အခန်း ၁၂၉
Vol. 13 Ch. 129
129
ကြင်ယာတော်ရှန်းမှာ သူမလက်များကို ကြောင်တောင်တောင်ဖြင့် ငေးကြည့်နေတော့၏။
'ဘာတွေ ဖြစ်ကုန်တာလဲ'
ဟယ်မိသားစုအကြီးအကဲက သူ့ညီမဖြစ်သူကို အပြစ်တင်သည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ဧကရာဇ်အရှေ့တွင် အနည်းဆုံးတော့ ထိန်းထိန်းသိမ်းသိမ်းနေရန် အချက်ပြလိုက်သည်။
ဧကရာဇ်က ကြင်ယာတော်ရှန်းရှေ့ရှိ မြေပြင်ပေါ်တွင် ကြောက်ရွံ့တုန်လှုပ်စွာ ဝပ်တွားနေသော ဒုတိယမင်းသားကြင်ရာတော်ကိုကြည့်ကာ အလွန်အမင်း စိတ်ပျက်သွားတော့၏။
'မင်းသမီးတစ်ပါးက ဘယ်လိုလုပ်ပြီး ဒီလောက်တောင် သတ္တိကြောင်နေရတာလဲ'
ဧကရာဇ်က ဘာတွေဖြစ်ခဲ့သလဲဆိုသည်ကိုပြန်ပြောပြရန် ဒုတိယမင်းသားကြင်ရာတော်ကို လက်ဟန်ပြလိုက်သည်။ သူ့အမြင်တွင် သူမက လိမ်ပြောရဲလောက်အောင် သတ္တိမရှိဘဲ အလွန်အမင်းကြောက်ရွံ့တွန့်ဆုတ်နေပုံရ၏။
ဧကရာဇ်အမေးကို ကြားသောအခါ ဒုတိယမင်းသားကြင်ရာတော်မှာ အကြောက်တရားများထဲမှ ရုန်းထွက်လာနိုင်သည့်အလား ဗလုံးဗထွေးပြောလိုက်သည်။
"အရှင်၊ ကျွန်မ ရောက်သွားတော့ သခင်မလေးဟယ်က ၃ နှစ်အရွယ် ကလေးလေးတစ်ယောက်ကို ကန်နေတာတွေ့လိုက်တယ်၊ ကလေးလေးက ဒေါသထွက်ပြီး သူမကိုပြန်ကိုက်လိုက်တာ၊ ပြီးတော့ သခင်မလေးဟယ်က ကလေးကိုဖမ်းပြီး သေတဲ့အထိ ရိုက်သတ်ဖို့ သူမအစေခံမလေးကို အမိန့်ပေးခဲ့တယ်၊ ကလေးအသက်အန္တရာယ်ကိုစိုးရိမ်လို့ ကျွန်မတောင် ဝင်ကာပေးခဲ့တာပါ၊ အခြေအနေက အရမ်း ရုတ်ရုတ်သဲသဲဖြစ်နေခဲ့တာ၊ ကျွန်မ သတိပြန်ဝင်လာတဲ့အချိန်မှာတော့ သခင်မလေးဟယ်နဲ့ သခင်လေးဟယ်တို့က သတိလစ်နေကြပြီ"
ထိုသို့ပြောပြီးနောက် သူမကကြင်ယာတော်ရှန်းထံ ကမန်းကတန်းအသနားခံလိုက်၏။
"ကြင်ယာတော် ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ၊ ဒါပေမဲ့မြင်ကွင်းက အရမ်းကို ရုတ်ရုတ်သဲသဲဖြစ်နေတော့ ချန်လဲ့မင်းသမီးလေးက ဘယ်သူ့ကို ရိုက်လိုက်လဲဆိုတာတော့ ကျွန်မ တကယ်မမြင်လိုက်ဘူး"
ဒုတိယမင်းသားကြင်ရာတော်မှာ လိမ်ပြောရန် သတ္တိမရှိသည်ကမှန်သော်ငြား အပိုတွေလျှောက်ပြောရာတွင်တော့ သေချာပေါက် ကျွမ်းကျင်လှသည်။
ကြင်ယာတော်ရှန်းမှာ ဤမျှလောက် အမိန့်နာခံတတ်သူက ဤသို့ပြုမူလိမ့်မည်ဟု လုံးဝထင်မထားခဲ့ပေ။ ဒေါသထွက်လွန်းသဖြင့် သူမထိုအမျိုးသမီးကို ပါးရိုက်ရန်လက်ရွယ်လိုက်မိသော်ငြား ဟယ်မိသားစုအကြီးအကဲက အချိန်မီတားဆီးလိုက်၏။
"ကြင်ယာတော် ကျေးဇူးပြုပြီး စိတ်ထိန်းပါဦး၊ ဒါက စာကြည့်ဆောင်ပါ၊ အရှင်လည်း ကြည့်နေတယ်"
ကြင်ယာတော်ရှန်းက သူမဒေါသကို မျိုသိပ်လိုက်ပြီး ဒုတိယမင်းသားကြင်ရာတော်ကို စူးစူးဝါးဝါးစိုက်ကြည့်လိုက်တော့သည်။
ထိုအကြည့်အောက်တွင် ဒုတိယမင်းသားကြင်ရာတော်မှာ တွန့်ဆုတ်သွားပြီး သူမမျက်နှာပေါ်တွင် မျက်ရည်များ စီးကျလာတော့၏။
ပွင့်လင်းဖြောင့်မတ်သော ဒုတိယမင်းသားပင် ယင်းကိုဆက်သည်းမခံနိုင်တော့ပေ။ သူက သူ့ကြင်ရာတော်ကို နောက်သို့ဆွဲယူကာ ကွယ်ထားပေးလိုက်ပြီး မိခင်ဖြစ်သူကို အပြစ်တင်သည့်အကြည့်ဖြင့်ကြည့်လိုက်သည်။
"အမေ၊ ဒါက သားရဲ့တရားဝင် လက်ထပ်ထားတဲ့ ကြင်ရာတော်ပါ၊ အမေရဲ့အစေခံမလေး မဟုတ်ဘူး၊ သူ့မကို ဘာလို့ ဒီလောက်တောင် အခက်တွေ့အောင်လုပ်နေရတာလဲ"
ကြင်ယာတော်ရှန်းက သူမ၏အကင်းမပါးသော၊ အသည်းနှလုံးမရှိသော သားဖြစ်သူကိုကြည့်ကာ နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်၏။ သူမ မျိုသိပ်ထားလိုက်သည်။ ယခုက မိသားစုတွင်းပြဿနာတက်ရမည့် အချိန်မဟုတ်ပေ။ သူမက ချန်လဲ့မင်းသမီးလေးအပေါ် အပြစ်ပုံချနိုင်ရန် အရင်လုပ်ရမည်ဖြစ်ပြီး သူတို့နှင့် နောက်မှစာရင်းရှင်းရမည်။
တစ်ချိန်တည်းမှာပင် ထိုဟန်ဆောင်မှုများကို စောင့်ကြည့်နေခဲ့သော ယွိဟွာက သူမကြက်ခြေထောက်များကိုပင် မြှောက်လိုက်မိမတတ်ဖြစ်သွားတော့၏။ သူမက လူစကားမပြောတတ်သော သာမန်ကြက်တစ်ကောင်ဖြစ် နေသည်ကိုသာ နောင်တရနေတော့သည်။ သို့မဟုတ်ပါက သူမကိုယ်တိုင်၏စွမ်းဆောင်ရည်များကို ထုတ်ကြွားလိုက်မည်သာဖြစ်၏။ ယွိဟွာက ရှောင်ကျိုးရင်ခွင်ထဲသို့ တိုးဝင်ကာ ဝမ်းနည်းစွာသက်ပြင်းချလိုက်စဉ် သူမမျက်လုံးများက ဧကရာဇ်အကြည့်များနှင့် ဆုံသွားတော့သည်။
ဧကရာဇ်ခမျာ ထိုကြက်ကိုကြည့်လိုက်ပြီး အကြောင်းရင်းမရှိဘဲ ရင်းနှီးကျွမ်းဝင်မှုကို ခံစားလိုက်ရ၏။ ယင်းမှာ လုံးဝအဓိပ္ပာယ်မရှိပေ။ ကြက်တစ်ကောင်နဲ့ ဘယ်လိုလုပ်ပြီး အချိတ်အဆက်ရှိနေသလို ခံစားရနိုင်မှာလဲ။ သူ့သမီးလေး မွေးထားတာကြောင့်များလား။
ယွိဟွာကလည်း ထပ်တူပင်အံ့ဩသွားတော့သည်။ မဖြစ်နိုင်ပေ။ သူမ ဘာမှပုံမှန်မဟုတ်တာကို မခံစားမိခဲ့ပေ။ သူမသခင်မလေးအဖေက ဘယ်လိုလုပ်ပြီး ပြီးခဲ့သည့်အကြိမ်က ကိုယ်လုပ်တော်နဲ့ တူနေရတာလဲ။ သူမက သူ့ကိုလည်း အမိန့်ပေးနိုင်ပုံရ၏။
ယွိဟွာမှာ အလွန်တရာအံ့ဩသွားသဖြင့် ရှောင်ကျိုးရင်ခွင်ထဲတွင် မတ်တတ်ပင် ရပ်လိုက်မိသည်။ ဤကမ္ဘာမြေကို တုန်လှုပ်စေမည့် လျှို့ဝှက်ချက်နောက်ကွယ်မှ အမှန်တရားကို သူမဖော်ထုတ်ရမည်။
"ကွတ် ကွတ်"
‘မတ်တတ်ရပ်လိုက်စမ်း'
ကြင်ယာတော်ရှန်းက ချန်လဲ့မင်းသမီးလေးကို ဆက်လက်စွပ်စွဲရန်ပြင်လိုက်ချိန်မှာပင် ဧကရာဇ်က ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်ကို တွေ့လိုက်ရ၏။
နန်းဆောင်တစ်ခုလုံး တိတ်ဆိတ်သွားပြီး လူတိုင်းက ဧကရာဇ်စကားကို စောင့်ဆိုင်းနေကြတော့သည်။
ယွိဟွာ၏စကားကို နားလည်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည့် ရှောင်ကျိုးတစ်ယောက် အလွန်အမင်းအံ့ဩသွားသဖြင့် ပါးစပ်ပင်မပိတ်နိုင်တော့ပေ။
သူမက ယွိဟွာခေါင်းကို လှည့်ကာ တိုးတိုးလေးမေးလိုက်သည်။
"ဘာဖြစ်တာလဲ"
"ကွတ် ကွတ်၊ ကွတ် ကွတ်"
'သခင်မလေးအဖေက ကျွန်မစကား နားထောင်တယ်ဆိုတာ သခင်မလေးယုံလား'
ရှောင်ကျိုးကမူ လုံးဝမယုံပေ။
ယွိဟွာက သူမစွမ်းရည်ကို ချက်ချင်း စတင်လိုက်တော့၏။
"ကွတ် ကွတ်၊ ကွတ် ကွတ်"
'ကြင်ယာတော်ရှန်းကို ဆဲပစ်လိုက်၊ မွှန်ထူနေအောင် ဆဲပစ်လိုက်'
ထို့နောက် ဧကရာဇ်က မတ်တတ်ရပ်လျက် ကြင်ယာတော်ရှန်းကို အဆက်မပြတ်ဆဲနေသည်ကို လူတိုင်း မျက်ဝါးထင်ထင်ကြည့်နေကြရတော့သည်။
သူ့ဆူပူကြိမ်းမောင်းမှုများကို အဆုံးသတ်ပြီးနောက် ဧကရာဇ်က ဆက်ပြောလိုက်၏။
"ချန်လဲ့မင်းသမီးလေးက လူရိုက်တယ်လို့ မင်းပြောတယ်ပေါ့၊ ဒါဆိုရင် သက်သေထုတ်ပြလေ၊ ၅ နှစ်အရွယ် ကလေးလေးကို မင်းအလကားနေရင်း စွပ်စွဲမယ်ဆိုရင်တော့ မင်းကို ငါကိုယ်တော် အရေးယူရလိမ့်မယ်"
ကြင်ယာတော်ရှန်းနှင့် ဟယ်မိသားစုမှာ ဆွံ့အသွားကြတော့သည်။ နန်းတွင်းကလူတွေ အားလုံး ဒီလောက်တောင် မျက်နှာပြောင်တိုက်တတ်ကြတာလား။
သခင်လေးဟယ်နှင့် သခင်မလေးဟယ်တို့ကိုရိုက်ခဲ့သူမှာ ချန်လဲ့မင်းသမီးလေးဖြစ်ကြောင်း မည်သူမဆိုမြင်နိုင်သည်။ ရိုးရိုးရှင်းရှင်း စုံစမ်းစစ်ဆေးလိုက်ရုံဖြင့် ယင်းကို သက်သေပြနိုင်မည်ဖြစ်၏။ နိုင်ငံတစ်နိုင်ငံ၏ ဧကရာဇ်တစ်ပါးက လိမ်ညာနေပါလျက်နှင့် လူတွေကို ဘယ်လိုလုပ် ယုံကြည်မှုအပြည့်ဖြင့် ကျိန်ဆဲနိုင်ရတာလဲ။
ကြင်ယာတော်ရှန်းနှင့် ဟယ်မိသားစုက စကားပြောရန် ကြိုးစားကြသော်ငြား အဘွားရွှီ၏ဟောပြောမှုအနှစ်သာရများကို သင်ယူထားသော ယွိဟွာက သူတို့ကို လုံးဝအခွင့်အရေးမပေးခဲ့ပေ။ သူမက ဧကရာဇ်ကို ကိုယ်ကျင့်တရားအရ အသာစီးယူကာ သူတို့ကို ဆက်လက်ပြစ်တင်ဝေဖန်ရန် ချက်ချင်း အမိန့်ပေးလိုက်တော့၏။
ဆူပူကြိမ်းမောင်းပြီးနောက် ယွိဟွာက ဧကရာဇ်ကို သူတို့အပြုအမူများအား ပြန်ဆင်ခြင်ရန်အတွက် သူတို့ကိုအိမ်ပြန်လွှတ်ရန် အမိန့်ပေးလိုက်သည်။
ကြင်ယာတော်ရှန်းနှင့် ဟယ်မိသားစုမှာ ကိစ္စမပြတ်သေးသဖြင့် လုံးဝမထွက်သွားချင်ကြပေ။
ဧကရာဇ်က အစောင့်များကို သူတို့ကို မ,ထုတ်သွားရန် ချက်ချင်းအမိန့်ပေးလိုက်တော့၏။
နန်းတော်ထဲမှ မောင်းထုတ်ခံလိုက်ရသော ကြင်ယာတော်ရှန်းနှင့် ဟယ်မိသားစုမှာ ဧကရာဇ်ရူးသွားပြီဟုသာ ခံစားလိုက်ရသည်။ ဧကရာဇ်က ဘယ်လိုလုပ်ပြီး သူတို့ကိုလုံးဝ လျစ်လျူရှုကာ ဆဲဆိုပြီးနောက် မောင်းထုတ်နိုင်ရတာလဲ။
ဤအချိန်တွင် ဧကရာဇ်မှာ နှစ်ပေါင်းများစွာစုပုံနေခဲ့သော စိတ်ဖိစီးမှုများ ပျောက်ကွယ်သွားသကဲ့သို့ လန်းဆန်းတက်ကြွမှုကို ခံစားနေရတော့၏။
ယွိဟွာက ကျေနပ်စွာခေါင်းညိတ်လိုက်သည်။ သူမ လူစကားမပြောတတ်သော်ငြား လူများကို သူမခိုင်းသည့်အတိုင်း ပြောလာအောင် လုပ်နိုင်စွမ်းရှိသည်။
ဒုတိယမင်းသားနှင့် သူ့ကြင်ရာတော်မှာ ငုံးလေးများကဲ့သို့ ထောင့်တစ်နေရာတွင် ကြောက်လန့်တကြားပုန်းကွယ်နေကြတော့၏။
ဒုတိယမင်းသားက သူ့ကြင်ရာတော်ကို တံတောင်နှင့် တွတ်လိုက်သည်။
"ခမည်းတော်ကို နတ်ဆိုးတစ်ကောင်ကောင်ပူးသွားတာလား၊ ဘာလို့ ရုတ်တရက်ကြီး ဆဲတဲ့နေရာမှာ အဲ့လောက်တောင် ကျွမ်းသွားရတာလဲ"
ဒုတိယမင်းသား၏ကြင်ရာတော်က ကမန်းကတန်းခေါင်းခါပြလိုက်၏။
"တိုးတိုးပြောပါ ခမည်းတော်ကြားသွားရင် ဆူခံရမဲ့သူတွေက ကျွန်မတို့ဖြစ်သွားလိမ့်မယ်"
ဒုတိယမင်းသားက သူ့ပါးစပ်ကို အမြန်ပိတ်လိုက်သည်။ ဧကရာဇ်က သူတို့ဘက်သို့ လှည့်ကြည့်လာသည်ကိုမြင်သောအခါ အကြောင်းပြချက်တစ်ခုပေးကာ သူ့ကြင်ရာတော်နှင့်အတူ သူနှုတ်ဆက်ထွက်ခွာလာခဲ့တော့၏။
ယွိဟွာက ဧကရာဇ်နှင့် အချိတ်အဆက်ကို ဖြတ်တောက်လိုက်သည်။ ဤစမ်းသပ်မှုမှတစ်ဆင့် သူမက ရှောင်ကျိုးဖခင်နှင့် ကြင်ယာတော်တို့ကို အမိန့်ပေးနိုင်ပြီဖြစ်ကြောင်း အတည်ပြုလိုက်နိုင်၏။ စိတ်လှုပ်ရှားစွာဖြင့် သူမက လာမည့်ရက်များတွင် နန်းတော်ထဲ၌သာဆက်နေရန် စိတ်ကူးလိုက်တော့သည်။
အချိတ်အဆက်ပြတ်တောက်သွားသော ဧကရာဇ်မှာ တွေဝေသွားသော်ငြား ရှင်းပြ၍မရနိုင်လောက်အောင်ပင် စိတ်သက်သာရာ ရသွားတော့၏။
စာကြည့်ဆောင်ထဲတွင် သမီးဖြစ်သူသာကျန်ရှိနေတော့သည်ကိုမြင်သောအခါ သိချင်စိတ်ဖြင့် သူမေးလိုက်သည်။
"သူတို့တွေ ဘယ်ရောက်သွားကြပြီလဲ"
ရှောင်ကျိုး ခဏတာတွေးလိုက်ပြီးနောက် ပြန်ဖြေလိုက်၏။
"နေ့လယ်စာစားချိန် ရောက်နေပြီလေ၊ သူတို့ ထမင်းစားဖို့အိမ်ပြန်သွားကြပြီ"
ဧကရာဇ်မှာ ဆို့နင့်သွားတော့သည်။
‘သူတို့က နှုတ်တောင်မဆက်ဘဲ ထမင်းစားဖို့ ပြန်သွားကြတယ်ပေါ့လေ၊ ဒါမှမဟုတ် သူပဲ မှတ်ဉာဏ်တွေ ချို့ယွင်းသွားတာများလား’
ချန်လဲ့မင်းသမီးလေးက ဟယ်မိသားစုကို ရိုက်ခဲ့ခြင်းရှိမရှိ အချေအတင်ဖြစ်နေကြသည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေပြီး ၎င်းက ဘယ်လိုလုပ် ဒီလောက်မြန်မြန် ပြေလည်သွားခဲ့တာလဲ။ သက်ဆိုင်သူတစ်ယောက်အနေဖြင့် သူက ဘာကြောင့် ဘာမှမသိရတာလဲ။
သူအလွန်တရာ ပင်ပန်းနေပြီး အရာရာကို စမေ့တတ်နေပြီလားဆိုသည်ကို သိနိုင်ရန် နန်းတွင်းသမားတော်ကို သူ့ဦးနှောက်အား လာရောက်စစ်ဆေးခိုင်းရန် ဆုံးဖြတ်လိုက်တော့၏။
ဧကရာဇ်က ရှောင်ကျိုးကိုကြည့်ကာ မေးလိုက်သည်။
"သမီး ခမည်းတော်နဲ့အတူ ထမင်းစားမလား"
ရှောင်ကျိုး ကမန်းကတန်း ခေါင်းညိတ်ပြလိုက်၏။ သူမက နန်းတွင်းစားဖိုမှူး ချက်သောအစားအစာများကို တစ်ခါမှ မစားဖူးဘဲ အစ်မရှောင်ရှောင် ချက်သည်ထက် ပိုကောင်းမကောင်း သူမ မသိပေ။
တစ်ချိန်တည်းမှာပင် သူ့ညီမဖြစ်သူ ချန်လဲ့မင်းသမီးလေး နန်းတော်သို့ဝင်လာပြီး စာကြည့်ဆောင်တွင် ညစာစားနေကြောင်းကြားသောအခါ စတုတ္ထမင်းသားက သူ့အစေခံများနှင့်အတူ အပြေးအလွှားရောက်ချလာတော့သည်။
‘သူတို့က သူ့ကို ဘယ်လိုလုပ်မဖိတ်ဘဲ နေနိုင်ရတာလဲ'
သူ့ခမျာ အမေဖြစ်သူ ညှဉ်းပန်းနှိပ်စက်သည်ကို ခံနေရပြီး နေ့စဉ်ဟင်းသီးဟင်းရွက်များကိုသာ အတင်းအဓမ္မ စားနေရရှာသည်။ သူ အလွန်အမင်း ဆာလောင်လွန်းသဖြင့် ထင်ယောင်ထင်မှားပင်ဖြစ်နေခဲ့လေပြီ။ ပြီးခဲ့သည့်အကြိမ်က နန်းတော်ဥယျာဉ်ထဲတွင် ယုန်တစ်ကောင်ကိုတွေ့လိုက်ရစဉ် အသားဟုထင်ကာဆွဲယူပြီး စတင် ကိုက်မိလိုက်သဖြင့် သနားစရာကောင်းသော ထိုသတ္တဝါလေးမှာ စူးစူးဝါးဝါး အော်ဟစ်သွားခဲ့ရ၏။ ကံကောင်းထောက်မစွာ သူ့မိန်းမစိုး အချိန်မီတားဆီးလိုက်၍သာ တော်တော့သည် သို့မဟုတ်ပါက သူ့ခမျာ သမိုင်းတွင် ယုန်စိမ်းကိုစားသည့် ပထမဆုံးသော မင်းသားဖြစ်လာမည်မှာ အသေအချာပင်။