အခန်း ၁၃၃
Vol. 14 Ch. 133
133
ရှောင်ကျိုးက စိတ်ထဲမှနေမေးလိုက်သည်။
"စနစ် သူအသက်ရှင်နေသေးရဲ့လား"
ဂိမ်းထဲခေါင်းမြှပ်ထားသော စနစ်မှာ အပြစ်လုပ်ထားသူပမာ ပြာပြာသလဲဖြင့် ချက်ချင်းပြန်ဖြေလိုက်၏။
"ဘာဖြစ်လို့လဲ"
ထိုသို့ပြောပြီးနောက် သူ့Hostကို ခေါင်းအစခြေအဆုံး စကင်ဖတ်ကြည့်လိုက်သည်။
သိပ်ကောင်းတယ်
သူမမှာ ဒဏ်ရာတစ်ချက်လေးပင်မရှိဘဲ လုံးဝကို ကျန်းမာရေးကောင်းနေကာ အနည်းငယ်ပင် ဝလာသေး၏။ ၎င်း၏ တာဝန်များလည်း မပျက်ကွက်ခဲ့ပေ။
စနစ် သက်ပြင်းချလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဘာမှ အမှားအယွင်းမရှိခဲ့ပေ။
ရှောင်ကျိုး : "နင် ဘယ်တွေရောက်နေတာလဲ၊ ထပ်ပြီး အပျင်းထူနေပြန်ပြီမလား၊ ပေါ်မလာတာတောင် တော်တော်ကြာနေပြီ"
စနစ်က ယုံကြည်မှုအပြည့်ဖြင့်ပြန်ချေပလိုက်၏။
[အပျင်းထူနေတယ်လို့ ဘယ်သူပြောလဲ၊ ငါ့တာဝန်က မင်းကိုအရည်အချင်းပြည့်ဝတဲ့ ရွာသူကြီးလေးတစ်ယောက်ဖြစ်လာအောင် လေ့ကျင့်ပေးဖို့လေ၊ မင်းက အခုထောင်ယွမ်ရွာမှာမဟုတ်ဘဲ မြို့တော်ကို ရောက်နေတာ၊ ပြီးတော့ ဒီမှာက ရွာသားတွေလည်း မရှိသလောက်ပဲ၊ ငါ့လို စနစ်တစ်ယောက်က ဘာလုပ်ပေးရမှာလဲ]
ရှောင်ကျိုးကမူ လုံးဝမယုံကြည်ချေ။ စနစ် အပျင်းထူနေခဲ့သည်ကတော့ အသေအချာပင်။
ရှောင်ကျိုးက စနစ်ကိုမေးလိုက်သည်။
"ဒါဆို တခြားလူတစ်ယောက်ရဲ့ မှတ်ဉာဏ်တွေကို ဘယ်လိုကလိရမလဲဆိုတာ နင်သိလား"
စနစ် : "အိပ်မွေ့ချတာကို မင်းစမ်းကြည့်လို့ရတယ်၊ ဒီလူက ဆေးလုံးတွေ သောက်ထားတာဆိုတော့ အိပ်မွေ့ချရင် ထိရောက်လောက်တယ်"
ရှောင်ကျိုး : "အဲ့ဒါကို ဘယ်လိုသုံးရမှာလဲ"
စနစ်ကိုယ်တိုင်လည်း မသိသော်ငြား ကလေးများကိုတော့ လှည့်စားနိုင်စွမ်း ရှိသည်။
စနစ်က ရှောင်ကျိုးအား ဘယ်ဆီကမှန်းမသိရှာရထားသော အိပ်မွေ့ချခြင်းနှင့် သက်ဆိုင်သည့် ဗီဒီယိုအချို့ကို ပြလိုက်၏။
"သေသေချာချာ မြင်လိုက်ရလား"
ရှောင်ကျိုးတစ်ယောက် လုံးဝကို ကြောင်တောင်တောင်ဖြစ်သွားတော့သည်။
စနစ် : "မင်း တစ်ချက်လောက်စမ်းကြည့်ပါလား"
'ငါက ဒီအကြောင်းကို ဘာမှတောင်မသင်ရသေးတာကို ဘာလို့စမ်းကြည့်ရမှာလဲ'
ကျင့်ရှင်းက ကြောင်တောင်တောင်ဖြစ်နေသော ရှောင်ကျိုးကို လက်တို့လိုက်သည်။
"ဒီလူက ဒီလိုမျိုးတွေ ဝတ်ထားတာ၊ ကြည့်ရတာ လူကောင်းနဲ့ကို မတူဘူး၊ မင်း သူ့ကို ဘယ်ကနေကောက်ရလာတာလဲ"
ရှောင်ကျိုးက နန်းတော်ထဲတွင် ယခုလေးတင် ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်ပြောပြလိုက်၏။
ဆရာကြီးရွှီမှာ အလွန်တရာမှအံ့ဩတကြီးဖြစ်သွားကာ မတ်တတ်ပင်ထရပ်လိုက်မိသည်။ ပတ်ဝန်းကျင်တွင် မိန်းမစိုးများ သို့မဟုတ် အစေခံများမရှိဘဲ သူတို့လူများသာရှိသည်ကိုမြင်သောအခါ သူက ချက်ချင်းပင်မေးလိုက်တော့၏။
"ဧကရာဇ်ရဲ့မှတ်ဉာဏ်တွေက လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက အပြောင်းခံခဲ့ရတယ်လို့ ပြောချင်တာလား၊ မင်းအဘွားကို အဆိပ်ခတ်ခဲ့တာကလည်း ချန်ရှန်းနန်းဆောင်က လူတွေပဲလား"
ရှောင်ကျိုးနှင့် ယွိဟွာတို့နှစ်ယောက်လုံးက ခေါင်းညိတ်ပြလိုက်ကြသည်။
အားလုံးမှာ ဆွံ့အသွားကြတော့၏။
ကျောက်ဟူက မနေနိုင်တော့ဘဲညည်းလိုက်သည်။
"ရွာသူကြီးလေးရဲ့အဖေက အဲ့ဒီလောက်တောင် ညံ့တာလား"
ဆရာကြီးရွှီက စူးစူးရဲရဲစိုက်ကြည့်လိုက်သောအခါ သူ့ပါးစပ်ကို ချက်ချင်း ပိတ်ထားလိုက်တော့၏။
အားလုံး၏အာရုံမှာ ချန်ရှန်းနန်းဆောင်တွင် တစ်ချိန်က တာဝန်ထမ်းဆောင်ခဲ့ဖူးသော ဆရာကြီးယန်ဆီသို့ ရောက်သွားကြသည်။
"ဆရာကြီးက ချန်ရှန်းနန်းဆောင်မှာ အလုပ်လုပ်ခဲ့တာ မဟုတ်ဘူးလား၊ ချန်ရှန်းနန်းဆောင်က အဲ့ဒီလောက်တောင် အစွမ်းထက်တာလား"
ဆရာကြီးယန်ခမျာ ဘာမှမတတ်နိုင်သည့်ဟန်ဖြင့် ထပ်ရှင်းပြလိုက်ရသည်။
"အရင်တုန်းကတော့ ငါက သိုင်းလောကထဲက သူရဲကောင်းတစ်ယောက်ပဲ၊ ချန်ရှန်းနန်းဆောင်ကလူတွေ သိုင်းပညာအရမ်းထူးချွန်တယ်လို့ ကြားလို့ တပည့်သွားခံခဲ့တာလေ၊ ငါက အဲ့ဒီမှာ သာမန်တပည့်တစ်ယောက်ပဲမို့ အချိန်အကြာကြီးလည်းမနေခဲ့ရတော့ အဖွဲ့အစည်းအကြောင်း သိပ်မသိခဲ့ရဘူး"
ရှောင်ကျိုး မေးလိုက်သည်။
"ဒါဆိုရင် ချန်ရှန်းနန်းဆောင်က ဘယ်မှာရှိလဲဆိုတာ ဆရာကြီးသိလား"
ယန်ချွမ် ခေါင်းခါပြလိုက်၏။
"ချန်ရှန်းနန်းဆောင်က နိုင်ငံ ၄ နိုင်ငံလုံးမှာ အခြေစိုက်စခန်းတွေရှိတယ်၊ ဌာနချုပ်က ဘယ်မှာလဲဆိုတာတော့ ငါ မသိဘူး၊ ဒါပေမဲ့ သုန့်ရှားနိုင်ငံမှာရှိတဲ့ သူတို့ရဲ့အခြေစိုက်စခန်းကတော့ ရုံဟန်တောင်ကြားမှာ၊ တောင်ကြားရဲ့အပြင်ဘက်မှာ ဝင်္ကပါအစီအရင်တစ်ခုရှိနေတော့ ငါတို့ဝင်သွားလို့မရဘူး"
ထို့နောက် အားလုံးက ဆရာကြီးရွှီဆီသို့ အာရုံပြောင်းသွားကြပြန်သည်။
ဆရာကြီးရွှီက မျက်နှာထားတင်းတင်းဖြင့် ပြောလိုက်သည်။
"မင်းရဲ့ရှီမိသားစုကိစ္စတွေက ဧကရာဇ်နဲ့ ပတ်သက်နေမယ်လို့ ငါအမြဲတမ်း သံသယရှိခဲ့တာ၊ အခုကြည့်ရတာ ဧကရာဇ်ကိုယ်တိုင်လည်း အမှောင်ချခံထားရပုံပဲ၊ လွန်ခဲ့တဲ့ ၅ နှစ် ရှီမိသားစုက အမျိုးသားတွေ စစ်မြေပြင်မှာကျဆုံးပြီး မိဖုရား ချောက်ထဲကျသွားချိန်တုန်းက ဧကရာဇ် အကြီးအကျယ် ထိတ်လန့်သွားပြီး သတိလစ်သွားတယ်ဆိုပြီး နန်းတော်ကနေ သတင်းထွက်လာတာ အံ့ဩစရာတော့မဟုတ်ဘူး၊ သူ ပြန်နိုးလာတဲ့အချိန်မှာ တစ်ခြားလူတစ်ယောက်လိုဖြစ်နေခဲ့တာ၊ ဪ အဲ့လိုကိုး ဒါက အရာအားလုံးကိုရှင်းပြနေတာပဲ၊ ငါ မယ်တော်ကြီးဆီ ချက်ချင်း သတင်းပို့ပြီး မြို့တော်ကို အမြန်ဆုံးပြန်လာဖို့ တောင်းဆိုရမယ်၊ ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ထဲက ကူပိုးကောင်ဆိုတာ မမြင်ရတဲ့အန္တရာယ်တစ်ခုပဲ"
ရှောင်ကျိုးက ချင်းရွှီကို စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"ကျွန်မအဖေရဲ့ကိုယ်ထဲက ကူပိုးကောင်က မိခင်ကူကိုပဲ နာခံတာလား"
ချင်းရွှီက သူ့ဦးလေးဖြစ်သူ သိုင်းဆရာ ပြောခဲ့သည်များကို ပြန်သတိရသွားကာ ပြန်ဖြေလိုက်၏။
"ယုတ္တိရှိရှိတွေးကြည့်မယ်ဆိုရင်တော့ ဟုတ်တယ်၊ ကူပိုးကောင်တွေကို ဖန်တီးဖို့က အရမ်းခက်တယ်၊ မိခင်ကူဆိုရင်တော့ ပြောနေစရာတောင်မလိုတော့ဘူး၊ ဒါ့အပြင် ဧကရာဇ်က ဘယ်လိုကူပိုးကောင်မျိုး အကူးစက်ခံထားရလဲဆိုတာ ငါတို့မသိဘူး၊ အဲ့ဒီအတွက် သက်ဆိုင်ရာမိခင်ကူကို ရှာရတာက ပိုပြီးတော့တောင် ခက်လိမ့်မယ်၊ ပြီးတော့ မိခင်ကူတွေက ပြိုင်ဘက်ကင်းတယ်လေ၊ ဒီလိုအရေးကြီးတဲ့အရာကို ချန်ရှန်းနန်းဆောင်က တင်းတင်းကျပ်ကျပ်ကို စောင့်ကြပ်ထားမှာတော့ အသေအချာပဲ"
ရှောင်ကျိုးနှင့် ယွိဟွာတို့က တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။
ရှောင်ကျိုးက ယွိဟွာ၏ဗိုက်ကလေးကို လက်ညှိုးထိုးပြကာ ယွိဟွာတစ်ယောက် ဝဝတုတ်တုတ်ပိုးကောင်တစ်ကောင်ကို မသိဘဲ စားမိသွားခဲ့ပုံနှင့် ယခုအခါ ဧကရာဇ်နှင့် ကြင်ယာတော်တို့ကိုပါ အမိန့်ပေးစေခိုင်းနိုင်နေပြီဖြစ်ကြောင်း ရှင်းပြလိုက်တော့၏။
အားလုံး၏မျက်လုံးများက ယွိဟွာ၏ ဗိုက်ဆီသို့ရောက်သွားကြတော့သည်။
ဆရာကြီးရွှီ : ‘သတင်းကောင်းက ဧကရာဇ်က ချန်ရှန်းနန်းဆောင်ရဲ့ ထိန်းချုပ်မှုအောက်မှာ မရှိတော့တာပဲ၊ သတင်းဆိုးကတော့ ဧကရာဇ်ကို ထိန်းချုပ်နေတဲ့သူက နားလည်ရခက်တဲ့ ကြက်မတစ်ကောင်ဖြစ်နေတာပဲ’
ယခုအခါ ဆရာကြီးရွှီမှာ ဧကရာဇ်အား ချန်ရှန်းနန်းဆောင်မှလူများကသာ ဆက်ထိန်းချုပ်ထားစေချင်နေမိတော့၏။ အနည်းဆုံးတော့ ဧကရာဇ်က မနက်ခင်းညီလာခံ ကျင်းပနေစဉ်အတွင်း အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ခုန်ထကာ လေထဲတွင်ခြေကားယားလက်ကားယား လုပ်ပြမည်ကို စိုးရိမ်နေစရာမလိုတော့ပေ။
ဆရာကြီးရွှီက ယွိဟွာ၏ဗိုက်ကို အလွန်တရာစိုးရိမ်နေဟန်ဖြင့် ကြည့်ကာ ချင်းရွှီကို မေးလိုက်သည်။
"ယွိဟွာရဲ့ဗိုက်ထဲကနေ မိခင်ကူကို ထုတ်ပစ်ဖို့ နည်းလမ်းရှိလား"
ချင်းရွှီက ခေါင်းခါပြလိုက်၏။
"ကူပိုးကောင်တွေ အကြောင်းကို ကျွန်တော် ဘာမှမသိဘူး၊ တောင်ကြားက ကျွန်တော့်ဦးလေးကိုမေးဖို့ စာပို့လိုက်ပါ့မယ်"
ယွိဟွာက သူမ၏ဗိုက်ကလေးကို တောင်ပံများဖြင့် အုပ်ထားလိုက်သည်။
"ကွတ် ကွတ်၊ ကွတ် ကွတ်"
‘အထုတ်မခံချင်ဘူး၊ အထုတ်မခံချင်ဘူး’
ယွိဟွာက ထိုပိုးကောင်လေး သူမ၏ ဗိုက်ထဲတွင်ရှိနေခြင်းမှာ အတော်လေး သက်တောင့်သက်သာရှိသည်ဟု ခံစားနေရ၏။
အားလုံး : ‘အဲ့ဒါက နင့်ဗိုက်ထဲမှာရှိနေလို့ကို ငါတို့က အမြန်ထုတ်ချင်နေကြတာလေ’
ရှောင်ကျိုးမှာတော့ ယခုလောလောဆယ် ပိုးကောင်များကို စိတ်မဝင်စားချေ။ အခြားလူများ၏မှတ်ဉာဏ်များကို ဘယ်လိုပြောင်းပစ်ရမလဲဆိုသည်ကိုသာ ပို၍စပ်စုချင်စိတ်ပြင်းပြနေကာ ယင်းက ဆွဲဆောင်မှုပိုရှိနေတော့သည်။
ရှောင်ကျိုးက ယခုလေးတင်ကြည့်ထားသော ဗီဒီယိုကိုပြန်သတိရလိုက်ပြီး သူမလည်ပင်းတွင် ဆွဲထားသော ရွှေသော့ခလောက်လေးကို ဖြုတ်ယူကာ ချင်းရွှီကို မြေပြင်ပေါ်ရှိလူအား နှိုးခိုင်းလိုက်၏။
သတိပြန်ရလာသော အနက်ရောင်ဝတ်ရုံနှင့်လူမှာ အရှေ့သို့ ကြောင်တောင်တောင်ဖြင့် စိုက်ကြည့်နေတော့သည်။
ရှောင်ကျိုးက ရွှေသော့ခလောက်လေး ပါသောဆွဲကြိုးကို ချက်ချင်းထုတ်ယူကာ အနက်ရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးရှေ့တွင် ယမ်းပြလိုက်သည်။ ပထမဆုံးအနေဖြင့် သူမက ဤကမ္ဘာကြီးတွင် နတ်ဆိုးများပြည့်နေကြောင်း ဇာတ်လမ်းတစ်ပုဒ်ကို တဖြည်းဖြည်းချင်းဖန်တီးလိုက်၏။ ထို့နောက် သူမက ပြောလိုက်သည်။
"နင်က အခုယွိဟွာရဲ့ညီလေးပဲ၊ နင်နဲ့နင့်အစ်ကိုယွိဟွာက ငယ်ငယ်လေးကတည်းက တစ်ယောက်ကိုတစ်ယောက် အားကိုးပြီးကြီးပြင်းလာခဲ့ကြတာ၊ ယွိဟွာက သူ့ရဲ့တစ်ဦးတည်းသောညီလေးဖြစ်တဲ့ နင့်ကို မိဘတစ်ယောက်လိုပြုစုပျိုးထောင်ပေးဖို့ အရာအားလုံးကို စွန့်လွှတ်ခဲ့တယ်၊ နောက်ဆုံးမှာတော့ ယွိဟွာက နင့်ကိုကယ်တင်ဖို့ ကြိုးစားရင်း အပြင်းအထန်ဒဏ်ရာရသွားလို့ ကြက်တစ်ကောင်အဖြစ် ပြောင်းသွားခဲ့တယ်၊ နင်က အရမ်းကိုအပြစ်ရှိသလို ခံစားခဲ့ရလို့ နင့်ရဲ့အစ်ကိုယွိဟွာကို တစ်သက်လုံး ကာကွယ်စောင့်ရှောက်သွားမယ်လို့ သစ္စာဆိုခဲ့တယ်"
ကျောက်ဟူက ယွိဟွာကိုလှမ်းကြည့်လိုက်သည်။
"ရွာသူကြီးလေး၊ ယွိဟွာက ဥ,ဥနိုင်တယ်ဆိုတော့ သူမကကြက်မ မဟုတ်ဘူးလား၊ ကျွန်တော်တို့ သူမကို အစ်မလို့ ခေါ်သင့်တာပေါ့"
ရှောင်ကျိုးက ကြက်ဖတစ်ကောင်ရုပ်ပေါက်နေသော ယွိဟွာကို တစ်ချက်ကြည့်လိုက်ပြီး ယွိဟွာမှာ အထီးဖြစ်ကြောင်း အခိုင်အမာယုံကြည်နေတော့၏။
ရှောင်ကျိုးက အနက်ရောင်ဝတ်ရုံနှင့်လူ၏နား,နားသို့ကပ်ကာ ဆက်ပြောလိုက်သည်။
"နင့်ရဲ့အစ်ကိုယွိဟွာကို သေသေချာချာ ကာကွယ်ပေးရမယ်၊ သူကနင့်ကြောင့် ကြက်တစ်ကောင် ဖြစ်သွားခဲ့ရတာ၊ နောက်နောင် နင့်အစ်ကိုယွိဟွာကို တစ်ယောက်ယောက်က အနိုင်ကျင့်ရင် နင်က အရှေ့ထွက်ပြီးရိုက်ပစ်လိုက်"
အနက်ရောင်ဝတ်ရုံနှင့်လူ ခေါင်းညိတ်သည်ကို မမြင်ရမချင်း ရှောင်ကျိုးက ထိုစကားများကို သူ့နားထဲတွင် ဆယ်ကြိမ်ထက်မက ထပ်ခါတလဲလဲ ပြောနေတော့သည်။
စနစ်မှာ ဆွံ့အသွားတော့၏။
'တကယ်ကြီး အလုပ်ဖြစ်သွားတာလား'
ယခုအခါ ယွိဟွာကို မျက်ရည်လည်ရွဲဖြင့်စိုက်ကြည့်နေသော အနက်ရောင်ဝတ်ရုံနှင့်လူကို ကျင့်ရှင်းလှမ်းကြည့်လိုက်ပြီး သူ့လက်မောင်းများကို ပွတ်လိုက်သည်။
"ဒါက အရမ်းကြောက်စရာကောင်းလွန်းတယ်၊ နည်းနည်းလေး ရက်စက်လွန်းရာ မကျဘူးလား"
အားသို့ : "ဒီအဘိုးကြီးက တကယ်ကြီး ယုံသွားတာတော့ မဟုတ်ပါဘူးနော်"
ဖက်တီးလေး : "ဒါဆို ယွိဟွာမှာ အဘိုးကြီးအရွယ် ညီလေးတစ်ယောက်ရှိသွားပြီပေါ့"
ရှန်ကျစ်ယွမ် : "ဒီဆေးလုံးက တကယ်ကြီး အဲ့ဒီလောက်တောင် အစွမ်းထက်တာလား၊ ဆေးတွေ ကျန်သေးလား"
ထျဲနျို : "ကျွန်တော်တို့ ဒီအဘိုးကြီးကို နာမည်မပေးရသေးဘူးလေ ရွာသူကြီးလေး၊ ယွိဟွာ ညီလေးရဲ့နာမည်က ဘာလဲ"
နာမည်ပေး ကျွမ်းကျင်ပညာရှင်ကြီး ရှောင်ကျိုးက လိုင်းတက်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူ၏နားထဲသို့ တိုးတိုးလေးဆက်ပြောလိုက်သည်။
"ကွေ့ဟွာ၊ နင်က ယွိဟွာရဲ့ညီလေးကွေ့ဟွာပဲ"
အနက်ရောင်ဝတ်ရုံနှင့်လူက ခေါင်းညိတ်ပြလိုက်၏။
ရှောင်ကျိုးမှာ စိတ်မချသေးသဖြင့် အနက်ရောင်ဝတ်ရုံနှင့်လူအား ထိုစကားများကို အကြိမ်ပေါင်းများစွာ ထပ်ခါတလဲလဲပြောပြီးမှသာ ရပ်တန့်လိုက်တော့သည်။
အိပ်မွေ့ချပြီးနောက် ရှောင်ကျိုးက ရွှေသော့ခလောက်လေးကို သူမ၏ လည်ပင်းတွင် ပြန်ဆွဲထားလိုက်သည်။
အားလုံးက အနက်ရောင်ဝတ်ရုံနှင့်လူကို စူးစူးစိုက်စိုက်ကြည့်နေကြစဉ် ထိုလူက ယွိဟွာဆီသို့ ဖြည်းဖြည်းချင်းအကြည့်ရွှေ့သွားတော့၏။
သူက ယွိဟွာကိုနက်ရှိုင်းသော သံယောဇဉ်များဖြင့် လှမ်းခေါ်လိုက်သည်။
"အစ်ကို"
ယွိဟွာခမျာ အင်မတန်ထိတ်လန့်သွားသဖြင့် သူမကြက်မွေးများအားလုံး ထောင်တက်သွားတော့၏။
"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"
‘ငါတော့ သေပါပြီ သေပါပြီ၊ ဒါကြီးက အရမ်းကြောက်စရာကောင်းလွန်းတယ်’