← Chapters

အခန်း ၁၃၀

Vol. 13 Ch. 130

အခန်း ၁၃၀

Vol. 13 Ch. 130

130

စတုတ္ထမင်းသားက စာကြည့်ဆောင် တံခါးဝသို့ရောက်သည်နှင့် စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်၏။

"ညီမလေး ရှောင်ကျိုး၊ ညီမလေး ရှောင်ကျိုး"

ရှောင်ကျိုးလှည့်ကြည့်လိုက်ရာ စတုတ္ထမင်းသားမှာ အလွန်လျင်မြန်စွာပြေးလာရင်း တံခါးခုံကိုခလုတ်တိုက်မိပြီး သူမခြေရင်းသို့ ဘောလုံးတစ်လုံးပမာလိမ့်၍ ရောက်လာသည်ကို တွေ့လိုက်ရသည်။ သူက ရောက်ရောက်ချင်းပင် နှုတ်ခွန်းဆက်စကားဆိုလိုက်တော့၏။

ထိုသို့ အလေးပြုသည်ကိုမြင်သောအခါ ရှောင်ကျိုးက အိတ်ကပ်ထဲမှ သကြားလုံးနှစ်လုံးထုတ်ကာ သူ့အား ပေးလိုက်သည်။

"ထတော့၊ ဒီလောက်တောင် အပိုတွေ လုပ်မနေပါနဲ့"

စတုတ္ထမင်းသားမှာ လဲကျသွား၍ အစပိုင်းတွင် ရှက်နေခဲ့သော်လည်း အနားသို့ ကမ်းပေးလာသော လက်ကလေးကို မြင်လိုက်သည်နှင့် ချက်ချင်းပင် ပျော်ရွှင်စွာထရပ်လိုက်ပြီး သကြားလုံးကို ယူလိုက်တော့သည်။

"ကျေးဇူးတင်ပါတယ် ညီမလေးရှောင်ကျိုး"

‘ဝါးးးးးး ရှောင်ကျိုးက အရမ်းသဘောကောင်းတာပဲ၊ သကြားလုံးတောင်ကျွေးတယ်’

ဧကရာဇ်က ထိုမြင်ကွင်းကိုကြည့်ရင်း မခံမရပ်နိုင်ဖြစ်သွားတော့၏။

'သားတွေက အမေကိုတူပြီး သမီးတွေက အဖေကိုတူကြတာပဲ၊ အခုထိတော့ ကြင်ယာတော်ရှုကို ငတုံးမလှလှလေးလို့ပဲ ငါသတ်မှတ်ထားမိတယ်၊ ငါ့သားရဲ့ဉာဏ်ရည်က နန်းတွင်းက ဆင်းသက်လာတာလို့တော့ ဘယ်တော့မှဝန်ခံမှာမဟုတ်ဘူး၊ ဒါကြင်ယာတော်ရှုရဲ့ အမှားပဲ ဖြစ်ရမယ်'

ဧကရာဇ်က အသာချောင်းဟန့်လိုက်မှသာ စတုတ္ထမင်းသားက သူ့ဖခင် စားပွဲထိပ်တွင်ထိုင်နေကြောင်း သတိပြုမိတော့၏။

စတုတ္ထမင်းသားက ချက်ချင်း ဒူးထောက်ကာ အရိုအသေပေးလိုက်သည်။

"သား... သားတော်က ခမည်းတော်ကို အရိုအသေပြုပါတယ်"

"မင်းရဲ့ခြံဝင်းထဲမှာမနေဘဲ ဒီမှာ ဘာလာလုပ်တာလဲ"

ဧကရာဇ် မေးလိုက်၏။

စတုတ္ထမင်းသားက ဗလုံးဗထွေးပြန်ပြောလိုက်သည်။

"သား... သားက ညီမလေးရှောင်ကျိုး နန်းတော်ထဲရောက်နေတယ်လို့ ကြားလို့ အလည်လာတာပါ"

ဧကရာဇ် စိတ်ထဲမှ တွေးလိုက်၏။

'ငါ မင်းကိုမယုံဘူး၊ မင်းက အစားလာစားတာ မဟုတ်လား၊ မင်းရဲ့ဝိတ်လျှော့တဲ့အစီအစဉ်ကိုရှောင်ဖို့ ဘယ်လောက်တောင် ပြဿနာရှာထားလဲဆိုတာ ငါမသိဘူး ထင်နေလား'

"မနက်ဖြန်ကျရင် မင်းအတွက် သိုင်းဆရာတစ်ယောက်ရှာပေးမယ်"

ဧကရာဇ် ပြောလိုက်သည်။

အသားမစားရအောင်တားခြင်းမှာ မရတော့သည့်အတွက် သူ့ကို လှုပ်လှုပ်ရှားရှားရှိအောင် လုပ်ပေးမှသာရတော့မည်။

စတုတ္ထမင်းသား ကမန်းကတန်းမေးလိုက်သည်။

"သိုင်းသင်ရင် အသားစားလို့ရလား"

ဧကရာဇ် : 'ဒါ ကြင်ယာတော်ရှုဆီက ဆင်းသက်လာတာ သေချာတယ်'

"နည်းနည်းပဲ စားရမယ်"

စတုတ္ထမင်းသားမှာ စိတ်ဓာတ်ကျသွားပြီး တိုးတိုးလေးအကြံပြုလိုက်၏။

"ဒါဆို သား ညီမလေးရှောင်ကျိုးရဲ့အိမ်မှာ သိုင်းသွားသင်လို့ ရမလား"

ရှောင်ကျိုးအိမ်တွင်လည်း သိုင်းဆရာရှိပြီး အစားအစာများလည်း အရသာရှိသည်ကို သူမှတ်မိနေသဖြင့် သူမစံအိမ်တော်တွင် နေချင်နေမိ၏။

"မင်းအမေနဲ့ မင်းညီမရှောင်ကျိုးကို မေးကြည့်လိုက်"

ဧကရာဇ် ပြောလိုက်သည်။ သူက ဤကလေးဆိုးလေးကို ဆက်ပြီးအရေးမစိုက်ချင်တော့ပေ။

စတုတ္ထမင်းသားက ညီမလေးရှောင်ကျိုးဆီသို့ အကြည့်လွှဲလိုက်၏။

ရှောင်ကျိုးက သူမလက်မကို လက်ညှိုးဖြင့်ပွတ်ပြလိုက်ရာ သူမ၏အဓိပ္ပာယ်မှာ ရှင်းနေ၏။ ပိုက်ဆံသာရှိမည်ဆိုလျှင် ဘာမဆိုညှိနှိုင်းလို့ရသည်ပင်။

စတုတ္ထမင်းသားက ချက်ချင်း သဘောပေါက်သွားပြီး ငွေကြေးအတွက် မိခင်ထံ သွားတောင်းမည်ဟု ကတိပေးလိုက်တော့သည်။

ထိုသို့ဖြင့် ကြင်ယာတော်ရှုပိုက်ဆံအိတ်သာ ထိခိုက်နစ်နာသွားမည့်လျှို့ဝှက် ငွေကြေးအရောင်းအဝယ်တစ်ခု အောင်မြင်သွားလေပြီပင်။

ညစာစားချိန် ရောက်သောအခါ ဧကရာဇ်က ရှောင်ကျိုးကို ဘေးနန်းဆောင်တွင် ညစာစားရန် ဖိတ်ခေါ်လိုက်သော်ငြား စတုတ္ထမင်းသားမှာ မရှက်မကြောက်ပင် လိုက်ပါလာတော့၏။

ဧကရာဇ်က မမြင်ယောင်ဆောင်နေလိုက်သည်။

စားပွဲပေါ်တွင် ပြည့်နှက်နေသော အရသာရှိသည့် အစားအစာများကိုမြင်သောအခါ စတုတ္ထမင်းသားမှာ အော်ဟစ်လျက် အပေါ်သို့ခုန်အုပ်ရန် ပြင်သော်လည်း ရှေ့တွင်လမ်းလျှောက်နေသော ဧကရာဇ်ကိုမြင်လိုက်ရသဖြင့် ချက်ချင်းရပ်သွား၏။

သို့သော် ရှောင်ကျိုးမှာမူ ကြောက်ရွံ့ခြင်းမရှိပေ။ ဧကရာဇ်မထိုင်ခင်မှာပင် ရှောင်ကျိုးမှာ စားပွဲပေါ်သို့တက်လိုက်တော့၏။ ထောင်ယွမ်ရွာတွင် သူက အမြဲတမ်း ပထမဆုံးထိုင်လေ့ရှိပြီး သူမက အစားအစာကို အရင်ရွေးမှသာ ရွာသားများက စားကြခြင်းပင်။

ရှောင်ကျိုးက အသားတစ်စကို ကောက်ယူကာ ပါးစပ်ထဲထည့်၍ ကျေနပ်စွာဝါးပြီးနောက် ဧကရာဇ်နှင့် စတုတ္ထမင်းသားတို့ကို ထိုင်စားရန် လက်ဟန်ပြလိုက်သည်။

ဧကရာဇ်ခမျာ သူ့အာဏာကိုစိန်ခေါ်ခံလိုက်ရသည် မဟုတ်သေးဘူး သူ့သမီးက အဓိကနေရာတွင်ထိုင်နေခြင်းပင်။ သူ မှတ်မိသလောက်ဆိုလျှင် ၎င်းက အုပ်ချုပ်သူနေရာပင်။ သူ မှားနေတာ မဟုတ်ပါဘူးနော်။ ထို့အပြင် သူပင် မထိုင်ရသေးပေ။ ဧကရာဇ်မှာ ဤကလေးငယ်လေးကို စည်းကမ်းသင်ပေးချင်သော်ငြား နန်းတော်သို့ အမြဲတမ်းတိုင်ကြားနေသော အရာရှိများကို သတိရလိုက်သဖြင့် မျက်စိကိုသာမှိတ်ထားလိုက်တော့၏။ ကောင်းပြီလေ။ သူ မနိုင်လောက်ဘူး မမြင်ယောင်ဆောင်ပြီးသာနေလိုက်ပါတော့မယ်။

ရှောင်ကျိုးမှာမူ အမြဲတမ်းအဓိကနေရာတွင် ထိုင်နေကျဖြစ်သဖြင့် ထိုနေရာတွင်ထိုင်ခြင်းမှာ ဘာမှမမှားဟု ခံစားလိုက်ရသည်။

နှစ်ယောက်လုံး ငိုင်ငိုင်လေးရပ်နေသည်ကို မြင်သောအခါ ရှောင်ကျိုးက လက်မောင်းကိုပင့်တင်ကာ ထိုနှစ်ယောက်ကို ထိုင်ခုံပေါ်သို့ အတင်းဆွဲတင်ရန် ပြင်လိုက်သည်။

ရှောင်ကျိုး လက်မောင်းပင့်ထားသည်ကိုမြင်သောအခါ ဖခင်နှင့်သားမှာ သူတို့နေရာဘေးသို့ အမြန်ပြေးထိုင်လိုက်ကြတော့၏။

စတုတ္ထမင်းသားက ဖခင်ဖြစ်သူ ထိုင်သည်ကိုမြင်သောအခါ ထိုင်ခုံပေါ်သို့ အမြန်တက်ထိုင်လိုက်သည်။

သူ့စိတ်ထဲတွင် ရှောင်ကျိုးကို အလွန်အမင်း လေးစားသွားမိ၏။ တန်ခိုးကြီးလှသော ဖခင်ဖြစ်သူပင် သူမကိုကြောက်နေရသည်။ ရှောင်ကျိုး၏နတ်ဆိုးများကို နှိမ်နင်းနိုင်သော စွမ်းအားမှာ တကယ်ကိုအံ့ဩစရာပင်။ သူသာ ၎င်းကိုသင်ယူနိုင်မည်ဆိုလျှင် ဖခင်ဖြစ်သူက သူ့ကို နောက်တစ်ခါ အပြစ်ပေးရဲတော့မည် မဟုတ်ပေ။

စတုတ္ထမင်းသားက သူ့ပစ္စည်းများကို သိမ်းဆည်းပြီး ရှောင်ကျိုးနောက်သို့ လိုက်ရန် ဆုံးဖြတ်လိုက်တော့၏။

ဘယ်သူက အုပ်ချုပ်နေသလဲဆိုသည်ကိုသိသွားပြီးနောက် စတုတ္ထမင်းသားက ဖခင်ဖြစ်သူအကြည့်ကို စိုးရိမ်စရာမလိုတော့ဘဲ အသားများကိုသာ အားရပါးရစားသောက်လိုက်တော့သည်။ အရသာရှိလွန်းသဖြင့် သူက ပျော်ရွှင်စွာဖြင့်အသံပြုလိုက်၏။

ဧကရာဇ်က အကြိမ်ကြိမ်ချောင်းဟန့်သော်လည်း စတုတ္ထမင်းသားက မကြားချင်ယောင်ဆောင်နေလိုက်သည်။

အစ်မရှောင်ရှောင်၏အရသာရှိသော အစားအစာများကို စားကျင့်ရထားသော ရှောင်ကျိုးမှာ အပြင်တွင် စားရသော်လည်း အတော်လေးကျေနပ်နေ၏။ သူမက အလွန်အမင်းနှစ်ခြိုက်စွာဖြင့် စားသောက်နေသည်။

ကံမကောင်းစွာဖြင့် သူမလက်တံများမှာ တိုလွန်းသဖြင့် ဟင်းလျာအများစုကို မမီချေ။ ရှောင်ကျိုးက ထိုင်ခုံပေါ်မှ ချက်ချင်းခုန်ဆင်းကာ စားပွဲတစ်ပတ်လှည့်ပြီး သူမလိုချင်တာ မှန်သမျှကို ကောက်ယူလိုက်တော့သည်။

ယင်းကိုမြင်သောအခါ စတုတ္ထမင်းသားကလည်း သူ တစ်ခုခုသင်လိုက်ရသည်ဟုတွေးကာ ခွက်ကိုကိုင်၍ စားပွဲတစ်ပတ်လိုက်လှည့်လိုက်၏။

သူ့ပတ်လည်တွင် ပြေးလွှားနေသော ကလေးနှစ်ယောက်ကိုကြည့်ရင်း ဧကရာဇ်မှာ သူ့သမီးကို ထမင်းကျွေးရန် ခေါ်ထားမိသည့်အတွက် နောင်တရသွားတော့သည်။

'ဒီနှစ်ယောက်က အနားမှာဟင်းခွက်ချပေးနေတဲ့ အစေခံမလေးတွေကိုမမြင်ကြတာလား'

ရှောင်ကျိုး : 'တခြားသူတွေကို ခိုင်းနေရတာ နှေးလွန်းတယ်၊ လမ်းလျှောက်ပြီး ကိုယ်လိုချင်တာ လိုက်ကောက်တာက ပိုပျော်ဖို့ကောင်းတယ်လေ'

စတုတ္ထမင်းသား : 'ဘာလို့ အမေက အသားမစားရဘူးလို့တားတုန်းက အဲ့လောက်တောင် နာခံနေခဲ့ရတာလဲ၊ အစေခံတွေက ဟင်းသီးဟင်းရွက်တွေပဲ ချပေးတုန်းကလည်း ဘာလို့နာခံနေခဲ့တာလဲ၊ ကိုယ့်ခွက်ကိုယ်ကိုင်ပြီး ကိုယ်ဘာသာကိုယ် ယူစားလို့ရတယ်ဆိုတာ ဘာလို့မသိခဲ့တာလဲ'

ကြက်ဥများစားပြီးနောက် ရှောင်ကျိုးက ယွိဟွာကို သတိရသွားသည်။

'ဪ ဟုတ်သား၊ ယွိဟွာက ခုနလေးကမှ ငါ့ရင်ခွင်ထဲရှိနေတာပါ၊ သူမ ဘယ်ရောက်သွားပါလိမ့်'

ရှောင်ကျိုးက ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ စိတ်မသက်မသာဖြစ်သွားတော့၏။

‘ယွိဟွာ ဘယ်မှာများသွားပြီး ကုန်းချောနေပြန်ပြီလဲ၊ ဘုရားရေ သူမကိုခေါ်မလာမိလိုက်ဘူး’

အစာစားပြီးနောက် ရှောင်ကျိုးက ယွိဟွာကိုရှာရန် ပန်းကန်ကိုချလိုက်၏။

ညီမလေးရှောင်ကျိုး ထွက်သွားတော့မည်ကိုမြင်သောအခါ စတုတ္ထမင်းသားမှာ စားပွဲပေါ်တွင် သူနှင့်ခမည်းတော်သာ ကျန်ရစ်ခဲ့သည်ကို သတိပြုမိသွား၏။ သူက ထမင်းကိုပါးစပ်ထဲအမြန်သွပ်ကာ ရှောင်ကျိုးနောက်သို့ပြေးထွက်သွားတော့သည်။

ဧကရာဇ်မှာမူ ကြောင်တောင်တောင် ဖြစ်သွား၏။ သူ့ခမျာ ယခုလိုမျိုး ဘယ်တော့မှမစားဖူးခဲ့ချေ။ အံ့ဩတကြီးဖြင့် သူက တိုးတိုးလေးရေရွတ်လိုက်သည်။

'အပြင်ကလူတွေ ဒီလိုပဲစားကြတာလား'

သူ့ပတ်ပတ်လည်ရှိ အစေခံများမှာ စကားမှားသွားမည်ကိုကြောက်သဖြင့် အသက်ကိုပင် ပြင်းပြင်းမရှူရဲကြပေ။

အစေခံမလေးတစ်ယောက် ဟင်းချပေးရန်ပြင်နေသည်ကို မြင်သောအခါ ဧကရာဇ်က တားလိုက်၏။ သူ ကိုယ်တိုင်သာ စမ်းကြည့်တော့မည်ဟု ဆုံးဖြတ်ကာ ခွက်ကိုကိုင်ပြီး စားပွဲတစ်ပတ် လျှောက်ကြည့်လိုက်သည်။ သူ ရုတ်တရက် သဘောပေါက်သွား၏။ ၎င်းက ပိုပြီးတော့ပျော်ဖို့ကောင်းနေသည်။

အပြင်သို့ပြေးထွက်သွားသော ရှောင်ကျိုးမှာ နန်းတော်မှထွက်မည့်လမ်းကို လုံးဝမသိကြောင်း သတိပြုမိလိုက်သည်။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ မြေပြင်ပေါ်တွင် ငွေတုံးတစ်ခုကျနေသည်ကို တွေ့လိုက်ရ၏။

ရှောင်ကျိုးမျက်လုံးများ အရောင်လက်သွားပြီး ချက်ချင်းပင်မြေပြင်မှ ကောက်ယူလိုက်သည်။ စာရိတ္တပညာ သင်ကြားထားသော မူလတန်းကျောင်းသူတစ်ယောက်အနေဖြင့် ပစ္စည်းပျောက်ရင် ပြန်ပေးရမည်ဆိုသည့် သဘောတရားကို သူမမှတ်မိနေ၏။ ထို့ကြောင့် သူမက လူသူလေးပါးမရှိသော နေရာတစ်ခုတွင် တိုးတိုးလေးမေးလိုက်သည်။

"ပိုက်ဆံကျပျောက်တဲ့သူ ရှိလား"

ဘယ်သူမှပြန်မဖြေကြပေ။

ရှောင်ကျိုး ခြင်အော်သံနှုန်းဖြင့်ထပ်မေးလိုက်၏။

"ပိုက်ဆံကျပျောက်တဲ့သူ ရှိလား"

ဘယ်သူမှ ပြန်မဖြေကြသေးပေ။

နောက်ဆုံး သူမစိတ်ထဲ၌ပင် တစ်ခေါက်ထပ်မေးလိုက်သည်။

"ပိုက်ဆံကျပျောက်တဲ့သူ ရှိလား"

‘ကောင်းပြီ၊ သူမ သုံးကြိမ်တိုင်တိုင်ခေါ်ပြီးပြီ၊ ဘယ်သူမှ ပြန်မဖြေကြဘူးလေ၊ ဒါ သူမအမှားမဟုတ်ဘူး၊ သူမစစ်ကြည့်ပြီးပြီ၊ ပြီးတော့ ဘယ်သူမှပိုက်ဆံ မကျခဲ့သလိုပဲ’

ရှောင်ကျိုး စိတ်အေးလက်အေးဖြင့် ငွေတုံးကို အိတ်ကပ်ထဲထည့်လိုက်တော့သည်။

ရှောင်ကျိုးရပ်သွားသည်ကိုမြင်သောအခါ စတုတ္ထမင်းသားက အမောတကောဖြင့် မေးလိုက်၏။

"ရှောင်ကျိုး ဘာဖြစ်လို့လဲ”

All Chapters