← Chapters

အခန်း ၁၃၅

Vol. 14 Ch. 135

အခန်း ၁၃၅

Vol. 14 Ch. 135

135

နန်းတော်ထဲတွင် ပစ္စည်းများကို အလုပ်ရှုပ်နေအောင် သိမ်းဆည်းနေသော စတုတ္ထမင်းသားမှာ နောက်နေ့မနက် ချန်လဲ့အိမ်၌ ပိုမိုကောင်းမွန်သော ဘဝသစ်တစ်ခုစတင်ရန် မျှော်လင့်နေတော့သည်။ နန်းတော်ထဲမှထွက်သွားသည်နှင့် သူ့ကို မည်သူကမျှဂရုစိုက်တော့မည်မဟုတ်ဘဲ ဟင်းသီးဟင်းရွက်များကို ထပ်စားစရာလုံးဝမလိုတော့ဟု ပျော်ပျော်ကြီး တွေးနေမိ၏။ ယခုအချိန်မှစပြီး ချန်လဲ့၏အိမ်တွင် သူစားချင်တာမှန်သမျှကို စားနိုင်တော့မည် ဖြစ်သည်။

'အရသာရှိတဲ့ အသားတွေရေ၊ ငါ လာပြီဟေ့'

ညနက်ပိုင်းတွင် ဖြတ်လျှောက်သွားသော အဘွားရွှီမှာ ရွာသူကြီးလေး၏ခြံဝင်းထဲမှ ရယ်သံများကိုကြားလိုက်ရသဖြင့် ချက်ချင်းပင် အမျက် ချောင်းချောင်းထွက်သွားတော့သည်။ ဤကလေးဆိုးများက ပြဿနာရှာရန် ခြံဝင်းထဲသို့ ထပ်ပြေးဝင်လာကြပြန်‌ပြီပင်။ ရွာသူကြီးလေးမှာ ကြီးထွားဆဲ ကလေးတစ်ယောက်သာရှိသေးပြီး သူတို့ဆူညံသံများက ရွာသူကြီးလေးကို အနားယူမရအောင် အနှောင့်အယှက်ပေးနေကြသည်။

အဘွားရွှီက မျက်နှာထားတင်းတင်းဖြင့် ခြံဝင်းထဲသို့ဝင်သွားလိုက်ရာ ညသန်းခေါင်ယံအချိန်ကြီးတွင် ကလေးအချို့ လှေကားထစ်များပေါ်၌ အေးအေးလူလူလှဲလျောင်းနေကြသည်ကို တွေ့လိုက်ရ၏။

"နင်တို့အားလုံး အရိုက်ခံချင်နေကြတာလား”

အဘွားရွှီ အော်ငေါက်လိုက်သည်။

"တစ်ညလုံးမအိပ်ဘဲ ရွာသူကြီးလေးကို အပြင်ဘက် လေစိမ်းထဲမှာထိုင်ခိုင်းထားရလား၊ ပြီးတော့ ဒီလိုစိုနေတဲ့ လှေကားထစ်တွေပေါ်မှာ ထိုင်နေကြတာ ရွာသူကြီးလေး အအေးမိသွားမှာကို မကြောက်ကြဘူးလား"

သူမ၏အော်သံက ကလေးတစ်သိုက်ကို ချက်ချင်း ပြာပြာသလဲအထိတ်တလန့် ဖြစ်သွားစေသည်။ အဘွားရွှီ၏ဖိနပ်ဖြင့် အရိုက်ခံရမည်ကိုကြောက်သဖြင့် သူတို့ကိုယ်ပိုင်ခြံဝင်းများဆီသို့ ကိုယ်စီကိုယ်ငှလစ်ပြေးကြတော့၏။

အားလုံးထွက်ပြေးသွားကြသည်ကို မြင်သောအခါ လှေကားထစ်ပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ သူမ၏သခင််မလေးက အိမ်တော်ထိန်းကို ယခုလေးတင်ပြောခဲ့သည့်စကားများကို စဉ်းစားနေသော ယွိဟွာသာကျန်ရစ်ခဲ့တော့သည်။

ဖမ်းစရာ ကလေးတစ်ယောက်မျှမတွေ့ရသောအခါ အဘွားရွှီက ယွိဟွာကို ချက်ချင်းဖမ်းဆွဲပြီး ဆူလိုက်သည်။

"နင် အရိုက်ခံချင်နေတာလား၊ ဘာလို့ နင့်အခန်းထဲမှာမနေတာလဲ၊ ဒီမှာ ဆောင့်ကြောင့်ထိုင်ပြီး ဘာလုပ်နေတာလဲ"

သူ့အစ်ကို အဆူခံနေရသည်ကိုမြင်သောအခါ အနက်ရောင်ဝတ်ရုံနှင့်လူက အဘွားရွှီလက်ထဲမှ ယွိဟွာကို ချက်ချင်းကယ်တင်လိုက်တော့၏။

သူက အော်ပြောလိုက်သည်။

"အစ်ကို့ကိုမစော်ကားနဲ့ မဟုတ်ရင် ခင်ဗျားကိုရိုက်ပစ်မယ်"

ယွိဟွာမှာ 'ဒီညီလေးက တကယ်တော့ တော်တော်လေး အသုံးဝင်တာပဲ'ဟုတွေးကာ ရုတ်တရက် သဘောပေါက်သွားတော့သည်။

"ကွတ် ကွတ်၊ ကွတ် ကွတ်"

"ကွေ့ဟွာ ရိုက်ပစ်လိုက်"

အနက်ရောင်ဝတ်ရုံနှင့်လူက ယွိဟွာ၏ရှေ့တွင် မားမားမတ်မတ်ရပ်နေကာ အဘွားရွှီသာထပ်ပြီးဆဲရေးပါက တကယ်ထရိုက်တော့မည့်အလား ဟန်ပြင်နေတော့သည်။

အဓိကအဖြစ်အပျက်ကို မမီလိုက်သော အဘွားရွှီမှာ ဤလူကရွာသူကြီးလေး ဘယ်ချောင်ကမှန်းမသိ ကောက်ရလာသော နောက်ထပ်အဘိုးကြီးတစ်ယောက်သာဖြစ်မည်ဟု ထင်နေတော့သည်။

အဘွားရွှီက ရှောင်ကျိုးကိုကြည့်လိုက်ပြီး အနက်ရောင်ဝတ်ရုံနှင့်လူကို လက်ညှိုးထိုးပြကာ သူမခေါင်းကိုပါ ပြန်ထိုးပြရင်းမေးလိုက်သည်။

"ဒီအဘိုးကြီးက ငတုံးလား"

ရှောင်ကျိုးက ပါးစပ်ကိုအုပ်ကာတခစ်ခစ်ရယ်လိုက်ပြီး ဖြစ်ပျက်ခဲ့သမျှကို အဘွားရွှီအား အမြန်တိုးတိုးလေးရှင်းပြလိုက်သည်။

အဘွားရွှီက အနက်ရောင်ဝတ်ရုံနှင့်လူကို သနားစရာကောင်းသည့်အကြည့်ဖြင့် ကြည့်လိုက်၏။

"ဟူး ဒီလောက် အသက်ကြီးနေပြီဟာ ကြက်တစ်ကောင်ကို သူ့အစ်ကိုလို့ထင်ပြီး နာမည်ပျက်ရတာ ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ"

ယွိဟွာကို ဆက်ဆူရန်ပင်ပန်းသွားသဖြင့် အဘွားရွှီကပြဿနာနှစ်ကောင်လုံးကို ခြံဝင်းထဲမှနှင်ထုတ်လိုက်တော့သည်။ သူတို့က မျက်စိနောက်စရာကောင်းလွန်း၏။

ခပ်လှမ်းလှမ်းမှပင် အနက်ရောင်ဝတ်ရုံနှင့်လူရေရွတ်နေသည့်အသံကို ကြားနေရသေး၏။

"အစ်ကို အဆင်ပြေရဲ့လား၊ အစ်ကို စိတ်မကောင်းမဖြစ်ပါနဲ့၊ အစ်ကို့ကို ကျွန်တော် သေချာပေါက်ကာကွယ်ပေးပါ့မယ်"

အဘွားရွှီမှာ ခေါင်းခဲသွားတော့သည်။ သူမမိသားစုထဲတွင် တစ်နေ့တခြား ထူးဆန်းစွာပြုမူလာသူများ ပိုပိုများလာ၏။

ဘာမှမတတ်နိုင်စွာဖြင့် သူမကရှောင်ကျိုးအနားသို့သွားကာ ရွာသူကြီးလေးကို ပွေ့ချီပြီးဆုံးမလိုက်သည်။

"ရွာသူကြီးလေး ရာသီဥတုက အေးလာပြီ၊ မြေကြီးပေါ်မှာထိုင်နေလို့မရဘူး၊ မဟုတ်ရင် အအေးမိသွားလိမ့်မယ်"

ရှောင်ကျိုးက ခေါင်းကိုဆက်တိုက်ညိတ်ပြလိုက်ပြီး အနည်းငယ်စိုနေသလို ခံစားရသော သူမ၏တင်ပါးလေးကို စမ်းကြည့်လိုက်၏။

အဘွားရွှီက ရွာသူကြီးလေးကို အိမ်ထဲသို့ အမြန်ခေါ်သွားပြီး မျက်နှာသစ်ကိုယ်လက်ဆေးကြောရန် ရေခပ်ခိုင်းကာ အိပ်ရာပေါ်တင်ပြီးသိပ်လိုက်တော့သည်။

သူမက ကျောက်ဟူနှင့် အခြားကလေးများကိုပါ လှမ်းဆူလိုက်သေးသည်။

"နောက်တစ်ခါ သူတို့လိုလိုက်မလုပ်နဲ့၊ ဒီလို ညနက်သန်းခေါင်ကြီး လေစိမ်းထဲမှာ လှေကားထစ်ပေါ်ထိုင်နေရင် ဖျားလိမ့်မယ်၊ ပြီးတော့ ဒီလောက် နောက်ကျတဲ့အထိ မအိပ်ဘဲနေရင် အရပ်ပုသွားလိမ့်မယ်"

ရှောင်ကျိုးမှာ အိပ်မချင်သေးသော်ငြား ညဉ့်နက်သည်အထိ မအိပ်ဘဲနေပါက အရပ်ပုသွားလိမ့်မည်ဆိုသော စကားကို ကြားသောအခါ ချက်ချင်းမျက်လုံးမှိတ်ကာ အိပ်မောကျသွားတော့၏။

အဘွားရွှီက ခဏတာစောင့်ကြည့်နေပြီး ရွာသူကြီးလေး တကယ်အိပ်ပျော်သွားသည်ကိုမြင်မှသာ ထွက်သွားတော့သည်။

နောက်နေ့မနက်တွင် စံအိမ်တော်ရှိ အစေခံများက သိုင်းပညာလေ့ကျင့်နေကြသဖြင့် ခြံဝင်းတစ်ခုလုံး ဆူညံနေတော့သည်။ အနက်ရောင်ဝတ်ရုံနှင့်လူကလည်း အားလုံးကို အခြေခံမှစ၍ သေသေချာချာ တာဝန်ကျေစွာ သင်ကြားပေးနေ၏။

ရှောင်ကျိုးနှင့် အခြားကလေးများကလည်း အပျော်သဘောဖြင့် ချက်ချင်း ဝင်ရောက်ပူးပေါင်းကြတော့သည်။

ယွိဟွာကလည်း စံအိမ်တော်ရှိအိမ်မွေးကြက်များကိုခေါ်လာကာ လေ့ကျင့်ရေးတွင် ပါဝင်စေသည်။

ပညာတတ်တစ်ဦးဖြစ်သော ဆရာကြီးရွှီပင်လျှင် ကလေးများ၏ အတင်းအကျပ်အိပ်ရာထဲမှ ဆွဲထုတ်ခြင်းကို ခံလိုက်ရ၏။ ဆရာကြီးမှာ အလွန်တရာဒေါသထွက်နေတော့သည်။ သူက အနားယူရန်အတွက် ဘဝတစ်သက်တာလုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့သော်ငြား ဤကလေးဆိုးများက သူ့ကိုဒုက္ခခံစေရန် အတင်းအကျပ် တောင်းဆိုနေကြသည်။

အိပ်ရေးမဝသဖြင့် မျက်လုံးပင် ကောင်းကောင်းမဖွင့်နိုင်သော ရှီထုံနှင့် ကျန်းဟယ်တို့မှာ ယိမ်းယိုင်နေရင်းကပင် လိုက်လေ့ကျင့်နေကြ၏။

ဤအဖြစ်အပျက်များကို ကြိုးကိုင်ခြယ်လှယ်နေသော ရှောင်ကျိုးမှာ သနားညှာတာမှုကင်းမဲ့စွာဖြင့် 'ငါ သက်တောင့်သက်သာ မနေရရင် ဘယ်သူမှလည်း မနေရဘူး' ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲထားသည်။

ယန်ချွမ်က ချန်ရှန်းနန်းဆောင်၏ အကြီးအကဲကို စိတ်လှုပ်ရှားစွာကြည့်နေမိသည်။ သူက ထိုနေရာတွင် နှစ်ပေါင်းများစွာနေခဲ့သော်ငြား သိုင်းပညာအစစ်များကို မသင်ယူနိုင်ခဲ့ချေ။ ယခုမူတကယ့် အရည်အချင်းရှိသော အကြီးအကဲတစ်ဦးက သူတို့အား အိမ်တိုင်ရာရောက် လာသင်ပေးနေပြီ ဖြစ်၏။ တကယ့်ကို အံ့ဩစရာ အခြေအနေပင်။

မနက်အစောကြီးတွင် အထုပ်အပိုးများဆွဲကာ နန်းတော်ထဲမှအပြေးထွက်လာသော စတုတ္ထမင်းသားမှာ မင်းသမီးစံအိမ်၏မနက်ခင်း သိုင်းလေ့ကျင့်ချိန်နှင့် တည့်တည့်တိုးသွားကာ အတင်းအကျပ် ပါဝင်လိုက်ရတော့သည်။

စတုတ္ထမင်းသားခမျာ သူ့ခြေထောက်များကို စိုက်ကြည့်ရင်း အလျင်စလို ထွက်လာမိသည်ကို နောင်တရနေမိ၏။ ထွက်မလာခင် အချိန်နည်းနည်းလောက် ပိုအိပ်ခဲ့ရမှာဟု သူတွေးနေမိတော့သည်။

ထိုင်ရသည်ထက် လှဲနေရသည်ကို ပိုကြိုက်ပြီး မတ်တတ်ရပ်ရသည်ထက် ထိုင်နေရသည်ကို ပိုသဘောကျသော မင်းသားမှာ လှုပ်ရှားမှုအနည်းငယ် လုပ်ပြီးသည်နှင့် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ပေ။

ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုးက ပထမဆုံးနေ့တွင် အားလုံးကိုအချိန် အကြာကြီး လေ့ကျင့်ခိုင်းခြင်းမရှိချေ။ ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ရစေရန်သာ ရည်ရွယ်ခြင်းဖြစ်၏။

အနားယူ၍ မနက်စာစားပြီးနောက် အိမ်နီးချင်းကုမိသားစုမှ အစေခံမလေးတစ်ယောက်ရောက်လာပြီး သူမ၏သခင်မက အဘွားရွှီကို ဧည့်သည်အဖြစ် ဖိတ်ကြားလိုကြောင်း အိမ်တော်ထိန်းမှ လာရောက်သတင်းပို့သည်။

ရှောင်ကျိုးမှာ သူမနားကြားမှားသွားသည်ဟုပင် ထင်လိုက်မိ၏။ သူမ မေးလိုက်သည်။

"အဘွားရွှီကို ဖိတ်တာလား"

ရှောင်ကျိုးမှတ်ဉာဏ်ထဲတွင် အဘွားရွှီ‌၌ မြို့တော်တွင် မည်သည့် သူငယ်ချင်းမျှ ရှိမနေပေ။ အဘွားရွှီ ကိုယ်တိုင်လည်း ဝေခွဲမရဖြစ်နေ၏။ သူမက သခင်မကုဆိုသူကို လုံးဝမသိချေ။ အိမ်တော်ထိန်းက အစေခံမလေးကို အထဲသို့ ခေါ်သွင်းလာသည်။

အစေခံမလေးက ရှင်းပြသည်မှာ သူမ၏သခင်မ မနေ့ကဖြစ်ပျက်ခဲ့သည့် ကိစ္စများကို ကြားသိခဲ့ရခြင်းဖြစ်၏။ အိမ်နီးချင်းတစ်ဦးအနေဖြင့် သခင်မကုက အတွင်းရေးများကိုသိထားပြီး အထူးသဖြင့် မနေ့က ဒုတိယမင်းသား၏ကြင်ရာတော်နှင့် သူမအစေခံများ လာရောက်လည်ပတ်ခဲ့သည့်ကိစ္စပင်။ သခင်မကုက အဘွားရွှီကို ကုမိသားစုထံဖိတ်ခေါ်ကာ သူမယောက္ခမကို 'အကျိုးအကြောင်း ရှင်းပြ'ပေးရန် အကူအညီတောင်းလိုပြီး ရက်အနည်းငယ်နေထိုင်ပေးရန်အတွက် တေး၃၀၀ပေးမည်ဟု ကမ်းလှမ်းလာခြင်းဖြစ်သည်။

တောင်းဆိုချက်ကိုကြားသောအခါ အဘွားရွှီက ထို 'အကျိုးအကြောင်း ရှင်းပြခြင်း'ဆိုသည်မှာ ဘာကိုဆိုလိုကြောင်း ချက်ချင်းသဘောပေါက်သွားတော့သည်။ ဤမျှအမြတ်အစွန်းများသော အလုပ်ရှိမှန်းသာသိခဲ့လျှင် ရွာထဲရှိညီအစ်မများအားလုံးကို မြို့တော်သို့ ခေါ်လာခဲ့မည်ဖြစ်၏။ ဤကိစ္စတွင် သူတို့ထက် ပိုတော်သောသူမရှိတော့ပေ။

အဘွားရွှီက အစေခံမလေးနှင့်အတူ ချက်ချင်းပင် ထွက်သွားတော့သည်။

စကားပြောရုံသက်သက်ဖြင့် တေး၃၀၀ ရမယ်တဲ့လား။ ဤငွေက ရှာရတာ လွယ်လွန်းလှသည်။

ကလေးများက နောက်မှလိုက်သွားချင်ကြသော်ငြား အဘွားရွှီကသူတို့ကို တားလိုက်သည်။

"နင်တို့ ကလေးတွေက ဘာလို့ဝင်ပါချင်နေကြတာလဲ"

သူမ ထွက်သွားသည်နှင့် တစ်ပြိုင်နက် ရှောင်ကျိုးနှင့် အခြားကလေးများက ခေါင်မိုးပေါ်သို့ ခုန်တက်လိုက်ကြတော့၏။

သိုင်းပညာ တစ်စက်မျှမတတ်သော စတုတ္ထမင်းသားမှာ အောက်တွင်ပြာပြာသလဲခုန်ပေါက်နေရင်း အော်ပြောလိုက်သည်။

"ငါလည်း လိုက်ချင်တယ်၊ တစ်ယောက်ယောက် ငါ့ကိုအပေါ်ဆွဲတင်ပေးကြပါဦး"

ရှောင်ကျိုးက စတုတ္ထမင်းသား၏အင်္ကျီကော်လာကို ဆွဲကိုင်ကာ အိမ်နီးချင်း၏ ခေါင်မိုးဆီသို့ ပျံသန်းသွားတော့သည်။

ကုဇီရှင်းက သူတို့ကိုခေါင်မိုးပေါ်တွင် မြင်လိုက်ရသဖြင့် သူလည်းတက်ချင်ကြောင်း လက်ယမ်းပြလိုက်၏။

ရှောင်ကျိုးက ကုဇီရှင်းကိုလည်း အပေါ်သို့ ခေါ်တင်ပေးလိုက်သည်။ အချိန်တိုအတွင်းမှာပင် လူ ၁၀ ယောက်ခန့် ခေါင်မိုးထက် နေရာယူပြီးကြပြီပင်။

အဘွားရွှီက အစေခံမလေးနောက်မှ လိုက်ဝင်သွားသောအခါ သခင်မကုတစ်ယောက် အခန်းထဲတွင် စိုးရိမ်တကြီးဖြင့် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရတော့သည်။

All Chapters