အခန်း ၁၂၈
Vol. 13 Ch. 128
128
ရှောင်ကျိုးနှင့် ယွိဟွာတို့ထွက်သွားပြီးနောက် မင်းသမီးစံအိမ်ရှိလူတိုင်းမှာ အလွန်အမင်း စိုးရိမ်နေကြတော့၏။ သူတို့က ရွာသူကြီးလေးနှင့် ယွိဟွာအတွက် စိတ်ပူနေကြခြင်းမဟုတ်ဘဲ ထိုပြဿနာကောင်နှစ်ယောက်က နန်းတော်ကို ဘယ်လိုများ ဗြောင်းဆန်အောင်လုပ်ပစ်ကြမလဲဆိုသည်ကိုသာ စိတ်ပူနေကြခြင်းပင်။ ကလေးမလေးနှင့် ကြက်မလေးတို့မှာ အေးအေးချမ်းချမ်းနေရသည်ကို မနှစ်မြို့ဘဲ နေရာတကာ ကမောက်ကမဖြစ်အောင် လုပ်တတ်သည့် ပြဿနာအိုးလေးများသာဖြစ်သည်။
ပြဿနာအိုးလေးများဖြစ်သော ရှောင်ကျိုးနှင့် ယွိဟွာတို့မှာ မိန်းမစိုးနောက်သို့လိုက်ကာ နန်းတော်ရှိ စာကြည့်ဆောင်ဆီသို့ ရောက်နေကြလေပြီပင်။
ရှောင်ကျိုး တံခါးဝတွင်ရပ်လိုက်ချိန်၌ အထဲတွင်ဒူးထောက်နေကြသော လူအများအပြားကို တွေ့လိုက်ရပြီး ထိုအထဲတွင် သူမ၏ချမ်းသာလှသည့် ဒုတိယအစ်ကိုနှင့် မရီးဖြစ်သူတို့လည်းပါဝင်နေ၏။
ပြီးခဲ့သည့်အကြိမ်က သူမဒုတိယအစ်ကိုက သူမကိုညစာဝယ်ကျွေးခဲ့သည့်အပြင် ယနေ့တွင်လည်း ရတနာများပေးထားခဲ့သဖြင့် သူက ရှောင်ကျိုး သိသမျှလူများထဲတွင် အချမ်းသာဆုံးနှင့် စိတ်သဘောအလှဆုံးသူတစ်ယောက်ဖြစ်လာခဲ့ပြီပင်။
ဧကရာဇ်က သူ့သမီးဖြစ်သူ တံခါးဝမှ ချောင်းကြည့်နေသည်ကိုမြင်သောအခါ အထဲသို့ဝင်လာရန် ခပ်မြန်မြန်လက်ယပ်ခေါ်လိုက်တော့သည်။
ရှောင်ကျိုးက ဘယ်ဘက်လက်တွင် ကြက်ဥခြင်းကိုဆွဲပြီး ညာဘက်လက်တွင် ကြက်မလေးကိုချီကာ စာကြည့်ဆောင်ထဲသို့ လှုပ်လီလှုပ်လဲ့ ဝင်သွားပြီး ဧကရာဇ်ရှေ့တွင်ရပ်လိုက်၏။
ကြင်ယာတော်ရှန်းက ချန်လဲ့မင်းသမီးလေးမှာ အရိုအသေမပေးဘဲ မတ်မတ်ကြီးရပ်နေသည်ကိုမြင်သောအခါ သူမနှုတ်ခမ်းထောင့်များ တွန့်ကွေးသွားပြီး မျက်လုံးထဲတွင် အပြစ်ရှာချင်သည့် အရိပ်အယောင်များ ထင်ထင်ရှားရှား ဖြတ်ပြေးသွားတော့သည်။
သူမက အံ့ဩသွားဟန်ဆောင်ကာ ပါးစပ်ကိုအုပ်လျက် ပြောလိုက်သည်။
"အိုကွယ် မင်းသမီးတစ်ပါးဆိုရင် ဧကရာဇ်ကို အရိုအသေပေးရမှာပေါ့"
ကြင်ယာတော်ရှန်းက စကားပြောနေရင်း ဘေးပတ်ဝန်းကျင်ရှိလူများ၏ တုံ့ပြန်မှုကို အကဲခတ်ကာ စိတ်ထဲမှ တိတ်တဆိတ် ကျေနပ်နေတော့၏။ သူမက မေးစေ့ကို အသာမော့ထားလိုက်ပြီး ချန်လဲ့မင်းသမီးလေး အပြစ်ပေးခံရတော့မည့်မြင်ကွင်းကို ကြိုတင်မြင်ယောင်နေပုံရသည်။
ဧကရာဇ်က ရှောင်ကျိုးကို တစ်ချက်ကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။
"မင်းသမီးလေးကို ဒူးထောက်ခစားရတဲ့ ထုံးစံကနေ ငါကင်းလွတ်ခွင့်ပေးထားပြီးသားပါ၊ ဒီလိုထုံးစံတွေအတွက် အရေးတယူ လုပ်နေစရာမလိုပါဘူး"
သူ့လေသံထဲတွင် မင်းသမီးလေးအပေါ် မျက်နှာသာပေးမှုများပြည့်နှက်နေပြီး ကြင်ယာတော်ရှန်းကို အနည်းငယ် သတိပေးအပြစ်တင်လိုက်သည့် သဘောလည်း ပါဝင်နေ၏။
ရှောင်ကျိုးတစ်ယောက် ဒူးထောက်ခစားရသည့်ထုံးစံမှ ဘာကြောင့် ကင်းလွတ်ခွင့်ရခဲ့သလဲဆိုလျှင် ဧကရာဇ်နှင့် သမီးဖြစ်သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်ကပင်။ သူတို့ သားအဖနှစ်ယောက် သီးသန့်စကားပြောကြရင်း ဧကရာဇ်က သူမစွမ်းရည်များအကြောင်းကို မေးမြန်းခဲ့၏။ ထိုအခါ ရှောင်ကျိုးက နွားတစ်ကောင်လို ခွန်အားကြီးခြင်းဆိုသည်မှာ ဘာလဲဆိုသည်ကို လက်တွေ့ ပြခဲ့တော့သည်။ လူအတော်များများ မ,မှ ရွေ့နိုင်မည့် စာကြည့်ဆောင်ထဲရှိ သစ်သားစားပွဲအမာကြီးကို သမီးဖြစ်သူက လက်တစ်ဖက်တည်းနှင့် ပေါ့ပေါ့ပါးပါး မ,ပြလိုက်သည်ကို ဧကရာဇ်ခမျာ ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရခြင်းပင်။
ထိုမျှနှင့်ပင်မလုံလောက်သေးဘဲ သမီးဖြစ်သူမှာ သာမန်မိန်းကလေးများနှင့် လုံးဝမတူညီကြောင်းကိုလည်း ဧကရာဇ်မှ တွေ့ရှိခဲ့သေးသည်။ သူမက သူမကိုယ်သူမ အမြဲတမ်းအကြီးအကဲဟု သတ်မှတ်ထားပြီး ဘယ်သူ့အောက်မှ အနှိမ်ခံမည်မဟုတ်ဘဲ အနှိမ်ခံရလျှင်လည်း အကြမ်းဖက်တိုက်ခိုက်ရန် ဝန်လေးမည်မဟုတ်ကြောင်းသိလိုက်ရ၏။
သမီးဖြစ်သူ၏ခွန်အားကို အလွန်အမင်း ထိတ်လန့်သွားသော ဧကရာဇ်မှာ သူ့ရှေ့တွင် ဒူးထောက်ခိုင်းလိုက်လျှင် သူ့ကိုများပြန်ရိုက်မလားဟုပင် စိုးရိမ်သွားတော့သည်။ ထို့ကြောင့် သူ့အသက်အန္တရာယ်လုံခြုံရေးအတွက် သူမကို ဒူးထောက်ခစားရခြင်းမှ ကင်းလွတ်ခွင့် ပေးလိုက်ခြင်းပင်။
ထို့နောက်တွင်တော့ မြို့တော်အတွင်းရှိ ချန်လဲ့မင်းသမီးလေး၏ အဆက်မပြတ် လှုပ်ရှားမှုများက သမီးဖြစ်သူမှာ ခွန်အားကြီးရုံသာမက သိုင်းပညာတွင်လည်း အလွန်အမင်းကျွမ်းကျင်ကြောင်းကို ဧကရာဇ်အားသိမြင်သွားစေခဲ့သည်။ သူမက သူ့နန်းတော်ကို ပြဿနာများယူဆောင်လာမည်ကို စိုးရိမ်သဖြင့် လုံးဝလိုအပ်နေသည်မှလွဲ၍ သူမကို နန်းတော်သို့မခေါ်ရဲတော့ချေ။ မတတ်နိုင်သည့်အဆုံး ဧကရာဇ်မှာ အကြွင်းမဲ့အင်အားကြီးမှုရှေ့တွင် ဒူးထောက်အရှုံးပေးလိုက်ရတော့သည်။
အောက်တွင်ဒူးထောက်နေသော ဒုတိယမင်းသားက ဝင်ပြောလိုက်သည်။
"ထုံးစံတွေအတွက် အရေးတယူလုပ်နေစရာမလိုဘူးဆိုတာ သေချာလို့လား ခမည်းတော်၊ ဒီစကားကိုမပြောခင် ဒီအခန်းထဲမှာ ဒူးထောက်နေတဲ့လူတွေအကုန်လုံးကို အရင်ကြည့်သင့်တယ် မဟုတ်ဘူးလား"
ချန်လဲ့မင်းသမီးလေးကို စည်းရုံးလိုသော ဒုတိယမင်းသား၏ဆန္ဒမှာ အထွတ်အထိပ်သို့ ရောက်နေလေပြီပင်။ သိုင်းပညာတွင်လည်း အလွန် ကျွမ်းကျင်ပြီး ခမည်းတော်၏မျက်နှာသာပေးမှုကိုလည်း ရရှိထားကာ ထီးနန်းကိုလည်းလုမည်မဟုတ်သော ညီမတစ်ယောက်ကို ဘယ်သူကများ လက်လွှတ်ခံနိုင်ပါမည်နည်း။ ဒုတိယမင်းသားက ဤမဟာမိတ်ကို ရအောင်ယူရန် အခိုင်အမာဆုံးဖြတ်ထားတော့၏။
ကြင်ယာတော်ရှန်းမှာ ဧကရာဇ်စကားကိုကြားသောအခါ ပေါက်ကွဲမတတ် ဖြစ်သွားသော်ငြား အပြင်သို့ထုတ်မပြရဲပေ။ သူမ အတင်းပြုံးပြကာ ပြန်ပြောလိုက်သည်။
"ဧကရာဇ်က ဉာဏ်ပညာကြီးမားလှပါတယ်၊ ကျွန်မကပဲ အတွေးလွန်မိသွားတာပါ"
သူမက ရှောင်ကျိုးကို ခိုး၍စွေကြည့်လိုက်ပြီး စိတ်ထဲမှကြုံးဝါးလိုက်၏။
'နောက်မှ နင် အသေအလဲခံရဖို့သာပြင်ထားလိုက်တော့'
"ကွတ် ကွတ်၊ ကွတ် ကွတ်"
'သခင်မလေး၊ သူမက သခင်မလေးကို စွေကြည့်နေတယ်'
ရှောင်ကျိုးက ချက်ချင်းခေါင်းလှည့်ကာ ပြန်စွေကြည့်ပစ်လိုက်၏။ ရှောင်ကျိုးက ဘာမဆိုစားနိုင်သော်ငြား အနိုင်ကျင့်ခံရခြင်းကိုတော့ လုံးဝ သည်းမခံနိုင်ပေ။
ကြက်တစ်ကောင်၏အော်သံက လူတိုင်းအာရုံကို အောင်မြင်စွာဆွဲဆောင်သွားတော့သည်။
ဧကရာဇ်က ရှောင်ကျိုးကိုင်ထားသော ကြက်နှင့် အိတ်ကို လက်ညှိုးထိုးကာ မေးလိုက်သည်။
"ဒါက ဘာတွေလဲ"
ရှောင်ကျိုးက ဧကရာဇ်ကိုတည်တည်ငြိမ်ငြိမ်ဖြင့်ကြည့်ကာ ပြန်ဖြေလိုက်၏။
"သူတစ်ပါးအိမ်ကို အလည်သွားရင် လက်ဆောင်ယူသွားရမယ်လို့ အဘွားရွှီက ပြောတယ်လေ"
ဧကရာဇ်က သူမ,ချီထားသောကြက်ကို ကြည့်ကာ မသေမချာဖြင့်မေးလိုက်သည်။
"ဒါဆို သမီးက ဒီကြက်ကို ခမည်းတော်ဆီ ပေးမလို့လား"
ရှောင်ကျိုးက ကမန်းကတန်းခေါင်းခါပြလိုက်သည်။
"ဘယ်လိုလုပ် အဲ့လိုဖြစ်နိုင်မှာလဲ၊ တွေးတောင် မတွေးနဲ့"
သူမ ခြင်းကိုမြှောက်ပြကာပြောလိုက်၏။
"ဒါက ကြက်ဥတွေလေ၊ ဒါတွေကို ကြက်ဥပြုတ်၊ ကြက်ဥမွှေကြော်၊ ကြက်ဥပေါင်း၊ ကြက်ဥမကျက်တကျတ်၊ ရွှေဒင်္ဂါးကြက်ဥ၊ ကျားရေကြက်ဥ၊ ကြက်ဥလိပ်၊ ကြက်ဥပန်ကိတ် လုပ်စားလို့ရတယ်"
ထိုသို့ပြောပြီးနောက် ရှောင်ကျိုးမှာ တံတွေးပင်မျိုချလိုက်မိတော့သည်။ ရုတ်တရက် သူမက ကြက်ဥများကိုမပေးချင်တော့ပေ။ ယခု သူမက အစ်မရှောင်ရှောင်လုပ်ပေးသော ကြက်ဥပန်ကိတ်များကို စားချင်နေပြီဖြစ်၏။
ဘာကြောင့်မှန်းမသိ သူမသခင်မလေး ကြက်ဥခြင်းကိုထုတ်လိုက်ချိန်တွင် ယွိဟွာမှာ အနည်းငယ်ရှက်သွားတော့၏။ ထိုကြက်ဥများကို သူမကိုယ်တိုင် ဥထားခြင်းဖြစ်သော်လည်း ဤလိုအခြေအနေမျိုးတွင် မြင်တွေ့ရသည်မှာ ရှက်စရာကောင်းသည်ဟု ခံစားလိုက်ရသည်။
ဧကရာဇ်မှာ မှင်တက်သွားတော့၏။ သူ့ဘဝတွင် ပထမဆုံးအကြိမ်ရဖူးသည့် လက်ဆောင်က ကြက်ဥတစ်ခြင်းဖြစ်နေသောကြောင့်ပင်။
ယင်းကိုကြားသောအခါ ကြင်ယာတော်ရှန်းမှာ ရယ်သံထွက်လုမတတ်ပင်ဖြစ်သွားတော့သည်။ သူမက တောင်သူလယ်သမားများပြုစုပျိုးထောင်ထားသော တောသူမလေးဖြစ်နေပြီး လေးစားစရာကောင်းသူအဖြစ် ဘယ်တော့မှမှတ်ယူခံရမည် မဟုတ်ပေ။
ကြက်ဥပြုတ်နှင့် ကြက်ဥပေါင်းကိုသာစားဖူးသော ဧကရာဇ်က သမီးဖြစ်သူလက်ထဲမှ ကြက်ဥများကိုယူရန် သူ့မိန်းမစိုးကို လက်ဟန်ပြလိုက်ပြီး ချန်လဲ့မင်းသမီးလေး ယခုလေးတင်ပြောသွားသည့် ဟင်းလျာများကို ညစာအဖြစ် ပြင်ရန် နန်းတွင်းမီးဖိုဆောင်သို့ ညွှန်ကြားလိုက်တော့သည်။
သနားစရာကောင်းသော နန်းတွင်းစာဖိုမှူးများခမျာ ကြက်ဥပြုတ်၊ ကြက်ဥပေါင်းနှင့် ကြက်ဥမွှေကြော်တို့မှလွဲ၍ ကျန်သည့်ဟင်းလျာများကို ဘာမှန်းပင် မသိကြရှာပေ။
ဧကရာဇ်က သမီးဖြစ်သူနှင့် စကားဆက်မပြောနိုင်မီမှာပင် ဟယ်မိသားစု၏အကြီးအကဲက ချန်လဲ့မင်းသမီးလေး၏အပြစ်များကို စတင် တိုင်တောတော့၏။
"အရှင်၊ ချန်လဲ့မင်းသမီးလေးက ကျွန်တော့်ရဲ့သားနဲ့ သမီးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင်လုပ်ခဲ့ပါတယ်၊ သူတို့တွေ အခုအိပ်ရာထဲကနေတောင် မထနိုင်တော့ပါဘူး၊ အရှင် တရားမျှတအောင် ဖြေရှင်းပေးပါလို့ တောင်းဆိုပါတယ်"
ကြင်ယာတော်ရှန်းကလည်း မီးလောင်ရာလေပင့်ကာ ဝင်ပြောလိုက်သည်။
"အရှင်၊ ချန်လဲ့မင်းသမီးလေးက အရမ်း တရားလွန်လွန်းနေပါပြီ၊ မင်းသမီးတစ်ပါးဆိုရင်တောင်မှ လူတွေကို ဒီလိုမျိုးထင်သလို လိုက်နာကျင်အောင် လုပ်လို့ မရပါဘူး"
ကျန်ရှိနေသော ဟယ်မိသားစုဝင်များကလည်းထောက်ခံကြပြီး ဧကရာဇ်က ချန်လဲ့မင်းသမီးလေးကို ပြင်းပြင်းထန်ထန် အပြစ်ပေးရန် တောင်းဆိုကြရာ စာကြည့်ဆောင်တစ်ခုလုံး ချက်ချင်းပင် ဆူညံသွားတော့သည်။
ဧကရာဇ်က ရှောင်ကျိုးထံသို့အကြည့်လွှဲလိုက်၏။
'အခုဆိုရင်လာတိုင်တဲ့ မိသားစုပေါင်း ဘယ်နှစ်စုတောင်ရှိနေပြီလဲ၊ သူမက မြို့တော်ထဲက အိမ်တော်တိုင်းကို ဗြောင်းဆန်အောင်လုပ်ပစ်ဖို့ ရည်ရွယ်ထားတာများလား'
ရှောင်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ချေပကာ သုံးကြိမ်တိုင်တိုင် ငြင်းဆိုလိုက်သည်။
"မဖြစ်နိုင်တာ၊ ငါ မလုပ်ခဲ့ဘူး၊ အပိုတွေ လျှောက်မပြောနဲ့၊ ငါ လူရိုက်တာကို ဘယ်သူမြင်လို့လဲ"
ဟယ်မိသားစု၏အကြီးအကဲက ချက်ချင်းပင် အကျယ်ကြီးကန့်ကွက်လိုက်၏။
"ဒုတိယမင်းသားစံအိမ်က လူတိုင်းမြင်ခဲ့တာပဲလေ၊ မင်းသမီးလေးကငြင်းဦးမလို့လား"
ရှောင်ကျိုးက ပို၍ အားပါပါပြန်အော်လိုက်သည်။
"အဲ့ဒါက နင့်လူတွေချည်းပဲလေ၊ သူတို့အကုန်လုံးက ငါ့ကိုအကွက်ဆင်ဖို့ ပူးပေါင်းထားကြတာ"
ရှောင်ကျိုးက မည်သူ့ကိုမျှမရိုက်ခဲ့ကြောင်း အခိုင်အမာယုံကြည်ထား၏။ သူမက ဒုတိယမင်းသားစံအိမ်တွင် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်နေစဉ် ထိုလူများက သူမလက်နှင့် ခြေထောက်များကို လာတိုက်မိပြီး နံရံထဲသို့လွင့်ထွက်သွားကြခြင်းသာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ လက်ပူးလက်ကြပ်မမိသရွေ့ စွပ်စွဲချက်အားလုံးက အနိုင်ကျင့်ခြင်းသာဖြစ်သည်ဟု သူမအစ်ကိုဝမ်းကွဲ ပြောခဲ့ဖူးသည်ကို သူမ မှတ်မိနေ၏။
'ဟွန့်'
'သက်သေမရှိဘဲ ပြောတာက လူယုတ်မာတွေရဲ့အလုပ်ပဲ'
ဟယ်မိသားစုအကြီးအကဲမှာ ဤမျှ မျက်နှာပြောင်တိုက်သောသူကို တစ်ခါမှမမြင်ဖူးသဖြင့် ကြင်ယာတော်ရှန်းကို အမြန် ကြည့်လိုက်တော့သည်။
ကြင်ယာတော်ရှန်းက သူမသားကို တံတောင်နှင့်တွတ်ကာ ပြောလိုက်၏။
"မင်းသမီးလေးရဲ့ဒုတိယအစ်ကို ကိုယ်တိုင်မြင်ခဲ့တာပဲ၊ ဘယ်လိုလုပ် မှားနိုင်မှာလဲ၊ မင်းသမီးလေးက ဒုတိယမင်းသားစံအိမ်တော်က လူတိုင်းကို အကန်းတွေလို့ ထင်နေတာလား"
အားလုံးအကြည့်များက ဒုတိယမင်းသားထံသို့ ရောက်သွားကြတော့သည်။
ချန်လဲ့မင်းသမီးလေးကို ဆွဲဆောင်စည်းရုံးရန် စိတ်အားထက်သန်နေသော ဒုတိယမင်းသားက ရှောင်လွှဲကာပြန်ဖြေလိုက်၏။
"ကျွန်တော်လည်း နည်းနည်းနောက်ကျမှ ရောက်သွားတာဆိုတော့ အသေးစိတ်ကို သေသေချာချာမမြင်လိုက်ရဘူး၊ ညီမဝမ်းကွဲ မြေပြင်ပေါ်လဲနေတာနဲ့ တခြားတစ်ယောက် နံရံထဲနစ်ဝင်နေတာကိုပဲ မြင်လိုက်ရတာ"
ယုံကြည်မှုအပြည့်ရှိနေခဲ့သော ကြင်ယာတော်ရှန်းမှာ သူမသားအရင်းကြောင့်ပင် ဒေါသထွက်လွန်း၍ ရူးတော့မတတ် ဖြစ်သွားရလေပြီ။
"ယဲ့အာ စိတ်တွေရှုပ်ကုန်ပြီလား"
ဒုတိယမင်းသားက မိခင်ဖြစ်သူကို အဓိပ္ပာယ်ပါပါအမြန်ကြည့်လိုက်သော်ငြား ကံမကောင်းစွာဖြင့် ကြင်ယာတော်မှာ ချန်လဲ့မင်းသမီးလေး၏အပြစ်များကို ဖော်ထုတ်ရန်ကိုသာ စိတ်အားထက်သန်နေတော့၏။
သူမက ဒုတိယမင်းသားကြင်ရာတော်ဘက်သို့ ကမန်းကတန်းလှည့်ကာ ရှေ့သို့တွန်းထုတ်ရင်း ပြောလိုက်သည်။
"နင် ပြောလိုက်၊ နင့်ခြံဝင်းထဲမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ နင် အကုန်သိသင့်တာပေါ့"
ထိုသို့ပြောပြီးနောက် သူမက ဒုတိယမင်းသားကြင်ရာတော်ကို ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။
အဘွားရွှီထံမှ ပညာများသင်ယူပြီးခါစဖြစ်သော ဒုတိယမင်းသားကြင်ရာတော်မှာ သူမအသိပညာများကို ချက်ချင်းပင် အသုံးချလိုက်တော့သည်။ ကြင်ယာတော်ရှန်း၏ခပ်ဖွဖွလေးတွန်းလိုက်မှုနှင့်အတူ ဒုတိယမင်းသားကြင်ရာတော်ခများ မြေပြင်ပေါ်သို့လဲကျသွားပြီး အလွန်သနားစရာကောင်းသောပုံစံဖမ်းလိုက်တော့၏။