အခန်း ၁၂၂
Vol. 13 Ch. 122
122
ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံကိုချီပြီး ဝင်လာသောအခါ စားဖိုမှူးအနည်းငယ်သာ အလုပ်ရှုပ်နေကြ၏။
အခြားစားဖိုမှူးများပျောက်သွားသည်မှာ ကြာပြီဖြစ်သည်။ စကားနားမထောင်သော အစေခံများကို ရောင်းထုတ်မည်ဟူသည့် ဒုတိယမင်းသား၏ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ ကြင်ရာတော်ရှန်းထံတွင် စာချုပ်ရှိနေသူများကမူ ဂရုမစိုက်ကြပေ။ မည်သို့ပင်ဆိုစေကာမူ သူတို့က ကြင်ရာတော်ရှန်း၏လူများဖြစ်ပြီး ဒုတိယမင်းသား၏ကြင်ရာတော်မှာ သူတို့ကိုမထိရဲကြောင်း သိထားကြသည်။
ဒုတိယမင်းသား၏ကြင်ရာတော်မှာ အမျက်ချောင်းချောင်းထွက်သွားတော့၏။ သူမအစေခံမလေး စုံစမ်းကြည့်မှသာလျှင် အလုပ်လုပ်နေသော စားဖိုမှူးတစ်ယောက်မှလွဲ၍ ကျန်လူများအားလုံး၏စာချုပ်များမှာ ဒုတိယမင်းသားစံအိမ်၌မရှိကြောင်း သူမသိလိုက်ရသည်။ အစေခံမလေးက ဒေါသတကြီးဖြင့်ပြောလိုက်သည်။
"သခင်မ၊ ဒီအစေခံတွေက အရမ်းတရားလွန်လာပြီ၊ သခင်မဆီမှာ သူတို့ရဲ့စာချုပ်တွေမရှိလို့ သူတို့ကိုရောင်းလို့မရဘူးဆိုတဲ့ အချက်ကို အခွင့်ကောင်းယူပြီး သခင်မကိုလုံးဝ ဂရုမစိုက်ကြတာ"
ကံကောင်းထောက်မစွာဖြင့် မီးဖိုချောင်ရှိ စားဖိုမှူးအနည်းငယ်မှာ ဒုတိယမင်းသားစံအိမ်၏လူအစစ်များဖြစ်ကြ၏။ သူတို့က ရှီထုံစားချင်သော အစားအစာများကို ပြင်ပေးကြပြီး ဒုတိယမင်းသား၏ကြင်ရာတော်က အစေခံမလေးကို သူမခြံဝင်းထဲသို့ ယူသွားခိုင်းလိုက်သည်။
ရှီထုံကို အစာကျွေးရင်း ဒုတိယမင်းသား၏ကြင်ရာတော်က ဤအခြေအနေကို မည်သို့ဖြေရှင်းရမည်အား သူမအစေခံမလေးနှင့် တိုင်ပင်ဆွေးနွေးနေတော့သည်။
ဗိုက်ဆာနေသော ရှီထုံက အစားအသောက်ထဲ ခေါင်းနှစ်ထားတော့၏။ အမျိုးသမီးနှစ်ယောက်၏ စကားကိုကြားသောအခါ သူက အစာဝါးနေရင်း ပလုတ်ပလောင်းဖြင့်ပြောလိုက်သည်။
"သူတို့ကို အိမ်ဆောက်ခိုင်းလိုက်"
သူ့ရွာသူကြီးလေးက စကားနားမထောင်သော ဦးလေးလင်းနှင့် အခြားသူများကို အိမ်မည်သို့ဆောက်ခိုင်းခဲ့ကြောင်းနှင့် ယခုအခါ သူတို့အားလုံး လိမ္မာရေးခြားရှိသွားကြောင်းကို ရှီထုံတစ်ယောက်ပြန်သတိရသွားသည်။
"ဘယ်လို အိမ်ဆောက်ခိုင်းတယ်ဆိုတာ ဘာကိုပြောတာလဲ"
ဒုတိယမင်းသား၏ကြင်ရာတော်က ရှီထုံတစ်ယောက် အရုပ်များနှင့် ကစားသည့်အကြောင်းပြောနေသည်ဟု ထင်သွား၏။
ငယ်စဉ်ကတည်းက ရွာသူကြီးလေးလိုဖြစ်ချင်နေခဲ့သော ရှီထုံခမျာ နေ့စဉ်နေ့တိုင်း အားသို့နှင့် စကားနားမထောင်သောကလေးတစ်သိုက်နောက်သို့ လိုက်ကာ သူတို့၏အရေးပါသော အကျင့်စရိုက်များအားလုံးကို အတုခိုးတတ်နေပေပြီ။ ဤနေရာရှိ ရှီထုံမှာ ဉာဏ်ကြီးရှင်ရှီထုံတစ်ယောက် ဖြစ်နေပြီပင်။
ရှီထုံက အမျိုးသမီးနှစ်ယောက်ကို သူတို့ရွာသူကြီးလေးမှ စကားနားမထောင်သောကလေးများအား အလုပ်ကြမ်းများလုပ်ရန် မည်သို့ဆွဲခေါ်သွားကြောင်း ရှင်းပြလာသည်။ သူတို့စကားနားမထောင်ပါက သူမကရိုက်မည်ဖြစ်ပြီး တစ်ခါရိုက်၍မရပါက နှစ်ခါရိုက်ကာ လိမ္မာသွားသည်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်းပြောပြတော့၏။
ကလေးငယ်၏အပြစ်ကင်းစင်သော စကားများကို သေသေချာချာနားမလည်သော်ငြား ဒုတိယမင်းသား၏ကြင်ရာတော်မှာ နှိမ့်ချတတ်ပြီး သင်ယူလိုစိတ်ပြင်းပြနေသည်။
သူမက သုံးနှစ်အရွယ်ကလေးလေးကို ကမန်းကတန်း မေးလိုက်သည်။
"ဒါပေမဲ့ သူတို့ကကြင်ရာတော်ရှန်းရဲ့လူတွေလေ၊ ပြီးတော့ ဒီအစေခံတွေက စကားနားမထောင်ဘူး၊ သူတို့ကိုဆုံးမဖို့ ဘယ်သူ့ကိုမှလည်း ရှာမရဘူး၊ စံအိမ်က အစောင့်တွေကလည်း ငါ့စကားကို နားမှမထောင်တာ"
သူတို့ ရွာသူကြီးလေး၏အဘွားအိမ်တွင်ရှိနေစဉ်က ရွာသူကြီးလေးနှင့် မိသားစုဝင်များက အိမ်နီးချင်းများ ပစ္စည်းရွှေ့ရာတွင် ကူညီပေးခြင်းဖြင့် ငွေမည်သို့ရှာခဲ့ကြောင်း ရှီထုံတစ်ယောက်ပြန်တွေးမိသွား၏။ ရှီထုံက သူ့လက်သေးသေးလေးများကို လက်ခုပ်တီးကာ ပျော်ရွှင်စွာဖြင့်ပြောလိုက်သည်။
"ရွာသူကြီးလေးကို သွားရှာလေ၊ မမမှာ ပိုက်ဆံရှိလား၊ ပိုက်ဆံပေးမှ ကျွန်တော်က အလုပ်လုပ်တာ၊ မပေးရင် မလုပ်ဘူး"
ရှီထုံ့စကားကိုကြားပြီးနောက် အစေခံမလေးမှာ ရုတ်တရက် အကြံဉာဏ်တစ်ခု ရသွားတော့၏။
"သခင်မ၊ ဒီစကားနားမထောင်တဲ့ အစေခံတွေကို ပညာပေးဖို့ ချန်လဲ့မင်းသမီးလေးစံအိမ်က လူတွေကို ကျွန်မတို့ ငှားလို့ရတယ်လေ၊ ကြင်ရာတော်ရှန်းသိသွားရင်ရော ဘာဖြစ်လဲ၊ သူမက ချန်လဲ့မင်းသမီးလေးကို ပြဿနာသွားရှာရဲလို့လား"
အစေခံမလေးက ချန်လဲ့မင်းသမီးလေး၏မြို့တော်အတွင်းရှိ လုပ်ဆောင်ချက်များကို အများအပြား ကြားဖူးထားပြီး သူမ၏အမာခံပရိသတ်တစ်ဦးဖြစ်နေ၏။ နေ့စဉ်နေ့တိုင်း မင်းသမီးလေးက မည်သည့်နေရာတွင် မကောင်းမှုများကိုအပြစ်ပေးကာ တရားမျှတမှုကို ဖော်ဆောင်နေကြောင်း ကြားသိရရန် သူမက တိတ်တဆိတ် အပြင်ထွက်လေ့ရှိသည်။ အစေခံမလေး၏မျက်လုံးထဲတွင် မင်းသမီးလေး၏လုပ်ရပ်များမှာ အမှန်တကယ်ပင် ဖြောင့်မတ်မှန်ကန်လှသည်။
ကြင်ရာတော်ရှန်းနှင့် သခင်မလေးဟယ်တို့က ချန်လဲ့မင်းသမီးလေးကို အနိုင်ကျင့်ရဲလား သို့မဟုတ် သူမ၏သခင်မကိုသာ အနိုင်ကျင့်ရဲသလားဆိုသည်ကို သူမကြည့်ချင်နေတော့၏။
အစေခံမလေး၏စိတ်ထဲတွင် ကိုယ်ပိုင်အကြံတစ်ခုရှိနေသည်။ ချန်လဲ့မင်းသမီးလေးနှင့် သူမလူများစံအိမ်သို့ လာရောက်သောအခါ သူမနှင့် သူမ၏သခင်မတို့က နောင်တွင် အလွယ်တကူ အနိုင်ကျင့်မခံရစေရန် တစ်ခုခုသင်ယူနိုင်ကောင်း သင်ယူနိုင်လိမ့်သည်။
ဒုတိယမင်းသား၏ကြင်ရာတော်နှင့် သူမအစေခံမလေးတို့က သုံးနှစ်အရွယ် ရှီထုံကို ဘယ်လိုလုပ်ရမလဲဟု ကမန်းကတန်း မေးလိုက်ကြ၏။ မင်းသမီးတစ်ပါးနှင့် အစေခံတစ်ဦး၏ဉာဏ်ရည်မှာ သုံးနှစ်အရွယ် ကလေးတစ်ယောက်ကို မယှဉ်နိုင်သည်မှာ ထူးဆန်းသည်ဟု မည်သူကမျှမတွေးမိကြပေ။
ထို့ကြောင့် သုံးနှစ်အရွယ် ကလေးလေး ဦးဆောင်သော လူကြီးနှစ်ယောက်က အစီအစဉ်တစ်ခုကို ရေးဆွဲလိုက်ကြသည်။ ရှီထုံတို့အဖွဲ့ထဲမှခေါင်းဆောင်ကို ဒုတိယမင်းသားစံအိမ်သို့ အခြေအနေ ထိန်းသိမ်းရန် ဖိတ်ခေါ်ပြီး လုပ်အားခကိုမူ ဒုတိယမင်းသားက ပေးဆောင်ရန်ပင်။
ဘာတွေဖြစ်နေသလဲဆိုသည်ကို လုံးဝ မသိသော ဒုတိယမင်းသားခမျာ နောက်ထပ်ငွေများ ဆုံးရှုံးရတော့မည်ဟုခံစားမိလိုက်ကာ အကြောက်လွန်၍တုန်နေတော့၏။
နောက်တစ်နေ့တွင် ကြင်ရာတော်၏အစေခံမလေးက မင်းသမီးလေးအတွက် ပြင်ထားသော လက်ဆောင်များကို သယ်ဆောင်ကာ ချန်လဲ့မင်းသမီးလေး၏စံအိမ်သို့ မနက်စောစော ရောက်လာတော့သည်။
အစေခံမလေးမှာ ချန်လဲ့မင်းသမီးလေးကို မြင်လိုက်ရသဖြင့် အလွန်အမင်း စိတ်လှုပ်ရှားနေတော့၏။
သူမက ပစ္စည်းများကို ချန်လဲ့မင်းသမီးလေးလက်ထဲသို့ ကမန်းကတန်းထိုးထည့်ပေးလိုက်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"ဒီအစေခံမလေးက ချန်လဲ့မင်းသမီးလေးကို ဂါရဝပြုပါတယ် ကျန်းမာလို့ ချမ်းသာပါစေ၊ ဒါက ကျွန်မ သခင်မဆီက လက်ဆောင်ပါ၊ မင်းသမီးလေး သဘောကျမယ်လို့ မျှော်လင့်ပါတယ်"
လက်ဆောင်ကိုကိုင်ထားရင်း ရှောင်ကျိုးက တွေဝေစွာဖြင့်ပြန်ဖြေလိုက်၏။
"ကျေးဇူးပါ"
ရှောင်ကျိုး နားမလည်နိုင်ဖြစ်နေသည်။ သူမ မနေ့ကမှ အိမ်တော်ထိန်းကို ပွဲအတွက် ပြင်ဆင်ဖို့ ညွှန်ကြားထားတာ မဟုတ်လား။ ဝန်ဆောင်မှုက ဘယ်လိုလုပ်ပြီး ဒီလောက်တောင်မြန်နေရတာလဲ။
အစေခံမလေးက ချန်လဲ့မင်းသမီးလေးကို တီးတိုးပြောလိုက်သည်။
"ကျွန်မသခင်မက မင်းသမီးလေးမှာ အားလပ်ချိန်ရှိလားလို့ မေးခိုင်းလိုက်ပါတယ်၊ အဆင်ပြေမယ်ဆိုရင် ဒုတိယမင်းသားရဲ့စံအိမ်မှာ နတ်ဆိုးနဲ့မိစ္ဆာတွေကို နှိမ်နင်းဖို့ မင်းသမီးလေးကို ဖိတ်ချင်လို့ပါတဲ့၊ အခကြေးငွေလည်း ပေးပါမယ်"
‘ဒုတိယမင်းသားစံအိမ် ဟုတ်လား၊ ရက်ရောတဲ့ ဒုတိယအစ်ကိုဆီလား၊ အခကြေးငွေရောပေါ့လေ’
ဤအလုပ်ကို သူမလုပ်နိုင်သည်ဟု ရှောင်ကျိုးတစ်ယောက် ဆုံးဖြတ်လိုက်တော့၏။
အခြားကလေးများလည်း ထိုနေရာတွင် ရှိနေသည်ကိုမြင်သောအခါ အစေခံမလေးက သူတို့ကိုပါ ကမန်းကတန်းဖြင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်လိုက်သည်။
ကျောက်ဟူနှင့် အခြားသူများက သူတို့ရွာသူကြီးလေးကို ကြည့်လိုက်ကြ၏။ သူမသွားလျှင် သူတို့လည်းသွားမည်ပင်။
ရှောင်ကျိုး ခေါင်းညိတ်ကာ အစေခံမလေး၏တောင်းဆိုမှုကို သဘောတူလိုက်သည်။
"ငါ အခုအားတယ်၊ သွားကြမယ်"
ချန်လဲ့မင်းသမီးလေးမှာ ဤမျှမြန်ဆန်သွက်လက်မည်ဟု မထင်ထားသော အစေခံမလေးက မရေမရာဖြင့်ထပ်မေးလိုက်သည်။
"မင်းသမီးလေးက အခုသွားမှာလား၊ ဘာမှ ပြင်ဆင်စရာမလိုဘူးလား"
"ဘာတွေပြင်ဆင်ဖို့လိုလို့လဲ၊ ငါတို့က လက်ဆောင်ပြန်ပေးရမှာလား"
ဖက်တီးလေးနှင့် ရှောင်ကျိုးတို့က သူတို့ပိုက်ဆံအိတ်များကို ကမန်းကတန်း ဆုပ်ကိုင်လိုက်ကြ၏။ သူတို့ကိုယ်ပိုင်ငွေကို သုံးရမည်ဆိုပါက သူတို့မသွားချင်ကြပေ။ သူတို့ငွေအိတ်များမှာ အဝင်အတွက်သာဖြစ်ပြီး အထွက်အတွက်မဟုတ်ပေ။
"မဟုတ်ပါဘူး မဟုတ်ပါဘူး လက်ဆောင်ပြန်ပေးစရာ မလိုပါဘူး၊ မင်းသမီးလေးလာနိုင်တာကိုပဲ သခင်မက အရမ်းဝမ်းသာနေပါပြီ"
အစေခံမလေးက အမြန်ရှင်းပြလိုက်သည်။ တစ်စုံတစ်ယောက်ကို မရိုက်မီ ချန်လဲ့မင်းသမီးလေးအနေဖြင့် ပြင်ဆင်ရန် လိုအပ်သလား သို့မဟုတ် တိုက်ရိုက်ပင် သွားရိုက်မလားဆိုသည်ကို သူမမေးချင်နေခြင်းပင်။
ဤစကားကို ကြားသောအခါ ရှောင်ကျိုးလည်း သက်ပြင်းချနိုင်သွားတော့သည်။
"ဒါဆိုလည်း ပြီးတာပဲ၊ နင်အရင် ပြန်သွားနှင့်လေ၊ ငါတို့ ခဏနေရင်လာခဲ့မယ်"
ချန်လဲ့မင်းသမီးလေး သဘောတူလိုက်သည်ကိုမြင်သောအခါ အစေခံမလေးက ပျော်ရွှင်စွာဖြင့်ပြန်ထွက်သွားတော့၏။
အားသို့က မေးစေ့ကိုလက်ဖြင့်ထောက်ကာ စပ်စုချင်စိတ်ဖြင့်မေးလိုက်သည်။
"ကျွန်တော်တို့ နောက်ထပ်အလုပ်တစ်ခု ရပြီလား"
ကျောက်ဟူမှာ စိတ်လှုပ်ရှားနေတော့၏။
"ကျွန်တော်တို့က ရွာသူကြီးလေးရဲ့ ဒုတိယအစ်ကိုအိမ်ကို ပြောင်းရတော့မှာလား၊ ရွာသူကြီးလေးရဲ့ဒုတိယမရီး (ဒုတိယမင်းသားရဲ့ ကြင်ရာတော်)ကရော ကွာရှင်းတော့မှာ…"
သူ့စကားမဆုံးမီ ထိုနေရာမှဖြတ်သွားသော ဆရာကြီးရွှီက သူ့ခေါင်းကို ခေါက်ကာ ငေါက်လိုက်သည်။
"သတိထားစမ်း၊ တစ်ယောက်ယောက် ကြားသွားရင် မလေးမစားလုပ်မှုနဲ့ မင်းကို အပြစ်ပေးလိမ့်မယ်၊ တော်ဝင်မိသားစုအကြောင်းကို အဲ့လိုမျိုး ကောလာဟလတွေ လျှောက်ဖြန့်လို့မရဘူး"
ကျောက်ဟူ ခေါင်းကိုအုပ်ကာ ချက်ချင်းပေါ်လာလိုက် ချက်ချင်းပျောက်သွားလိုက်ဖြစ်တတ်သော ဆရာကြီးရွှီကိုကြည့်လိုက်၏။
‘ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ'
"ရှီထုံက ရွာသူကြီးလေးရဲ့ ဒုတိယအစ်ကိုအိမ်မှာ ရှိနေတုန်းပဲလား"
ရှန်ကျစ်ယွမ်က သူမဘေးတွင် ဆောင့်ကြောင့်ထိုင်နေသော ကျန်းဟယ်ကိုမြင်သောအခါမှသာ အရပ်ပုပုနှင့် ဝတုတ်တုတ်ကလေးများထဲမှ တစ်ယောက်ပျောက်နေကြောင်း သတိထားမိသွားသည်။
ကျန်းဟယ်က ချက်ချင်းမတ်တပ်ထရပ်ပြီး အလောတကြီးပြောလိုက်သည်။
"ငါ ရှီထုံကို သွားရှာရမယ်၊ အခုပဲ သွားမယ်"
ကျန်းဟယ်က ရှီထုံကို အင်မတန်လွမ်းနေမိ၏။ သူ မရှိသည့်အခါ ကျန်းဟယ်မှာ စားချင်စိတ်များပျောက်နေပြီး အရုပ်များကို လုကစားမည့်သူလည်းမရှိသဖြင့် ကစားရသည်မှာ သိပ်မပျော်ရတော့ချေ။ ရှီထုံပြန်ရောက်လာသောအခါ အရုပ်များအတွက် သူ့ကို ဘယ်တော့မှပြန်မလုတော့ဟု ဆုံးဖြတ်လိုက်တော့သည်။
ဖက်တီးလေးက စပ်စုချင်စိတ်ဖြင့်မေးလိုက်သည်။
"မင်းနဲ့ ရှီထုံက နေ့တိုင်းအရုပ်တွေအတွက် ရန်ဖြစ်နေကြတာ မဟုတ်ဘူးလား၊ အခု သူ မရှိတော့ အရုပ်တွေ အကုန်လုံး မင်းဟာတွေချည်းပဲလေ၊ ဘာလို့ သူ့ကိုရှာဖို့ အဲ့လောက်လောနေရတာလဲ"
ကျန်းဟယ်က မခံချင်စိတ်ဖြင့်ပြန်ပြောလိုက်၏။
"ငါ ရှီထုံနဲ့ အရုပ်တွေအတွက် ရန်မဖြစ်ခဲ့ပါဘူး၊ သူ ပြန်လာရင် အရုပ်တွေအကုန်လုံးကို သူ ကစားလို့ရပါတယ်၊ ငါ သူ့ဆီကနေ မလုတော့ဘူး"
"အမ်"
ကျောက်ဟူနှင့် အခြားသူများမှာ မယုံကြည်နိုင်အောင်ဖြစ်သွားကြတော့သည်။ ဤအရပ်ပုပုနှင့် ဝတုတ်တုတ် ကလေးနှစ်ယောက်မှာ တွေ့ပြီး ဆယ်မိနစ်အတွင်း ရန်စဖြစ်နိုင်ကြသော်ငြား ခဏတာ ကွဲကွာသွားသည်နှင့် တစ်ယောက်ကိုတစ်ယောက် လွမ်းဆွတ်နေကြသည်။
ရှောင်ကျိုးက ကျန်းဟယ်၏လုံးဝန်းနေသော ဗိုက်ကလေးကိုထိုးကာ မေးလိုက်သည်။
"နင် ဝလာတာလား"
ကျန်းဟယ်က သူ့ဗိုက်ကို ပိန်အောင် အသက်အောင့်လိုက်ပြီး ဒေါသတကြီးဖြင့် ပြန်ပြောလိုက်၏။
"မဟုတ်ပါဘူး၊ ရွာသူကြီးလေးသာ ဝလာတာ"
ရှောင်ကျိုး အောက်ကို ကမန်းကတန်း ငုံ့ကြည့်လိုက်ပြီး သူမ မသိလိုက်ချိန်၌ ဗိုက်ခေါက်လေးတစ်ခုတက်လာသကဲ့သို့ဖြစ်နေရာ သူမဗိုက်ကလေးကို ဆွဲကြည့်လိုက်သည်။
ရှောင်ကျိုးမှာ အလွန်လန့်သွားသဖြင့် မတ်တပ်ရပ်လိုက်ပြီး ဗိုက်ကိုပူထွက်စေကာ နောက်တစ်ကြိမ် ထပ်ဆွဲကြည့်လိုက်၏။
'နေပါဦး၊ ငါ တကယ်ကြီး ဝလာတာများလား’