အခန်း ၁၁၉
Vol. 12 Ch. 119
119
ဝက်နံရိုးပေါင်းအတုံးတိုင်းမှာ အဆီတဝင်းဝင်းနှင့် အရသာရှိသောဆော့စ်များ ရွှဲနစ်နေပြီး တစ်ကိုက်ကိုက်လိုက်သည်နှင့် အရိုးမှအသားများမှာ အလွယ်တကူ ကွာကျလာတော့သည်။ နူးညံ့ပြီး အရည်ရွှမ်းသော အသားများမှာ အလွန်ပင် အရသာရှိလှ၏။ ဆားနှင့် အချိုဓာတ်မျှတမှုကလည်း စားပြီးသွားသည်အထိ အရသာစွဲကျန်ရစ်စေတော့သည်။
စတုတ္ထမင်းသားကမူ အခြားဟင်းလျာများကို စမ်းစားကြည့်ရန် မစောင့်နိုင်တော့ဘဲ သူ့တွင် ပါးစပ်တစ်ဒါဇင်ခန့်သာ ရှိလိုက်ချင်တော့၏။
နန်းတွင်းစားဖိုမှူးများမှာ လက်ရာကောင်းကြသော်ငြား ချန်လဲ့အိမ်တော်မှ ဟင်းလျာများနှင့် ယှဉ်လိုက်လျှင်မူ အတော်ပင် ကွာခြားလှသည်။ ချန်လဲ့၏ ဟင်းလျာများက ထမင်းအလုတ်တိုင်းကို စားမြိန်စေ၏။ စတုတ္ထမင်းသားတစ်ယောက် ထမင်းသုံးပန်းကန်အထိကုန်သွားပြီးနောက် အဘွားရွှီက လေးပန်းကန်မြောက်ထပ်မစားရန် တားလိုက်ရတော့သည်။
သူတို့က နှမြော၍မဟုတ်ဘဲ စတုတ္ထမင်းသား အစားလွန်ကာ သူတို့အိမ်၌နေမကောင်းဖြစ်သွားမည်ကို စိုးရိမ်သောကြောင့်သာဖြစ်၏။ သူတို့အိမ်သစ်ပြောင်းလာသည်မှာ မကြာသေးခင်ကမှဖြစ်ပြီး ဤသို့သောကိစ္စမျိုးဖြစ်ပါက နိမိတ်မကောင်းဟု ယူဆကြလိမ့်မည်။
စတုတ္ထမင်းသားခမျာ လေးပန်းကန်မြောက်ထမင်းကို မစားလိုက်ရ၍ စိတ်ပျက်သွားသော်ငြား ရွှီရှောင်ရှောင်က အိမ်အပြန်တွင်ဟင်းများထုပ်ပေးလိုက်မည်ဟု ကတိပေးလိုက်သောအခါမှသာ ကျေနပ်သွားတော့၏။
ရှောင်ကျိုးက စတုတ္ထမင်းသား၏ဖောင်းကားနေသော ဗိုက်ကလေးကိုကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။
ထို့ကြောင့် ရှောင်ကျိုးက စတုတ္ထမင်းသားကို မေးလိုက်၏။
"နောက်တစ်ခါရော လာစားချင်သေးလား"
ထိုစကားကိုကြားသောအခါ စတုတ္ထမင်းသားက ညီမငယ်လေးချန်လဲ့မှာ ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးလေးတစ်ပါးကဲ့သို့ ခံစားလိုက်ရပြီး အလျင်အမြန်ခေါင်းညိတ်လိုက်သည်။
"စားချင်တာပေါ့၊ နေ့တိုင်းတောင် စားချင်တယ်"
ရှောင်ကျိုးက လက်ဖြန့်ပေးလိုက်ပြီး ပြောလိုက်၏။
"ရတယ်လေ၊ ဒါပေမဲ့ ပိုက်ဆံတော့ပေးရမယ်"
ချမ်းသာပြီး ရက်ရောလှသော စတုတ္ထမင်းသားက ချက်ချင်းပင် သူ့ပိုက်ဆံအိတ်ကို လှမ်းယူလိုက်သည်။
"ဘယ်လောက်လဲ၊ တေး ၁၀၀ဆို လောက်လား"
ရှောင်ကျိုးမှာ ရိုးရိုးထမင်းတစ်နပ်အတွက် ၅ တေးခန့်သာတောင်းရန် စဉ်းစားထားခြင်းဖြစ်သော်ငြား စတုတ္ထမင်းသားပေးသော ပိုက်ဆံကိုမြင်လိုက်သည့်အခါ ချက်ချင်းပင် စကားကို မျိုချလိုက်ပြီး လက်ခံလိုက်တော့သည်။
"လောက်ပါတယ်၊ နောက်တစ်ခါလာရင်တော့ လျှော့တောင်းပေးလိုက်မယ်"
ဤစကားကိုကြားသောအခါ စတုတ္ထမင်းသားကမူ ညီမငယ်လေးချန်လဲ့မှာ သူ့အပေါ် တကယ့်ကိုကောင်းကောင်းမွန်မွန်ဆက်ဆံသည်ဟု ခံစားလိုက်ရတော့၏။
နှစ်ဦးသား နောက်တစ်ကြိမ် အတူတူ ထမင်းစားကြရန် ပျော်ပျော်ရွှင်ရွှင်နှင့် သဘောတူလိုက်ကြတော့သည်။
စတုတ္ထမင်းသားက သူ့အစေခံနှင့်အတူ ပျော်ရွှင်စွာထွက်သွားပြီး ရွှီရှောင်ရှောင် ထည့်ပေးလိုက်သော ဟင်းထုပ်ကိုလည်း သေသေချာချာကိုင်သွားတော့၏။ လမ်းတွင် အစေခံက ကူသယ်ပေးရန် ကမ်းလှမ်းသော်ငြား စတုတ္ထမင်းသားက လက်မခံဘဲ မည်သူ့ကိုမျှ အထိမခံနိုင်လောက်အောင်ပင် တန်ဖိုးထားနေတော့သည်။
အားသို့က အူတူတူ အတတ မင်းသားလေးထွက်သွားသည်ကိုကြည့်ကာ မှတ်ချက်ချလိုက်သည်။
"ဒီအတိုင်းတစ်လလောက်သာ စားရင် သူ မွဲမသွားဘူးလား"
ကျောက်ဟူက ယင်းကိုစဉ်းစားပြီး ပြောလိုက်၏။
"မြို့တော်ကလူတွေက ပိုချမ်းသာလို့နေမှာပေါ့"
ရှန်ကျစ်ယွမ်ကလည်း ဝင်ပြောလိုက်သည်။
"ငါတို့အိမ်မှာ ထမင်းလာစားတဲ့သူတွေ ဒီထက်ပိုများရင် တစ်ရက်တည်းနဲ့ကို ငါတို့တွေချမ်းသာနေလောက်ပြီ"
ရှီအန်းကလည်း ဝင်ထောက်ခံလိုက်၏။
"မြို့တော်ကလူတွေက ပွဲလမ်းသဘင်တွေလုပ်ရတာ သဘောကျတယ်လို့ ကြားဖူးတယ်၊ ငါတို့လည်း အိမ်မှာပွဲတစ်ပွဲလောက် လုပ်ကြမလား၊ လက်ဆောင်တွေ အများကြီးရနိုင်သလို ဧည့်သည်တစ်ယောက်ကို တေး ၁၀၀တောင်းလိုက်ရင် ငါတို့တွေတော့ အကုန်လုံးချမ်းသာပြီပဲ"
ထျဲနျိုကလည်း ဆွေးနွေးပွဲတွင်ပါဝင်လာတော့သည်။
"နေ့တိုင်းသာ ပွဲတွေလုပ်ရင် ငါတို့ဆီကို ဝင်ငွေတွေ အဆက်မပြတ်ဝင်လာတော့မှာပေါ့၊ ဒါဆို သိပ်မကြာခင် ချမ်းသာသွားမှာ အသေအချာပဲ"
ဖက်တီးလေးကလည်း ချက်ချင်းပင် ထောက်ခံလိုက်၏။
"ဟုတ်တယ်၊ အစ်မရှောင်ရှောင်ရဲ့ လက်ရာကို မြည်းကြည့်လိုက်တာနဲ့ ကမ္ဘာပေါ်မှာ အကောင်းဆုံးဟင်းလျာဆိုတာ သူတို့သိသွားကြမှာပဲ၊ နောက်ကျရင် ယွင်ရှန်းလို့လို စားသောက်ဆိုင်လေးတောင် ဖွင့်လို့ရသေးတယ်၊ အားလုံး လာစားကြမှာမို့ ငါတို့တွေတော့ တကယ့်ကိုချမ်းသာတော့မှာ"
ရှောင်ကျိုး စိတ်လှုပ်ရှားစွာဖြင့် လက်ခုပ်တီးလိုက်သည်။
"ကောင်းလိုက်တဲ့အကြံ၊ အဲ့လိုလုပ်ကြတာပေါ့၊ နောက်ရက်နည်းနည်းလောက်နေရင် ပွဲလုပ်မယ်"
ရှောင်ကျိုးက အိမ်တော်ထိန်းကိုခေါ်၍ လာမည့်ပွဲအကြောင်း ပြောပြလိုက်၏။
အိမ်တော်ထိန်းက ချက်ချင်းပင် သဘောပေါက်သွားတော့သည်။
"မင်းသမီးလေးက အိမ်သစ်တက်ပွဲ လုပ်ချင်တာလား"
ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။
"ဘယ်သူတွေကို ဖိတ်ချင်တာလဲ မင်းသမီးလေး"
အိမ်တော်ထိန်းက မေးလိုက်သည်။
ရှောင်ကျိုး ခဏတာစဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"ပိုက်ဆံရှိတဲ့သူ ဘယ်သူမဆိုပေါ့၊ လာရင် လက်ဗလာနဲ့မလာဖို့လည်း မှာလိုက်ဦး၊ ပြီးတော့ ငါ့အဖေဧကရာဇ်ကိုလည်း ဖိတ်လိုက်၊ သူကတော့ သေချာပေါက် ချမ်းသာမှာပဲ"
အိမ်တော်ထိန်းက မင်းသမီးလေး၏ 'ချမ်းသာတယ်' ဟူသော စကားကို 'အာဏာရှိတယ်' ဟု စိတ်ထဲမှ ပြောင်းလဲမှတ်ယူလိုက်သည်။
‘တော်ဝင်မင်းသမီးလေးပီပီ အာဏာနဲ့ပတ်သက်ပြီး မွေးရာပါအာရုံခံစားမှုရှိနေတာကိုး’
အိမ်တော်ထိန်းလည်း အလွန်ကျေနပ်အားရစွာဖြင့် ဖိတ်စာများပြင်ဆင်ရန်နှင့် လိုအပ်သည်များ စီစဉ်ရန်ထွက်သွားတော့၏။
စတုတ္ထမင်းသား နန်းတော်သို့ပြန်ရောက်သောအခါ သူ့ကိုလိုက်ရှာနေသည့် နန်းတွင်းကိုယ်ရံတော်များနှင့် ဆုံတော့သည်။
သူတို့က စတုတ္ထမင်းသားကို ဧကရာဇ်၏စာကြည့်ဆောင်ဆီသို့ ခေါ်သွားကြ၏။
စတုတ္ထမင်းသားမှာ ဝက်နံရိုးပေါင်းကိုသာ အာရုံစိုက်နေသဖြင့် ဆုတောင်းပွဲပြီးသည်နှင့် မိခင်ဖြစ်သူထံ သတင်းပို့ရန်မေ့သွားသောကြောင့် ယခုကဲ့သို့ အခေါ်ခံရခြင်းပင်။ သားဖြစ်သူကိုရှာမတွေ့သည်မှာကြာပြီဖြစ်သော ကြင်ယာတော်ရှုက ဧကရာဇ်ထံသွား၍ ငိုယိုတိုင်တန်းခဲ့၏။
ဧကရာဇ်ကလည်း အဆော့မက်သော ကလေး ဘယ်ရောက်သွားသလဲ သို့မဟုတ် ဘယ်သူကများ ရဲရဲတင်းတင်းပြန်ပေးဆွဲသွားသလဲ ဟူသည်ကို စုံစမ်းရန် နန်းတွင်းကိုယ်ရံတော်များကို ချက်ချင်းအမိန့်ပေးလိုက်တော့သည်။
စတုတ္ထမင်းသားခမျာ သူ့ဗိုက်ကြီးကို ပင့်ကိုင်ရင်း ဟင်းထုပ်လေးကိုပိုက်ကာ စာကြည့်ဆောင်၌ လိမ္မာရေးခြားရှိစွာဖြင့် ဒူးထောက်နေတော့၏။
ဧကရာဇ်က ဝဝတုတ်တုတ် ကိုယ်လုံးလုံးလေးနှင့် သားဖြစ်သူကို တင်းမာသည့်အကြည့်များဖြင့် ကြည့်လိုက်သည်။ သူက အသံဩရှရှဖြင့်မေးလိုက်၏။
"မင်း ဘယ်သွားနေတာလဲ"
ကြင်ယာတော်ရှုက သားဖြစ်သူဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို မြင်သောအခါ အပြစ်ပေးခံရမည်စိုးသဖြင့် အကြောင်းပြချက်ရှာ၍ ခေါ်ထုတ်သွားချင်နေတော့သည်။
စတုတ္ထမင်းသားက ထမင်းအလကားသွားစားသည်ကို ဝန်ခံလိုက်ပါကဆူခံရမည်ကိုသိသဖြင့် ပါးနပ်စွာ ပြန်ဖြေလိုက်သည်။
"ကျွန်တော် ညီမလေးချန်လဲ့ရှိတဲ့ မင်းသမီးစံအိမ်ကို အလည်သွားတာပါ"
ဤစကားကိုကြားသောအခါ ဧကရာဇ်၏ မာန်လျော့သွားတော့၏။
"သူကတောင် အစ်ကိုကြီးတစ်ယောက်လို ပြုမူတတ်သေးတယ်၊ တခြားသားတွေထက် အပုံကြီးကွာပါ့"
ဧကရာဇ်က အပြစ်တင်မည့်ပုံမပေါ်သည်ကိုသိလိုက်ရသောအခါ ကြင်ယာတော်ရှုလည်း သက်ပြင်းချနိုင်သွားတော့သည်။
စတုတ္ထမင်းသားက တစ်ခုခုကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်ကို သတိထားမိသွားသဖြင့် ဧကရာဇ်က စူးစမ်းချင်စိတ်နှင့် မေးလိုက်၏။
"မင်း ဘာကိုင်ထားတာလဲ"
စတုတ္ထမင်းသားက ကမန်းကတန်းပင် နောက်ကျော၌ ဝှက်ထားလိုက်သည်။
"ဘာ....ဘာမှမဟုတ်ပါဘူး"
ယခုလို သိသိသာသာကြီး ဖုံးကွယ်ရန် ကြိုးစားနေမှုက ဧကရာဇ်၏သိချင်စိတ်ကို ပိုလှုံ့ဆော်ပေးလိုက်သကဲ့သို့ဖြစ်သွားတော့၏။
ဧကရာဇ်က မိန်းမစိုးကို ချက်ချင်း ယူလာပြီးဖွင့်ပြရန် အမိန့်ပေးလိုက်သည်။
စတုတ္ထမင်းသားခမျာ မျက်ရည်များဝဲကာ အရသာရှိသော သူ့ဟင်းလျာများ အသိမ်းခံလိုက်ရသည်ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်နေရတော့၏။
မိန်းမစိုးက အထုပ်ကိုဖွင့်လိုက်သည်နှင့် မွှေးပျံ့ပျံ့ရနံ့များက စာကြည့်ဆောင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အားလုံး၏စားချင်စိတ်ကို ချက်ချင်း လှုံ့ဆော်ပေးလိုက်တော့သည်။
ညစာမစားရသေးသော ဧကရာဇ်မှာ ဗိုက်ထဲမှ ဆန္ဒပြသံများပင် ထွက်လာတော့၏။
"ဒါ ဘယ်ကရလာတာလဲ"
စတုတ္ထမင်းသားက အမြန်ပြန်ဖြေလိုက်သည်။
"ချန်လဲ့အိမ်က စားဖိုမှူးပေးလိုက်တာပါ"
ထို့နောက် သူကထပ်ဖြည့်ပြောလိုက်၏။
"ကျွန်တော့်အတွက် သီးသန့်ပေးလိုက်တာ"
ဧကရာဇ်က အင်္ကျီပင်ကွဲထွက်တော့မတတ် ဖောင်းကားနေသော စတုတ္ထမင်းသား၏ဗိုက်ကလေးကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူကဆူငေါက်လိုက်၏။
"မင်းဗိုက်ကိုလည်း ပြန်ကြည့်ဦး၊ အဲ့တာတောင် စားချင်နေတုန်းပဲလား၊ မင်းလောက်ဝတဲ့ မင်းသားမျိုးမြင်ဖူးလို့လား"
ထို့နောက် ဧကရာဇ်က ကြင်ယာတော်ရှုကိုပါ ဆူရန်မမေ့ခဲ့ပေ။
"နောက်ဆို သူ့ကိုအစားလျှော့စားခိုင်း၊ အရမ်းဝနေပြီ၊ ဒါ ဘယ်လိုပုံစံကြီးဖြစ်နေတာလဲ"
ကြင်ယာတော်ရှုက သားဖြစ်သူ၏ကိုယ်အလေးချိန်လျော့ကျရေးကို ကြီးကြပ်ပေးမည်ဟူသောသဘောဖြင့် ခေါင်းအမြန်ညိတ်ပြလိုက်သည်။ သူမ စိတ်ထဲမှာမူ ကျိန်ဆဲလိုက်၏။
'အစာစားတိုင်း လျှော့စားဖို့ သေသေချာချာပြောထားတာတောင် ဘာလို့ တစ်ပေါင်မှမကျရတာလဲ၊ ပြန်ရောက်ရင် သူအစားအသောက်တွေ ဝှက်ထားတာရှိမရှိ စစ်ဆေးရဦးမယ်'
မွှေးပျံ့ပျံ့ရနံ့များကြောင့် ဧကရာဇ်မှာ မနေနိုင်တော့ဘဲ ထမင်းစားရန်အတွက် မိန်းမစိုးကို ပန်းကန်ခွက်ယောက်များ ယူလာပေးရန် ပြောလိုက်တော့သည်။
မိန်းမစိုးက ပန်းကန်ခွက်ယောက်များ ယူလာပေးပြီး အဆိပ်ရှိမရှိစမ်းသပ်ပေးလိုက်၏။
မိန်းမစိုးခမျာ ဤသို့အရသာရှိသော ဟင်းလျာမျိုးကို ပထမဆုံးအကြိမ် မြည်းစမ်းဖူးခြင်းဖြစ်ကာ မနေနိုင်ဘဲ အလုတ်တချို့ထပ်စားမိသွားတော့သည်။ သူ ထပ်စားရန်လုပ်နေစဉ် ဧကရာဇ်က တားလိုက်၏။
"မင်း စားလို့ဝပြီလား"
မိန်းမစိုးက ခွင့်လွှတ်ပေးရန် တောင်းပန်ရင်း ချက်ချင်းဒူးထောက်ချလိုက်တော့သည်။
ဧကရာဇ်က ဟင်းလျာများကို မက်မက်မောမောကြည့်နေသော ကြင်ယာတော်ရှုကိုကြည့်ကာ အတူတူစားရန် သဘောကောင်းစွာဖြင့် ဖိတ်ခေါ်လိုက်၏။ သူတို့နှစ်ယောက်က စတုတ္ထမင်းသား အပတ်တကုတ်သယ်လာသောဟင်းလျာများကို အငမ်းမရစားသုံးလိုက်ကြတော့သည်။
ဧကရာဇ်က ကြင်ယာတော်ရှုကို အတူတူစားရန် ဖိတ်ခေါ်မိသည်ကိုပင် နောင်တရသွားသည်။ စတုတ္ထမင်းသား ဤမျှဝနေသည်မှာ အံ့ဩစရာမရှိပေ။ သူက မိခင်ဖြစ်သူနှင့်တထေရာတည်းတူနေ၏။
ကြင်ယာတော်ရှုကလည်း ဧကရာဇ်ထံ လာခဲ့မိသည်ကို နောင်တရလာ၏။ သို့မဟုတ်ပါက သားဖြစ်သူ သယ်လာသော အရသာရှိသည့် ဟင်းလျာများကို သိမ်းထားရန် အကြောင်းပြချက်တစ်ခုရှာပြီး သူမတစ်ယောက်တည်းစားလို့ရနိုင်မည်ပင်။
သူတို့နှစ်ယောက်မှာ ပို၍မြန်မြန်စားလိုက်ကြတော့သည်။ ကြမ်းပြင်ပေါ်၌ ဒူးထောက်နေရဆဲဖြစ်သော စတုတ္ထမင်းသားခမျာ သူတို့စားနေသည်ကို ကြည့်ကာ မျက်ရည်များ ပိုပိုပြီးကျလာတော့၏။