← Chapters

အခန်း ၁၃၂

Vol. 14 Ch. 132

အခန်း ၁၃၂

Vol. 14 Ch. 132

132

အနက်ရောင်ဝတ်ရုံနှင့်လူမှာ အရိုက်ခံလိုက်ရသည့် ပါးတစ်ဖက်ကိုအုပ်ကာ ကြောင်တောင်တောင်ဖြင့် ရပ်နေမိပြီး အချိန်အတော်ကြာသည်အထိ သတိပြန်မဝင်နိုင်သေးပေ။

သူပဲ စိတ်ချောက်ချားနေတာလား သို့မဟုတ် ကြင်ယာတော်ကပဲ ရူးသွားတာလားဆိုသည်ကို မဝေခွဲတတ်အောင် ဖြစ်နေ၏။ ထိုသို့မဟုတ်လျှင် သူ့ကို အဘယ်ကြောင့် ယခုလို ဖြတ်ရိုက်ရသည်ကို စဉ်းစား၍မရနိုင်ချေ။

ယွိဟွာ၏ထိန်းချုပ်မှုအောက်တွင် ကြင်ယာတော်မှာ ထိုအချိန်၌ အလွန်အမင်း မောက်မာနေတော့သည်။ အနက်ရောင်ဝတ်ရုံနှင့်လူ ကြောင်နေသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ သူ့ကို ဆက်တိုက်ဖြတ်ရိုက်ပစ်လိုက်၏။

သီချင်းညည်းရင်း သူမရေရွတ်လိုက်သည်။

"လက်တစ်ဖက်ကို ဆန့်ထုတ်၊ လက်တစ်ဖက်ကို ထုတ်စမ်း၊ လက်တစ်ဖက်ကို ဆန့်ထုတ်၊ လက်တစ်ဖက်ကို ထုတ်စမ်း"

လူကိုရိုက်ပြီးနောက် ကြင်ယာတော်က သူမစကတ်ကိုမ,ကာ ခြံဝင်းထဲမှ ကမူးရှူးထိုးပြေးထွက်သွားရင်း အော်လိုက်သည်။

"ကြက်သတ်နေပါတယ်ဗျို့၊ လူသတ်နေပါတယ်ဗျို့"

အနက်ရောင်ဝတ်ရုံနှင့်လူမှာ ထိုအချိန်က သူ၏ ခံစားချက်ကို မည်သို့ဖော်ပြရမည်ကိုပင် မသိတော့ပေ။ မည်သို့ပင်ဖြစ်စေ သူ့ဘဝတစ်သက်တာတွင် နောက်တစ်ကြိမ် ဘယ်တော့မှကြုံတွေ့ရမည်မဟုတ်သည့် အလွန်တရာမှ ထူးဆန်းလှသောကိစ္စကြီးနှင့် ကြုံတွေ့လိုက်ရ၏။

သူ့လို ချန်ရှန်းနန်းဆောင်မှ ဂုဏ်သရေရှိ အကြီးအကဲတစ်ယောက်သည် လက်အောက်ငယ်သားများအတွက် နောက်ဆက်တွဲအစီအစဉ်များကို စီစဉ်ပေးနေစဉ်မှာပင် ကြင်ယာတော်မှ ရုတ်တရက် ဒေါသတကြီးပေါက်ကွဲကာ သူ့ကိုဆက်တိုက်ဖြတ်ရိုက်ပြီး အပြစ်မရှိဘဲ စွပ်စွဲလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။

မျက်နှာပေါ်မှ ပူလောင်နေသောနာကျင်မှုက အနက်ရောင်ဝတ်ရုံနှင့်လူကို မှင်တက်နေရာမှ သတိပြန်ဝင်လာစေပြီး ကြင်ယာတော်၏နောက်သို့ ချက်ချင်းပင် ကိုယ်ဖော့လိုက်သွားတော့သည်။

ကြင်ယာတော် ရူးသွားသည်ဖြစ်စေ သူ့ကို သစ္စာဖောက်သည်ဖြစ်စေ သူမကို နောင်တရသွားအောင်လုပ်ပစ်ရန် သူ ဆုံးဖြတ်လိုက်၏။

တစ်ချိန်တည်းမှာပင် ရတနာများကို ပျော်ပျော်ပါးပါးရှာနေကြသည့် ရှောင်ကျိုးနှင့် စတုတ္ထမင်းသားတို့မှာ လူသတ်ပြီဆိုသည့်အော်သံကို ကြားလိုက်ရသဖြင့် သူတို့လုပ်နေသည့် အလုပ်များကို ချက်ချင်းရပ်တန့်လိုက်ကြတော့၏။

ရှောင်ကျိုးက စတုတ္ထမင်းသားကိုမေးလိုက်သည်။

"အစ်ကို ကြက်သတ်လိုက်တာလား"

စတုတ္ထမင်းသားက ရှောင်ကျိုးဘက်သို့ လှည့်ကာမေးလိုက်သည်။

"ညီမလေး လူသတ်လိုက်တာလား"

ထို့နောက် ကလေးနှစ်ယောက်က ပြိုင်တူအော်လိုက်ကြ၏။

"ပြေး"

ထိုသို့ပြောပြီးနောက် သူတို့နှစ်ယောက် ချက်ချင်းသုတ်ခြေတင်ပြေးကြတော့သည်။ ရှောင်ကျိုးက အသံလာရာဘက်သို့ပြေးသွားပြီး စတုတ္ထမင်းသားကမူ သူ့ကိုယ်ပိုင်ခြံဝင်းဆီသို့ ပြေးသွားတော့၏။

တစ်ယောက်က ဘာတွေဖြစ်နေသလဲဆိုသည်ကို သွားကြည့်ရန်ဖြစ်ပြီး အခြားတစ်ယောက်ကမူ မိမိလုံခြုံရေးကို သေချာစေရန်ဖြစ်သည်။

စတုတ္ထမင်းသားက နောက်သို့လှည့်ကြည့်လိုက်ရာ သူ့ညီမလေး ချန်လဲ့မှ အန္တရာယ်ရှိရာဘက်သို့ ပြေးသွားသည်ကို တွေ့လိုက်ရသည်။ သူ့ခမျာ စိုးရိမ်လွန်းသဖြင့် ဆွေ့ဆွေ့ခုန်နေမိတော့၏။

မောင်နှမများအပေါ်ထားရှိသည့် နက်ရှိုင်းသောသံယောဇဉ်နှင့် မိမိ၏ အသက်အန္တရာယ်ကြား ရွေးချယ်ရမည့် အခြေအနေတွင် စတုတ္ထမင်းသားခမျာ နောက်ဆုံး၌ သူ့မောင်နှမများကိုသာ ရွေးချယ်လိုက်ပြီး ဆန့်ကျင်ဘက်အရပ်သို့ လှည့်ပြေးသွားတော့သည်။

"ညီမလေး ချန်လဲ့၊ ငါ့ကိုစောင့်ပါဦး"

ဇာတ်လမ်းကိုကြည့်ရန် စိတ်အားထက်သန်နေသော ရှောင်ကျိုးတစ်ယောက် ယွိဟွာက လူတစ်ယောက်နှင့်အတူ သူမဆီသို့ပြေးလာနေသည်ကို မြင်လိုက်ရသည်။ လေထဲတွင်လည်း အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်ရှိနေပြီး မြေပြင်ပေါ်တွင် ပြေးနေသော အမျိုးသမီးကို လက်ဝါးဖြင့်ရိုက်ချလိုက်သည်ကို တွေ့လိုက်ရ၏။

ယွိဟွာက ထိုလူမှာ သူမတပည့်ကျော်ကြီးအားတိုက်ခိုက်တော့မည်ကို မြင်သောအခါ အမျက်ချောင်းချောင်းထွက်သွားတော့သည်။ သူမက အနက်ရောင်ဝတ်ရုံနှင့်လူ၏ခေါင်းပေါ်သို့ ချက်ချင်း ခုန်တက်ကာ သူ့မျက်လုံးများကို ဆိတ်ရန်ကြိုးစားသော်ငြား ထိုသူကအချိန်မီ ရှောင်တိမ်းသွား၏။ ထိုလူ့လက်ဝါးက သူမဆီသို့ ဦးတည်လာသည်ကိုမြင်သောအခါ ယွိဟွာက ချက်ချင်းပင် ပျံသန်းထွက်ပြေးသွားတော့သည်။

ရှောင်ကျိုးတစ်ယောက် ပြေးလာသောအခါ ယွိဟွာက မည်သူ့ကို ပြဿနာရှာထားသလဲနှင့် ဘာကြောင့် တစ်ယောက်ယောက်နှင့် ထပ်ပြီး ရန်ဖြစ်နေရသလဲဆိုသည်ကို မြင်တွေ့လိုက်ရသည်။

ယွိဟွာက သူမသခင်မ‌လေးကို မြင်သောအခါ ပိုလို့တောင်မောက်မာလာတော့၏။

'ကွတ် ကွတ်၊ ကွတ် ကွတ်'

"သခင်မလေး သူ့ကိုသတ်"

ယင်းကိုကြားလိုက်ရသောအခါ ရန်ဖြစ်ရသည်ကို ဝါသနာပါသော ရှောင်ကျိုးက တိုက်ခိုက်ခြင်းမှာ သူမ၏အနှစ်သက်ဆုံးအလုပ်ဖြစ်ကြောင်း သိလိုက်သည်။ သူမက လေထဲသို့ ချက်ချင်းပျံတက်သွားကာ အနက်ရောင်ဝတ်ရုံနှင့်လူကိုအောက်သို့ဆွဲချလိုက်ပြီး ပြန်တုံ့ပြန်ရန် အခွင့်အရေးပင်မပေးဘဲ သူမ၏လက်သီးပိစိလေးများဖြင့် ဆက်တိုက် ထိုးကြိတ်ပစ်လိုက်တော့၏။

ပိုင်ရှင်ဖြစ်သူ၏ကာကွယ်ပေးမှုကို ရထားသော ယွိဟွာမှာတော့ ဗီလိန်ကြီးတစ်ယောက်ပမာ ကြက်တောင်ပံနှစ်ဖက်ကိုခတ်ကာ အောင်ပွဲခံရင်း အားပေးအားမြှောက်လုပ်နေတော့သည်။

အဖြစ်အပျက်အားလုံးကို မျက်ဝါးထင်ထင် မြင်လိုက်ရသော စတုတ္ထမင်းသားခမျာ မှင်တက်သွားသဖြင့် ချက်ချင်းဒူးထောက်ချလိုက်မိသည်။

သူ့စိတ်ထဲမှာတော့ အော်ဟစ်နေမိ၏။

'အားးးးးး ငါ့ညီမလေးက တကယ့်ကို စွမ်းအားကြီးတဲ့ သိုင်းသခင်ကြီးပဲ၊ အိုးးးးးး ငါ အရမ်းစိတ်လှုပ်ရှားနေပြီ'

ကူကောင်မှတစ်ဆင့် အဆက်အသွယ်ဖြတ်တောက်ခံလိုက်ရပြီးနောက် မောဟိုက်နေသောကြင်ယာတော်ခမျာ ထိုမြင်ကွင်းကို သရဲမြင်လိုက်ရသကဲ့သို့ အံ့ဩတကြီးစိုက်ကြည့်နေမိသည်။

သူမ မှတ်မိသည်သာမှန်မည်ဆိုလျှင် အကြီးအကဲက သူမအခန်းထဲတွင် ကိစ္စရပ်များကို ဆွေးနွေးနေခဲ့ခြင်းဖြစ်ပြီး ထိုအချိန်က သူတို့နှစ်ယောက်တည်းသာ ရှိနေခဲ့ခြင်းပင်။

သို့သော် ယခုအချိန်တွင်တော့ သိုင်းပညာမြင့်ပြီး ကြောက်မက်ဖွယ်ကောင်းသောအကြီးအကဲမှာ ချန်လဲ့မင်းသမီးလေး၏ လက်သီးပိစိလေးများဖြင့် ပြင်းပြင်းထန်ထန် အရိုက်ခံရလွန်းသဖြင့် သူ့မျက်နှာမှာ ညိုမည်းယောင်ကိုင်းနေကာ အလွန်တရာမှ သနားစရာကောင်းသည့် အသွင်ပေါက်နေတော့သည်။

ကြင်ယာတော်က အောက်သို့ငုံ့ကြည့်လိုက်ရာ သူမခြေထောက်တစ်ဖက်တွင်သာ ဖိနပ်စီးထားပြီး ကျန်တစ်ဖက်တွင် မပါသည်ကို သတိပြုမိသွားကာ စကတ်ကိုလည်း လက်ဖြင့် မ,ထားသေးသဖြင့် သူမပုံရိပ်မှာ လုံးဝပျက်စီးနေလေတော့သည်။

ကြင်ယာတော်က သူမစကတ်ကို ကမန်းကတန်း ပြန်ချလိုက်၏။ သူမ အိပ်မက်မက်နေခြင်းသာဖြစ်ကြောင်း တစ်ယောက်ယောက် ပြောပြပေးနိုင်မလား။

အသံကြားသဖြင့် ပြေးလာကြသော တော်ဝင်ကိုယ်ရံတော်များကလည်း ချန်လဲ့မင်းသမီးလေးက အနက်ရောင်ဝတ်ရုံနှင့်လူကို အောက်သို့ဆွဲချကာ သနားညှာတာမှုကင်းမဲ့စွာ ရိုက်နှက်နေသည်ကို မျက်မြင်ကိုယ်တွေ့ မြင်လိုက်ရသည်။

တော်ဝင်ကိုယ်ရံတော်တစ်စုမှာ ဘေးတွင်ရပ်ရင်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြသည်။ သိုင်းပညာ အလွန်ထူးချွန်သည်ဟု ကောလာဟလ ထွက်နေသော ဒဏ္ဍာရီလာချန်လဲ့မင်းသမီးလေးက လူတစ်ယောက်ကို သူတို့ရှေ့မှောက်တွင်ပင် ရိုက်နှက်နေသည်ကို မြင်တွေ့လိုက်ရခြင်းဖြစ်၏။

ကိုယ်ရံတော် နံပါတ် ၁ က စိတ်လှုပ်ရှားစွာဖြင့် မေးလိုက်သည်။

"ခုန ချန်လဲ့မင်းသမီးလေးသုံးသွားတဲ့ အကွက်က ဘာလဲဆိုတာ သေသေချာချာ မြင်လိုက်ရလား"

ကိုယ်ရံတော် နံပါတ် ၂ က ခေါင်းခါပြလိုက်သည်။

"မင်းသမီးလေးက အရမ်းမြန်လွန်းတယ်၊ မျက်တောင်တစ်ခတ်အတွင်းမှာပဲ လုပ်ကြံသူကို လေထဲကနေ အောက်ဆွဲချသွားတာ"

ကိုယ်ရံတော် နံပါတ် ၃ က အားကျစွာဖြင့် ပြောလိုက်သည်။

"ငါသာ ချန်လဲ့မင်းသမီးလေးရဲ့တပည့်ဖြစ်သွားခဲ့ရင် ဒီလောက်မြန်တဲ့ အရှိန်နဲ့ စွမ်းအားကို သင်ယူနိုင်ပါ့မလား"

ကိုယ်ရံတော် နံပါတ် ၄ က လျှို့ဝှက်သိုသိပ်စွာ ပြောလိုက်သည်။

"အိပ်မက် မက်နေလိုက်၊ ငါ့ရဲ့ဝမ်းကွဲအစ်ကိုရဲ့ညီမရဲ့ ညီမရဲ့အိမ်နီးချင်းက မင်းသမီးလေးရဲ့စံအိမ်မှာ အလုပ်လုပ်တာ၊ မင်းသမီးလေးက အရမ်းတော်တဲ့ သိုင်းပညာရှင်နတ်သမီးလေးလို့ ကြားဖူးတယ်"

အခြားသော ကိုယ်ရံတော်များက ပြောလိုက်ကြသည်။

"ငါ သိသားပဲ၊ မင်းသမီးလေးက နတ်ဘုရားရဲ့ နှလုံးသားကို ပိုင်ဆိုင်ထားတာ၊ မြို့တော်ကို ရောက်ရောက်ချင်းပဲ မကောင်းဆိုးဝါးတွေကို အပြစ်ပေးပြီး သားသမီးပျောက်သွားတဲ့ လူထောင်ပေါင်းများစွာကို ကယ်ခဲ့တာလေ၊ သူမက နတ်သမီးလေးမဟုတ်လို့ ဘာလဲ"

ရိုက်နှက်၍ပြီးသွားသောအခါ နတ်သမီးလေးရှောင်ကျိုးက အနက်ရောင်ဝတ်ရုံနှင့်လူမှာ သတိလစ်သွားပြီဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူ့ကိုယ်ပေါ်တွင် ချက်ချင်းပင် ရှာဖွေမှုများစတင်လုပ်ဆောင်တော့သည်။

ယွိဟွာက တခစ်ခစ်ရယ်ရင်း ကြင်ယာတော်၏အခန်းထဲ၌ ယခုလေးတင်ဖြစ်ပျက်ခဲ့သည်များကို ပြန်ပြောပြလိုက်သည်။

ရှောင်ကျိုး အံ့အားသင့်သွားသည်။

"အဲ့လောက်တောင် အစွမ်းထက်တဲ့ ဆေးရှိတာလား၊ တခြားလူတွေရဲ့ မှတ်ဉာဏ်တွေကိုတောင် ပြောင်းပစ်နိုင်တယ်ပေါ့"

ယွိဟွာက ခေါင်းကိုဆက်တိုက်ညိတ်ပြရင်း ကြင်ယာတော်သယ်လာသည့် ဆေးပုလင်းကို အိတ်ကပ်ထဲမှထုတ်ယူလိုက်သည်။

ရှောင်ကျိုးက ခဏတာစဉ်းစားလိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူ၏ပါးစပ်ကို ဆွဲဟကာ ဆေးလုံးကိုအတင်းထိုးထည့်လိုက်တော့၏။

ဆေးလုံးက အနက်ရောင်ဝတ်ရုံနှင့်လူ၏ဗိုက်ထဲရောက်သွားသည်ကို မြင်သောအခါ ရှောင်ကျိုးက ယွိဟွာကိုမေးလိုက်သည်။

"ပြီးတော့ရော"

'ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်'

‘မသိဘူးလေ၊ သူတို့က ကျွန်မကွယ်ရာမှာ တိတ်တိတ်လေးကပ်ပြောနေကြတာ၊ ကျွန်မမှ မကြားလိုက်ရတာကြီးကို’

ဤအကြောင်းကိုပြောရလျှင် ယွိဟွာတစ်ယောက် ဒေါသထွက်လာရသည်။ သူမက ကြက်တစ်ကောင်မျှသာဖြစ်ပါလျက်နှင့် ဘာကြောင့်များ သူမကွယ်ရာတွင် တိတ်တိတ်လေးပြောရသည်ကို နားမလည်နိုင်ချေ ဟမ့်။

ရှောင်ကျိုးက ဆေးသောက်ပြီးသွားသော အနက်ရောင်ဝတ်ရုံနှင့်လူကို အလွန်စူးစမ်းချင်စိတ်ဖြင့် ကြည့်လိုက်သည်။

"အိမ်ပြန်ခေါ်သွားပြီး ဖြည်းဖြည်းချင်း လေ့လာကြတာပေါ့"

ထိုဆုံးဖြတ်ချက်အပေါ် ကလေးနှင့် ကြက်မလေးမှာ အလွန်တရာမှကျေနပ်သွားကြတော့၏။

ထို့ကြောင့် ရှောင်ကျိုးက အနက်ရောင်ဝတ်ရုံနှင့်လူကိုထမ်းကာ မင်းသမီးစံအိမ်ဆီသို့ ပျံသန်းသွားပြီး သူမနောက်မှ ကြက်တစ်ကောင်က လိုက်ပါသွားသည်။

အံ့အားသင့်နေသော ကိုယ်ရံတော်များက အာမေဍိတ်သံဖြင့် ပြောလိုက်ကြသည်။

"ခုနက ချန်လဲ့မင်းသမီးလေးနောက်ကနေ ပျံသွားတာကြက်တစ်ကောင်လား၊ ငါ အမြင်မှားတာတော့ မဟုတ်ပါဘူးနော်၊ ကောင်းကင်ဘုံက နတ်ကြက်များ ဖြစ်နေမလား"

ချစ်လှစွာသော သူ့ညီမလေး ချန်လဲ့ သူ့ရှေ့မှ ဖြတ်ပျံသွားသည်ကိုကြည့်ရင်း စတုတ္ထမင်းသားခမျာ ပြာပြာသလဲဖြင့် ငိုမတတ် အော်လိုက်သည်။

"ချန်လဲ့၊ ညီမလေး ဘယ်သွားမလို့လဲ၊ ညီမလေး ပြန်လာမှာလားဟင်၊ အစ်ကို့ကိုလည်း စောင့်ပါဦး၊ အစ်ကိုက ပျံမှမပျံတတ်တာ"

ကံမကောင်း အကြောင်းမလှစွာဖြင့် ရှောင်ကျိုးမှာ သူ့ကိုခေါ်သွားရန် အလွန် ဝေးကွာသွားခဲ့လေပြီပင်။

စတုတ္ထမင်းသားက ညီမလေးချန်လဲ့၏ အိမ်သို့သွားရောက်နေထိုင်ဖို့ ပစ္စည်းများကို သိမ်းဆည်းရန်အတွက် သူ့ကိုယ်ပိုင်ခြံဝင်းဆီသို့ ချက်ချင်းပြေးသွားတော့သည်။

ဖိနပ်ကျွတ်ကျကျန်ခဲ့သော ကြင်ယာတော်က သူမအကြီးအကဲအထမ်းခံသွားရသည်ကို ကြည့်နေမိသည်။

‘ဒီတော့ အခု သူမဘာဆက်လုပ်ရမလဲ’

ရှောင်ကျိုးက အနက်ရောင်ဝတ်ရုံနှင့်လူကို မင်းသမီးစံအိမ်တော်သို့ ထမ်းလာပြီးနောက် သူမကိုယ်ပိုင်ခြံဝင်းထဲသို့ ပစ်ချလိုက်သည်။

ကလေးအချို့နှင့် အတင်းတုတ်တတ်သူများ အလျင်အမြန် စုရုံးရောက်လာကြတော့၏။

ရေကန်ဘေးတွင် ငါးမျှားနေသော ဆရာကြီးရွှီမှာတော့ အမြန်ဆုံးပြေးလာသူပင်။ ထိုကလေးဆိုးလေးက သူစိမ်းတစ်ယောက်ကို မင်းသမီးစံအိမ်တော်ဆီသို့ စိတ်လိုက်မာန်ပါဆွဲခေါ်လာပြီးနောက် သူစိမ်းဖြစ်နေသည်ကိုမြင်လျှင် စိတ်ဝင်စားမှု ပျောက်သွားမည်ကို သူက စိုးရိမ်နေခြင်းပင်။

ကျောက်ဟူက မြေပြင်ပေါ်တွင် သတိလစ်နေသော အနက်ရောင်ဝတ်ရုံနှင့်လူကို ဆိတ်ကြည့်ရင်း မေးလိုက်သည်။

"ရွာသူကြီးလေး၊ ဒါက ဘယ်သူလဲ"

"ငါလည်း မသိဘူးလေ"

ရှောင်ကျိုးက မြေပြင်ပေါ်ရှိ အနက်ရောင်ဝတ်ရုံနှင့်လူကို ဆိတ်ကြည့်လိုက်သော်ငြား သူမ တွေးနေသည်မှာ သူ့မှတ်ဉာဏ်များကို ဘယ်လိုကလိရမလဲဆိုသည်ကိုပင်။

All Chapters