← Chapters

အခန်း ၁၁၈

Vol. 12 Ch. 118

အခန်း ၁၁၈

Vol. 12 Ch. 118

118

"သူက နင့်အမေလား"

ရှောင်ကျိုးက ကုဇီရှင်းကိုမေးလိုက်၏။

ကုဇီရှင်းက အဖေဖြစ်သူရွယ်ထားသော ဖိနပ်ကို မျက်စိဒေါက်ထောက်ကြည့်ရင်း ကမန်းကတန်းခေါင်းညိတ်ပြလိုက်သည်။

ယခုအချိန်၌ သူသာခေါင်းခါပြလိုက်ပါက နောက်ပိုင်းတွင် နှစ်ယောက်ပေါင်းပြီး ရိုက်နှက်ခြင်းကို သေချာပေါက်ခံရတော့မည်ဖြစ်၏။

ရှောင်ကျိုးနှင့် အခြားသူများက သူ့အမေကို ကာကွယ်ပေးထားသော အမျိုးသားနှင့် မြေပြင်ပေါ်တွင် မှောက်လျက်လဲနေသော ကုဇီရှင်း၏ ‘အဖေအရင်း’ကို တစ်လှည့်စီကြည့်လိုက်ကြသည်။

ကုဇီရှင်း၏‘အဖေ’က သူ့အမေနှင့် ဤအမျိုးသားကို ကြိုးတုပ်ထားခဲ့သည်ဆိုသည့် ယခုလေးတင် သူတို့မြင်တွေ့ခဲ့ရသည်များကို ပြန်သတိရသွားကြ၏။

ဤသည်က ဘာကိုဆိုလိုသလဲဆိုသည်ကို သဘောပေါက်သွားချိန်တွင် ကလေးများက သူတို့ပါးစပ်များကို အုပ်လိုက်ကြပြီး အလွန်အမင်း ထိတ်လန့်သွားကြတော့သည်။

လူတိုင်းက ကုဇီရှင်းကို သနားကြင်နာစွာဖြင့် ကြည့်လိုက်ကြ၏။

"နင့်အဖေက သနားစရာကောင်းလိုက်တာနော်"

ထိုသို့ပြောပြီးနောက် ကလေးများက ကုဇီရှင်း၏ ‘အဖေ’ကို တွင်းထဲမှ အမြန်ဆွဲထုတ်ကာ ကုဇီရှင်းဆီသို့တွန်းပို့ပေးလိုက်ကြသည်။ သူတို့ထဲမှ တစ်ယောက်က ကုဇီရှင်းကိုပြောလိုက်၏။

"နင့်အဖေကို သမားတော်ဆီခေါ်သွားလိုက်၊ သူက အရမ်းဒေါသထွက်လွန်းလို့ သတိလစ်သွားတာပဲ"

"နေပါဦး၊ ဒီလူက ဘယ်သူလို့များ မင်းတို့ထင်နေတာလဲ"

မြို့စားကု၏ဆက်ခံသူမှာ တစ်စထက်တစ်စတွေဝေလာတော့၏။ ကလေးများက ဒေါသတကြီးဖြင့်ပြန်ပြောလိုက်ကြသည်။

"ခင်ဗျားက သူများမယားကို ခိုးလာပြီးတော့ သူက ဘယ်သူလဲလို့ပြန်မေးနေသေးတယ်ပေါ့လေ၊ ဟမ့် လူယုတ်မာကြီး"

"ဘာ၊ ရှင်က သူများမယားကိုခိုးလာတာလား၊ အဲ့ဒါကြောင့် သူတို့ကဓားတွေနဲ့ ကျွန်မတို့အိမ်ကို ရောက်လာတာကိုး"

သခင်မကုက ဆက်ခံသူ၏နားရွက်ကို ချက်ချင်းလိမ်ဆွဲကာ ဆူလိုက်တော့၏။

"အား အား ဖူးရန်ရာ ကိုယ်က ဘယ်သူ့ကိုမှမခိုးလာဘူးဆိုတာ မင်းသိသားပဲ၊ ဒီလူတွေက ကိုယ်တို့အိမ်ကို သူတို့ဘာသာ ရောက်လာတာလေ၊ အစိုးရကိစ္စအတွက်ဆိုပြီး သူတို့ပြောတာကို မင်းလည်းကြားသားပဲ"

ဆက်ခံသူခမျာ အရှိုက်ကိုအထိုးခံလိုက်ရသလို ဖြစ်သွားတော့သည်။ ဒါက ဘယ်လို ပြဿနာမျိုးပါလိမ့်။

မြို့စားကု၏ဆက်ခံသူက ချန်လဲ့မင်းသမီးလေးအား အလောတကြီး တောင်းပန်လိုက်၏။

"မင်းသမီးလေး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို အထင်မလွဲပါနဲ့၊ ကျွန်တော် ဘယ်တုန်းက သူများမယားကိုခိုးဖူးလို့လဲ"

ရှောင်ကျိုးက အနီးရှိ သခင်မကုကို လက်ညှိုးထိုးပြလိုက်သည်။

"အဲ့ဒါ ကုဇီရှင်းရဲ့အမေလေ၊ နင် သူမကို ခိုးလာတာမလား"

ဆက်ခံသူက သူ့ဇနီးကို လက်ညှိုးထိုးပြလိုက်ပြီးနောက် သူ့ကိုယ်သူပြန်ညွှန်ပြကာ နောက်ဆုံးတွင် သားဖြစ်သူ၏အပြစ်ရှိနေသောမျက်နှာကို လက်ညှိုးထိုးပြလိုက်၏။ ဘာတွေဖြစ်နေတာလဲဆိုသည်ကို သူ ကောင်းကောင်း သဘောပေါက်သွားတော့သည်။ သူ့သားဖြစ်သူက သူ့အကြောင်း ကောလာဟလများကိုထပ်ဖြန့်နေခြင်းပင်။

"ကုဇီရှင်း၊ ငါ မင်းကိုမေးမယ်၊ ဒါက မင်းအမေဆိုရင် မင်းအဖေက ဘယ်သူလဲ"

ကုဇီရှင်း ခေါင်းခါပြလိုက်သည်။ ရှောင်ကျိုးနှင့် အခြားသူများက မြေပြင်ပေါ်ရှိ လူကို အမြန်လက်ညှိုးထိုးပြလိုက်ကြ၏။

"ဒါ သူ့အဖေလေ"

ထိုစကားကိုကြားသောအခါ မြို့စားကု၏ဆက်ခံသူနှင့် သူ့ဇနီးတို့က အနီးနားရှိပစ္စည်းများကို ချက်ချင်းကောက်ကိုင်ကာ ကုဇီရှင်းကို စတင်ရိုက်နှက်ကြတော့သည်။

"ဒီသားမိုက် မင်းက မိဘတွေအကြောင်းကိုတောင် ကောလာဟလဖြန့်ရဲတယ်ပေါ့"

"အပြင်မှာ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောတတ်တဲ့ အကျင့်ပျောက်သွားအောင် မင်းကို ငါဆုံးမပေးမယ်"

"ကြုံတဲ့သူကို အဖေလို့ခေါ်နေတာလား"

"မင်း အရမ်းတရားလွန်သွားပြီ၊ မင်းရဲ့ မိဘအရင်းတွေကိုတောင် မသိချင်ယောင်ဆောင်ရဲတယ်ပေါ့လေ"

"....."

ရိုက်ချက်များ ဆက်တိုက်ကျလာသောအခါ ကုဇီရှင်းတစ်ယောက် နာကျင်စွာဖြင့် အော်နေတော့၏။

ရှောင်ကျိုးမှာ နားထောင်လေလေ အဓိပ္ပာယ်မရှိလေလေဖြစ်လာသဖြင့် ဆက်ခံသူကို တားလိုက်သည်။

"နင်က ကုဇီရှင်းရဲ့အဖေလား"

မင်းသမီးလေးက အဘယ်ကြောင့် ဤသို့မေးသည်ကို သူနားမလည်သော်ငြား ဆက်ခံသူက ပြတ်ပြတ်သားသား ခေါင်းညိတ်ပြလိုက်၏။

"ကောင်းပြီလေ၊ နင်က သူ့အဖေဆိုတော့ နောက်ထပ်ပြိုင်ပွဲတစ်ပွဲလောက် ထပ်လုပ်ကြတာပေါ့"

ရှောင်ကျိုးက သူ့ကိုစိန်ခေါ်လိုက်သည်။

"မင်းသမီးလေး၊ ကျွန်တော်တို့က ဘာကို ပြိုင်ရမှာလဲ"

ဆက်ခံသူမှာ တွေဝေသွားတော့၏။

"သိုင်းပြိုင်မှာလေ၊ ကုဇီရှင်းကပြောတယ်၊ နင်က ကမ္ဘာပေါ်မှာ အတော်ဆုံးသိုဂ်းပညာရှင်တဲ့၊ အိမ်မှာဆို ငါနဲ့ အမြဲတမ်း တစ်ယောက်ချင်းချချင်နေတယ်ဆိုလို့ သူက ငါ့ကို နင်နဲ့စိန်ခေါ်ဖို့ ဒီကိုခေါ်လာတာ"

ရှောင်ကျိုးက လက်ကောက်ဝတ်များကို ပွတ်သပ်ကာ ချရန်အသင့်ပြင်လိုက်သည်။

မြို့စားကု၏ဆက်ခံသူက ပြဿနာရှာတတ်သော သားဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် လဲကျနေသော အမျိုးသားကိုကြည့်ကာ နောက်ဆုံး တွင်းကြီးကိုကြည့်လိုက်၏။

‘ဒါဆို ငါက အဲ့ဒီတွင်းထဲမှာရှိနေရမှာပေါ့၊ ဒီလူက ငါ့ကိုယ်စားအထိုးခံလိုက်ရတာကိုး’

သူ တိတ်ဆိတ်နေသည်ကိုမြင်သောအခါ ရှောင်ကျိုးထပ်မေးလိုက်သည်။

"ငါတို့ ဘယ်လိုပြိုင်ကြမလဲ"

ဆက်ခံသူက သူ့ကံကြမ္မာကို ကျိန်ဆဲလိုက်ပြီး အဖြေတစ်ခုရရန် အပြင်းအထန် စဉ်းစားနေတော့၏။ သားဖြစ်သူကို သေသည်အထိ ရိုက်သတ်ရမည်လား သို့မဟုတ် သူက ကုဇီရှင်း၏အဖေမဟုတ်ကြောင်း ရှင်းပြရမည်လား သူမသိတော့ပေ။

သူက နောက်သို့ဆုတ်ကာရှင်းပြလိုက်သည်။

"မင်းသမီးလေး အထင်လွဲနေပါပြီ၊ ကျွန်တော်က သိုင်းပညာ လုံးဝမတတ်ပါဘူး၊ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ဒီကလေးက မင်းသမီးလေးကိုလိမ်ခဲ့တာမလို့ သူ့ကို အခုချက်ချင်း သေတဲ့အထိ ရိုက်သတ်ပေးပါ့မယ်"

သခင်မကုက တုတ်တစ်ချောင်းကို အမြန်ကမ်းပေးလိုက်ပြီး ဇနီးမောင်နှံနှစ်ဦးက ကုဇီရှင်းကို နှစ်ယောက်ပေါင်း၍ ပြန်ရိုက်နှက်ကြတော့သည်။

ဘေးရှိ မင်းသမီးစံအိမ်တော်မှပင်ကြားနိုင်လောက်အောင် အော်သံများက အလွန်ကျယ်လောင်လှသည်။

ဆူညံသံများကို ကြားသောအခါ ဆရာကြီးရွှီမှာ ချက်ချင်းထိတ်လန့်သွားတော့၏။

"ဒီကလေးဆိုးတွေ အိမ်နီးချင်းအိမ်က ကလေးတွေကို သွားရိုက်နေကြတာ သေချာတယ်"

သူမ၏ရွာသူကြီးလေး အိမ်နီးချင်းများနှင့် ပြဿနာတက်မည်ကို စိုးရိမ်သဖြင့် အဘွားရွှီက ထောင့်သို့အမြန်သွားကာ အော်ခေါ်လိုက်သည်။

"ထမင်းစားလို့ရပြီ၊ အိမ်ပြန်လာပြီး ထမင်းစားကြတော့"

သူမ စကားဆုံးသည်နှင့် တပြိုင်နက် ကလေးဆိုးလေးများက ခေါင်မိုးပေါ်မှ အောက်သို့ခုန်ဆင်းလာကြတော့၏။

ဆရာကြီးရွှီက အံ့သြတကြီးဖြင့်စောင့်ကြည့်နေသည်။

‘ဒီလောက် ထိရောက်တယ်ပေါ့’

နောက်တစ်ကြိမ် အတန်းချိန်များကို ကြီးကြပ်ပေးရန် အဘွားရွှီအား အကူအညီတောင်းဖို့ပင် ဆရာကြီးရွှီ စဉ်းစားလိုက်မိတော့၏။

ဆရာကြီးရွှီက ဘေးအိမ်မှတိုးသဲ့သဲ့ငိုသံများကို နားထောင်လိုက်သည်။

သူ ကမန်းကတန်းမေးလိုက်၏။

"မင်းတို့ သူ့ကိုဝိုင်းရိုက်ခဲ့ကြတာလား"

ကလေးများက ချက်ချင်းပင်ခေါင်းခါပြလိုက်ကြသည်။

"ကုဇီရှင်းက စကားနားမထောင်လို့ သူ့မိဘတွေက သူ့ကိုရိုက်တာ"

ဆရာကြီးရွှီမှာ စိတ်သက်သာရာရသွားတော့၏။ သူ့ကိုယ်ပိုင်တပည့်များက ရိုက်ခဲ့ခြင်း မဟုတ်သရွေ့တော့ အဆင်ပြေပါသည်။

မီးဖိုချောင်ထဲတွင် ရွှီရှောင်ရှောင်က မီးဖိုဘေး၌ မျှော်လင့်တကြီးဖြင့် ရပ်နေသော ကောင်လေးနှစ်ယောက်ကိုကြည့်ကာ မနေနိုင်ဘဲ ရယ်လိုက်မိ၏။

"မင်းတို့နှစ်ယောက် ဒီမှာနေစရာမလိုပါဘူး၊ မကြာခင် ကျက်တော့မှာ၊ အပြင်သွားပြီး စောင့်နေကြ"

အရသာရှိသောရနံ့ကြောင့် သွေးဆောင်ခံလိုက်ရသဖြင့် ထိုနှစ်ယောက်မှာ မီးဖိုချောင်ကြမ်းပြင်တွင် သံမှိုစွဲထားသကဲ့သို့ မလှုပ်မယှက်ရပ်နေကြတော့သည်။

ရွှီရှောင်ရှောင်က သူတို့နှစ်ယောက်၏ပါးစပ်ထဲသို့ အသားတစ်ဖတ်စီ ထည့်ပေးလိုက်၏။

"ကဲ အခုအပြင်သွားပြီး စောင့်နေတော့၊ မကြာခင် ထမင်းစားရတော့မယ်"

ပါးစပ်အပြည့် အသားများဖြင့် သူတို့နှစ်ယောက်က မီးဖိုချောင်ထဲမှ မဝံ့မရဲ ထွက်သွားကြတော့သည်။

စတုတ္ထမင်းသားက အသားကိုဝါးရင်း သူ့မျက်လုံးများက တောက်ပသွားကာ ဖက်တီးလေးကို လက်မထောင်ပြလိုက်၏။

"အရသာရှိလိုက်တာ၊ အရမ်းကို အရသာရှိတယ်"

ဖက်တီးလေးက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြောသည်။

"ငါ လိမ်တာမဟုတ်ဘူးမလား၊ အစ်မရှောင်ရှောင်ရဲ့ ဟင်းချက်လက်ရာက အကောင်းဆုံးပဲ"

စတုတ္ထမင်းသားက ဖက်တီးလေး၏ ပခုံးကို ပုတ်လိုက်၏။

"နောက်တစ်ခါ မင်းကို နန်းတော်မှာ ထမင်းလိုက်ကျွေးမယ်၊ ငါ့အမေက နန်းတွင်းစားဖိုမှူးတွေကို ငါ့အတွက် နည်းနည်းလေးပဲချက်ခိုင်းတာ၊ ငါ့ကို ဘယ်တော့မှ ဗိုက်ဝအောင်မစားခိုင်းဘူး"

ဖက်တီးလေးက သူ့ကိုလည်း ဘယ်တော့မှ ဗိုက်ဝအောင်မစားခိုင်းသည့် သူ့အမေအရင်းကို ပြန်တွေးမိသွားသည်။

ရုတ်တရက် သူက စတုတ္ထမင်းသားနှင့် သူ့ဒုက္ခများအားဝေမျှကာ အချင်းချင်းကြား ပိုပြီးခင်မင်ရင်နှီးလာသလိုခံစားလိုက်ရ၏။

သူတို့က မိဘအရင်းတွေမဟုတ်ကြဘူးလား ဒါမှဟုတ် သူတို့အမေတွေက မိထွေးများလားဟု သူတို့သံသယဝင်ခဲ့ဖူးသော်ငြား သူတို့မှာ အင်မတန်ဝလွန်းနေ၍ သူတို့မိခင်များက ဝိတ်ကျစေချင်နေသည်ဟူသောအချက်ကိုတော့ သူတို့ လုံးဝမတွေးမိခဲ့ကြပေ။

အဘွားရွှီက လူတိုင်းကို လက်ဆေးပြီး ထမင်းစားရန် ခေါ်လိုက်သည်။

မကြာမီမှာပင် အရသာရှိပုံရပြီး မွှေးကြိုင်လှသော ဟင်းလျာများ ရောက်လာတော့၏။

စတုတ္ထမင်းသားမှာ အံ့သြမှင်တက်သွားတော့သည်။ သူ့ရှေ့ရှိအသားကိုကြည့်ကာစားရန် ကောက်ယူလိုက်၏။

ဖက်တီးလေးက သူ့ကိုအမြန်တားလိုက်သည်။

"အဲ့လို စားရတာမဟုတ်ဘူး၊ ငါ သင်ပေးမယ်"

သူက မုန့်ပြားအပါးလေးတစ်ချပ်ကို ကောက်ကိုင်လိုက်ပြီး ဘဲကင်အသား အနည်းငယ် ပါးပါးလှီးထားသော ကြက်သွန်မြိတ်နှင့် သခွားသီးအနည်းငယ်တို့ကိုထည့်ကာ ဆော့စ်စိမ်ပြီး လိပ်လိုက်၏။

ထို့နောက် သူကအလုပ်ကြီး တစ်လုပ်ကိုက်ကာ ကျေနပ်စွာဖြင့် မျက်လုံးများကိုမှိတ်လိုက်ပြီး ကြွပ်ရွသော အရေခွံ၊ နူးညံ့သောအသားနှင့် မွှေးကြိုင်သော ရနံ့တို့ကို အရသာခံနေတော့သည်။

အစေခံလုပ်ပေးခံရသည်ကို ကျင့်သားရနေသော စတုတ္ထမင်းသားက ဖက်တီးလေးမှ တစ်ခုလိပ်ပြီး သူ့ကိုပေးမည်ဟု မျှော်လင့်နေခဲ့၏။ ဖက်တီးလေးကို သူ့အချစ်ဆုံးသူငယ်ချင်းဟု သတ်မှတ်ရန်ပင် သူပြင်ထားခဲ့သော်ငြား ဖက်တီးလေးက သူကိုယ်တိုင်တစ်လုပ်ကိုက်စားလိုက်သည်ကိုသာ သူ ခံစားချက်မဲ့စွာဖြင့် ကြည့်နေလိုက်ရတော့သည်။

'အား ငါတို့တွေရဲ့ခင်မင်မှုကတော့ ဒီလောက်ပဲထင်တယ်'

စတုတ္ထမင်းသားက သူ့စိတ်ပျက်အားငယ်မှုများကို စားချင်စိတ်အဖြစ် ပြောင်းလိုက်ပြီး ဖက်တီးလေးကို ချက်ချင်းအတုခိုးကာ သူ့အတွက်သူ တစ်ခုလိပ်လိုက်တော့၏။

တစ်လုပ်ကိုက်လိုက်သည်နှင့် တပြိုင်နက် ထူးခြားသောရနံ့တစ်ခုက လေထုထဲသို့ ပျံ့နှံ့သွားတော့သည်။ ဘဲအရေခွံက ကြွပ်ရွနေပြီး အသားက နူးညံ့ကာ အရည်ရွှမ်းနေ၏။ အဆီများသော်ငြား အီမနေပေ။ ၎င်းက မူးယစ်စေလောက်သော အတွေ့အကြုံတစ်ခုပင်။

စတုတ္ထမင်းသားက ဖက်တီးလေး ချီးမွမ်းထားသော ဝက်နံရိုးပေါင်း နောက်တစ်တုံးကို အမြန်ကောက်ကိုင်လိုက်တော့၏။

All Chapters