အခန်း ၁၂၃
Vol. 13 Ch. 123
123
ရှောင်ကျိုးက အဘွားရွှီကိုရှာရန် ကမန်းကတန်း ပြေးသွားတော့၏။
အဘွားရွှီက ရွာသူကြီးလေးပြေးလာသည်ကို မြင်သောအခါ ပြုံးပြီးမေးလိုက်သည်။
"ဘာဖြစ်လို့လဲ၊ ငါတို့ရဲ့ရွာသူကြီးလေးကို ဘယ်သူက စိတ်ဆိုးအောင်လုပ်လိုက်လို့လဲ၊ ဘာလို့ မျက်နှာကြီးစူပုပ်နေတာလဲ"
ရှောင်ကျိုးက လက်နှစ်ဖက်ကို ဆန့်တန်းကာ အော်ပြောလိုက်၏။
"အဘွားရွှီ၊ သမီးကိုချီ"
အဘွားရွှီက သူမအလုပ်များကို ဘေးသို့ ချက်ချင်းဖယ်ထားလိုက်ပြီး ရှောင်ကျိုးကိုချီကာ ဖွဖွလေးမြှောက်လိုက်သည်။
"အားယား ပေါ့သွားလိုက်တာ၊ ငါတို့ရွာသူကြီးလေး ဒီတလော အလုပ်တွေ အရမ်းကြိုးစားနေတာပဲ၊ ထမင်းပိုစားဖို့ လိုနေပြီ"
ထိုစကားကိုကျေနပ်သွားသော ရှောင်ကျိုးက အဘွားရွှီ၏ရင်ခွင်ထဲမှ ပျော်ရွှင်စွာ ခုန်ဆင်းလိုက်တော့၏။ သူမ စိတ်ထဲမှ တွေးလိုက်သည်။
'ငါက ဘယ်လိုလုပ်ဝလာနိုင်မှာလဲ'
ယင်းကိုမြင်သောအခါ ကျန်းဟယ်က ပြေးလာပြီး အဘွားရွှီ၏ခြေထောက်ကို
ဖက်ကာ အသံစာစာလေးဖြင့် အော်လိုက်သည်။
"အဘွားရွှီ၊ သားကိုလည်း ချီ"
အဘွားရွှီက ကိုယ်ကိုကိုင်းကာ ကျန်းဟယ်ကို ချီပြီးမြှောက်လိုက်သည်။
"ငါတို့ကျန်းဟယ်လေးက ဒီတလော နည်းနည်း ဝလာလိုက်တာ၊ လုံးလုံးအိအိလေးနဲ့မို့ အားလုံးကချစ်ကြတာပေါ့"
လိုချင်သောအဖြေကို မရသဖြင့် ကျန်းဟယ်က ဒေါသတကြီးရုန်းထွက်လိုက်တော့၏။
"ဟမ့် အကုန်လုံး လူဆိုးတွေချည်းပဲ၊ စကားမပြောတော့ဘူး"
ကျန်းဟယ်က လက်သီးဆုပ်လေးများကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ နေပူထဲသို့ ဒေါသတကြီးထွက်သွားပြီး လှေကားထစ်တစ်ခုကိုရှာ၍ စူပုပ်ပုပ်နှင့် ထိုင်နေတော့သည်။ သူက လူတိုင်းကို ကျောခိုင်း၍ထိုင်နေသော လုံးလုံးအိအိဘောလုံးလေးတစ်ခုနှင့်တူနေပြီး သူ့နောက်စေ့လေးကပင် ဒေါသထွက်နေပုံပေါ်၏။
သူတို့က သူကိုဆက်မစတော့ရန် ဆုံးဖြတ်လိုက်ကြသည်။
ရှန်ကျစ်ယွမ်က သူ့ကို နှစ်သိမ့်ပေးလိုက်၏။
"နင်က ငယ်ပါသေးတယ်၊ နည်းနည်း ဝဝကစ်ကစ်လေးဖြစ်နေတာက ချစ်စရာကောင်းတယ်၊ အရင်တုန်းကဆို နင်က အရမ်းပိန်လွန်းတယ်လေ၊ အခု ကြည့်ပါဦး၊ လုံးလုံးအိအိလေးနဲ့ ဘယ်လောက်ချစ်စရာကောင်းလဲ၊ ဝမ်ကျီရုံတောင် ဝဝကစ်ကစ်လေးနဲ့ပျော်နေတာပဲဟာ"
ကျန်းဟယ်က ဘောလုံးတစ်လုံးလိုဖြစ်နေသော ဝမ်ကျီရုံ၏ဗိုက်ကို လှမ်းကြည့်လိုက်ပြီး ဒေါသပိုထွက်သွားတော့၏။ သူက မဝချင်ပေ။ အလွန်အမင်း ဝမ်းနည်းသွားသဖြင့် ထမင်းလုံးဝမစားတော့ရန် ဆုံးဖြတ်လိုက်တော့သည်။
တရားခံဖြစ်သော ရှောင်ကျိုးက သူ့ဘေးတွင် ဆောင့်ကြောင့်ထိုင်လိုက်သည်။
"ရှီထုံ့ကို သွားရှာကြမလား"
ကျန်းဟယ် လှည့်ကြည့်လိုက်သည်။
"တကယ်လား"
ရှောင်ကျိုးက သူ့ကို မ,လိုက်၏။
"တကယ်ပေါ့"
အလျားလိုက် ချီမ,ခံထားရသော ကျန်းဟယ်မှာ လိပ်ပေါက်စလေးတစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာလူးလွန့်နေတော့သည်။
"စိတ်ဆိုးနေတုန်းပဲလား"
ရှောင်ကျိုးက သူ့ကို ဖွဖွလေးလှုပ်ကာ မေးလိုက်သည်။
ကျန်းဟယ်က တခစ်ခစ်ရယ်လိုက်၏။
"စိတ်မဆိုးတော့ပါဘူး ရွာသူကြီးလေး၊ ရွာသူကြီးလေးက အကောင်းဆုံး ရွာသူကြီးလေးပဲ"
ရှောင်ကျိုးက ကျန်းဟယ်ကို ရထားလုံးပေါ်သို့ ကူတင်ပေးလိုက်သည်။
ယင်းကိုမြင်သောအခါ အဘွားရွှီက ကျန်းဟယ်ကို နောက်တစ်ကြိမ် မတော်တဆထားရစ်ခဲ့မိမည်ကို စိုးရိမ်သဖြင့် ကမန်းကတန်းလိုက်လာတော့၏။ လက်ဗလာဖြင့် မသွားချင်သဖြင့် ရွှီရှောင်ရှောင်လုပ်ထားသော ချဉ်ဖတ်အိုးကြီးအချို့ကိုယူကာ ရထားလုံးပေါ်သို့ တက်လိုက်သည်။
ဖက်တီးလေးမှာ ချက်ချင်းပင်မကျေမနပ်ဖြစ်သွားတော့သည်။ ထိုချဉ်ဖတ်များက သူအကြိုက်ဆုံးဖြစ်ပြီး ထမင်းနှင့်စားလျှင် အလွန်လိုက်ဖက်လှသည်။
‘ဘာလို့ သူများကိုပေးရမှာလဲ’
သူက အဘွားရွှီထံမှ အိုးကိုဆွဲလုကာ ရထားလုံးပေါ်မှ ခုန်ဆင်းပြီး မူလနေရာတွင်ပြန်ထားလိုက်၏။ သူမကို ထိုအရာများပေးပစ်ဖို့ သူ လုံးဝခွင့်မပြုနိုင်ပေ။
အဘွားရွှီခမျာ ကူကယ်ရာမဲ့စွာဖြင့် မုန့်များနှင့် အချိုပွဲတချို့ကို အစားထိုး ထုပ်ပိုးလိုက်ပြီး ဒုတိယမင်းသားစံအိမ်သို့သွားရန် ပြင်လိုက်တော့သည်။
ရှန်ကျစ်ယွမ်က ထိုပစ္စည်းများကို တစ်ချက်ကြည့်လိုက်၏။ ယင်းတို့က သူမ အကြိုက်ဆုံးများဖြစ်နေသဖြင့် တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်သည်။
"အဘွားရွှီ ဒါတွေ မပေးပါနဲ့၊ အဲ့ဒါတွေက သမီးအကြိုက်ဆုံးတွေ"
သူမပြန်ဆွဲလုကာ ခုန်ဆင်းပြီး ဝှက်ထားလိုက်တော့သည်။
လက်ဆောင်ပေးရသည်မှာ ဘာလို့ ဒီလောက်တောင် ခက်နေရတာလဲဆိုသည်ကို အဘွားရွှီခမျာ နားမလည်နိုင်အောင်ဖြစ်နေတော့၏။
သူမက ခြံဝင်းထဲတွင် အခြားရွေးချယ်စရာများကို လိုက်ရှာတော့သည်။ သူမက ကစားစရာ အသေးအဖွဲလေးများကို ယူလာသော်ငြား ကျန်းဟယ်က ရစ်တော့၏။ သူမက လက်နက်ဟောင်းတချို့ကိုယူရန် ကြိုးစားသော်လည်း ကျောက်ဟူနှင့် ထျဲနျိုတို့က ယင်းတို့အတွက် သေသည်အထိ တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ကြသည်။ လောက်လေးခွတစ်လက်ကို သူမလှမ်းကြည့်လိုက်သောအခါ အားသို့က ချက်ချင်းဆွဲလုပြီး သူ့အိတ်ကပ်ထဲ ဝှက်ထားလိုက်တော့သည်။
ကလေးများက အရာအားလုံးကိုကာကွယ်နေကြသည်အား အဘွားရွှီတစ်ယောက် သဘောပေါက်သွားတော့၏။ သူမက တန်ဖိုးရှိသောအရာတစ်ခုခုအတွက် သူမကိုယ်ပိုင်ငွေကိုသုံးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ဒုတိယမင်းသား၏ဇနီးက ဈေးကြီးသော ပိုးထည်များပေးပို့ထားပြီး သူမတို့ရွာသူကြီးကလည်း မင်းသမီးတစ်ပါးဖြစ်သဖြင့် ဂုဏ်သိက္ခာအကျခံ၍ မဖြစ်ပေ။
သူမက သိုလှောင်ရုံထဲတွင် အဖိုးတန်ပစ္စည်းအနည်းငယ်ကို ရှာတွေ့ခဲ့သော်ငြား ရထားလုံးဆီသို့ မရောက်မီမှာပင် ရှောင်ကျိုးကပြန်လုသွားတော့သည်။ ရှောင်ကျိုးလက်ထဲသို့ ငွေရောက်သွားပြီဆိုလျှင် ဘယ်တော့မှပြန်ထွက်မလာတော့ချေ။
ရှောင်ကျိုးက အဘွားရွှီကို စိတ်ပျက်လက်ပျက်ဖြင့်ကြည့်လိုက်၏။
‘ငွေကို ဘယ်လိုလုပ်ပြီး အလကားပေးပစ်လို့ ရမှာလဲ၊ ဒါက ဖြုန်းတီးတာပဲ၊ နောက်တစ်ခါကျရင် မျိုးနွယ်စုခေါင်းဆောင်အဘိုးကို သူမနဲ့ စကားနည်းနည်းပြောဖို့ တိုင်ရမယ်’
သူမ တွေးလိုက်သည်။
အဘွားရွှီက အကြိမ်ကြိမ်ကြိုးစားသော်ငြား ပစ္စည်းတိုင်းကို ကလေးများက သူတို့ဟာဟုဆိုကာ လုယူသွားကြသည်။ ကလေး ဤမျှအများကြီး အထူးသဖြင့် ဤမျှ တွန့်တိုကပ်စေးနှဲသောကလေးများရှိနေခြင်းမှာ ခေါင်းကိုက်စရာတစ်ခုဟု သူမခံစားလိုက်ရတော့၏။
အကြိမ်အနည်းငယ် ကြိုးစားပြီးနောက် အဘွားရွှီ ဒေါသထွက်လာတော့သည်။ သူမသာ သူတို့ကိုမဆူပါက သူတို့ကိုယ်သူတို့ နတ်ပြည်ရောက်နေသည်ဟု ထင်နေကြလိမ့်မည်။ ဤနှုန်းအတိုင်းဆိုလျှင် သူတို့မထွက်ရမီမှာပင် မိုးချုပ်သွားတော့မည်။
နောက်ဆုံးတွင် အခြားဘာမှရှာမတွေ့တော့သဖြင့် အဘွားရွှီက ယွီဟွာဥထားသော ကြက်ဥ ၁၂ လုံးကို ကောက်ယူလိုက်တော့၏။
"ဒါတွေကိုလုဖို့ ကြိုးစားတဲ့သူ ဘယ်သူမဆို"
အဘွားရွှီ ကျိန်ဆဲလိုက်သည်။
"ငါ အသေရိုက်ပစ်မယ်၊ နင်တို့တွေ တကယ်ကို တရားလွန်လွန်းနေပြီ"
ကလေးများက ကြက်ဥများကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင် စိတ်ဝင်စားမှုပျောက်သွားကာ အဘွားရွှီ ရထားလုံးပေါ်တက်လာမည့်အချိန်ကို တိတ်တဆိတ် စောင့်နေကြတော့သည်။
ယွိဟွာ : ‘ဘာရယ် ငါ့ဥတွေက တန်ဖိုးမရှိဘူးပေါ့လေ၊ ခိုးဖို့တောင် မတန်ဘူးလား၊ နင်တို့ အနည်းဆုံးတော့ ငါ့ဥတွေအတွက် ကာကွယ်ပြောပေးဖို့ ကြိုးစားသင့်တယ်လေ’
ကလေးများက သူမဥများကို တစ်ချက်လေးမျှပင် လှည့်မကြည့်ဘဲ လိမ္မာရေးခြားရှိစွာ ထိုင်နေကြသည်ကို မြင်သောအခါ ယွိဟွာက ဒေါသတကြီးဖြင့် ရုတ်ရုတ်သဲသဲလုပ်တော့မည် ဖြစ်၏။ သူမ နှုတ်သီးကိုဟလိုက်သည်နှင့် တပြိုင်နက် အဘွားရွှီကဆွဲပိတ်လိုက်တော့သည်။ အဘွားရွှီမှာ ကလေးများကြောင့် လှုံ့ဆော်ခံလိုက်ရပြီဖြစ်ရာ ခြိမ်းခြောက်လာလေ၏။
"ဒီနေ့ နင် အသံထွက်ရဲထွက်ကြည့်စမ်း၊ ညစာအတွက် အရသာနယ်ပြီးချက်ပစ်မယ်"
ကောင်းကင်ဘုံနှင့် မြေကြီးကိုပင်ဆဲဆိုနိုင်သော ယွိဟွာခမျာ အဆဲဘိုးဘေးကြီး အဘွားရွှီ၏နှိမ်နင်းခံလိုက်ရတော့သည်။
အဘွားရွှီကို ပြန်အော်ရန်ဆိုသည်မှာ သူမ လုံးဝမလုပ်ရဲသောအရာပင်။ အဘွားရွှီက တကယ်ကြီးရိုက်လိမ့်မည်။ ယွိဟွာတစ်ယောက် ဘယ်သူ့ကို အကြောက်ဆုံးလဲဟု မေးလာပါက သေချာပေါက် အဘွားရွှီပင်ဖြစ်၏။ ကလေးတစ်သိုက်ထဲတွင် အဘွားရွှီ၏ဖိနပ်အောက်ခံပြားဖြင့် အရိုက်မခံရဖူးသူဟူ၍ တစ်ယောက်မျှမရှိခဲ့ဘဲ ယွိဟွာမှာလည်း ချွင်းချက်မဟုတ်ခဲ့ပေ။ တစ်ခါက သူမ အဘွားရွှီကိုစိန်ခေါ်ရန် ကြိုးစားခဲ့ဖူးသော်ငြား ယွိဟွာမှာ အနိုင်မရခဲ့သည့်အပြင် ဒေါသထွက်နေသော အဘွားရွှီ၏ဟင်းအိုးထဲသို့အပစ်ခံရမည့်ဘေးမှ သီသီလေးလွတ်မြောက်ခဲ့ရ၏။ ထိုအချိန်မှစ၍ အဘွားရွှီကို သူမ ဘယ်တော့မှ ထပ်ပြီးဒေါသမဆွရဲတော့ပေ။
ယွိဟွာက မခံချင်သောမျက်လုံးများဖြင့် ရှောင်ကျိုးကို ကြည့်လိုက်သည်။
'ငါ ဆူခံရပြီ၊ ကျေးဇူးပြုပြီး ကယ်ပါဦး'
ရှောင်ကျိုးက မသိချင်ယောင်ဆောင်နေလိုက်၏။ ရိုးရိုးသားသားပြောရလျှင် အဘွားရွှီ ဒေါသထွက်လာသောအခါ သူမလည်း ကြောက်ရသည်။
ကလေးများမှာ ရထားလုံးထဲတွင် ထူးထူးခြားခြား လိမ္မာရေးခြားရှိစွာ ထိုင်နေကြတော့သည်။
နောက်ဆုံးတွင် လက်ဆောင်ပြန်ပေးရန် ပစ္စည်းများနှင့်အတူ ရထားလုံးပေါ်ရောက်သွားသောအခါ အဘွားရွှီမှာ ဧည့်သည်အဖြစ်သွားရန်ရှက်စရာကောင်းတော့ဟု ခံစားလိုက်ရ၏။ အခြားသူဘက်က ရွာလူကြီးလေးကို တန်ဖိုးကြီးဖဲပိုးထည်များပေးပြီး သူမက ကြက်ဥ ၁၂လုံးပြန်ပေးသည်မှာ မှားနေသည်ဟု သူမ မထင်ပေ။ ပြောရလျှင် ထောင်ယွမ်ရွာမှရွာလူကြီးလေးမှအစ ရွာသားများထိ တစ်အုပ်စုလုံးမှာ ဖီရှို့များသာဖြစ်ကြသည်။ သူတို့သည် အဝင်သာလက်ခံပြီး အထွက်မရှိကြပေ။ အဘွားရွှီမှာ မိမိသည်ကျန်လူများထက် လက်ဖွာရက်ရောသည်ဟု ယူဆထားပြီး ထောင်ယွမ်ရွာတွင်မူ ကြက်ဥများမှာ အလွန်ဂုဏ်ရှိသော တန်ပြန်လက်ဆောင်တစ်ခုဖြစ်သည်။