အခန်း ၁၃၁
Vol. 14 Ch. 131
131
ငွေတုံးများကို တွေ့လိုက်ရသဖြင့် ရှောင်ကျိုးမှာ ယွိဟွာကိုရှာရန်အတွက် စိတ်ဝင်စားမှု လုံးဝမရှိတော့ပေ။ သူမအတွက်တော့ နန်းတော်ထဲရှိလျှို့ဝှက်ရတနာများကို ရှာဖွေခြင်းက ပို၍ကျေနပ်စရာကောင်းနေတော့၏။
ရှောင်ကျိုးက စတုတ္ထမင်းသားကို တိုးတိုးလေးကပ်ပြောလိုက်သည်။
"ဒီမှာ ရတနာတွေ ဆက်ရှာကြရအောင်"
စတုတ္ထမင်းသား၏မျက်လုံးများ အရောင်လက်သွားပြီး ထိုအကြံကို အလွန်စိတ်ဝင်စားသွားတော့သည်။
ထို့ကြောင့် ကလေးနှစ်ယောက်မှာ ငွေများဝှက်ထားနိုင်သည့်နေရာများကို တိတ်တိတ်လေး လိုက်လံရှာဖွေကြတော့၏။
ရှောင်ကျိုးက ကျောက်ဆောင်တုတစ်ခုမှ ကျောက်တုံးတစ်တုံးကို ဆွဲခွာလိုက်ရာ ၎င်းအောက်တွင်ရှိနေသော ငွေစက္ကူတစ်ရွက် ထွက်ပေါ်လာတော့သည်။
ရှောင်ကျိုးတစ်ယောက် အံ့ဩတကြီး ပြောလိုက်သည်။
"နန်းတော်ထဲမှာ ပိုက်ဆံတွေ ဒီလောက်တောင် ပေါတာလား"
စတုတ္ထမင်းသားမှာတော့ ပိုလို့တောင် အံ့အားသင့်သွားရ၏။ သူနေ့တိုင်း ဤကျောက်ဆောင်တုရှေ့မှဖြတ်လျှောက်နေကျဖြစ်သော်ငြား ကျောက်တုံးများအောက်တွင် ငွေစက္ကူများဝှက်ထားသည်ကို ဘယ်တုန်းကမှသတိမထားမိခဲ့ပေ။
ကလေးနှစ်ယောက်မှာ တက်တက်ကြွကြွဖြင့် သေသေချာချာ လိုက်လံရှာဖွေကြတော့သည်။ လူတစ်ယောက်ယောက်ကို မြင်လိုက်သည်နှင့် သူတို့က အမြန်ပုန်းရှောင်လိုက်ကြ၏။
လူရှင်းသွားသည်နှင့် သူတို့အလုပ်ကို ပြန်စကြရာ အတွေ့အကြုံမရှိသူများအလားမဟုတ်ဘဲ ကျွမ်းကျင်သူများပမာ သွက်သွက်လက်လက်ရှိလှသည်။
ရှောင်ကျိုးက သူမဝိညာဉ်စွမ်းအားကိုသုံး၍ ထောက်လှမ်းကြည့်လိုက်ရာ သစ်ပင်များအောက်၊ နံရံများကြားနှင့် ထောင့်ချိုးများထဲတွင် ဝှက်ထားသော ငွေထုတ်များစွာကို တွေ့လိုက်ရသည်။ ရှောင်ကျိုးနှင့် စတုတ္ထမင်းသားတို့က ထိုငွေများကို တစ်ခုပြီးတစ်ခုတူးဖော်ကာ ဖုံးကွယ်ထားသော စည်းစိမ်များကို အလင်းပြလိုက်ကြတော့၏။
တိတ်တိတ်ပုန်း ငွေကြေးအရောင်းအဝယ်လုပ်နေကြသော အစေခံများ၊ အထိန်းတော်များနှင့် မိန်းမစိုးများမှာမူ ကောင်းကင်ကြီးပြိုကျလာသကဲ့သို့ ပြာပြာသလဲ အထိတ်တလန့် ဖြစ်ကုန်ကြတော့သည်။
ထိုစဉ် ရှောင်ကျိုး လုံးဝမေ့ထားခံရသော ယွိဟွာမှာတော့ အရိပ်အယောင်ပင်မတွေ့ရတော့ဘဲ ပျောက်ချင်းမလှ ပျောက်ကွယ်သွားပြီပင်။ သို့သော်ငြား ပြဿနာရှာရန် ကြင်ယာတော်၏နန်းဆောင်သို့ ခိုးဝင်သွားသည်မှာ အထင်အရှားပင်ဖြစ်၏။ ယွိဟွာအမြင်တွင်တော့ ကြင်ယာတော်မှာ သူမအမိန့်များကို အနားလည်ဆုံးတပည့်ကျော်ကြီး ဖြစ်နေသောကြောင့်ပင်။
ကြက်တစ်ကောင်၏တပည့်ကျော်ကြီးအဖြစ် အကြောင်းပြချက်မရှိ သတ်မှတ်ခံလိုက်ရသော ကြင်ယာတော်မှာ ဤသို့သာတွေးနိုင်တော့၏။
'ကျေးဇူးတင်ပါတယ်'
ယွိဟွာ မှောင်ရိပ်ထဲတွင်ဝပ်နေရင်း ကြင်ယာတော်၏အခန်းထဲသို့ ရုတ်တရက်ရောက်လာသော အနက်ရောင်ဝတ်ရုံနှင့်လူကို လေ့လာစောင့်ကြည့်နေလိုက်သည်။
အတင်းသတင်းများ၏ရှေ့ဆုံးခုံတွင် အမြဲရှိနေတတ်သော ယွိဟွာတစ်ယောက် ဇာတ်လမ်းကိုထိုင်ကြည့်ရန် နေရာကောင်းတစ်ခုကို ရွေးချယ်လိုက်၏။
ကြင်ယာတော်က တစ်ဖက်တွင်ရပ်နေရင်း ကြောက်လန့်တကြားတုန်ယင်နေသည်။ အနက်ရောင်ဝတ်ရုံနှင့်လူက ပုလင်းငယ်တစ်ခုကို ထုတ်လိုက်သည်။
"သခင်ကြီးက ဆေးလုံးအသစ်တစ်မျိုး ဖော်စပ်ထားပါတယ်၊ အခွင့်အရေးရှာပြီး ဧကရာဇ်ကိုတိုက်လိုက်၊ သူက ဒီတလော ပိုပိုပြီးထိန်းမနိုင်သိမ်းမရဖြစ်လာတယ်"
ကြင်ယာတော်က ဆေးလုံးကိုကြည့်ရင်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့်မေးလိုက်သည်။
"လွန်ခဲ့တဲ့ ၅ နှစ်က ဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေကို သခင်ကြီးပြောင်းပစ်ခဲ့တာ မဟုတ်ဘူးလား၊ ဘာလို့ဒီဆေးကို ထပ်လိုသေးတာလဲ၊ သူ မှတ်ဉာဏ်တွေ ပြန်ရလာပြီလို့ သခင်ကြီးသံသယဝင်နေတာလား"
အနက်ရောင်ဝတ်ရုံနှင့်လူက ဆေးလုံးကို လှမ်းပေးရင်းပြောလိုက်သည်။
"မေးခွန်းတွေထုတ်မနေဘဲ ဒီဆေးကို ဧကရာဇ်ကိုသာ တိုက်လိုက်စမ်းပါ"
အာလူးပူပူတစ်လုံးလို ပြဿနာများသော ထိုဆေးပုလင်းကိုကိုင်ထားရင်း ကြင်ယာတော်က မေးလိုက်သည်။
"ဒါက ဘာဆေးမျိုးလဲ"
အနက်ရောင်ဝတ်ရုံနှင့်လူက သူမကို စူးစူးရဲရဲ စိုက်ကြည့်လိုက်သည်။
"မင်းမှာ မေးစရာမေးခွန်းတွေ အရမ်းများနေတယ်ပေါ့လေ"
ကြင်ယာတော်က ချက်ချင်းပင်ဒူးထောက်ချလိုက်၏။
"ကျွန်မ အပြစ်ရှိတာသိပါပြီ"
အနက်ရောင်ဝတ်ရုံနှင့်လူက သူမကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်သည်။
"ချန်ရှန်းနန်းဆောင်က မင်းဆီကနေ သတင်းအစအနမရတာကြာလှပြီ၊ နန်းတော်ထဲမှာ နေတာကြာလွန်းလို့ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာတောင် မေ့သွားပြီလားလို့ လာစစ်ဆေးဖို့ သခင်ကြီးက ငါ့ကိုလွှတ်လိုက်တာ"
သူမက အလျင်စလိုတောင်းပန်လိုက်သည်။
"သခင်ကြီးကို ကျွန်မဘယ်တော့မှ မလွန်ဆန်ရဲပါဘူး၊ ရှင် ဘာကိုဆိုလိုတာလဲ ကျွန်မနားမလည်ဘူး၊ ချန်ရှန်းနန်းဆောင်ဆီကို စာ ၆စောင်တောင်ပို့ခဲ့ပေမဲ့ ပြန်စာတစ်စောင်မှမရခဲ့ဘူး"
"မင်းရဲ့စာတွေ ကြားဖြတ်ဟန့်တားခံလိုက်ရတာလို့ ပြောချင်တာလား"
အနက်ရောင်ဝတ်ရုံနှင့်လူက မေးလိုက်သည်။ ကြင်ယာတော်က အမြန်ပြန်ဖြေလိုက်၏။
"ကျွန်မလည်း သေချာမသိပါဘူး၊ အရင်က ဒီလိုမျိုး တစ်ခါမှမဖြစ်ဖူးဘူး၊ ကျွန်မရဲ့သရုပ်မှန်ကို သခင်ကြီးတစ်ယောက်တည်းသာ သိတာပါ၊ သခင်ကြီးပြောသလိုမျိုး ဧကရာဇ်ရဲ့ မှတ်ဉာဏ်တွေပြန်ရလာပြီး ချန်ရှန်းနန်းဆောင်ကို တိတ်တိတ်လေးဆန့်ကျင်နေတာများလား"
"မင်းက ဧကရာဇ်ကို စောင့်ကြည့်လာတာ ကြာပြီပဲ၊ ထူးခြားတာ တစ်ခုခုကိုရော သတိမထားမိဘူးလား"
အနက်ရောင်ဝတ်ရုံနှင့်လူက ဖိအားပေးမေးမြန်းလိုက်သည်။
ကြင်ယာတော်က ခဏတာ စဉ်းစားလိုက်ပြီးနောက် ပြောလိုက်သည်။
"ထူးခြားတာ ဘာမှမရှိပါဘူး"
သူမစိတ်ထဲတွင်တော့ ဧကရာဇ်မှာ သူရဲဘောကြောင်သော ငတုံးတစ်ယောက်သာဖြစ်သည်။ မယ်တော်ကြီးသာမရှိလျှင် သူက အကြိမ်ပေါင်းများစွာ သေနေလောက်ပြီဖြစ်၏။
ထို့ကြောင့်ပင် သခင်ကြီးက ဧကရာဇ်၏မှတ်ဉာဏ်များကို ပြောင်းကာ ကူပိုးကောင်ထည့်ထားခဲ့ပြီး သူမကို စောင့်ကြည့်ရန်စေလွှတ်ခဲ့ခြင်းပင်။ ထိုသို့မဟုတ်လျှင် သာမန်ကိုယ်စားလှယ်တစ်ယောက်လောက်ဖြင့် မယ်တော်ကြီးကို လှည့်စားရန် လုံလောက်မည် မဟုတ်ပေ။
"ထူးခြားတာ ဘာမှမရှိဘူးဆိုရင် သခင်ကြီးရဲ့ အစီအစဉ်တွေက ဘာလို့ အကြိမ်ကြိမ် ကျရှုံးနေရတာလဲ၊ ၅ နှစ်အရွယ် ကလေးမလေးတစ်ယောက်ရဲ့ လက်ချက်လို့တော့ ငါ့ကိုလာမပြောနဲ့၊ ဒီကိစ္စရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက်တော့ ရှိကိုရှိရမယ်၊ ဧကရာဇ်ကလွဲပြီး ဒီလိုလုပ်နိုင်စွမ်းရှိမဲ့လူကို ငါစဉ်းစားလို့မရဘူး၊ တကယ် ထူးခြားတာ ဘာမှမရှိဘူးဆိုတာ သေချာရဲ့လား၊ ဒါမှမဟုတ် ချန်ရှန်းနန်းဆောင်ကို သစ္စာဖောက်ဖို့ မင်း လိမ်ပြောနေတာလား"
သူလက်လှမ်းကာ ကြင်ယာတော်၏ လည်ပင်းကို ညှစ်ထားလိုက်သည်။ လည်ပင်းအညှစ်ခံထားရသဖြင့် သူမ၏ မျက်နှာမှာ ရဲတက်သွား၏။
"ကျွန်မ မလိမ်ပါဘူး၊ သခင်ကြီးအပေါ် ကျွန်မ သစ္စာရှိပါတယ်၊ ချန်ရှန်းနန်းဆောင်ကို ကျွန်မ ဘယ်လိုလုပ် သစ္စာဖောက်ရဲမှာလဲ၊ ကျွန်မရဲ့ အမြင်အရတော့ ဧကရာဇ်က တကယ်ကိုပုံမှန်အတိုင်း ပြုမူနေတာပါ၊ ထူးဆန်းတာဆိုလို့တွေ့တာ မကြာသေးတဲ့ ချန်လဲ့မင်းသမီးလေးအပေါ် ရုတ်တရက် ဂရုစိုက်လာတာပါပဲ"
အနက်ရောင်ဝတ်ရုံနှင့်လူက သူမကို လွှတ်ပေးလိုက်သည်။
"မှတ်ဉာဏ်အပြောင်းခံထားရတဲ့ ဧကရာဇ်တစ်ယောက်က ဒီလိုမျိုးမပြုမူသင့်ဘူး၊ သူနဲ့ သွေးသားမတော်စပ်တဲ့သူတစ်ယောက်ကို သူက ဘာလို့ ဂရုစိုက်ရမှာလဲ၊ သူ မှတ်ဉာဏ်တွေပြန်ရလာပြီး သူက သာမန်အစားထိုးတစ်ယောက်မဟုတ်ဘူးဆိုတာ သဘောပေါက်သွားလို့ပဲဖြစ်ရမယ်"
ကြင်ယာတော်က ဧကရာဇ်၏လုပ်ရပ်များကို စိတ်ထဲတွင်ပြန်စဉ်းစားကြည့်လိုက်သည်။ သူက အဓိပ္ပာယ်မရှိသည့် အရာများကို လုပ်နေပုံပေါ်သော်ငြား မည်သည့်အရာကမျှ သုန့်ရှားနိုင်ငံအတွက် တကယ်တမ်း ဆိုးကျိုးမဖြစ်စေခဲ့ကြောင်း သူမသဘောပေါက်သွားတော့၏။
သူမ၏ သံသယများကို အလျင်အမြန်ပင် ဖွင့်ဟပြောပြလိုက်သည်။
"ဒါဆိုရင် ပြောစမ်းပါဦး"
အနက်ရောင်ဝတ်ရုံနှင့်လူက မေးလိုက်သည်။
"သခင်မကြီး အဆိပ်ပြေသွားအောင် ဧကရာဇ်က စီစဉ်ပေးခဲ့တာလား"
"ချန်လဲ့မင်းသမီးလေး ရောက်လာတုန်းက ဆေးနတ်ဘုရားတောင်ကြားက တပည့်နှစ်ယောက် အတူပါလာတယ်လို့ ကြားတယ်၊ သူတို့ပဲ သခင်မကြီးကို ကုသပေးခဲ့တာ ဖြစ်ရမယ်"
အနက်ရောင်ဝတ်ရုံနှင့်လူက လှောင်လိုက်သည်။
"ဆေးနတ်ဘုရားတောင်ကြားက တပည့်တွေ ဟုတ်လား၊ သူတို့ကိုယ်သူတို့ လောကီရေးရာတွေနဲ့ ကင်းကွာတယ်လို့ ဂုဏ်ဆာနေကြတာ မဟုတ်ဘူးလား၊ ဘာလို့ တော်ဝင်မင်းသမီးတစ်ယောက်နဲ့ ပတ်သက်နေရတာလဲ ဒါမှမဟုတ် ချန်လဲ့မင်းသမီးလေးက အယောင်ပြသက်သက်မို့ ဧကရာဇ်ကသာ သူတို့ရဲ့ တကယ့်ပစ်မှတ်လား"
သူက လက်ချောင်းပေါ်ရှိ လက်စွပ်ကို ကစားရင်း ပြောလိုက်သည်။
"ဧကရာဇ်က မှတ်ဉာဏ်တွေပြန်ရလာပြီး ချန်ရှန်းနန်းဆောင်ကို ဆန့်ကျင်ဖို့ ကြံစည်နေတာ ဖြစ်နိုင်တယ်၊ ဒါပေမဲ့ ဘာဖြစ်လဲ၊ မှတ်ဉာဏ်တွေကို တစ်ခါ ပြောင်းလို့ရရင် နောက်တစ်ခါလည်း ထပ်ပြောင်းလို့ ရတာပဲဟာ၊ မယ်တော်ကြီးပြန်မရောက်လာခင် ဒီဆေးလုံးကိုတိုက်ဖို့ နည်းလမ်းရှာ၊ သူ ဒီလို ဟန်ဆောင်နေတာကို ဘယ်လောက်ကြာကြာ ဆက်လုပ်နိုင်မလဲဆိုတာ ငါ ကြည့်ချင်သေးတယ်"
သူက ကြင်ယာတော်ကို အနားသို့လာရန် လက်ဟန်ပြခေါ်လိုက်ပြီး နောက်ထပ်အဆင့်အတွက် အသေးစိတ် အချက်အလက်များကို ရှင်းပြလိုက်တော့သည်။
ဖရဲစေ့ကို အငမ်းမရစားနေသော ယွိဟွာမှာ ရုတ်တရက် သူတို့စကားဝိုင်းကို မကြားရတော့ပေ။
သူမခမျာ ဆွံ့အသွားရ၏။ ဤနှစ်ယောက်က တကယ်ကိုတရားလွန်လွန်းနေလေပြီပင်။ သူမ မကြားရအောင် တိတ်တိတ်လေး ကပ်ပြောနေကြ၏။ အတင်းသတင်း နားထောင်လို့မဝသေးသော ယွိဟွာတစ်ယောက် အမျက်ချောင်းချောင်းထွက်သွားတော့သည်။
ညွှန်ကြားချက်များကို တိုးတိုးလေး ကပ်ပြောနေစဉ် ကြင်ယာတော်က အနက်ရောင်ဝတ်ရုံနှင့်လူ၏ပါးကို ဖြတ်ရိုက်ပစ်လိုက်သည်။
အခန်းထဲတွင် ပါးရိုက်သံအကျယ်ကြီးတစ်ချက် ပဲ့တင်ထပ်သွား၏။
ထို့နောက် ကြင်ယာတော်၏မောက်မောက်မာမာအသံကြီး ထွက်ပေါ်လာတော့သည်။
"နည်းနည်းလောက် ကျယ်ကျယ်လေးမပြောနိုင်ဘူးလား၊ နင့်ပါးစပ်က အာပုပ်နံ့ထွက်နေတယ်ဆိုတာရော သိရဲ့လား”