အခန်း ၁၂၆
Vol. 13 Ch. 126
126
ရုတ်ရုတ်သဲသဲဖြစ်နေချိန်တွင် အစေခံမလေးတစ်ယောက် နောက်ဖေးပေါက်မှ တိတ်တဆိတ်ထွက်သွားကာ နန်းတော်ဆီသို့ ဦးတည်သွားသည်ကို မည်သူကမျှ သတိမထားမိကြပေ။ ကြည့်ရသည်မှာ ကြင်ယာတော်ရှန်းထံ သူမသွားရောက်သတင်းပို့မည်မှာတော့ အသေအချာပင်။
ရထားလုံး ဆိုက်ဆိုက်ချင်းပင် အဘွားရွှီက ရှီထုံကိုပွေ့ချီကာ ချင်းရွှီ၏ခြံဝင်းထဲသို့ အပြေးအလွှားဝင်သွားတော့သည်။ အမြဲတမ်း အချင်းများနေတတ်သော ဆရာကြီးရွှီနှင့် ယန်ချွမ်တို့မှာ သွေးသံတရဲရဲဖြစ်နေသော ရှီထုံကို မြင်လိုက်ရသည်နှင့် သူတို့ငြင်းခုံမှုများကို ချက်ချင်းရပ်တန့်လိုက်ကြ၏။
ဆရာကြီးရွှီက ယန်ချွမ်နှင့် ရန်ဖြစ်နေခြင်းကိုပစ်ထားခဲ့ပြီး အပြေးအလွှား ရောက်လာကာ စိုးရိမ်တကြီးအော်မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ၊ ဘယ်သူလုပ်လိုက်တာလဲ"
ပုံမှန်အားဖြင့် စကားကြမ်းများကိုသာ သုံးလေ့ရှိသည့် ဆရာကြီးရွှီထံမှ ယခုလို အလွန်အမင်း စိုးရိမ်နေသည့်အသံကို ကြားရခဲသည်။
ယန်ချွမ်က သူ့ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ကလေးကို ထိခိုက်အောင်လုပ်သူ မည်သူ့ကိုမဆို အပိုင်းပိုင်းခုတ်ထစ်ရန် ပြင်နေသည်မှာ အထင်အရှားပင်။
အဘွားရွှီက ထိုအမျိုးသားနှစ်ယောက်ကို လုံးဝဂရုမစိုက်ပေ။ သူမအာရုံအားလုံးက ရှီထုံထံတွင်သာ လုံးလုံးရောက်နေတော့သည်။
ချင်းရွှီက သူမပွေ့ထားသောကလေးကို မြင်သောအခါ စိုးရိမ်တကြီးမေးလိုက်၏။
"သူ ဘာဖြစ်လာတာလဲ"
စကားပြောနေရင်းပင် သူက ရှီထုံကို အိမ်ထဲသို့ ကမန်းကတန်းပွေ့ချီသွားကာ ဒဏ်ရာများကို စစ်ဆေးပေးလိုက်တော့သည်။
လူတိုင်း၏စိုးရိမ်နေသော မျက်နှာများကို မြင်သောအခါ ချင်းရွှီက သူတို့ကို စိတ်အေးစေရန် ပြေပြေလည်လည် ပြောလိုက်၏။
"ကံကောင်းလို့ အပေါ်ယံဒဏ်ရာတွေချည်းပဲ ရထားတာ၊ ပွန်းပဲ့ဒဏ်ရာတွေနဲ့ နှုတ်ခမ်းကွဲသွားတာတွေက သေချာနားပြီး ဆေးလိမ်းလိုက်ရင် သက်သာသွားလိမ့်မယ်၊ နည်းနည်းတော့ နာနေရဦးမှာမို့ လောလောဆယ်ပြေးတာတွေ ခုန်တာတွေ မလုပ်နဲ့ဦး"
လူတိုင်း ယခုမှသာ သက်ပြင်းချလိုက်နိုင်တော့၏၊ အဓိက စိုးရိမ်နေခဲ့ကြသည်မှာ အတွင်းဒဏ်ရာများရသွားမည်ကိုပင်။
ချင်းရွှီတစ်ယောက် လှည့်ကြည့်လိုက်ရာ အဖွဲ့ထဲမှအငယ်ဆုံးလေး ကျန်းဟယ်မှာ မျက်ရည်များရွှဲရွှဲစိုနေသည်ကို တွေ့လိုက်ရ၏။ သူပါအရိုက်ခံရသည်ဟု ထင်သွားသဖြင့် ချင်းရွှီက ဒဏ်ရာများရှိမရှိ အမြန်စစ်ဆေးပေးလိုက်သည်။ သို့သော် ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ရှီထုံက မငိုဘဲ ဒဏ်ရာကင်းနေသည့် အငယ်ဆုံးလေးကမူ အတားအဆီးမဲ့ ရှိုက်ကြီးတငင် ငိုကြွေးနေတော့၏။ ဤမြင်ကွင်းကိုမြင်သူတိုင်းက အရိုက်ခံရသူမှာ ကျန်းဟယ်ဟုပင် ထင်သွားကြမည် ဖြစ်သည်။
ချင်းရွှီ : 'ငါတို့ညီလေး ဒီလောက် အသည်းအသန်ငိုတာမျိုး တစ်ခါမှမမြင်ဖူးဘူး'
ရှောင်ကျိုးက ရှီထုံ့ခေါင်းလေးကိုပုတ်ကာ လက်မထောင်ပြရင်း ချီးကျူးလိုက်သည်။
"ရှီထုံ၊ နင် တော်တော်လေးလုပ်နိုင်ခဲ့တာပဲ"
တစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသော ရှီထုံက မော့ကြည့်ကာမေးလိုက်၏။
"ရွာသူကြီးလေး၊ ကျွန်တော် နိုင်သွားတာလား"
"ဒါပေါ့၊ နင့်ကိုကန်တဲ့ခြေထောက်၊ နင် ကိုက်လိုက်တဲ့ခြေထောက်က ပြန်ကောင်းဖို့ လနဲ့ချီပြီးကြာလိမ့်မယ်၊ နင်က သူမနဲ့တိုက်ပြီး အပေါ်ယံဒဏ်ရာလေးတွေနဲ့ပဲ လွတ်လာတာလေ၊ နင် သေချာပေါက် နိုင်တာပေါ့"
ရှောင်ကျိုး ချက်ချင်းပြန်ဖြေလိုက်သည်။
တိုက်ခိုက်သူမှ ရှီထုံအားကန်လိုက်သည့်ခြေထောက်မှာ ကျောက်ဟူနှင့် သူ့လူများ၏ဖိနင်းမှုကို အကြိမ်ကြိမ်ခံလိုက်ရသော်ငြား ၎င်းက သေချာပေါက် အောင်ပွဲတစ်ခုသာဖြစ်သည်။
ယင်းကို ကြားသောအခါ ရှီထုံမှာ ဝမ်းသာအားရဖြင့် ပြုံးဖြီးသွားတော့၏။ နိုင်ဖို့က အရေးကြီးဆုံးဖြစ်ပြီး ရှက်စရာလည်း လုံးဝမလိုချေ။
"ဟမ့် သူမက အရမ်းအားနည်းလွန်းတယ်၊ ရွာသူကြီးလေး ကျွန်တော်က အတော်ဆုံးပဲမလား"
ရှောင်ကျိုးက သူ့ကိုလက်မထောင်ပြလိုက်သည်။
"မိုက်တယ်၊ နောက်တစ်ခါကျရင် တစ်ယောက်တည်းနဲ့ ၁၀ ယောက်ကို ချဖို့ နင့်ကိုလွှတ်ပေးမယ်"
"အဲ့ဒါဆိုရင်တော့ ကျွန်တော် မသွားတော့ဘူး"
ရှီထုံ ချက်ချင်းကြောက်လန့်တကြားဖြင့် တွန့်ဆုတ်သွားတော့၏။ ရွာသူကြီးလေးက သူ့ကို ၁၀ ယောက်နှင့် တကယ် သွားချခိုင်းမည်ကို သူအလွန်ကြောက်သွားသည်။ အရမ်းနာတယ်လေ။ သူ ကြီးလာသည့်အချိန်မှသာ ရန်ဖြစ်တော့မည်။
အဘွားရွှီက ရှီထုံအဆင်ပြေနေသည်ကို မြင်သောအခါ သက်ပြင်းချလိုက်၏။
"အပေါ်ယံဒဏ်ရာလေးတွေချည်းပါပဲ၊ သေသေချာချာ နားလိုက်ရင် ကောင်းသွားမှာပါ၊ ယောက်ျားလေးတွေက အသားထူတယ်လေ"
ရှီထုံက သူ့ကိုယ်သူပြန်ကြည့်လိုက်သည်။
'ငါ့ဘယ်နေရာကများ အသားထူလို့လဲ'
ထိုစဉ် ဒုတိယမင်းသားကြင်ရာတော်က အစေခံမလေးများနှင့် အထိန်းတော်များ ခြံရံကာ ရတနာသေတ္တာ ၃ လုံးကို သယ်လျက် ရောက်လာတော့သည်။
သူမက သေတ္တာများကို ရှီထုံအနီးတွင် အမြန်ချထားကာ ဖွင့်ပြလိုက်ရာ အတွင်းရှိရတနာများ၏ တောက်ပမှုက လူတိုင်းမျက်စိကိုပင် ကန်းသွားစေမတတ်ဖြစ်သွားတော့၏။
အပြစ်ရှိစိတ်နှင့် ဂုဏ်ယူမှုတို့ရောယှက်နေသောမျက်နှာဖြင့် သူမပြောလိုက်သည်။
"ရှီထုံ၊ ဒါက မင်းမြန်မြန်သက်သာလာဖို့အတွက်ပဲ၊ ဒီနေ့ ဒီလိုမျိုး မင်းခံစားခဲ့ရတဲ့အတွက် မမ တကယ်စိတ်မကောင်းပါဘူး"
ဒုတိယမင်းသား : 'မင်းက အပြစ်ရှိစိတ် ခံစားနေရတယ်ပေါ့၊ မင်းက သိပ်ပြီး သဘောထားကြီးလွန်းနေရင် သူ့ကို ချော့ဖို့အတွက် မင်းရဲ့ကိုယ်ပိုင် တင်တောင်းပစ္စည်းတွေကို ဘာလို့မသုံးရတာလဲ'
ရှီထုံက ခန္ဓာကိုယ်မှ နာကျင်မှုများကိုပင်မေ့သွားကာ ပျော်ရွှင်စွာ ခုန်ပေါက်သွားတော့သည်။
သူက သူ့ကိုယ်သူ လက်ညှိုးထိုးကာ ခေါင်းလေးစောင်းပြီး မေးလိုက်သည်။
"ဒါတွေအကုန်လုံးက ကျွန်တော့်အတွက်လားဟင်"
ဒုတိယမင်းသားကြင်ရာတော်က ခေါင်းညိတ်လိုက်၏။
"မနေ့ညက ဒါတွေကို မင်းသဘောကျနေတာ မမ မြင်တယ်လေ၊ ဒီနေ့ သိုလှောင်ရုံထဲမှာ အဲ့ဒါတွေကို အမှတ်မထင်တွေ့တာနဲ့ ငါတို့ရဲ့ရှီထုံလေးအတွက် ယူလာခဲ့တာ"
ဝမ်းသာလွန်းသဖြင့် ရှီထုံက ရတနာများကို ဆုပ်ကိုင်လိုက်သည်။
"ကျေးဇူးတင်ပါတယ် မမလှလှ"
ရှောင်ကျိုးနှင့် အခြားသူများမှာမနာလိုဖြစ်သွားကြ၏။ အကန်ခံလိုက်ရုံနဲ့တင် ဒီလောက် အများကြီးရနိုင်မယ်လို့ ဘယ်သူကများ ထင်ထားမှာလဲ။
သူတို့သာသိထားခဲ့လျှင် ကြင်ရာတော်ခြံဝင်းထဲတွင် သခင်မလေးဟယ်ကို တစ်နေကုန် ကန်ခိုင်းထားမည်သာ ဖြစ်၏။ မည်သို့ပင်ဖြစ်စေ သူတို့က အလွန်ကိုအသားမာကြသည်။
ရှီထုံက ရတနာများကို လောဘတကြီး ကြည့်နေကြသော ကျောက်ဟူနှင့် အခြားကလေးများကို တစ်ချက်စွေကြည့်လိုက်ပြီး သေတ္တာများကို အမြန် ပိတ်လိုက်တော့သည်။
"ကျွန်တော် ဒါတွေကို ရွာသူကြီးလေးဆီမှာ အပ်ထားတော့မယ်"
ယင်းကိုကြားသောအခါ ရှောင်ကျိုးက ဆန့်ထုတ်ထားသော သူမလက်ကို အမြန် ရုတ်သိမ်းလိုက်၏။
'ကံကောင်းလို့ ငါမခိုးလိုက်မိတာ၊ ရှီထုံက သူ့ရဲ့ရတနာတွေ အပ်ထားဖို့အထိ ငါ့ကိုယုံကြည်နေတာကို ငါက ဘယ်လိုလုပ်ပြီး သစ္စာဖောက်ရက်မှာလဲ'
ရှောင်ကျိုးက ကိုယ့်ကိုကိုယ်စိတ်ထဲမှ ဆူပူလိုက်ပြီး ကိုယ်ကျင့်တရား လမ်းကြောင်းပေါ်သို့ ပြန်လည်ဆွဲတင်လိုက်သည်။
'နင်က ရွာသူကြီးလေ၊ ရွာကြီးကို ကြီးပွားတိုးတက်အောင် နင်က ဦးဆောင်နေတာ၊ နင်က ရွာသားတွေဆီက ပစ္စည်းတွေကို ဘယ်လိုလုပ်ယူလို့ရမှာလဲ'
"နင် ငါ့ကို တကယ်သိမ်းထားပေးစေချင်တာ သေချာလား"
ရှီထုံက အားတက်သရောခေါင်းညိတ်လိုက်၏။ ပစ္စည်းများကို သူ့ဘာသာသူ သိမ်းထားရသည်မှာ စိတ်မချရဟု သူ ခံစားနေရသည်။ ရွာသူကြီးလေးကသာလျှင် ထိုအရာများကို လုံလုံခြုံခြုံ သိမ်းထားပေးနိုင်လောက်အောင် ခွန်အားကြီးပြီး သူမဆီကနေ မည်သူကမျှ ဘာမှလုယူလို့မရနိုင်ချေ။
ယင်းကိုကြားသောအခါ ကျောက်ဟူနှင့် ထျဲနျိုတို့မှာ ဟုန်ဖူဘုန်းကြီးကျောင်းမှ သူတို့ပြန်ရလာသော ရွှေငွေများကို ရွာသူကြီးလေးထံတွင် မအပ်ထားခဲ့မိသည့်အတွက် ချက်ချင်းပင်နောင်တရသွားကြတော့၏။
နည်းလမ်းအသစ်ကို ရှာတွေ့သွားသဖြင့် အားသို့က သူ့အခန်းထဲသို့ ကမန်းကတန်းပြန်သွားကာ ဝှက်ထားသော ပိုက်ဆံများကိုယူလာပြီး ရွာသူကြီးလေးထံသို့ ကမ်းပေးလိုက်သည်။
"ရွာသူကြီးလေး ဒါကျွန်တော့်ဟာတွေ၊ သိမ်းထားပေးပါဦးနော်၊ နောက်မှလိုတဲ့အခါကျရင် ပြန်တောင်းမယ်နော်"
ရှန်ကျစ်ယွမ်၊ ဖက်တီးလေးနှင့် ရှီအန်းတို့ကလည်း ထိုအတိုင်းလိုက်လုပ်ကြကာ ဝှက်ထားသော သူတို့ပိုက်ဆံများအားလုံးကို ရွာသူကြီးလေးထံသို့ အပ်နှံရန် ယူလာကြတော့သည်။
ပိုက်ဆံများကို ကိုယ်တိုင်သိမ်းထားခြင်းက သူခိုးများကိုသာ ဖိတ်ခေါ်နေသလိုဖြစ်မည်ဖြစ်ပြီး ရွာသူကြီးလေးကသာလျှင် အလုံခြုံဆုံးရွေးချယ်မှုဖြစ်ကြောင်း သူတို့သဘောပေါက်သွားကြ၏။
'ငါကတော့ ရှင်းပြလို့မရအောင်ကို ရွာရဲ့ စာရင်းကိုင်လက်ထောက်ဖြစ်သွားခဲ့ရပြီ'
'ဒီလိုမျိုး ကိုယ်ကျင့်တရားမြင့်တဲ့နေရာမှာထားခံရတာက တကယ်တော့ တော်တော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာပဲ၊ တခြားတစ်ယောက်ရဲ့ ပိုက်ဆံတွေကို စီမံပေးနေရတာက ကိုယ့်ဘာသာကိုယ် ယူပစ်လိုက်ရတာလောက် ဘယ်လိုလုပ်ပြီး ကျေနပ်စရာ ကောင်းပါ့မလဲ'
ရှောင်ကျိုးက သူမ၏လောဘတက်နေသောလက်များကို နောက်ဆုတ်လိုက်ကာ ငြင်းပယ်နိုင်ရန် အပြင်းအထန် ကြိုးစားလိုက်တော့၏။
အားသို့က စာရွက်နှင့် စုတ်တံကိုယူကာ လူတိုင်း၏အပ်နှံငွေများကို စတင် စာရင်းပြုစုနေပြီး ရွာသူကြီးလေး ဝန်ပိမည်စိုးသဖြင့် ထိုအလုပ်ကို သူကိုယ်တိုင် တာဝန်ယူပေးရန် စေတနာ့ဝန်ထမ်းအဖြစ် ကမ်းလှမ်းလိုက်သည်။
ရှောင်ကျိုးက သူမလျှာဖျားသို့ ရောက်နေပြီဖြစ်သော ငြင်းဆန်စကားများကို မြိုချလိုက်၏။ ယခုအချိန်တွင် သူမက ရွာသားများ၏ပိုက်ဆံများကို လုယူရန် လုံးဝမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် သူမ အပြစ်ကင်းစင်စေရန်အတွက် နောက်မှသာ ရွာပြင်မှလူများထံ သွားလုတော့မည်ဟု ဆုံးဖြတ်လိုက်တော့၏။
ရှောင်ကျိုးက လူတိုင်းပိုက်ဆံများကို စုသိမ်းကာ သူမသိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
အခြားသူများအားလုံး ပိုက်ဆံများ အပ်နှံကြသော်လည်း သူသာမအပ်ရသေးသည်ကို ကျန်းဟယ်သတိထားမိသွား၏။
သူက သူ့အစ်ကိုကြီးထံသို့ အပြေးအလွှား သွားလိုက်သည်။
"အစ်ကိုကြီး၊ ကျွန်တော်လည်း ပိုက်ဆံလိုချင်တယ်၊ ရွာသူကြီးလေးဆီမှာ အပ်ထားချင်လို့"
သူ့ညီငယ်လေးအတွက် အဖေရော အမေပါ နှစ်ခန်းစလုံး နေရာယူထားရသော ချင်းရွှီမှာ ယခုအခါ သူ့အတွက် ပိုက်ဆံ ဘယ်လိုရှာပေးရမလဲဆိုသည်ကိုပါ ခေါင်းစားနေရတော့သည်။
ချင်းရွှီက တေးအနည်းငယ်ကို ထုတ်ကာ ကျန်းဟယ်လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် သူ့ကို စတင်ဆုံးမတော့၏။
"ရော့၊ ဒါက ငါ့ဆီမှာ ရှိသမျှအကုန်ပဲ၊ နောက်ဆိုရင် မင်းဘာသာမင်း ပိုက်ဆံရှာရမယ် နားလည်လား၊ မင်း တစ်ယောက်ပဲ ပိုက်ဆံမရှာရသေးတာ၊ မင်း ရည်မှန်းချက်ကြီးကြီးထားရမယ်၊ တစ်နေ့ကျရင် မင်းရဲ့အစ်ကိုကြီးကို မင်းက ပြန်လုပ်ကျွေးရမှာလေ၊ တစ်နေကုန် ကစားပြီးပဲ အချိန်ဖြုန်းနေလို့ မရဘူး၊ မင်း ကြိုးကြိုးစားစား အလုပ်လုပ်ရမယ်"
သူ့အစ်ကိုကြီးက ဖျောင်းဖျလိုက်သဖြင့် ဘယ်ကနေ စရမလဲဆိုသည်ကိုမသိသော်ငြား ကျန်းဟယ်ခမျာ ပိုက်ဆံရှာရန် အရူးအမူးစွဲလမ်းသွားတော့သည်။
"ဟုတ်ကဲ့၊ ကျွန်တော် ပိုက်ဆံရှာတော့မယ်၊ အများကြီး အများကြီးရှာပြီး အစ်ကိုကြီးကို လုပ်ကျွေးမယ်"
ချင်းရွှီက ညီငယ်လေး၏ခေါင်းကို ကျေနပ်အားရစွာ ပုတ်ပေးလိုက်၏။
"သွားရှာတော့၊ မင်း ပိုက်ဆံနည်းနည်းပါးပါးရလာတဲ့အခါ အစ်ကိုကြီးကို ပြန်လုပ်ကျွေးဖို့မမေ့နဲ့နော်"
သုံးနှစ်အရွယ် ကျန်းဟယ်လေးမှာ သူ့အစ်ကိုကြီးကို လုပ်ကျွေးရန် ပိုက်ဆံရှာမည်ဟု ကတိပြုကာ တည်တည်ငြိမ်ငြိမ်ဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။