← Chapters

အခန်း ၁၂၅

Vol. 13 Ch. 125

အခန်း ၁၂၅

Vol. 13 Ch. 125

125

ရင်းနှီးနေသည့်အသံကို ကြားလိုက်ရချိန်တွင် ရှီထုံက အသံလာရာဘက်သို့ ချက်ချင်းလှည့်ကြည့်လိုက်၏။ သူ့ကို ကယ်တင်ရန် ရောက်လာသူအားမြင်သောအခါ ဟယ်ချီချိုးကို လွှတ်ပေးလိုက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်တော့သည်။

သူ့ပါးစပ်တွင် သွေးများပေကျံနေသော်ငြား ဟယ်ချီချိုးခြေထောက်မှ သွေးလား သို့မဟုတ် အားကုန်ကိုက်ထားပြီးမှ ပါးစပ်ကို အတင်းဆွဲခံလိုက်ရ၍ ထွက်လာသောသွေးလားဆိုသည်မှာ သဲသဲကွဲကွဲမသိရပေ။

ဟယ်ချီချိုးက သူမခြေထောက်မှ နာကျင်မှုကြောင့် စိတ်လွတ်သွားကာ ကျန်နေသေးသည့် အခြားခြေထောက်တစ်ဖက်ဖြင့် ရှီထုံကို ရမ်းသမ်းကန်ကျောက်လိုက်တော့၏။

ထိုစဉ် ယွိဟွာက အပေါ်မှထိုးဆင်းလာပြီး ရှီထုံကိုက်ထားသည့် ဟယ်ချီချိုးခြေသလုံးမှဒဏ်ရာကို နှုတ်သီးဖြင့် ဆိတ်ချလိုက်တော့သည်။

"အားးးးးး"

ဟယ်ချီချိုး နာကျင်စွာဖြင့်အော်လိုက်၏။

အဘွားရွှီက အပြေးအလွှားရောက်လာပြီး ဟယ်ချီချိုးဆံပင်ကိုဆွဲကာ မြေပြင်ပေါ်သို့ ဆွဲချလိုက်ပြီးနောက် သူမအပေါ်မှခွကာ ပါးကို တဖြန်းဖြန်းနေအောင် ရိုက်ချလိုက်တော့၏။

အဘွားရွှီက ကျိန်ဆဲလိုက်သည်။

"နင်က သုံးနှစ်အရွယ်ပဲရှိသေးတဲ့ ငါ့ရဲ့ ကလေးလေးရှီထုံကိုတောင် ရိုက်ရဲတယ်ပေါ့၊ နင့်ကိုသေတဲ့အထိ ရိုက်ပစ်မယ် စိတ်ထားယုတ်ညံ့တဲ့မိန်းမ"

ဟယ်ချီချိုးမှာ အဘွားရွှီလက်ထဲမှ ရုန်းမထွက်နိုင်ရှာပေ။

တံခါးဝရှိ ဒုတိယမင်းသားနှင့် ဟယ်ချီချွမ်းတို့ကိုမြင်သွားသောအခါ သူမ စူးစူးဝါးဝါးအော်လိုက်၏။

"အစ်ကိုဝမ်းကွဲ၊ အစ်ကို၊ ကျွန်မကို ကယ်ကြပါဦး၊ သူတို့တွေ ရူးကုန်ပြီ၊ အကုန်လုံးကို ဖမ်းပေးပါ"

သူ့ညီမဖြစ်သူ သနားစရာကောင်းလောက်အောင် ခံနေရသည်ကိုမြင်သောအခါ ဟယ်ချီချွမ်းက အနီးနားရှိ အစောင့်တစ်ယောက်ထံမှ ဓားကိုဆွဲယူကာ အဘွားရွှီထံသို့ ပြေးဝင်သွားတော့သည်။ သူ့ညီမကို ထိခိုက်အောင်လုပ်သော ထိုအမျိုးသမီးကြီးကို သတ်ပစ်ရန် သူရည်ရွယ်ထား၏။

သူ အနားမကပ်နိုင်မီမှာပင် ရှောင်ကျိုး ရုတ်တရက် ပေါ်လာပြီး သူ့ကို ဒုတိယမင်းသားကြင်ရာတော် နေထိုင်ရာခြံဝင်းနံရံဆီသို့ အားကုန်ထိုးချလိုက်ရာ နံရံထဲနစ်ဝင်သွားပြီး ဆွဲထုတ်၍မရတော့ပေ။

ဟယ်မိသားစုအစောင့်များက သူတို့သခင်နှင့် သခင်မလေးတိုက်ခိုက်ခံရသည်ကိုမြင်သောအခါ ဓားများကိုဆွဲထုတ်၍ ရှေ့သို့ပြေးဝင်လာကြသည်။ နံရံတွင်ကပ်နေသော ဟယ်ချီချွမ်းကို ရှောင်ကျိုးဆွဲထုတ်၍ လူသားဒိုင်းကာအဖြစ် အသုံးပြုကာ အစောင့်များကို ကာကွယ်လိုက်၏။ သူတို့သခင်လေးထိခိုက်မည်ကို စိုးရိမ်သဖြင့် အစောင့်များမှာ ဓားထုတ်ရန် တုံ့ဆိုင်းသွားကြပြီး ရှောင်ကျိုးကို အနိုင်ယူနိုင်မည်ဟူသော မျှော်လင့်ချက်ဖြင့် လက်ချည်းသက်သက်သာ ဝင်တိုက်ခိုက်ကြတော့သည်။ သူတို့က ရှောင်ကျိုးခွန်အားကို အထင်သေးခဲ့ကြ၏။ ရှောင်ကျိုးက သူတို့အားလုံးကို နံရံဆီသို့ တစ်ယောက်ပြီးတစ်ယောက် ကန်ထုတ်လိုက်ပြီးနောက် သူမလူသားဒိုင်းကာဖြစ်သော ဟယ်ချီချွမ်းကိုလည်း နံရံထဲသို့ ပေါ့ပေါ့ပါးပါးပင် ထပ်ပစ်သွင်းလိုက်တော့သည်။

ဒုတိယမင်းသားစံအိမ်မှ အစောင့်များမှာမူ သူတို့သခင်ဖြစ်သူ ကြက်သေသေနေပြီး တိုက်ခိုက်ရန် အမိန့်မပေးခဲ့သည်ကို တိတ်တဆိတ်ကျေးဇူးတင်နေကြ၏။ သို့မဟုတ်ပါက သူတို့ကိုယ်တိုင်လည်း နံရံပေါ်တွင် ကပ်နေရမည်သာ ဖြစ်သည်။ ထိတ်လန့်တုန်လှုပ်နေသော အစောင့်များမှာ ဒုတိယမင်းသားကသာ ဝင်ပါရန်အမိန့်ပေးခဲ့ပါက ထိုနံရံကြီးနှင့် ရင်ဆိုင်ရမည့်အစား အမိန့်ကိုဖီဆန်ပြီး မင်းသားပါးစပ်ကိုသာ အတင်းပိတ်ထားလိုက်ကြမည်ဖြစ်၏။

ရှောင်ကျိုးက ရှီထုံထံသို့ ပြေးသွားပြီး သွေးပေနေသော သူ့ပါးစပ်နှင့် ဖုန်အလိမ်းလိမ်းကပ်နေသော ခန္ဓာကိုယ်ကို မြင်လိုက်ရချိန်တွင် ဒေါသများတချောင်းချောင်း ထွက်လာတော့၏။

သူမက လူအုပ်ထဲသို့တိုးဝင်သွားပြီး လမ်းတွင်တွေ့သမျှ လူတိုင်းကိုလိုက်ရိုက်တော့သည်။ သူတို့က တစ်ယောက်ယောက်ကို တကယ်ထိခိုက်အောင်လုပ်ခဲ့သည်ဖြစ်စေ၊ မလုပ်ခဲ့သည်ဖြစ်စေ ရှောင်ကျိုးကတော့ အားလုံးကို နံရံဆီသို့ ထိုးချလိုက်သည်ချည်းပင်။

ရှန်ကျစ်ယွမ်နှင့် အခြားကလေးများလည်း ရှီထုံထံသို့ ပြေးသွားကြ၏။ သွေးသံတရဲရဲနှင့် ခြေလက်များတွင် ပွန်းပဲ့ဒဏ်ရာများရနေသော ကလေးငယ်လေးကိုမြင်သောအခါ အစ်ကိုကြီး အစ်မကြီးများမှာ အသည်းခိုက်မတတ် နာကျင်သွားကြတော့သည်။

အရင်ကဆိုလျှင် ရှီထုံငိုခြင်းမှာ အာရုံစိုက်ခံရရန်အတွက် တမင်ဟန်ဆောင်ငိုခြင်းသာဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူ့ရှိုက်ငိုသံများထဲတွင် အစစ်အမှန် နာကြည်းမှုများနှင့် အကြောက်တရားများ ပြည့်နှက်နေ၏။

သူက အကြောင်းပြချက်မရှိဘဲ အကန်ခံခဲ့ရခြင်းပင်။ နာကျင်နေသော်ငြား အရှုံးမပေးလိုသလို တိုက်ခိုက်သူကိုလည်း အလွတ်မပေးရန် သူကခိုင်ခိုင်မာမာ ဆုံးဖြတ်ထားခဲ့၏။ သို့သော် လူပိုများလာပြီး သူ့ကိုဝိုင်းဆွဲလာကြသောအခါ အကြောက်တရားကြီးစိုးလာတော့သည်။ ကူကယ်ရာမဲ့နေသော ကလေးငယ်လေးမှာ သူ့ကိုကန်သောသူ၏ခြေထောက်ကိုသာ အံတင်းတင်း ကိုက်ထားရန် သိရှာတော့သည်။

ရင်းနှီးနေသောအသံကို ကြားရမှသာ ရှီထုံလေးခမျာ ပါးစပ်ကိုဟရဲတော့၏။ နောက်ကျမှ ရောက်လာသော အကြောက်တရားနှင့် ဝမ်းနည်းကြေကွဲမှုများက တဟုန်ထိုးတက်လာပြီး သူ့ခန္ဓာကိုယ်လေးတုန်ယင်လာကာ အသံအကျယ်ကြီး ငိုချခြင်းကို မတားဆီးနိုင်တော့ချေ။

ကျန်းဟယ်က ရှီထုံကိုမြင်သောအခါ ငိုချလိုက်ပြီး ကလေးနှစ်ယောက်မှာ တစ်ယောက်ကိုတစ်ယောက်ဖက်ကာ အပြင်းအထန် ငိုကြွေးကြတော့သည်။

ကျန်းဟယ်က ရှီထုံ့ပါးစပ်မှ သွေးများကို သုတ်ပေးရင်း ငိုယိုကာပြောလိုက်၏။

"ဝါးးးးး မင်းတို့ လူဆိုးကြီးတွေ၊ ရှီထုံ နာနေလား၊ ဝါးးးးး ငါ ဥုံဖွလုပ်ပေးမယ်နော် လူဆိုးကြီးတွေ"

ရှန်ကျစ်ယွမ်နှင့် အခြားကလေးများက ရှီထုံ့ဒဏ်ရာများကို အမြန်စစ်ဆေးကြ၏။ ကလေးလေးမှာ ပွန်းပဲ့ဒဏ်ရာများဖြင့်ပြည့်နှက်နေပြီး သူ့ပါးစပ်မှသွေးများ ဘယ်ကထွက်လာသလဲဆိုသည်ကိုမူ သဲသဲကွဲကွဲမသိရသေးပေ။

"ရှီထုံ နာနေလား၊ ငါတို့ နင့်ကိုဦးလေးချင်းဆီ ခေါ်သွားပေးမယ်နော်"

အနည်းငယ်ပြန်လည်သက်သာလာသော ရှီထုံက သူအလွန်နာကျင်နေကြောင်းပြရန် ကမန်းကတန်း ခေါင်းညိတ်ပြလိုက်သည်။ သူက ဟယ်ချီချိုးကို လက်ညှိုးထိုးကာ တိုင်‌ကြောထူလိုက်၏။

"သူ ငါ့ကိုကန်တာ၊ အရမ်းနာတယ် ဝါးးးး"

ယင်းကိုကြားသောအခါ အဘွားရွှီက ပို၍အားပါပါရိုက်ချလိုက်ရာ ဟယ်ချီချိုးခမျာ သတိလစ်သွားတော့၏။

ရှီထုံက နံရံထဲတွင်ကပ်နေသော ဟယ်ချီချိုး၏အစေခံမလေးများကို လက်ညှိုးထိုးကာ ရှိုက်ငိုရင်းပြောလိုက်သည်။

"သူတို့ ငါ့ကိုဆွဲဆိတ်တာ နာတယ် ဝါးးးးး"

ကျောက်ဟူနှင့် အခြားကလေးများက ရွာသူကြီးလေးထိုးသွင်းထားသဖြင့် နံရံထဲကပ်နေသော အစေခံမလေးများကို သွားရှာကြ၏။ ရှန်ကျစ်ယွမ်က ချက်ချင်းအင်္ကျီလက်မောင်းကိုပင့်တင်ကာ ထိုအစေခံမလေးများကို ပြန်ဆွဲဆိတ်လိုက်တော့သည်။

တံခါးဝတွင်ရပ်နေသော ဒုတိယမင်းသားကိုမြင်သောအခါ ရှောင်ကျိုးက လက်မောင်းကိုပင့်တင်လိုက်၏။

ဒုတိယမင်းသားမှာ မေးရိုးပြုတ်ကျမတတ်အံ့သြသွားပြီး ခပ်ခွာခွာနေနိုင်ရန် နောက်သို့ကမန်းကတန်းဆုတ်ရင်း ပြောလိုက်သည်။

"မင်းတို့အားလုံး ခုလေးတင်မြင်တဲ့အတိုင်းပဲ၊ ငါက ခုမှရောက်တာ၊ ငါ ဘာမှမသိဘူးနော်"

အကယ်၍ ယခုအချိန်တွင် သူသာ စကားတစ်ခွန်းမှားပြောလိုက်မိပါက နောက်ထပ် နံရံထဲနစ်ဝင်သွားမည့်သူမှာ သူဖြစ်မည်ဟု ခံစားလိုက်ရ၏။

ဒုတိယမင်းသားမှာ သူ့မျက်လုံးများကိုပင် သူမယုံနိုင်အောင်ဖြစ်နေတော့သည်။ ဤလူအုပ်ကြီးမှာ သူ့ညီမဖြစ်သူ ချန်လဲ့မင်းသမီးလေးကြောင့် မျက်စိတစ်မှိတ်အတွင်းမှာပင် နံရံဆီသို့ ကပ်သွားခဲ့ရခြင်းဖြစ်၏။

သွေးသံရဲရဲဖြစ်နေသော ရှီထုံကိုမြင်သောအခါ ဒုတိယမင်းသားမှာ ဒေါသများ တဟုန်ထိုးထွက်လာတော့၏။ ထိုရတနာသိမ်းကောင်လေးမှာ မနေ့ကမှ သူ့ပိုက်ဆံများကို လိမ်ယူသွားခဲ့သော်ငြား သူက ထိုကလေးကိုအတော်လေး သံယောဇဉ်တွယ်နေမိပြီ ဖြစ်သည်။ ယခုလို မျက်နှာလေးညှိုးနေသည်ကို မြင်ရသောအခါ သူအမှန်တကယ်ပင် စိတ်ပူသွားမိ၏။

ဆံပင်များ ဖရိုဖရဲဖြစ်နေသော သူ့ကြင်ရာတော်ကိုမြင်သောအခါ သူမေးလိုက်သည်။

"ဘာတွေဖြစ်သွားတာလဲ"

ဒုတိယမင်းသားကြင်ရာတော်မှာ သူ့ကို လုံးဝဂရုမစိုက်ပေ။ သူမ ကိုယ်ကိုလှည့်ကာ ရှီထုံကိုစစ်ဆေးပေးရန်အတွက် နန်းတွင်းသမားတော်ကို သွားခေါ်ဖို့ အစေခံမလေးအား အမိန့်ပေးလိုက်၏။

အစေခံမလေးက ဆေးသေတ္တာကိုလွယ်လျက် နံရံတွင်ကပ်နေသော နန်းတွင်းသမားတော်ရှိရာဘက်သို့ လက်ညှိုးထိုးကာ ဗလုံးဗထွေးပြောလိုက်သည်။

"သခင်မ၊ နန်းတွင်းသမားတော်က နံရံပေါ်မှာပါ"

ဒုတိယမင်းသားကြင်ရာတော်မှာ ဆွံ့အသွားတော့၏။

'သမားတော်က ဘယ်လိုလုပ်ပြီး နံရံထဲ ရောက်သွားရတာလဲ'

အစေခံအိုကြီးတစ်ယောက်က တိုးတိုးလေး ပြောလိုက်၏။

"သခင်မ၊ သမားတော်က ဆေးသေတ္တာကြီးဆွဲပြီး သခင်မလေးဟယ်ကိုသွားကယ်မလို့လုပ်နေတုန်း ချန်လဲ့မင်းသမီးလေးက သူ့ကို နံရံဆီပစ်ပေါက်လိုက်တာ ကျွန်မမြင်လိုက်တယ်"

ရှောင်ကျိုးက ရှိုက်ငိုနေသောကလေးနှစ်ယောက်ကိုကြည့်ကာ ပြောလိုက်သည်။

"အိမ်ပြန်ပြီး ဦးလေးချင်းကိုသွားရှာကြမယ်"

အဘွားရွှီက ဟယ်ချီချိုးအပေါ်မှ ထလာပြီး ရှီထုံကို ညင်ညင်သာသာပွေ့ချီကာ မင်းသမီးစံအိမ်တော်ဘက်သို့ ထွက်လာခဲ့တော့၏။

အလွန်အမင်း စိတ်ပူနေသော ဒုတိယမင်းသားကြင်ရာတော်ကလည်း သူတို့နှင့်အတူလိုက်သွားရန် အတင်းအကျပ် တောင်းဆိုတော့သည်။ မထွက်ခွာမီ သူမက သိုလှောင်ရုံကိုစစ်ဆေးကြည့်ရာ ရတနာသေတ္တာအသစ်သုံးလုံးကို တွေ့လိုက်ရ၏။ မနေ့က ရှီထုံမှာ မင်းသားထံမှရတနာများ ယူသွားခဲ့သည်ကို အမှတ်ရပြီး သူ သဘောကျလိမ့်မည်ဟု တွေးလိုက်သည်။ သူမက ရှီထုံကိုချော့ရန် အစေခံမလေးနှင့် အထိန်းတော်ကို သေတ္တာတစ်လုံးစီသယ်လာစေပြီး မင်းသမီးစံအိမ်တော်သို့ လွှတ်လိုက်၏။ သူမခမျာ ရှီထုံလေး သူမခြံဝင်းထဲတွင် ဒဏ်ရာရသွားသည့်အတွက် အပြစ်ရှိစိတ်များ တနင့်တပိုးခံစားနေရတော့သည်။

ကလေးဒဏ်ရာရသွားသဖြင့် စိတ်မကောင်းဖြစ်နေသော သူမက သိုလှောင်ရုံထဲသို့ပြန်ဝင်ကာ နောက်ဆုံးကျန်နေသည့် ရတနာသေတ္တာကိုပါ သွားယူလိုက်တော့သည်။

ဘယ်သူမှ ဒုက္ခမရောက်သင့်သလို အထူးသဖြင့် ကလေးများမှာ ပို၍ပင် အထိခိုက်မခံသင့်ချေ။

မြေပြင်ပေါ်တွင် လဲကျနေသော ဟယ်ချီချိုးအနီးမှဖြတ်သွားစဉ် ကြင်ရာတော်က ဟယ်ချီချိုးခြေထောက်မှ ဒဏ်ရာကို သူမဖိနပ်ဖြင့် ခိုးဖိနင်းလိုက်၏။ သွေးများထပ်ထွက်လာသည်ကို မြင်သောအခါ သူမကျေနပ်သွားပြီး သေတ္တာကိုသယ်ကာ ရှေ့သို့ဆက်လျှောက်သွားတော့သည်။

အစေခံမလေးများနှင့် အထိန်းတော်များခြံရံကာ သူ့ကို လုံးဝလျစ်လျူရှုပြီး ဖြတ်လျှောက်သွားသော ကြင်ရာတော်ကိုကြည့်ရင်း ဒုတိယမင်းသားမှာ ကြက်သေသေနေတော့၏။ ချန်လဲ့မင်းသမီးလေး၏နောက်မှ အားအကိုးရဆုံးသိုင်းပညာရှင်မှာ အခြားလူမဟုတ်ဘဲ သူမကိုယ်တိုင်များလားဟုတွေးရင်း သူ့စိတ်အစဉ်များ အတွေးပင်လယ်ဝေနေတော့သည်။

All Chapters