← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

134

မျှော်လင့်မထားဘဲ အနက်ရောင်ဝတ်ရုံနှင့်လူ ယခုကွေ့ဟွာက ယွိဟွာကိုပွေ့ချီပြီး ပြောလိုက်သည်။

"အစ်ကို စိတ်မပူပါနဲ့၊ အရင်တုန်းက အစ်ကို ကျွန်တော့်ကိုကာကွယ်ပေးခဲ့တာ၊ အခုတော့ အစ်ကို့ကိုကာကွယ်ပေးရမဲ့ အလှည့်ရောက်ပြီ၊ ဘယ်သူမှ အစ်ကို့ကို အနိုင်ကျင့်ခွင့်မပေးတော့ဘူး"

ရုတ်တရက် အချီခံလိုက်ရသဖြင့် ယွိဟွာမှာ ကွေ့ဟွာ၏ရင်ခွင်ထဲမှ ရုန်းထွက်ရန် အသည်းအသန်ကြိုးစားလိုက်ပြီး သူ့သခင်မလေးဖြစ်သူရင်ခွင်ထဲသို့ ပျံသန်းသွားကာ အရမ်းလန့်သွားသဖြင့် ကြက်မွေးအချို့ပင်ကျွတ်ကျသွားတော့၏။

"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"

"အားးးးးး ဒီကြက်‌လေးတော့ ညစ်နွမ်းသွားပါပြီ၊ သခင်မလေး ဒီညီလေးကို ငါမလိုချင်ဘူး၊ သူက အရမ်းရုပ်ဆိုးလွန်းတယ်"

ရှောင်ကျိုးက ယွိဟွာကိုပွတ်သပ်ပေးရင်း ပြောလိုက်သည်။

"ယွိဟွာ အဲ့ဒါက ရိုင်းရာကျတယ်လေ၊ နင့်ညီလေးက နင့်ကိုဘယ်လောက်တောင် လေးစားနေလဲဆိုတာကြည့်ပါဦး၊ သူရုပ်ဆိုးရုံလေးနဲ့ နင်က ဘယ်လိုလုပ် မုန်းရက်ရတာလဲ"

ရှန်ကျစ်ယွမ်ကလည်း ဝင်ပြောလိုက်၏။

"ဟုတ်တယ် ယွိဟွာ၊ နင့်ညီလေးက ကြည့်ရတာ ဘယ်လောက်သနားစရာကောင်းလဲဆိုတာကို ကြည့်ပါဦး"

အားသို့က သနားစရာကောင်းနေသော အနက်ရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်ပြီး တစ်ကိုယ်လုံးကြက်သီးမွေးညင်းများ ထသွားတော့သည်။

"ယွိဟွာ နင်က အခု အစ်ကိုကြီးဖြစ်နေပြီလေ၊ အပြင်ပန်းကိုကြည့်ပြီး အကဲဖြတ်လို့ မရဘူးပေါ့"

ကျောက်ဟူကလည်း ထောက်ခံလိုက်သည်။

"ယွိဟွာ၊ နင့်ညီလေးကြည့်ရတာ တော်တော်လေး အရည်အချင်းရှိမဲ့ပုံပဲ၊ နင် အနိုင်ကျင့်ခံရမှာကို စိုးရိမ်နေစရာ မလိုတော့ဘူးလေ၊ သူက အခုကစပြီး နင့်ရဲ့ကိုယ်ရံတော် ဖြစ်သွားပြီ"

ထျဲနျိုကအားကျစွာဖြင့် ပြောလိုက်၏။

"အဲ့ဒါ အမှန်ပဲ၊ ငါလည်း သိုင်းတတ်တဲ့ ညီလေးတစ်ယောက်လောက်ရှိချင်လိုက်တာ"

ဖက်တီးလေးက ယွိဟွာကိုအကြံပေးလိုက်သည်။

"နင့်ညီလေးကို ပိုက်ဆံရှာခိုင်းလို့ရတာပဲ"

ထိုစကားကိုကြားသောအခါ ယွိဟွာ၏ မျက်လုံးများ အရောင်လက်သွားသော်ငြား အနက်ရောင်ဝတ်ရုံနှင့်လူကို သူမအားပွေ့ချီခွင့်မပြုရန် အခိုင်အမာ တားမြစ်ထားဆဲပင်။

ကလေးများကတော့ ယင်းမှာပြဿနာသေးသေးလေးများသာဖြစ်သည်ဟု ဆုံးဖြတ်လိုက်ကြပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို ဝိုင်းရံကာ ထပ်မံဦးနှောက်ဆေးခြင်းများပြုလုပ်ကြတော့သည်။

ထိုသို့ဖြင့် ယွိဟွာမှာ သူမ၌ကွေ့ဟွာ အမည်ရသော ညီလေးတစ်ယောက်ရှိနေပြီဆိုသည်ကို လက်ခံလိုက်တော့၏။

အနက်ရောင်ဝတ်ရုံနှင့်လူက သူ့အတိတ်ကို ပြန်သတိရသွားသည်။ သူနှင့် သူ့အစ်ကိုတို့မှာ တစ်ချိန်က တစ်ယောက်ကိုတစ်ယောက် အားကိုးပြီး အသက်ရှင်သန်ခဲ့ရသည့် သူတောင်းစားများဖြစ်ကြပြီး နောက်ဆုံးတွင် ထောင်ယွမ်ရွာမှ သဘောကောင်းသော ရွာသားများ၏ ကယ်တင်ခြင်းကိုခံခဲ့ရ၏။ ရွာသားများမှာ သူတို့၏နည်းပါးလှသည့် အစားအစာများကို ဝေမျှပေးရန် ဝမ်းစာကိုချွေတာကာ ပြုစုပျိုးထောင်ပေးခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် ရွာသူကြီးလေးမှာ ယခုအခါ မင်းသမီးလေးဖြစ်နေပြီဖြစ်ပြီး ရွာသားများမှာ ဆင်းရဲနေကြဆဲဖြစ်သော်ငြား ရွာ၏လူနေမှုဘဝမှာ တိုးတက်လာခဲ့ပြီပင်။ ထို့ကြောင့် အနက်ရောင်ဝတ်ရုံနှင့်လူက ထောင်ယွမ်ရွာမှ ရွာသားများ၏ ကျေးဇူးကိုဆပ်ရန်အတွက် ကြိုးကြိုးစားစား အလုပ်လုပ်ကာ ငွေရှာမည်ဟု သစ္စာဆိုလိုက်တော့သည်။

ထိုလူက မည်မျှပူးပေါင်းဆောင်ရွက်တတ်ကြောင်းမြင်သောအခါ ရှောင်ကျိုးက သူ့ကို တာဝန်တစ်ခုချက်ချင်း ပေးအပ်လိုက်သည်။ ၎င်းမှာ မီးမွှေးရသည့် အဘွားကြီးများမှစ၍ လမ်းလျှောက်တတ်ကာစ ကလေးငယ်များအထိ မင်းသမီးစံအိမ်တွင်ရှိသမျှ လူတိုင်းကို သိုင်းပညာသင်ပေးရန်ပင် ဖြစ်၏။ မည်သည့်အစေခံမျှ ချန်လှပ်ထားခဲ့၍မရပေ။

ရှောင်ကျိုး၏အဆိုအရ သူမလူများထဲတွင် မည်သူမျှလူပျော့လူညံ့များဖြစ်၍မရချေ။ ၎င်းက ဩဇာကြီးသူတစ်ယောက်၏ပြယုဂ်ပင်။

ထို့အပြင် ဤအနက်ရောင်ဝတ်ရုံနှင့်လူမှာ ချန်ရှန်းနန်းဆောင်၏အကြီးအကဲတစ်ယောက်ဖြစ်သောကြောင့် သိုင်းပညာ ကျွမ်းကျင်ရုံသာမက အခြားသော စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားနိုင်သည်။ စံအိမ်တော်ရှိအစေခံမလေးများနှင့် အစေခံများအားလုံး သိုင်းပညာမြင့်သည့် သိုင်းသမားများ ဖြစ်လာမည့်အကြောင်းကို တွေးမိလိုက်သောအခါ သူမမှာဝမ်းသာအားရဖြင့် ပြုံးဖြီးသွားတော့၏။

ကျေးဇူးဆပ်ရန် စိတ်အားထက်သန်နေသော အနက်ရောင်ဝတ်ရုံနှင့်လူက အားလုံးကို သေသေချာချာသင်ပေးမည်ဟု ကတိပေးလိုက်ပြီး မည်သည့် အခကြေးငွေကိုမျှ လက်မခံဘဲ ငြင်းဆန်လိုက်သည်။

ရှောင်ကျိုးမှာ ပိုလို့တောင်ကျေနပ်သွားပြီး ကွေ့ဟွာ မနက်ဖြန်တွင်အလုပ်စနိုင်ရန်အတွက် သူ့နေထိုင်ရေးကို စီစဉ်ပေးရန် အိမ်တော်ထိန်းကို အမိန့်ပေးလိုက်တော့၏။

အိမ်တော်ထိန်းက အိုမင်းရင့်ရော်နေသော သူ့လက်မောင်းများနှင့် ခြေထောက်များကို လှမ်းကြည့်လိုက်ပြီး မဝံ့မရဲဖြင့်မေးလိုက်သည်။

"မင်းသမီးလေး၊ ကျွန်တော်ကရော သိုင်းပညာကို သင်ရမှာလား"

ရှောင်ကျိုးက လုံးဝကိုသေချာနေသည့် လေသံဖြင့် ပြန်ဖြေလိုက်၏။

"ဒါပေါ့"

အိမ်တော်ထိန်းက ညှိနှိုင်းကြည့်သင့်သည်ဟု ခံစားလိုက်ရသည်။

"ဒါပေမဲ့ မင်းသမီးလေး၊ ကျွန်တော်က အသက်လည်း ကြီးနေပြီလေ၊ သင်ဖို့ နောက်ကျမနေဘူးလား၊ ဒီအခွင့်အရေးကို လူငယ်တွေကိုပဲ ပေးသင့်တယ်လို့ ထင်ပါတယ်"

ရှောင်ကျိုးက အိမ်တော်ထိန်း၏လက်ကိုဆွဲကာ သူမဘေးရှိလှေကားထစ်ပေါ်တွင် ထိုင်ခိုင်းလိုက်၏။ သူမက သူ့ကို အားပေးစကား ပြောလိုက်သည်။

"အိမ်တော်ထိန်း အဘိုး၊ ပညာသင်ဖို့ဆိုတာ ဘယ်တော့မှ နောက်ကျတယ်လို့ မရှိဘူး၊ ငါ အဘိုးကိုယုံတယ်"

အိမ်တော်ထိန်းက ချက်ချင်းလက်ခါပြလိုက်ပြီး ထိုလုပ်ရပ်မှာ တုန်လှုပ်ခြင်းအလျဉ်းမရှိပေ။

"မဟုတ်ပါဘူး မင်းသမီးလေး အဆင်မပြေပါဘူး၊ ကျွန်တော့်ရဲ့ဒီအရိုးဆွေးနေတဲ့လက်တွေ ခြေထောက်တွေက လူငယ်တွေအတွက် ပြဿနာပဲဖြစ်စေပါလိမ့်မယ်"

ရှောင်ကျိုးက လုံးဝမယုံဘဲ သူ့ကို အကျိုးအကြောင်းရှင်းပြလိုက်၏။

"အိမ်တော်ထိန်း အဘိုး၊ အဘိုးက ရည်မှန်းချက် ကြီးရမယ်လေ၊ ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စိတ်ဓာတ်ကျနေရတာလဲ ကြည့်ပါဦး၊ အခု အဘိုးက သာမန်အိမ်တော်ထိန်းတစ်ယောက်ပဲ ရှိသေးတာ၊ ဒါပေမဲ့ သိုင်းပညာကိုသာ သင်လိုက်ရင် အခြေအနေက ကွာခြားသွားလိမ့်မယ်၊ အသက်ပိုရှည်လာမှာတင်မဟုတ်ဘဲ မြို့တော်မှာ ဩဇာအာဏာအရှိဆုံး အိမ်တော်ထိန်းကြီး ဖြစ်လာမှာ၊ တခြားအိမ်တော်ထိန်းတွေက သိုင်းမတတ်ကြဘူး၊ ဒါပေမဲ့ အဘိုးကတော့ တတ်နေမယ်လေ၊ အဲ့ဒါက အထင်ကြီးစရာ မကောင်းဘူးလား၊ ပြီးတော့ ငါတို့စံအိမ်ကလူတွေကို တစ်ယောက်ယောက်ကများ လာပြီး အနိုင်ကျင့်ရဲရင် ငါတို့ကပြန်ချပစ်မှာ၊ ငါတို့က အနိုင်ကျင့်ခံရမှာကို မကြောက်ဘူးလေ၊ အဲ့ဒါက ယုတ္တိမရှိဘူးလား"

ရှောင်ကျိုးနှင့်အတူ လှေကားထစ်ပေါ်တွင်ထိုင်နေသော အိမ်တော်ထိန်းမှာ ကြောင်တောင်တောင်ဖြင့် ခေါင်းညိတ်လိုက်တော့သည်။

"အဲ့ဒါက ယုတ္တိရှိသလိုပဲ"

အနီးတွင်ရပ်နေသော ယွိဟွာတစ်ကောင် သူမသခင်မလေး၏စကားများမှာ ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရ၏။

ရှောင်ကျိုးက ဆက်ပြောလိုက်သည်။

"အိမ်တော်ထိန်း အဘိုး၊ အဘိုးက ငါတို့ မင်းသမီးစံအိမ်ရဲ့ ကျောထောက်နောက်ခံပဲလေ၊ အဘိုးသာ သိုင်းမကျင့်ဘူးဆိုရင် တခြားသူတွေကလည်း သေချာပေါက်လုပ်ချင်ကြမှာ မဟုတ်ဘူး၊ ငါတို့လူတွေ အပြင်ထွက်တဲ့အခါ အနိုင်ကျင့်ခံရတာကို အဘိုး ကြည့်နေချင်လို့လား၊ အားလုံးအတွက် စံပြဖြစ်အောင် အဘိုးကြိုးကြိုးစားစား လုပ်ရမယ်နော် ကြိုးစားထား"

အိမ်တော်ထိန်းက သူ့ရင်ဘတ်ကိုပုတ်ကာ အာမခံလိုက်၏။

"မင်းသမီးလေး စိတ်ချလက်ချသာနေပါ၊ ကျွန်တော်က သေချာပေါက်စံပြဖြစ်အောင်နေပြီး အားလုံးကို ကောင်းကောင်း လေ့ကျင့်ဖို့ကြီးကြပ်ပေးပါ့မယ်၊ မင်းသမီးလေးကိုလည်း ကာကွယ်ပေးပြီး စံအိမ်တော်ထဲက ဘယ်သူမှထပ်ပြီး အနိုင်ကျင့်မခံရစေရဘူးလို့ အာမခံပါတယ်"

ရှောင်ကျိုးက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အိမ်တော်ထိန်း အဘိုးက အကောင်းဆုံးဆိုတာ ငါသိသားပဲ၊ အဘိုးက ခွန်အားအပြည့်ရှိတဲ့ အရွယ်ပဲလေ၊ အဲ့တော့ ကြိုးစားလိုက်၊ အဘိုးက သုန့်ရှားနိုင်ငံတစ်ခုလုံးမှာ အတော်ဆုံးအိမ်တော်ထိန်းကြီးဖြစ်လာလိမ့်မယ်"

အိမ်တော်ထိန်းက တိုက်ခိုက်လိုစိတ်များ ပြည့်လျှံနေလျက် မတ်တတ်ထရပ်လိုက်၏။

"မင်းသမီးလေး၊ အချိန်လည်း လင့်နေပြီဆိုတော့ နားသင့်ပြီ၊ မနက်ဖြန်မနက် အစောကြီးထပြီး သိုင်းလေ့ကျင့်ရမယ်ဆိုတဲ့အကြောင်းကို အစေခံတွေကို သွားပြီး အသိပေးလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် သူကစိတ်လှုပ်ရှားစွာဖြင့် ထွက်သွားတော့သည်။

အရေးတကြီးကိစ္စတစ်ခုကို အောင်အောင်‌မြင်မြင် လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်သဖြင့် ရှောင်ကျိုးက လှေကားထစ်ပေါ်တွင် နောက်သို့လှဲချလိုက်ပြီး ပါးစပ်ထဲတွင် သကြားလုံးတစ်လုံးကိုငုံကာ သူမခြေထောက်များကို ပျော်ပျော်ရွှင်ရွှင် လွှဲယမ်းနေတော့၏။

အဖြစ်အပျက်တစ်ခုလုံးကို မျက်ဝါးထင်ထင်မြင်လိုက်ရသော ကလေးများက သူတို့အသိပညာအသစ်တစ်ခု သင်ယူလိုက်ရသည်ဟု ပြောဆိုနေကြသည်။

အားသို့ကလည်း လှေကားထစ်ပေါ်တွင် လှဲအိပ်လိုက်ပြီး သူ့မှတ်စုစာအုပ်ငယ်လေးကို ထုတ်ယူကာ အခြားသူများကို မည်သို့ဆွဲဆောင်ရမည်ဆိုသည့် အဓိကအချက်များကို သေသေချာချာချရေးနေတော့သည်။ သူ မရေးတတ်သည့် စကားလုံးများကိုမူ ပုံဆွဲကာ ကိုယ်စားပြုရေးသားထား၏။

ကျောက်ဟူနှင့် ထျဲနျိုတို့ကမူကြိုးကြိုးစားစား ရေးမှတ်နေသော အားသို့နှင့် အနည်းငယ်ခပ်လှမ်းလှမ်းတွင် ထိုင်နေကြပြီး ထိုဗဟုသုတများ သူတို့ခေါင်းထဲသို့ ဝင်သွားမည်ကို ကြောက်နေသည့် ပုံပေါက်နေတော့သည်။ သူတို့နှစ်ယောက်လုံးက စာသင်ရသည့်ဒုက္ခကို မခံစားချင်ကြပေ။

ဖက်တီးလေးက ရွာသူကြီးလေးပါးစပ်ထဲမှ သကြားလုံးကို စိုက်ကြည့်ရင်း တံတွေးကို အသံမြည်အောင်မြိုချလိုက်သည်။

သူမသူငယ်ချင်းများအား မျှပေးရသည်ကိုသဘောကျသော ရှောင်ကျိုးက အိတ်ကပ်ထဲမှ သကြားလုံး အနည်းငယ်ကို ချက်ချင်းထုတ်ယူကာ သူတို့တစ်ယောက်စီကို တစ်လုံးစီ ပေးလိုက်၏။

ဖက်တီးလေးမှာ ချက်ချင်းပင် ဝမ်းသာသွားတော့သည်။

ရှန်ကျစ်ယွမ်က ဖက်တီးလေး၏ဗိုက်ကို လှမ်းကြည့်လိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

"ရွာသူကြီးလေး၊ ဝမ်ကျီရုံက ဝိတ်ချဖို့ လိုနေပြီ၊ ဒီထက်ပိုဝလာရင် သူလမ်းတောင် လျှောက်နိုင်တော့မှာမဟုတ်ဘူး"

ထိုစကားကိုကြားသောအခါ ရှောင်ကျိုး၏အကြည့်က ဖက်တီးလေးကို ခေါင်းအစခြေအဆုံး အကဲခတ်ကြည့်လိုက်ပြီးနောက် အခြားသူများကိုပါ လှမ်းကြည့်လိုက်သည်။

ဘုရားရေ ရှိသမျှကလေးအားလုံး ဝလာလိုက်ကြတာ။

သူမကိုယ်ပိုင် ဗိုက်ကလေးကို ကိုင်ကြည့်ရင်း ရှောင်ကျိုးတစ်ယောက် ထိုအကြံပြုချက်ကို သဘောတူလိုက်တော့၏။

သူမဗိုက်ပေါ်ရှိ အဆီများကိုဆွဲကြည့်ရင်း ရှောင်ကျိုးကြေညာလိုက်သည်။

"မနက်ဖြန်ကစပြီး ငါတို့အားလုံး မနက်အစောကြီးထပြီး စံအိမ်ကလူတွေနဲ့အတူလေ့ကျင့်ကြမယ်၊ အခုကစပြီး ငါတို့အသားကို လျှော့စားပြီး ဟင်းသီးဟင်းရွက်တွေကို ပိုစားကြရမယ်၊ အားလုံး ဝိတ်ချကြမယ်ဟေ့"

ဖက်တီးလေးခမျာ သူ့ပါးစပ်ထဲရှိ သကြားလုံးလေးမှာ မချိုတော့သကဲ့သို့ ရုတ်တရက် ခံစားလိုက်ရတော့သည်။

ကျောက်ဟူက ကန့်ကွက်လိုက်၏။

"ဝမ်ကျီရုံက ဝိတ်ချလို့ရတယ်၊ ဒါပေမဲ့ ကျွန်တော်က မဝဘူးလေ၊ အဲ့တော့ ချစရာ မလိုဘူး"

ရှောင်ကျိုးက သူမလက်သီးပိစိလေးကို ဆုပ်ပြလိုက်သည်။

ကျောက်ဟူက သူ့လေသံကို ချက်ချင်း ပြောင်းလိုက်တော့၏။

"ရွာသူကြီးလေးပြောတာ မှန်တယ်လို့ ကျွန်တော် ထင်ပါတယ်၊ အားလုံးဝိတ်ချသင့်တာပေါ့၊ မနက်ဖြန် သိုင်းကျင့်ဖို့အတွက် ကျွန်တော် သေချာပေါက် အစောကြီး ထပါ့မယ်"

အားသို့နှင့် သူ့အပေါင်းအပါများမှာတော့ လှေကားထစ်ပေါ်တွင် လှဲနေရင်း သဘောတကျရယ်နေကြတော့သည်။

All Chapters