← Chapters

အခန်း ၁၂၇

Vol. 13 Ch. 127

အခန်း ၁၂၇

Vol. 13 Ch. 127

127

သုံးနှစ်အရွယ်နှင့်ပင် သူဌေးပေါက်စလေးဖြစ်နေပြီဖြစ်သော ရှီထုံမှာ ဆေးသောက်ပြီးနောက် အိပ်ရာထဲတွင် လှဲနေရန် စိတ်ကူးလုံးဝမရှိပေ။ သူက အပြင်ထွက်ကစားရန် အိပ်ရာပေါ်မှ ကမန်းကတန်း ကုန်းရုန်းထွက်လာခဲ့၏။

အဘွားရွှီက သူ့ကိုပွေ့ချီကာ ခြံဝင်းထဲသို့ ထွက်လာခဲ့သည်။ ကြင်ရာတော်၏ အစေခံမလေးများနှင့် အထိန်းတော်များကလည်း သူတို့နောက်မှကပ်လျက် လိုက်ပါလာကြတော့၏။

သူမတို့ တကောက်ကောက်လိုက်လာသည်ကို နားမလည်နိုင်ဖြစ်ကာ အဘွားရွှီက လှည့်၍ယဉ်ယဉ်ကျေးကျေးမေးလိုက်သည်။

"ကိစ္စတစ်ခုခု ရှိလို့လားမသိဘူး"

ဒုတိယမင်းသားကြင်ရာတော်၏ အစေခံမလေးက လက်ကိုတင်းတင်း ဆုပ်နယ်ရင်း စိုးရိမ်တကြီးဖြင့်ဗလုံးဗထွေး ပြောလိုက်၏။

"အာ အဘွားက အခြားသူတွေနဲ့ စကားအချေအတင်ပြောတဲ့နေရာမှာ ဆရာတစ်ဆူလို့ ကြားဖူးပါတယ်၊ ကျွန်မတို့ အဘွားဆီကနေ သင်ယူလို့ရမလားဟင်"

ဒုတိယမင်းသားကြင်ရာတော်၏အထိန်းတော်ကလည်း အမြန် သတ္တိမွေးကာ ဝင်ပြောလိုက်သည်။

"အဘွားများ အဆင်ပြေမလားလို့တွေးနေခဲ့တာပါ"

အဘွားရွှီမှာ သူမအကြားအာရုံများ ချို့ယွင်းသွားပြီလားဟု တွေးကာ မျက်တောင်များ ပုတ်ခတ်ပုတ်ခတ်ဖြစ်သွားတော့၏။ ထို့နောက် သူမကိုယ်သူမ လက်ညှိုးထိုးကာ ပြန်မေးလိုက်သည်။

"ငါ့ဆီကနေ အချေအတင်ပြောဖို့သင်မလို့ ဟုတ်လား"

အစေခံမလေးနှင့် အထိန်းတော်မှာ အားတက်သရော ခေါင်းညိတ်ပြလိုက်ကြ၏။

အဘွားရွှီက အချိန်မဖြုန်းတော့ဘဲ သူတို့ကို ခြံဝင်းထဲရှိ ကျောက်တုံးခုံတန်းလျားဆီသို့ ခေါ်ဆောင်သွားတော့သည်။ အသက်အရွယ်တစ်ခုတိုင် နေထိုင်လာခဲ့ရာတွင် ဤကဲ့သို့ အမြင်ကျယ်သောလူများကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သဖြင့် သူမကြိုးကြိုးစားစား ရယူထားရသော ဉာဏ်ပညာများကို လက်ဆင့်ကမ်းပေးရန် တာဝန်ရှိသည်ဟု ခံစားလိုက်ရ၏။

သူတို့သခင်မနည်းတူ ပညာရပ်ကိုရယူလိုနေကြသော အစေခံမလေးများနှင့် အထိန်းတော်များမှာ စကားတစ်ခွန်းလေးလွတ်သွားမည်ကိုပင် ကြောက်ရွံ့စွာဖြင့် အာရုံစိုက် နားထောင်နေကြတော့သည်။

အဘွားရွှီက စိတ်အားထက်သန်စွာဖြင့် စကားများ စတင်ဟောပြောတော့ရာ သူမရင်ခွင်ထဲရှိ ကလေးလေးမှာ သူမတံတွေးစက်များအောက်တွင် ရေနစ်မတတ်ပင်ဖြစ်သွားတော့၏။

ရှီထုံတစ်ယောက် သူ့မျက်နှာပေါ်မှ တံတွေးများကို သုတ်ပစ်လိုက်ပြီး သူမလက်မောင်းထဲမှ ရုန်းထွက်ရန် အစွမ်းကုန် ကြိုးစားနေရရှာသည်။

အဘွားရွှီမှာ ဒဏ်ရာရထားသော ကလေးအတွက် စိုးရိမ်ပေးရန် အချိန်မရှိပေ။ ဤအရာက သူမဘဝ၏အထွတ်အထိပ်အချိန်အခါဖြစ်ပြီး မည်သူ့ကိုမျှ ဝင်ရောက်နှောင့်ယှက်ခွင့် မပေးနိုင်ချေ။

အနီးမှဖြတ်သွားသော ယွိဟွာမှာ အတော်လေး မနာလိုဖြစ်သွား၏။ ဤလူသားများက သူမစကားအား နားမလည်နိုင်သည်ကိုသာ နောင်တရမိသည်။ သို့မဟုတ်ပါက သူမကလည်း ကြက်တစ်ကောင်၏ဘဝကိုပြောင်းလဲစေနိုင်သော ကိုယ်ပိုင်အသိပညာများကို သူတို့အား ဝေမျှပေးမည်သာ ဖြစ်သည်။

အစေခံမလေးနှင့် အထိန်းတော်တို့ အထူးတလည် အာရုံစိုက်နားထောင်နေသည်ကိုမြင်သောအခါ အဘွားရွှီမှာ ပိုလို့တောင် စိတ်အားထက်သန်လာတော့၏။

"နင်တို့ကို ငါပြောပြမယ်၊ ရန်ဖြစ်တဲ့အခါ စကားကိုမြန်မြန်၊ ကျယ်ကျယ်နဲ့ အားပါပါပြောရမယ်၊ တခြားလူတွေ ဘာပြောပြော ဂရုစိုက်မနေနဲ့၊ ခေါင်းထဲပေါ်လာတာ မှန်သမျှကိုသာ ပြောချပစ်လိုက်၊ စိတ်ထဲက အညစ်အကြေးတွေ ကုန်သွားတဲ့အထိ ဆဲပစ်လိုက်၊ ပြီးမှ ကိစ္စကိုဖြေရှင်း၊ ပြီးတာနဲ့ ချက်ချင်းသာ လှည့်ထွက်လာခဲ့၊ သူတို့ကို ဒေါသထွက်ခွင့် ပြန်ပြောခွင့်မပေးဘဲ ရူးမတတ် ဒေါသထွက်ကျန်ခဲ့အောင် ထားခဲ့လိုက်"

"သူတို့က ကျွန်မတို့ကိုရိုက်ဖို့ ကြိုးစားရင်ရော ဘယ်လိုလုပ်မလဲ"

အစေခံမလေးနှင့် အထိန်းတော်တို့က ကမန်းကတန်း မေးလိုက်ကြသည်။

"လွယ်လွယ်လေးရယ်၊ သူတို့က ရိုက်လာရင် တိုင်လိုက်ပေါ့၊ နင်တို့အိမ်တော်ကို တကယ်တမ်း ဘယ်သူအုပ်ချုပ်နေတာလဲ"

အဘွားရွှီက ပြန်မေးခွန်းထုတ်လိုက်၏။

"သခင်မပါ၊ ဒါပေမဲ့ သူမက အိမ်တော်ကိစ္စတွေကို စီမံခန့်ခွဲတာမျိုးမရှိတော့ ကြင်ယာတော်ရှန်းရဲ့လူတွေပဲ အကုန်အုပ်ချုပ်နေတာ"

အဘွားရွှီ၏မျက်လုံးထဲမှ စိတ်ပျက်သွားသည့် အရိပ်အယောင်ကိုမြင်သောအခါ အစေခံမလေး၏အသံမှာ တဖြည်းဖြည်း တိုးဝင်သွားတော့သည်။

အနီးနားမှ အမှတ်တမဲ့ဖြတ်သွားသယောင် ဟန်ဆောင်ကာ စိတ်ဝင်တစား ခိုးနားထောင်နေသော ဒုတိယမင်းသား၏ကြင်ရာတော်ကို မြင်သွားသောအခါ အဘွားရွှီမှာ ဒေါသပုန်ထသွားပြီးအော်ပြောလိုက်တော့၏။

"ညည်းက ကြင်ရာတော်လေ၊ ကိုယ့်ကိုကိုယ် ဒီလိုမျိုး အနိုင်ကျင့်ခံရအောင် ဘယ်လိုလုပ်ပြီး ခွင့်ပြုထားနိုင်ရတာလဲတော်"

လက်ပူးလက်ကြပ်မိသွားသဖြင့် ဒုတိယမင်းသား၏ကြင်ရာတော်က ခုံပုလေးတစ်လုံးဆွဲကာ ထိုင်လိုက်ပြီး သင်ခန်းစာကို ပွင့်ပွင့်လင်းလင်းပင် ဝင်ရောက်လေ့လာနေတော့သည်။

သူမက ဒုတိယမင်းသားစံအိမ်တော်မှ အခြေအနေများကို အဘွားရွှီထံ ရိုးရိုးသားသား ရှင်းပြလာသည်။

သူမက သူမအခွင့်အရေးအတွက် တိုက်ပွဲမဝင်လို၍မဟုတ်ဘဲ ကြင်ယာတော်ရှန်းမှာ မင်းသား၏မိခင်ဖြစ်နေသောကြောင့်ပင်။ မိဘအပေါ်မရိုသေသူဟူသော နာမည်ဆိုးကို ဘယ်သူကများ ခံနိုင်ပါ့မလဲ။

ဒုတိယမင်းသားနှင့် ပတ်သက်၍မူ ကြင်ရာတော်က သူ့အကြောင်းကိုပင် ထည့်ပြောရန် စိတ်မဝင်စားပေ။ သူ့စိတ်ထဲတွင် ထီးနန်းဆက်ခံရေးအတွက်သာ အာရုံရောက်နေပြီး အိမ်တော်၌ သူရှိနေသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှ ကွာခြားမှုမရှိပေ။

"ဒီလိုစိတ်ဓာတ်မျိုးနဲ့ အဆင်မပြေဘူးလို့ ငါပြောပြီးသားလေ၊ ကြင်ယာတော်ရှန်းက နန်းတော်ထဲမှာရှိပြီး ညည်းက အပြင်မှာရှိတာ၊ လူတွေကတော့ ပြောကြမှာပဲ၊ နန်းတော်ထဲမှာတော့ ညည်း လုပ်ချင်ရာ လုပ်လို့ရပေမဲ့ အပြင်မှာကျတော့ ပန်းနုသွေးလေးလို ဟန်ဆောင်ရမယ်၊ ကြင်ယာတော်ရှန်းက သူမရဲ့ ချွေးမကို အနိုင်ကျင့်နေပြီး သားဖြစ်သူဆီကို မိန်းမတွေအတင်းထိုးထည့်ပေးနေတယ်ဆိုတဲ့ နာမည်မျိုးထွက်သွားအောင် လုပ်ရမယ်၊ ဒီနေ့ကစပြီး သူမက ညည်းကို ပြဿနာရှာလာရင် ဧကရာဇ်ကိုယ်တိုင် လက်ထပ်ပေးထားတာဆိုတာ မြို့ထဲကလူတွေအားလုံး သိသွားအောင် လုပ်ပစ်လိုက်၊ ကြင်ယာတော်ရှန်းက ညည်းကိုသတ်ရဲလို့လား၊ ညည်းမသေနိုင်မှတော့ ဘာကို ကြောက်နေရဦးမှာလဲတော်"

အဘွားရွှီမှာ အသက်အရွယ်တစ်ခုတိုင် နေထိုင်လာခဲ့ရာ သူမနှင့် သူမယောက္ခမဖြစ်သူတို့ကြား ဆက်ဆံရေးမှာလည်း အမြဲတမ်း စိတ်ဓာတ်စစ်ဆင်ရေး တိုက်ပွဲတစ်ခုလိုပင်ဖြစ်ခဲ့သည်။ အားလုံးက ဘယ်သူပိုပြီး ဟန်ဆောင်ကောင်းသလဲဆိုသည့်အချက်အပေါ်တွင်သာ မူတည်နေ၏။

ထောင်ယွမ်ရွာရှိ မိသားစုအများစုမှာလည်း အရင်က ထိုသို့ပင်ဖြစ်ခဲ့ကြသော်ငြား ရွာသူကြီးလေးရောက်လာချိန်မှစ၍ အသေးအဖွဲကိစ္စလေးများအတွက် မည်သူကမျှ ရန်မဖြစ်ရဲကြတော့ပေ။

မည်သို့ပင်ဆိုစေ ရွာသူကြီးလေးမှာ ပြဿနာများအား ဖျန်ဖြေပေးရသည်ကို အနှစ်သက်ဆုံးဖြစ်နေသောကြောင့်ပင်။

‘လင်မယားချင်း အဆင်မပြေဖြစ်နေလား'

‘လွယ်လွယ်လေး၊ ရွာသူကြီးလေးက ကွာရှင်းခွင့်ပေးပြီး အိမ်ထောင်ဖက် အသစ်တွေ ရှာပေးလိမ့်မယ်’

‘ယောက္ခမနဲ့ ချွေးမအဆင်မပြေဘူးလား’

‘အဆင်ကိုပြေလို့၊ ရွာသူကြီးလေးက ရွာထဲက ကလေးတွေကို အားပေးရမဲ့အဖွဲ့အဖြစ်တောင် အစုံအလင်ခေါ်လာပြီး သူတို့နှစ်ယောက်ကို အဲ့ဒီနေရာမှာတင် ချခိုင်းတော့မှာ၊ မသေသရွေ့ ဆက်ချခွင့်ရှိပြီး နိုင်တဲ့သူက အမှန်ပဲလေ’

‘ညီအစ်ကိုတွေ အချင်းများနေကြတာလား’

‘ပိုတောင်ကောင်းသေး၊ အားလုံးက အဖေအသစ်တစ်ယောက်စီရသွားပြီး ညီအစ်ကိုတွေအဖြစ်ကနေ ရပ်စဲလိုက်၊ ပြီးရင် အိမ်နီးချင်းတွေအဖြစ်နဲ့ပဲ နေကြရတော့မှာ’

...

ရွာသူကြီးလေး ဝင်ရောက်ဖျန်ဖြေပေးချိန်မှစ၍ ရွာကြီးမှာ အလွန်အမင်း အေးချမ်းသာယာသွားတော့၏။

အလင်းပွင့်သွားသော ဒုတိယမင်းသားကြင်ရာတော်က ကျေးဇူးတင်စကားဆိုကာ သူမဆရာမကြီးအား ခခယယ ကျေးဇူးတင်ကြောင်း အကြိမ်ကြိမ် ပြောကြားတော့သည်။

သူမ မထွက်ခွာမီ အဘွားရွှီက သတိပေးလိုက်၏။

"ညည်းရဲ့ယောက္ခမက ညည်းကို နန်းတော်ထဲခေါ်ပြီး မတရားလုပ်ခံရရင် လူအစည်ဆုံးလမ်းကိုရှာပြီး သတိလစ်ဟန်ဆောင်လိုက်၊ ညည်းရဲ့အစေခံမလေးတွေက ငိုဖို့မမေ့စေနဲ့၊ အထိန်းတော်တွေကလည်း အော်ဖို့မမေ့စေနဲ့၊ ကြင်ရာတော်လေး မတရားလုပ်ခံရပါတယ်ဆိုတာကို မိုင်အနည်းငယ်အတွင်းမှာရှိတဲ့ လူတိုင်းကြားသွားအောင်ကို လုပ်ပစ်ရမယ်"

အစေခံမလေးနှင့် အထိန်းတော်တို့က နားလည်ကြောင်း အတည်ပြုသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ အစေခံမလေးကလည်း သူမသခင်မ တကယ်ပင် ကံကုန်သွားသကဲ့သို့ အပတ်တကုတ် ငိုကြွေးမည်ဖြစ်ကြောင်း ကတိပြုလိုက်၏။

ထိုအဖွဲ့မှာ စံအိမ်မှနှုတ်ဆက်ထွက်ခွာလာခဲ့ပြီး ရှာဖွေတွေ့ရှိလိုက်သော ဂုဏ်ယူဝင့်ကြွားမှုအသစ်များနှင့်အတူ ဒုတိယမင်းသားစံအိမ်ဆီသို့ ချီတက်သွားကြတော့သည်။

ဒုတိယမင်းသားကြင်ရာတော်မှာ အားဆေးထိုးခံလိုက်ရသကဲ့သို့ တက်ကြွနေတော့၏။

'ကြင်ယာတော်ရှန်း ပြင်ထားလိုက်တော့၊ ငါ လာနေပြီ'

အစအဆုံး ခိုးနားထောင်နေခဲ့သော ရှောင်ကျိုးနှင့် အခြားသူများမှာလည်း ထပ်တူပင် စိတ်လှုပ်ရှားနေကြသည်။ ဒုတိယမင်းသားကြင်ရာတော်က ကြင်ယာတော်ရှန်းနှင့် တိုက်ခိုက်မည့်အချိန်ကို သူတို့မစောင့်နိုင်တော့ပေ။ ဤပွဲက သေချာပေါက် အံ့မခန်း အားပြိုင်ပွဲကြီးတစ်ခုဖြစ်လာလိမ့်မည်။

အဘွားရွှီ၏ ဟောပြောချက်များကြောင့် စိတ်အားတက်ကြွသွားသော ယွိဟွာမှာ အဆင့်တက်သွားတော့၏။ သူမ၏စကားများရန်ဖြစ်နိုင်သည့် စွမ်းရည်များက အမြင့်ဆုံးအဆင့်သို့ ရောက်သွားပေပြီ။ သူမအသစ်ရှာဖွေတွေ့ရှိထားသော စွမ်းအားများကို စမ်းသပ်ရန်အတွက် တစ်စုံတစ်ယောက် အင်း မဟုတ်ဘူး ကြက်တစ်ကောင်ကောင်ကို ရှာရတော့မည်။ သူမက တိုက်ပွဲဝင်ရန် အဆင်သင့်ဖြစ်နေပြီပင်။

သို့သော် ယွိဟွာပြဿနာမရှာနိုင်မီမှာပင် နန်းတော်မှလူများ ရောက်ချလာကြ၏။

မိန်းမစိုးက စူးရှရှအသံဖြင့် ဧကရာဇ်၏ အမိန့်စကားကို ဆင့်ဆိုလာသည်။ ချန်လဲ့မင်းသမီးလေး နန်းတော်သို့ဝင်ရောက်ခစားရမည်ဟူ၍ပင်။

နန်းတော်မှ အရာရှိများကိုမြင်သောအခါ အိမ်တော်ထိန်းက မိန်းမစိုးလက်ထဲသို့ ငွေအိတ်တစ်အိတ်ကို အမြန်ထိုးထည့်ပေးရန် ကြိုးစားလိုက်၏။

"ဧကရာဇ်က မင်းသမီးလေးကို ဘာကိစ္စအတွက်ခေါ်တာများလဲဆိုတာ သိပါရစေ၊ ကျေးဇူးပြုပြီး လမ်းညွှန်ပေးပါဦး"

မိန်းမစိုးက အေးစက်စက်ဖြင့်နှာခေါင်းရှုံ့လိုက်သည်။

"မင်းသမီးလေးရောက်ရင် သိပါလိမ့်မယ်"

ရှောင်ကျိုးထွက်လာချိန်တွင် သူမ၏ အိမ်တော်ထိန်းက မိန်းမစိုးကို လာဘ်ထိုးနေသည်အားမြင်သွားရာ လေဆင်နှာမောင်းတစ်ခုကဲ့သို့ ရှေ့သို့ ပြေးထွက်သွားပြီး မိန်းမစိုးလက်ထဲမှ ငွေအိတ်ကိုပြန်လုယူကာ အိမ်တော်ထိန်းကို ဒေါသတကြီးစွေကြည့်လျက် လက်ထဲသို့ပြန်ထိုးထည့်ပေးလိုက်တော့၏။

အလွန်အမင်း စိတ်ပူသွားသော ရှောင်ကျိုးမှာ ငွေဖြုန်းတတ်သောမိသားစုတစ်စုကို မွေးထားမိပြီဟု ခံစားလိုက်ရသည်။

'သူမလိုမျိုး အိမ်ကိုပိုက်ဆံရှာသွင်းပေးဖို့ မစဉ်းစားဘဲ ဘာလို့ ပိုက်ဆံဖြုန်းဖို့ချည်းပဲ တွေးနေကြတာလဲ'

ရှောင်ကျိုးက သက်ပြင်းရှည်ကြီးချလိုက်၏။

‘အိမ်တော်ကို ဘယ်လိုစီမံခန့်ခွဲရမလဲဆိုတာနဲ့ ပတ်သက်ပြီး မျိုးနွယ်စုလူကြီးတွေက အိမ်တော်ထိန်းကို သေသေချာချာ သင်ခန်းစာပေးဖို့လိုနေတဲ့ပုံပဲ’

မထွက်ခွာမီ ရှောင်ကျိုးက သူမခမည်းတော်ပေးထားသော လက်ဆောင်များကို သတိရသွားသည်။ စားပွဲပေါ်ရှိ ကြက်ဥများကိုမြင်သောအခါ သူမယူ၍ ရထားလုံးပေါ်သို့ တင်လိုက်၏။ သူမခမည်းတော်ကို လက်ဆောင်ပြန်ပေးရမည်ဟု ခံစားနေရသည်။

ရွာသူကြီးလေး နန်းတော်ထဲဝင်ရန်ပြင်နေသည်ကို ယွိဟွာမြင်သောအခါ သူမလည်း အတူလိုက်ပါသွားတော့သည်။

ပွဲကြည့်ရုံသက်သက်အတွက် မဟုတ်ပေ။ မင်းဆရာကြီးနှင့်အတူ နန်းတော်သို့ နောက်ဆုံးအကြိမ် သွားရောက်ခဲ့စဉ်က ကြင်ယာတော်ကွေ့အမည်ရှိသော အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့ပြီး သူမအားအမိန့်ပေးနိုင်ခဲ့သည်ကို မှတ်မိနေသောကြောင့်ပင်။ ဤတစ်ကြိမ်တွင်မူ ဘာတွေဖြစ်နေသလဲဆိုသည်ကို သေသေချာချာသိရရန် ထိုအရာကို စမ်းသပ်ကြည့်ရမည်။

'ငါက တကယ်ကြီးကြက်တွေကိုတင်မကဘဲ လူတွေကိုပါ အမိန့်ပေးနိုင်လောက်တဲ့အထိ စွမ်းအားကြီးလာတာများလား'

ကလေးမလေးနှင့် ကြက်မလေးတို့မှာ ရထားလုံးပေါ်သို့တက်ကာ မိန်းမစိုးနောက်မှ နန်းတော်ဆီသို့ လိုက်ပါသွားကြတော့သည်။

All Chapters