလဲ၊ ပြီးတော့ ငါက အမိန့်ကိုနာခံရုံတင်ပါပဲ၊ အဲ့ဒါကြောင့် ငါ့ကိုတာဝန်ကျေပွန်တယ်လို့ သတ်မှတ်လို့မရပါဘူး"
အခြားအမျိုးသားတစ်ဦးက စားပွဲပေါ်ရှိ ဓားမြှောင်ကို ကောက်ကိုင်လိုက်ပြီး အကြိမ်အနည်းငယ် စစ်ဆေးကြည့်ကာပြောလိုက်၏။
"မြို့စားကုရဲ့ဆက်ခံသူ၊ မင်းက ငါတို့လူ တော်တော်များများကို ဖမ်းထားတယ်ဆိုတာ သိရဲ့လား၊ ငါတို့သခင်က မပျော်ဘူးဖြစ်နေတယ်၊ အဲ့ဒါကြောင့် မင်းနဲ့ အကျိုးအကြောင်းလာဆွေးနွေးဖို့ ငါတို့ညီအစ်ကိုနှစ်ယောက်ကို လွှတ်လိုက်တာ၊ မြို့စားကုရဲ့ဆက်ခံသူ မင်းနဲ့ ဘယ်လိုဆွေးနွေးရမလဲလို့ မင်း ဘယ်လိုထင်လဲ"
ထိုသို့ပြောပြီးနောက် အမျိုးသားက ဓားမြှောင်ကိုကိုင်ကာ မြို့စားကု၏ဆက်ခံသူဆီသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတော့သည်။
မြို့စားကု၏ဆက်ခံသူက သူ့ဇနီးသည်ကို သူ့နောက်တွင်ကွယ်ထားပေးပြီး အချိန်ရသလောက်ဆွဲရန် ကြိုးစားကာ ပြောလိုက်၏။
"မင်း ငါ့ကိုသတ်လိုက်ရင်တောင် ဘာဖြစ်သွားမှာလဲ၊ နန်းတော်ကစာရင်းထဲမှာ ပါတဲ့သူတွေကိုဖမ်းဖို့ လူတွေဆက်လွှတ်နေဦးမှာပဲ၊ မင်းတို့က အဲ့ဒီလူတွေ အကုန်လုံးကိုသတ်ဖို့ ရည်ရွယ်ထားတာလား"
"ဘာလို့မဖြစ်နိုင်ရမှာလဲ"
ထိုင်နေသောအမျိုးသားက စားပွဲပေါ်ရှိ လက်ဖက်ရည်ခွက်ကို ဖြည်းဖြည်းချင်း ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်သည်။
"မင်း...မင်းတို့တွေက ဘယ်သူတွေလဲ၊ ဥပဒေဆိုတာ မရှိတော့ဘူးလား၊ နန်းတွင်းအရာရှိတစ်ယောက်ကို မင်းတို့ကများ သတ်ရဲတယ်ပေါ့"
မြို့စားကု၏ဆက်ခံသူမှာ တကယ်ကို ထိတ်လန့်နေတော့၏။ သူနှင့်သူ့ဇနီးတို့ စကားပြောနေကြစဉ် အခန်းထဲသို့ အမျိုးသား ၂ ဦး ရုတ်တရက် ပေါ်လာပြီး ဘာစကားမှမပြောဘဲ သူတို့ကိုကြိုးတုပ်လိုက်ခြင်းပင်။ သူတို့ အော်ရန်ပြင်လိုက်ချိန်တွင်ပင် အမျိုးသားများက သူတို့အား ဓားများဖြင့်ချိန်ထားခဲ့ကြသည်။
မြို့စားကု၏ဆက်ခံသူမှာ လုံးဝတွေဝေသွားတော့သည်။ သူက သူ့အလုပ်ကို သေသေချာချာ ကြိုးကြိုးစားစားလုပ်ရုံသာရှိသေးသည်ဖြစ်ရာ ဒီလောက် အန္တရာယ်များတဲ့ အခြေအနေမျိုးထဲကို ဘယ်လိုရောက်သွားရပါသနည်း။
တစ်သက်လုံး သတ္တိကြောင်ကာ ခေါင်းငုံ့နေခဲ့သော မြို့စားကု၏ဆက်ခံသူခမျာ ဤတစ်ကြိမ်တွင်တော့ ချန်လဲ့မင်းသမီးလေးအား မည်သည့်အားနည်းချက်မှ အမိအရမပေးမိစေရန် နောက်ဆုံးတွင် ကြိုးစားကြည့်ခဲ့ခြင်းပင်။ ရလဒ်အနေဖြင့် သူက တိုးတက်မှု အနည်းငယ်သာရှိသေးသော်ငြား မရည်ရွယ်ဘဲ ဤကဲ့သို့သော အကျပ်အတည်းထဲသို့ ရောက်သွားရတော့၏။
မြို့စားကု၏ဆက်ခံသူက သူ့လုပ်ရပ်များကို နောင်တရနေတော့သည်။ အကယ်၍ ဧကရာဇ်၏အမိန့်တော် ကျလာကြောင်းကို သူသိခဲ့ပါက အရင်လိုပင်ဖြစ်ကတတ်ဆန်းသာ ကိုင်တွယ်ဖြေရှင်းခဲ့သင့်သည်။
ရှောင်ကျိုးတစ်ယောက် အချိန်အတော်ကြာစောင့်ကြည့်နေခဲ့ပြီး အောက်ဘက်မှလူများ ဘာလုပ်နေကြသည်ကို သူမ နားမလည်ပေသိ ယခုအချိန် သူမလုပ်ချင်သည်မှာ တစ်ယောက်ချင်းချရန် လူတစ်ယောက်ရှာဖို့သာဖြစ်၏။
ထို့ကြောင့် ရှောင်ကျိုးက ကုဇီရှင်းဘက်သို့ လှည့်ကာမေးလိုက်သည်။
"နင့်အဖေက ဘယ်သူလဲ"
သရဲပူးနေသကဲ့သို့ ကုဇီရှင်းက ဓားမြှောင်ကိုင်ကာ သူ့အဖေကိုချိန်ထားသောအမျိုးသားထံ လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"အဲ့ဒီဓားမြှောင်ကိုင်ထားတဲ့ တစ်ယောက်ပဲ"
ဓားမြှောင်ကိုင်ထားသော အမျိုးသားက လှောင်လိုက်သည်။
"ဥပဒေဟုတ်လား၊ အဓိပ္ပာယ်မရှိတာတွေ၊ ပြောစမ်း ဒီည ငါမင်းကို သတ်လိုက်ရင် ဘယ်သူသိမှာလဲ"
"ငါ သိတယ်၊ ငါ မြင်လိုက်တယ်"
အရမ်းကိုစိတ်ပါဝင်စားနေသော ရှောင်ကျိုးက အမြန်ဝင်ပြောလိုက်၏။
"အဲ့မှာ ဘယ်သူလဲ"
အမျိုးသား ၂ဦးက မော့ကြည့်လိုက်ရာ ခေါင်မိုးပေါ်တွင် တစ်စုံတစ်ယောက်ကို မြင်လိုက်ရသည်။ သူတို့က ရှောင်ကျိုးနှင့် အခြားသူများပုန်းခိုနေသောနေရာဆီသို့ ချက်ချင်းပျံလာကြတော့၏။
ထို ၂ ဦးက ခေါင်မိုးကိုထိုးဖောက်ထွက်လာသော်ငြား သူတို့ခေါင်းများပေါ်လာသည်နှင့် တပြိုင်နက် ရှောင်ကျိုးက သူတို့ကိုလက်ဝါးတစ်ချက်စီဖြင့် အောက်သို့ ပြန်ရိုက်ချလိုက်တော့သည်။
ထို ၂ ဦးမှာ အိမ်ထဲရှိကြမ်းပြင်ပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားကြတော့၏။
"နင့်အဖေက အရမ်းပျော့တာပဲ၊ အဲ့ဒါကို ဘယ်လိုလုပ် ကမ္ဘာပေါ်မှာအတော်ဆုံး ဖြစ်နိုင်မှာလဲ၊ နင် ငါ့ကိုလိမ်နေတာပဲ"
ရှောင်ကျိုးက ကုဇီရှင်းကိုပါ မြေကြီးထဲသို့ တွန်းချပစ်ချင်သွားတော့သည်။
ကုဇီရှင်း အမြန်ရှင်းပြလိုက်၏။
"ဒါအတွက် ငါ့ကိုအပြစ်တင်လို့ မရဘူးလေ၊ ငါ့အဖေထက် ပိုတော်တဲ့လူကို တစ်ခါမှမမြင်ဖူးခဲ့လို့ သူကအတော်ဆုံးလို့ ငါထင်ခဲ့တာပေါ့"
သူတို့တစ်သိုက်ကလည်း ၎င်းမှာ အဓိပ္ပာယ်ရှိသည်ဟု သဘောတူလိုက်ကြသည်။
"ဒါဆို၊ နင် အရှုံးပေးပြီလား မပေးဘူးလား"
ရှောင်ကျိုးက သူ့ကို လုံးဝယုံကြည်သွားစေရန်နှင့် ကမ္ဘာပေါ်တွင် မည်သူက အတော်ဆုံးဖြစ်ကြောင်းကိုပြရန် လိုနေ၏။
ကုဇီရှင်းက ကမန်းကတန်းခေါင်းညိတ်ပြလိုက်သည်။
"ငါ အရှုံးပေးပါပြီ၊ မင်းက ကမ္ဘာပေါ်မှာ အတော်ဆုံးပဲ"
"နင့်အဖေ မေ့လဲသွားပြီ၊ နင် စိတ်မပူဘူးလား"
ရှောင်ကျိုး နားမလည်နိုင်ဟန်ဖြင့် မေးလိုက်၏။ ချန်လဲ့မင်းသမီးလေးက ဤမေးခွန်းကို ယုံကြည်မှုအပြည့်ဖြင့် မေးလိုက်သည်အား မြင်သောအခါ ကုဇီရှင်းခမျာ သွေးအန်မတတ်ဖြစ်သွားတော့သည်။
‘သူ့ကို သတိလစ်သွားအောင် မင်းပဲရိုက်ချလိုက်တာ မဟုတ်ဘူးလား’
‘ပြီးတော့ အဲ့ဒါ ငါ့အဖေမှ မဟုတ်တာ’
‘ငါက ဘာလို့အလောတကြီး စိတ်ပူနေရမှာလဲ’
မြို့စားကုနှင့် သူ့ဇနီးတို့က လွန်ခဲ့သော စက္ကန့်အနည်းငယ်ကမှ မောက်မာနေခဲ့ကြပြီး ယခုတော့ တွင်းထဲတွင်မလှုပ်မယှက်လဲကျနေသော အမျိုးသား ၂ ဦးကို ကြည့်လိုက်ကြပြီးနောက် လက်သည်က မည်သူဖြစ်ကြောင်းသိရန် ခေါင်မိုးပေါ်သို့ အမြန်မော့ကြည့်လိုက်ကြ၏။
ထိုအခါ ခေါင်မိုးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ အောက်သို့ ငုံ့ကြည့်နေသော သူ့သားဖြစ်သူကိုမြင်လိုက်ရတော့သည်။
"ရှင်းအာလား"
ဇနီးမောင်နှံနှစ်ဦးက မသေမချာဖြင့် မေးလိုက်ကြ၏။
"သူတို့ နင့်ကိုခေါ်နေတာလား"
အားသို့က ကုဇီရှင်းကိုမေးလိုက်သည်။
ကုဇီရှင်း အမြန်လက်ခါပြလိုက်၏။
"နင်တို့နားကြားမှားတာပါ၊ ပြိုင်ပွဲလည်း ပြီးပြီ သွားကြစို့"
"တစ်ယောက်ယောက်ကခေါ်နေတာကို ပြန်မထူးရင် ရိုင်းရာကျတယ်နော်"
ထိုသို့ပြောပြီးနောက် ရှောင်ကျိုးက ကုဇီရှင်းကိုဆွဲကိုင်ကာ မြို့စားကု၏ဆက်ခံသူနှင့် သူ့ဇနီးတို့ဘေးသို့ ဆင်းသွားတော့၏။
သူတို့က မြို့စားကုနှင့် သူ့ဇနီးတို့ကိုလည်း ကြိုးဖြေပေးလိုက်ကြသည်။
ထို ၂ ဦးက သူတို့၏အသက်သခင်ကျေးဇူးရှင်ဖြစ်သော ချန်လဲ့မင်းသမီးလေးအား လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကားများကို အမြန်ပြောဆိုကြတော့၏။
သခင်မကုက သူမသားကိုမြင်သောအခါ မျက်ရည်ကျမတတ်ဖြစ်သွားပြီး နောက်တစ်ကြိမ် ထပ်ခေါ်လိုက်သည်။
"ရှင်းအာ"
ရိုင်းစိုင်းသည်ဟု ဆူခံထားရသော ကုဇီရှင်းမှာ သူ့ကိုခေါ်သောသူထံ ယဉ်ယဉ်ကျေးကျေးသာ ပြန်တုံ့ပြန်နိုင်တော့ပြီး ရိုရိုသေသေမေးလိုက်၏။
"သခင်မက ဒီသခင်လေးနဲ့ ဘာကိစ္စရှိလို့ပါလဲ"
"သခင်မ ဟုတ်လား"
ထိုအခေါ်အဝေါ်ကြောင့် သခင်မကု၏စကားများပင် ဆို့နင့်သွားတော့၏။
"မင်း အရိုက်ခံချင်နေတာလား၊ အမေလို့တောင် မခေါ်တော့ဘူးပေါ့၊ ငါ မင်းကို ရက်နည်းနည်းလောက် ဘာလို့ပိတ်ထားခဲ့ရတာလဲ၊ မင်းက အငြိုးထားနေတာလား"
မြို့စားကု၏ဆက်ခံသူမှာ သားဖြစ်သူ၏ သားသမီးဝတ္တရားမကျေပွန်သော အခေါ်အဝေါ်ကြောင့် ဒေါသထွက်သွားကာ ချန်လဲ့မင်းသမီးလေးနှင့် သူမအခြွေအရံများရှိနေသည်ကိုပင် မေ့သွားတော့သည်။
သူက သူ့ဖိနပ်များကိုချွတ်ကာ ကုဇီရှင်းကို ရိုက်ချင်နေတော့၏။ ထိုမြင်ကွင်းကို မြင်သောအခါ ကုဇီရှင်းက သူ့အဖေကို အဓိပ္ပာယ်ပါပါအချက်ပြလိုက်သော်ငြား သူ့အဖေကတော့ သူ့ကိုဖိနပ်ဖြင့်သာ ရိုက်ချင်နေတော့သည်။ ကုဇီရှင်းက တွင်းထဲတွင် မလှုပ်မယှက်လဲကျနေသော အမျိုးသား ၂ ဦးကိုကြည့်လိုက်ပြီး အလွန်အမင်းစိုးရိမ်တကြီးဖြစ်သွားတော့၏။
‘အား အဖေရာ’
‘ကျွန်တော်က အဖေ့အသက်ကိုကယ်နေတာလေ’
‘အဖေက ဘာလို့နားမလည်နိုင်ရတာလဲ’