အခန်း ၁၂၁
Vol. 13 Ch. 121
121
မကြာမီမှာပင် အစေခံပြန်ရောက်လာတော့၏။
ဒုတိယမင်းသားက သူ့ကိုပြောရန် အချက်ပြလိုက်သည်။
အစေခံခမျာ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေတော့၏။
"ပြောလေ"
ဒုတိယမင်းသားက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"မင်းသား၊ သခင်မလေးဟယ်က မီးဖိုချောင်ထဲမှာ မင်းသားအတွက် ဟင်းရည်လုပ်နေပါတယ်၊ မင်းသားရဲ့ အမိန့်အတိုင်း စံအိမ်စားဖိုမှူးတွေ အကုန်လုံးက သူမကိုကူညီပေးနေကြတာပါ"
ထိုစကားကိုကြားသောအခါ ဒုတိယမင်းသား၏ကြင်ရာတော်နှင့် ရှီထုံတို့ နှစ်ယောက်သား ပြိုင်တူနှာခေါင်းရှူံ့လိုက်ကြတော့သည်။
ရှီထုံက ကြင်ရာတော်၏ရင်ခွင်ထဲတွင် လူးလွန့်ကာ လက်များကိုဆန့်ထုတ်နေတော့၏။ သူ့ခမျာသိုင်းမတတ်သည်ကို နောင်တရနေမိသည်။ သို့မဟုတ်ပါက သူလည်း ရွာသူကြီးလိုမျိုး သူ့ကိုအစာမကျွေးသောလူများအားလုံးကို ကောင်းကင်ပေါ်သို့ ပစ်ပေါက်ပစ်လိုက်မည်ပင်။ သူ အင်မတန်ဒေါသထွက်နေတော့၏။
ဒုတိယမင်းသားမှာ လုံးဝမတရားခံရသလို ခံစားလိုက်ရ၏။ သူ့ညီမဝမ်းကွဲကို ဘယ်တုန်းကများ သူဟင်းရည်လုပ်ခိုင်းခဲ့တာလဲ။ စံအိမ်ရှိစားဖိုမှူးများအားလုံးကို သူမအားကူညီရန် အမိန့်ပေးခဲ့သည်ဆိုသည်မှာတော့ ဝေလာဝေးပင်။
ဒုတိယမင်းသား ဒေါသထွက်တော့မည်ကိုမြင်သောအခါ ဟယ်ချီချွမ်းဝင်ပြောလိုက်သည်။
"နားလည်မှုလွဲတာလေးတွေ ရှိနေမယ်ထင်တယ်၊ ချိုးအာက စေတနာနဲ့ပါ၊ မင်းသား ဒီရက်ပိုင်းအိပ်ရေးမဝတာကို မြင်တော့ အထိန်းတော်ဆီကနေ ဟင်းရည်လုပ်နည်းကို သင်ထားတာလေ၊ သူမ ကျွမ်းကျွမ်းကျင်ကျင်လုပ်တတ်သွားတာနဲ့ အစ်ကိုဝမ်းကွဲဖြစ်တဲ့ မင်းသားအတွက်လုပ်ပေးဖို့ အမြန်ပြေးလာတာ၊ သူမအစ်ကိုအရင်းဖြစ်တဲ့ ကျွန်တော်တောင် ဒီလိုအရေးစိုက်တာမျိုးမခံရပါဘူး”
ဖြောင့်မတ်ပွင့်လင်းသူဖြစ်သော ဒုတိယမင်းသားမှာ ဟယ်ချီချွမ်းစကား၏ နောက်ကွယ်မှအဓိပ္ပာယ်ကို လုံးဝနားမလည်ဘဲ စိတ်မရှည်စွာဖြင့်ပြောလိုက်၏။
"မင်းတို့အိမ်မှာ ကိုယ်ပိုင်စားဖိုမှူးမရှိဘူးလား၊ သူမက အခုမှဟင်းချက်သင်ထားတာကို ငါ့အတွက် ဟင်းရည်လာလုပ်ပေးနေတယ်ပေါ့၊ အဲ့ဒါကရော သောက်လို့ အဆင်ပြေပါ့မလား၊ သူမက ငါ့ကို အဆိပ်ခတ်သတ်ချင်နေတာလား"
ဟယ်ချီချွမ်းခမျာ ကျိန်ဆဲမိတော့မတတ်ပင် ဖြစ်သွားတော့သည်။ ကူကယ်ရာမဲ့စွာဖြင့် သူပြောလိုက်၏။
"မင်းသား အချိန်လည်းလင့်နေပြီဆိုတော့ ကျွန်တော်နဲ့ ချိုးအာပြန်ပါတော့မယ်"
ဟယ်ချီချွမ်း ထွက်သွားသည်ကိုမြင်သောအခါ ဒုတိယမင်းသားက အိမ်တော်ထိန်းကိုခေါ်၍ စံအိမ်ရှိစားဖိုမှူးများ၏အခြေအနေကို စုံစမ်းရန် အမိန့်ပေးလိုက်သည်။ ကလေးအတွက် စားစရာများ အမြန်ပြင်ပေးရန်နှင့် သခင်များ၏စကားကို နားမထောင်သောစားဖိုမှူးများအား ရောင်းထုတ်ပစ်ရန်လည်း အိမ်တော်ထိန်းကိုညွှန်ကြားလိုက်တော့၏။
အိမ်တော်ထိန်းက ချက်ချင်းပင်နာခံကာ အမိန့်ကိုအကောင်အထည်ဖော်ရန် ထွက်သွားတော့သည်။
ဒုတိယမင်းသားက ဒေါသမပြေသေးသော လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ထိုနှစ်ယောက်ကိုကြည့်ကာ အနည်းငယ်ရယ်ချင်သွားတော့၏။
"မင်းက ဒီအိမ်ရဲ့သခင်မလေ၊ စကားနားမထောင်တဲ့ အစေခံတွေရှိရင်ရောင်းသာပစ်လိုက်"
ဒုတိယမင်းသား၏ကြင်ရာတော်မှာ ရှီထုံ့ကိုဖက်ထားရင်း စိတ်ထဲမှအတင်းတုပ်နေတော့သည်။
'နားထောင်လို့တော့ ကောင်းပါရဲ့၊ ဒါပေမဲ့ စကားနားမထောင်တဲ့သူတွေ အကုန်လုံးကိုသာ ရောင်းပစ်ရမယ်ဆိုရင် ဒီစံအိမ်မှာရှိတဲ့လူတိုင်းကို ရောင်းပစ်ရလောက်တယ်၊ ငါခေါ်လာတဲ့ အစေခံမလေးတွေကလွဲရင်ပေါ့'
သို့သော်လည်း ဒုတိယမင်းသားက ဤသို့ပြောလိုက်ပြီးနောက် စံအိမ်ရှိ အခြားအစေခံများမှာ မည်သူမျှ အရှက်တကွဲ အရောင်းမခံချင်ကြသဖြင့် သူမကို ချက်ချင်းပင်လျစ်လျူမရှုရဲကြတော့ချေ။
ကြင်ယာတော်ရှန်းက မင်းသားကို သခင်မလေးဟယ်နှင့် လက်ထပ်ပေးရန် စီစဉ်ထားသဖြင့် ယခင်က သူတို့မှာ ဤဒုတိယမင်းသား၏ကြင်ရာတော်ကို သိပ်အရေးမစိုက်ခဲ့ကြပေ။ ဧကရာဇ်၏အမိန့်တော်ကြောင့် မသက်ဆိုင်သော လူနှစ်ယောက်ပေါင်းဖက်သွားလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။
နောက်ကွယ်တွင် ကြင်ယာတော်ရှန်းမှာ ဒုတိယမင်းသား၏ကြင်ရာတော်ကို အတော်လေးအခက်တွေ့စေခဲ့ပြီး သခင်မလေးဟယ်ကို ပေါ်တင်တစ်မျိုး တိတ်တဆိတ်တစ်ဖုံ အားပေးထောက်ခံခဲ့သည်။ စံအိမ်ရှိအစေခံများကလည်း သခင်မလေးဟယ်သာလျှင် နောက်ဆုံးတွင် သခင်မဖြစ်လာမည်ဟုထင်ထားကြသဖြင့် လက်ရှိဒုတိယမင်းသား၏ ကြင်ရာတော်ကို သိပ်အရေးမစိုက်ကြခြင်းပင်။ ထို့ပြင် ဒုတိယမင်းသား၏ ကြင်ရာတော်ကိုယ်တိုင်ကလည်း ဘာကိုမျှမလုယူဘဲ ဂရုမစိုက်တတ်သည့် ကျော်နင်းသွား၍ရသော လူတစ်ယောက်ကဲ့သို့ နေထိုင်လေ့ရှိသဖြင့် အားလုံးက သူမအပေါ် ပို၍အခွင့်ကောင်းယူကြခြင်းဖြစ်၏။
အိမ်တွင်းရေးကိစ္စများကို ပုံမှန်အားဖြင့် ဂရုမစိုက်တတ်သော ဒုတိယမင်းသားက ယနေ့တွင် သူ့ကြင်ရာတော်ဘက်မှ ရုတ်တရက် ရပ်တည်ပေးလာလိမ့်မည်ဟု မည်သူထင်ထားမည်နည်း။ စံအိမ်ရှိ အိမ်ဖော်မလေးများနှင့် အစေခံများအားလုံးမှာ ယခင်က သူတို့တစ်ခုခုမှားလုပ်မိခဲ့သလားဟု ပြန်စဉ်းစားရင်း တုန်လှုပ်နေကြတော့သည်။
အားအင်မဲ့နေသော ရှီထုံကိုကြည့်ရင်း ကလေးများက လိမ်ညာလေ့မရှိတတ်ကြောင်းနှင့် ဤကလေးငယ်ထံမှ သတင်းအချက်အလက်များစွာရနိုင်ကောင်းသည်ဟု ဒုတိယမင်းသား ရုတ်တရက် သဘောပေါက်သွားတော့၏။ ဒုတိယမင်းသားက ရှီထုံကို ချီပြီးမေးလိုက်သည်။
"ခုန မင်းရဲ့ရွာသူကြီးလေးက အရမ်းစွမ်းတယ်လို့ ပြောတယ်မလား၊ အဲ့ဒါ တကယ်လား"
ရှီထုံက ခေါင်းအမြန်ညိတ်ပြလိုက်၏။
"ရွာသူကြီးလေးက ကောင်းကင်ဘုံက နတ်ဘုရားတစ်ပါးလေ"
ဒုတိယမင်းသား ဆက်မေးလိုက်သည်။
"မင်းရဲ့ရွာသူကြီးလေးက နတ်ဘုရားမှန်း မင်းက ဘယ်လိုသိတာလဲ"
ရှီထုံက ဒုတိယမင်းသား၏ခါးရှိ ကျောက်စိမ်းဆွဲကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်းပြန်ဖြေလိုက်၏။
"ဘိုးဘိုးက ပြောတာ"
သူ့ကျောက်စိမ်းဆွဲကြိုးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသည်ကိုမြင်သောအခါ ဒုတိယမင်းသားမှာ ရွေးချယ်စရာမရှိတော့ဘဲချွတ်၍ ကလေး၏လက်ထဲသို့ ထည့်ပေးလိုက်ရပြီး ဆက်မေးလိုက်သည်။
"ရွာသူကြီးလေးအပြင် မင်းတို့အိမ်မှာ ဘယ်သူစွမ်းသေးလဲ"
ရှီထုံက စားပွဲပေါ်ရှိသေတ္တာတစ်လုံးထဲမှ ရတနာတစ်ခုကိုလည်း ဆုပ်ကိုင်လိုက်၏။ ယင်းတို့မှာ ဒုတိယမင်းသားအတွက် ဟယ်ချီချွမ်းအထူးတလည် ရှာဖွေပေးထားသော အဖိုးတန်ပစ္စည်းများဖြစ်သည်။ သူ ခဏတာ စဉ်းစားပြီးနောက် ပြန်ဖြေလိုက်၏။
"ဆရာကြီးရွှီက အထင်ကြီးစရာကောင်းတယ်၊ သူက စာတော်တယ်လေ"
ဒုတိယမင်းသားက ထိုလူကိုသိထားသဖြင့် စိတ်မဝင်စားပေ။ သူ ဆက်မေးလိုက်၏။
"တခြားကော"
ရှီထုံက နောက်ရတနာတစ်ခုကိုယူပြီး ပြန်ဖြေလိုက်သည်။
"အစ်မရှောင်ရှောင်လည်း အံ့ဩစရာကောင်းတယ်၊ သူမချက်တဲ့ ဟင်းတွေက အရမ်းအရသာရှိတာ"
မေးခွန်းတစ်ခုမေးတိုင်း စားပွဲပေါ်မှ အဖိုးတန်ပစ္စည်းတစ်ခုကို ယူ,ယူသွားသော ရှီထုံကိုကြည့်ရင်း ဒုတိယမင်းသားမှာ ရင်ကျိုးရတော့၏။ ဤကလေးဆိုးလေးမှာ ချန်လဲ့မင်းသမီးလေး၏သူငယ်ချင်းဖြစ်နေသည်နှင့် အမှန်တကယ်ထိုက်တန်လှသည်။
‘အဖြေတစ်ခုအတွက် အခကြေးငွေ တောင်းနေတာကိုး။ ဘယ်လိုမသမာတဲ့ ကုန်သည်ကများ ဒီလောက်ငယ်ရွယ်တဲ့ ကလေးကို ဒီလိုပြုမူတတ်အောင် သင်ပေးလိုက်လဲမသိ’
ကလေးဆိုးလေးမှာ အဓိပ္ပာယ်မရှိသည်များကိုသာ လျှောက်ပြောနေသော်ငြား အဖိုးတန်ပစ္စည်းတိုင်းကို သူ့ကိုယ်ပိုင်အဖြစ် ယူရန်မူမမေ့ခဲ့ပေ။
ဒုတိယမင်းသားက စားပွဲပေါ်ရှိရတနာများကို အနည်းငယ်ဝေးရာသို့ ရွှေ့လိုက်သည်။ သူ ဆက်မေးလိုက်၏။
"ဒါတွေအပြင် မင်းအထင်ကြီးစရာကောင်းတယ်လို့ထင်တဲ့ အရာတွေ၊ လူတွေရှိသေးလား"
ရှီထုံက ရတနာများဝေးသွားသည်ကို မြင်သောအခါ အကြိမ်အနည်းငယ် လှမ်းယူကြည့်သော်လည်း မရတော့ပေ။ သူက ဒေါသထွက်သွားပြီး စကားဆက်မပြောတော့ချေ။ ဒုတိယမင်းသား တွေးလိုက်သည်။
'ချန်လဲ့မင်းသမီးလေးရဲ့နောက်လိုက်တွေထဲကတစ်ယောက်မှ ကိုင်တွယ်ရ မလွယ်ကြဘူး၊ အကုန်လုံးကပြဿနာရှာတဲ့သူတွေချည်းပဲ'
ဒုတိယမင်းသားမှာ စိတ်ပျက်လက်ပျက်ဖြင့် ရတနာများကို စားပွဲပေါ်သို့ ပြန်ရွှေ့ပေးလိုက်ရတော့၏။ ထိုအခါမှ ရှီထုံကပြန်ဖြေလာသည်။
"ယွိဟွာလေ"
နောက်ဆုံးတွင် သူသိထားသောစာရင်းထဲ၌မပါဝင်သည့် နာမည်တစ်ခုကို ကြားလိုက်ရသဖြင့် ဒုတိယမင်းသားက အမြန်မေးလိုက်၏။
"ယွိဟွာကရော မင်းသမီးစံအိမ်မှာပဲနေတာလား"
ရှီထုံက စားပွဲပေါ်မှ နောက်ထပ်ပုလဲတစ်လုံးကို ကောက်ယူလိုက်ပြီး ခေါင်းညိတ်ကာ ပြန်ဖြေလိုက်သည်။
"အင်း"
"ယွိဟွာ" ဟူသောနာမည်မှာ အတော်လေး ရိုးရိုးရှင်းရှင်းဖြစ်သော်ငြား ဒုတိယမင်းသားကမူ သူမက ချန်လဲ့မင်းသမီးလေး၏နောက်ကွယ်မှ သိုင်းပညာရှင်ဖြစ်မည်ဟု ယုံကြည်လိုက်တော့၏။ မည်သို့ပင်ဆိုစေကာမူ ကျွမ်းကျင်သူများတွင် သူတို့ကိုယ်ပိုင် ထူးခြားချက်လေးများရှိတတ်ကြသည်။ အနည်းငယ် ကသိကအောက်နိုင်သော နာမည်လေးဖြစ်နေရုံမှလွဲ၍ သိုင်းပညာရှင်တစ်ယောက်၏ဟန်ကိုမူ လုံးဝ မထိခိုက်စေပေ။
"သူမကို မကြာခဏတွေ့ရလား"
ဒုတိယမင်းသားက ဆက်စူးစမ်းလိုက်သည်။
ရှီထုံက စားပွဲပေါ်မှနောက်ဆုံးကျန်နေသောရတနာကို သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်၏။ သူပြန်ဖြေလိုက်သည်။
"ယွိဟွာက ချက်ချင်းပေါ်လာလိုက် ချက်ချင်းပျောက်သွားလိုက်ပဲ၊ သူမကို မတွေ့ရတာတောင် တော်တော်ကြာပြီ"
ဒုတိယမင်းသားက ဤသည်မှာသိုင်းပညာရှင်တစ်ယောက်မှ အရိပ်အယောင်မပြဘဲ ပေါ်လာနိုင်၊ ပျောက်သွားနိုင်သည်ဟူသော လက္ခဏာတစ်ခုအဖြစ် အလိုအလျောက် ကောက်ချက်ချလိုက်တော့၏။
"ဒါဆို ယွိဟွာကိုဘယ်လိုရှာရမလဲ"
ဒုတိယမင်းသားက မေးလိုက်သည်။
စားပွဲပေါ်တွင် အဖိုးတန်ပစ္စည်း ဘာမှမရှိတော့သည်ကိုမြင်သောအခါ ရှီထုံမှာ ပြန်ဖြေရန် စိတ်ဝင်စားမှု ချက်ချင်း ပျောက်ဆုံးသွားတော့၏။ သူက ဒုတိယမင်းသား၏ရင်ခွင်ထဲမှ အမြန်ဆင်းကာ ဒုတိယမင်းသား၏ကြင်ရာတော်ဆီသို့ ပြေးသွားပြီး သူ့အိတ်ကပ်ထဲမှ ရတနာတစ်ခုကိုထုတ်၍ သူမလက်ထဲသို့ ထည့်ကာ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
"မမချောချောလေးအတွက်"
ဤသို့ခေါ်ဆိုမှုနှင့် ကလေးပေးသော လက်ဆောင်ကိုမြင်လိုက်ရသောအခါ ဒုတိယမင်းသား၏ကြင်ရာတော်ခမျာ အလွန်အမင်း ဝမ်းသာသွားတော့သည်။ သူမက ရှီထုံကို ချီကာ အကြိမ်ပေါင်းများစွာနမ်းလိုက်ပြီး သူမ၏ကြီးမားလှသောမေတ္တာကို ပြသလိုက်၏။
ဒုတိယမင်းသား၏မျက်လုံးများမှာ ရှီထုံ့အိတ်ကပ်ကိုကြည့်ရင်း မျက်လုံးပြူးထွက်တော့မတတ်ပင်။ ထိုအရာများက သူ့ရတနာများနှင့် တန်ဖိုးဖြတ်မရသော ကျောက်စိမ်းဆွဲကြိုးတို့ဖြစ်သည်။ သူက တေး ၁၀၀,၀၀၀ဆုံးရှုံးထားခါစဖြစ်ပြီး ထိုရတနာများမှာ သူ့ဘဏ္ဍာတိုက်ငယ်ကို ပြန်လည်ဖြည့်တင်းရန် ရည်ရွယ်ထားခြင်းပင်။
ဒုတိယမင်းသားက မိမိကိုယ်ကိုတိတ်တဆိတ် နှစ်သိမ့်လိုက်ပြီး စိတ်မပူရန်နှင့် အနည်းဆုံးတော့ ချန်လဲ့မင်းသမီးလေး၏နောက်ကွယ်မှ သိုင်းပညာရှင်၏နာမည်မှာ ယွိဟွာဖြစ်ကြောင်း သိလိုက်ရပြီဟုတွေးလိုက်၏။ ထိုလူကိုရှာတွေ့ပြီး အကျိုးအမြတ်တချို့ပေးမည်ဟု ကတိပေးလိုက်ပါက သူမကို စည်းရုံးနိုင်မည်မှာ သေချာသည်ဟု ယုံကြည်နေသည်။
ရှီထုံ့ဗိုက်ကလေးမှာ ဆာလောင်လွန်းသဖြင့် အသံမြည်လာတော့သည်။ သူက သနားစရာကောင်းဟန်ဖြင့် ငိုယိုလိုက်၏။
“မမချောချောလေး သားစားချင်တယ် ဗိုက်ဆာနေပြီ"
ဤစကားကိုကြားသောအခါ ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကို ချက်ချင်းချီကာ မီးဖိုချောင်ဆီသို့ထွက်လာခဲ့တော့၏။ စားစရာအသင့်ဖြစ်မဖြစ်ကို သူမကိုယ်တိုင်ကြည့်ချင်သည်။ ဒုတိယမင်းသား၏ကြင်ရာတော်က ခုနက ဒုတိယမင်းသားပြောခဲ့သည့်စကားကို စိတ်ထဲမှတိတ်တဆိတ်ထပ်ခါတလဲလဲ ရွတ်ဆိုနေတော့သည်။
'စကားနားမထောင်တဲ့ အစေခံတွေ အကုန်လုံး အရောင်းခံရမယ်၊ စကားနားမထောင်တဲ့ အစေခံတွေ အကုန်လုံး အရောင်းခံရမယ်၊ ရောင်းသာပစ်လိုက်'
ဘယ်သူကများ ဟင်းကိုသေသေသေချာချာမချက်ထားသလဲဆိုသည်ကို သူမကြည့်ချင်နေတော့၏။