← Chapters

အခန်း ၁၃၆

Vol. 14 Ch. 136

အခန်း ၁၃၆

Vol. 14 Ch. 136

136

အဘွားရွှီ ဝင်လာသည်ကို မြင်သောအခါ သခင်မကုမှာ ချက်ချင်းပင် သက်ပြင်းချနိုင်သွားတော့သည်။

သခင်မကုက အဘွားရွှီကို အိမ်ထဲသို့ အမြန်ဆွဲသွင်းကာ အနည်းငယ်အခက်အခဲဖြစ်နေသော လေသံဖြင့် ပြောလိုက်၏။

"ကျွန်မရဲ့အခြေအနေကို အစေခံမလေးက ရှင်းပြပြီးလောက်ပါပြီ၊ ခဏနေ ကျွန်မနောက်က လိုက်ခဲ့ပေးပါ၊ ကျွန်မရဲ့ယောက္ခမကို နိုင်အောင်ပြောနိုင်မယ်ဆိုရင် ဆုကြေးငွေကို တေး၅၀၀ အထိ တိုးပေးပါ့မယ်"

အဘွားရွှီက ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

"သဘောတူတယ်"

အဘွားရွှီက သခင်မကုနောက်မှလိုက်ကာ သခင်မကြီး၏ခြံဝင်းဆီသို့ သွားလိုက်တော့၏။

သခင်မကုက အမြန်ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။

သခင်မကြီး၏ဘေးတွင် အမျိုးသမီးတစ်ဦးထိုင်နေပြီး ပခုံးကိုကြင်ကြင်နာနာ နှိပ်နယ်ပေးနေ၏။

သခင်မကြီးက သခင်မကုဝင်လာသည်ကို မြင်သောအခါ ဖြည်းဖြည်းချင်းမေးလိုက်သည်။

"မနေ့က ငါတို့ပြောခဲ့တဲ့ကိစ္စကို ဘယ်လို စဉ်းစားထားလဲ"

သခင်မကုက ခေါင်းကိုအသာငုံ့ကာ တိုးတိုးလေးပြန်ဖြေလိုက်၏။

"အမေ မနေ့က ကျွန်မယောကျာ်းကို ဒီအကြောင်းမေးကြည့်တော့ သူကသိပ်မသင့်တော်ဘူးလို့ ပြောတယ်၊ ကျွန်မနဲ့ ကျွန်မယောကျာ်းက အရမ်းချစ်ကြတာဆိုတော့ နောက်ထပ်ကိုယ်လုပ်တော်တစ်ယောက်သာရှိလာရင် ကျွန်မတို့ရဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လေ"

သခင်မကြီး၏မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

"နင် ဘာတွေပြောနေတာလဲ၊ ကိုယ်လုပ်တော်နောက်တစ်ယောက်ယူတာ ဘာများမှားနေလို့လဲ၊ ယင်အာက အိမ်ထဲဝင်လာတာနဲ့ နင်နဲ့ယွမ်ကျိုးကို သေသေချာချာပြုစုမှာပေါ့၊ ယွမ်ကျိုးနဲ့ နင့်ရဲ့ဆက်ဆံရေးကို ဘယ်လိုလုပ် ထိခိုက်နိုင်မှာလဲ၊ ယောကျာ်းတွေမှာ ဇနီးသုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်ရှိတာက ပုံမှန်ပဲဆိုတာ နင်သိသင့်တယ်၊ နင်က ဘယ်လိုလုပ် ဒီလောက်တောင် အသိတရားခေါင်းပါးရတာလဲ၊ ကိုယ်လုပ်တော်ထပ်ယူတယ်ဆိုတာ အကူအညီပေးမဲ့သူပိုများလာပြီး နင့်အတွက် ပိုလွယ်သွားစေမှာပေါ့"

ယင်အာအမည်ရသည့် အမျိုးသမီးမှာ အသံတစ်ချက်မျှမထွက်ဘဲ သခင်မကြီး၏ပခုံးကိုသာ တိတ်တဆိတ် နှိပ်နယ်ပေးနေတော့၏။

သခင်မကြီးက ဆက်ပြောသည်။

"ယင်အာရဲ့မိဘတွေက တလောကမှ ကံဆိုးမိုးမှောင်ကျသွားတာ၊ အခု သူမမှာ အားကိုးစရာဆိုလို့ ငါ့လိုအဒေါ်တစ်ယောက်ပဲရှိတော့တယ်၊ သူမကို ငါ့ဘေးမှာထားပြီး မိသားစုသံယောဇဉ်ကို ပိုခိုင်မာအောင်လုပ်တာက ပိုကောင်းမယ်လို့ ငါတွေးမိတယ်၊ အဲ့ဒါဆိုရင် ငါလည်း စိတ်ပိုချမ်းသာရတာပေါ့၊ ယင်အာက ပညာတတ်တယ်၊ နူးညံ့သိမ်မွေ့ပြီး အကျင့်စာရိတ္တကောင်းတယ်၊ နင့်ရဲ့ အချစ်တွေကို လုယူမှာမဟုတ်ပါဘူး"

နားထောင်ပြီးနောက် အဘွားရွှီက အခြေအနေကို အကြမ်းဖျင်း သဘောပေါက်သွားသဖြင့် သခင်မကုကို ပြောလိုက်၏။

"သခင်မ အဲ့ဒါကိုလက်ခံလိုက်ပါ၊ သခင်မရဲ့ယောက္ခမပြောပုံအရဆို ဒီယင်အာဆိုတဲ့ ကောင်မလေးက သခင်မနဲ့ သခင်ကုကို အလုပ်အကျွေးပြုဖို့ ရောက်လာတာလို့ပြောတာ မဟုတ်ဘူးလား၊ ဒါဆိုရင် အတော်ပဲပေါ့၊ သခင်မတို့အိမ်တော်က အစေခံတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို လျှော့ပေးနိုင်တာပေါ့၊ ဒီယင်အာဆိုတဲ့ကလေးမရဲ့လစာက ဘယ်လောက်ရမလဲဆိုတာတော့ မသိဘူးပေါ့"

သခင်မကြီးမျက်မှောင်ကြုတ်ကာ ဒေါသတကြီး ပြောလိုက်သည်။

"ဒီအဘွားကြီးက ဘယ်ကရောက်လာတာလဲ၊ သခင်မတွေ စကားပြောနေတာကို အစေခံကဝင်ပြောရဲတယ်ပေါ့လေ"

အဘွားရွှီက ခွေးခြေခုံတစ်လုံးကို ရှာပြီး ထိုင်ချလိုက်ကာ ဖြည်းဖြည်းချင်း ပြောလိုက်၏။

"ငါက နင်တို့ အိမ်တော်ကအစေခံမှန်း ဘယ်လိုသိတာလဲ၊ နင်တို့ပြောနေတာကို စပ်စုချင်လို့ ဘေးကမင်းသမီးစံအိမ်တော်ကနေ အိမ်နီးချင်းအနေနဲ့ ငါခဏဝင်လာတာ"

ထိုသို့ပြောပြီးနောက် သူမက သခင်မကုဘက်သို့ လှည့်ပြောလိုက်သည်။

"သခင်မရဲ့ယောက္ခမက သိပ်သဘောကောင်းတဲ့သူပဲ၊ စံအိမ်ရဲ့အစေခံတွေက သခင်မနဲ့ သခင်ကုကို ကောင်းကောင်းမပြုစုမှာကို စိုးရိမ်လို့ သူမရဲ့တူမအရင်းကို အလုပ်အကျွေးပြုဖို့ သီးသန့်ရှာပေးထားတာပဲ၊ သခင်မယောက္ခမရဲ့တူမလေးက အစေခံတစ်ယောက်လိုကြိုးကြိုးစားစား လုပ်နိုင်မလားဆိုတာတော့ မသိဘူးပေါ့၊ ဒါပေမဲ့ သခင်မရယ် တခြားအစေခံတွေကို သူမကို သေသေချာချာသင်ပေးခိုင်းလို့ ရတာပဲဟာ၊ သူမ ပိုလုပ်လေလေ ပိုမြန်မြန် တတ်လာလေလေပဲပေါ့"

သခင်မကြီးက ဒေါသတကြီးဖြင့်ပြောလိုက်၏။

"ယင်အာက ငယ်ငယ်ကတည်းက ဘာဆင်းရဲဒုက္ခမှမခံခဲ့ရဘူး၊ သူမက ဘယ်လိုလုပ် အစေခံလုပ်နိုင်မှာလဲ"

အဘွားရွှီက ခနဲ့တဲ့တဲ့ဟန်ဖြင့်ရယ်လိုက်သည်။

"ဘာဆင်းရဲဒုက္ခမှ မခံခဲ့ရဘူးလား၊ ဒါဆိုရင် အလုပ်အကျွေးပြုတယ်ဆိုတာက ဘာကိုဆိုလိုတာလဲ၊ ဒီအဘွားကြီးကတော့ ယောက္ခမတစ်ယောက်က ကိုယ့်သားရဲ့အခန်းထဲကို လူသွင်းပေးဖို့ ကြိုးစားတာမျိုး တစ်ခါမှမကြားဖူးပါဘူး၊ ဘာပဲဖြစ်ဖြစ် ငါတို့ထောင်ယွမ်ရွာမှာတော့ လူတိုင်းမှာ မိန်းမတစ်ယောက်ပဲရှိတယ်၊ တကယ်လို့ ခံစားချက်မရှိတဲ့ လူယုတ်မာတစ်ယောက်ယောက်ကများ အပြင်လူတွေကို အတုခိုးပြီး မိန်းမ ၃ ၊ ၄ယောက် ခေါ်လာမယ်ဆိုရင် သူ့ဘိုးဘွားသင်္ချိုင်းတွေကို ရွာထဲကနေ ကန်ထုတ်ပြီး တခြားနေရာမှာပြောင်းမြှုပ်ပစ်မှာ၊ နင့်လိုကိုယ့်သားအရင်းအတွက် မယားရှာပေးဖို့ကြိုးစားတဲ့သူမျိုးဆိုရင်တော့ ပြောစရာတောင်မလိုတော့ဘူး၊ ရွာသူကြီးက တောင်ပေါ်ကို ဆွဲခေါ်သွားပြီး တောဝက်စာကျွေးပစ်လိုက်မှာ"

သခင်မကြီးမှာ ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်၏။

"နင်... နင်... အဲ့ဒီမင်းသမီးစံအိမ်တော်က လူတွေက ဒီလောက်တောင် ရိုင်းကြတာလား"

ထိုသို့ပြောပြီးနောက် သူမက သခင်မကုဘက်သို့လှည့်ကာ ဆူလိုက်သည်။

"ဘယ်သူမဆို ငါတို့အိမ်တော်ထဲကို လွယ်လွယ်လေးဝင်လာလို့ရတယ် ထင်နေတာလား"

သခင်မကုက ချက်ချင်းမေးလိုက်၏။

"အမေဆိုလိုတာက မင်းသမီးစံအိမ်တော်ကလူတွေက ကျွန်မတို့အိမ်တော်ထဲကိုဝင်ဖို့ မတန်ဘူးလို့ပြောချင်တာလား"

တကယ့်ကို လိမ္မာပါးနပ်လှသည့် တုံ့ပြန်မှုပင်။

အဘွားရွှီကလည်း အံ့ဩသွားဟန်ဖြင့် ဟန်ဆောင်ကာ မေးလိုက်သည်။

"နင်တို့ကုမိသားစုက မင်းသမီးထက်တောင် ပိုပြီးဂုဏ်သရေရှိနေတာလား"

သခင်မကြီးမှာ သူမစကားမှားသွားကြောင်း သဘောပေါက်သွားသဖြင့် ရင်ထဲတွင် ထိတ်ခနဲဖြစ်သွားတော့၏။ သူမ အလျင်အမြန်ပင် ပြောလိုက်သည်။

"ငါ ဘယ်တုန်းက အဲ့လိုပြောလို့လဲ၊ နင်က မင်းသမီးစံအိမ်ကလာတယ်လို့ ပြောတယ်နော်၊ မင်းသမီးစံအိမ်တော်က လူတွေက တခြားသူတွေရဲ့ မိသားစုရေးရာတွေမှာ ဝင်စွက်ဖက်လို့ရတယ်လို့ ဆိုလိုတာလား၊ အစောင့်တွေ သူတို့ကို အပြင်နှင်ထုတ်လိုက်စမ်း"

အဘွားရွှီက မကြားသလိုဟန်ဆောင်လိုက်၏။

"စကားနိုင် မလုနိုင်တော့တာနဲ့ပဲ ဘာလို့ နှင်ထုတ်ရတာလဲ၊ ဒါတော့မတရားဘူးလေ၊ ငါ့ရဲ့အရည်အချင်းတွေကို အခုမှ စထုတ်ပြရုံပဲရှိသေးတာ၊ ငါတော့ ထွက်မသွားနိုင်ပါဘူး၊ သခင်မကြီး ငါတို့ ဒီအကြောင်းကို ဆက်ပြောကြရအောင်၊ ငါ့မှာ အချိန်တွေအများကြီးရှိတယ်"

သခင်မကြီးမှာ ဤကဲ့သို့သော အာကြမ်းလျှာကြမ်းမျိုးနှင့် ပထမဆုံးအကြိမ်ကြုံဖူးခြင်းပင်။ သူမက သခင်မကုကို ချက်ချင်းနှင်ထုတ်ပစ်ရန် ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်၏။

သခင်မကုကမူ မမြင်ချင်ယောင်ဆောင်ကာ ခေါင်းကိုငုံ့ထားပြီး သူမအင်္ကျီလက်ပေါ်ရှိ ပန်းထိုးများကိုသာ အလုပ်ရှုပ်ဟန်ဖြင့် ပြင်နေတော့သည်။

အဘွားရွှီ၏ဆဲရေးတိုင်းထွာမှုများကို ကြားနေရသော သခင်မကုမှာ လက်ခုပ်တီးကာ ရယ်မောချင်စိတ်များပင်ပေါက်လာတော့၏။

သူမက ဘယ်လိုလုပ် နှင်ထုတ်နိုင်မှာလဲ။

သခင်မကုမှာ အဘွားရွှီထပ်ပြီး ဆဲရေးလေလေ ပို၍သဘောကျလေလေပင်။ သားသမီးဝတ္တရားဆိုသည့် ဖိအားသာ မရှိလျှင် သခင်မကုကိုယ်တိုင် ဝင်လုပ်ပစ်လိုက်ချင်မိ၏။ ကံကောင်းထောက်မစွာဖြင့် သူမက ပါးနပ်သဖြင့် အဘွားရွှီကို အိမ်တော်ထဲသို့ မကြာခဏဖိတ်ခေါ်ကာ သခင်မကြီးနှင့် ထိပ်တိုက်တွေ့ပေးရန် စဉ်းစားမိခဲ့သည်။ ဤနည်းဖြင့် သခင်မကြီးက သူမခင်ပွန်းအခန်းထဲသို့ ရက်အနည်းငယ်ခြားတစ်ခါ လူသွင်းပေးရန် ရဲသေးသလားဆိုသည်ကို ကြည့်ရမည် ဖြစ်၏။

တစ်ချိန်တည်းမှာပင် ခေါင်မိုးပေါ်မှ စောင့်ကြည့်နေကြသော ကလေးများမှာ အသံများကို ရှင်းရှင်းလင်းလင်းမကြားရကြောင်း သတိပြုမိသွားကြသည်။ နောက်ဆုံးတွင် ကုဇီရှင်း၏အကြံပြုချက်အရ အဘွားဖြစ်သူအိမ်ပြတင်းပေါက်အောက်သို့ သွားရောက် နားထောင်ရန် ဆုံးဖြတ်လိုက်ကြတော့၏။

ရှောင်ကျိုးက ရှန်ကျစ်ယွမ်ကို မေးလိုက်သည်။

"ကိုယ်လုပ်တော်ဆိုတာ ဘာလဲ"

ရှန်ကျစ်ယွမ်က ကုဇီရှင်းကို လက်ညှိုးထိုးပြကာ တိုတိုတုတ်တုတ် ရှင်းပြလိုက်၏။

"အဲ့ဒါက သူ့အဖေ နောက်မိန်းမတစ်ယောက် ထပ်ယူတာကိုခေါ်တာ"

ရှန်ကျစ်ယွမ်က ဖအေတူမအေကွဲ မောင်နှမတစ်သိုက်နှင့် သူမဝမ်းကွဲအစ်မ မိသားစုကိုမြင်ဖူးထားသဖြင့် ကုဇီရှင်းကို သနားစရာကောင်းသည့် အကြည့်ဖြင့်ကြည့်ကာ ပြောလိုက်သည်။

"နင်တော့ သွားပြီ၊ နင့်အဖေသာ ကိုယ်လုပ်တော်ယူလိုက်ရင် နင့်အမေနဲ့ နင့်ကိုသေချာပေါက် သဘောကျတော့မှာ မဟုတ်ဘူး၊ နင်တော့ မျက်နှာငယ်ရတော့မယ်"

ရှောင်ကျိုးမှာ ဆွံ့အသွားပြီး ကုဇီရှင်းကို မေးလိုက်၏။

"နင့်အဖေက မိန်းမနှစ်ယောက်ယူမှာလား၊ နင့်အဘွားက နင့်အဖေအတွက် ကိုယ်လုပ်တော်ရှာပေးမှာလား"

ကုဇီရှင်းတစ်ယောက် ကိုယ်လုပ်တော်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း နားမလည်သော်ငြား ခေါင်းကိုတော့ငြိမ့်ပြလိုက်သည်။

စံအိမ်တော်ရှိအစေခံမလေးများ မြို့တော်ထဲမှ ကိစ္စအဝဝအား အတင်းတုတ်နေကြသည်ကို ခိုးနားထောင်ထားဖူးသော ရှောင်ကျိုးခေါင်းထဲတွင် ယခုအခါ အတွေးပေါင်းစုံပျံသန်းနေတော့၏။

သူမက ကိုယ်ပိုင်ထင်မြင်ချက်ကို အလေးအနက် ပြောလိုက်သည်။

"ကုဇီရှင်း ငါထင်တာတော့ နင့်အဖေက နင့်အဘွားရဲ့သားအရင်းမဟုတ်လောက်ဘူး"

ကုဇီရှင်းမှာ သူ့ဖခင်က သားအရင်းမဟုတ်ဘူးဆိုသည့်စကားကို ပထမဆုံးအကြိမ် ကြားလိုက်ရသဖြင့် အလွန်တရာမှ စပ်စုချင်စိတ်ဖြစ်ပေါ်လာကာ ချက်ချင်းမေးလိုက်၏။

"ဘာလို့ ငါ့အဖေက သားအရင်းမဟုတ်ရတာလဲ"

ကောလာဟလများစွာကို ကြားဖူးထားသော ကျောက်ဟူနှင့် သူ့အပေါင်းအပါများမှာ ရွာသူကြီးလေး၏အတွေးလမ်းကြောင်းအတိုင်း ချက်ချင်း လိုက်ပါသွားကြပြီး သူတို့စိတ်ကူးယဉ်မှုများကို စတင်အသုံးပြုကြရာ အလျင်အမြန်ပင် ထိန်းမနိုင်သိမ်းမရ ဖြစ်သွားကြတော့သည်။

အိမ်မှမထွက်လာခင် အဘွားဖြစ်သူက ဖခင်ဖြစ်သူအား မိသားစုတွင် ငွေအနည်းငယ်ရှိလာရုံဖြင့် ဘဝင်မမြင့်ရန် ပြောခဲ့သည်ကို ထျဲနျိုတစ်ယောက်ပြန်သတိရသွား၏။ မြို့ပေါ်ကလူများလို တိတ်တိတ်ပုန်းကိုယ်လုပ်တော်ယူပါက အိမ်မှကန်ထုတ်ပစ်မည်ဖြစ်ပြီး သူမသားမဟုတ်တော့ကြောင်း အဘွားက ပြောခဲ့သည်။ ထို့အပြင် သားအရင်းဖြစ်နေသောကြောင့်သာ အခြားသူများလို ကိုယ်လုပ်တော်ယူမည်ကို သူမကအလိုမရှိကြောင်းလည်း ပြောခဲ့သေး၏။

ကုဇီရှင်း၏အဘွားမှာ သူ့အဖေအတွက် ကိုယ်လုပ်တော်ရှာပေးမည်ဆိုသည်ကို ယခုလေးတင် ကြားလိုက်ရသဖြင့် သူ့အဘွားအရင်းဖြစ်သူ၏ စကားအရဆိုလျှင် သားအရင်းမဖြစ်နိုင်ကြောင်း ထျဲနျိုတစ်ယောက် တွေးလိုက်မိ၏။

ထျဲနျိုက ဝင်ပြောလိုက်သည်။

"ငါ့အဘွားက ပြောတယ်၊ ငါ့အဖေက သူမရဲ့သားဖြစ်နေလို့ ကိုယ်လုပ်တော်ရှာတာကို သူမသဘောမတူတာတဲ့၊ မဟုတ်ရင် သူ့ခြေထောက်တွေကို ရိုက်ချိုးပြီး အိမ်ထဲကနေ ကန်ထုတ်ပစ်မယ်လို့ ပြောတယ်၊ ကုဇီရှင်း မင်းအဖေက မွေးစားထားတာများလား၊ အဲ့ဒါကြောင့် မင်းအဘွားက သူ့အတွက် ကိုယ်လုပ်တော်ရှာပေးချင်နေတာလား"

ကုဇီရှင်း ခဏတာ စဉ်းစားပြီးပြောလိုက်၏။

"ဒါပေမဲ့ ငါ့အဖေနဲ့ ငါ့အဘိုးကအရမ်းတူကြတာပဲ"

ကျောက်ဟူက ခဏစဉ်းစားပြီးနောက် ဝင်ပြောလိုက်သည်။

"ဒါဆို မင်းအဘွားက အတုဖြစ်နိုင်တယ်၊ စဉ်းစားကြည့်လေ မင်းအဘွားကသာ အစစ်ဆိုရင် ဘယ်လိုလုပ် မင်းအဖေအတွက် ကိုယ်လုပ်တော်ရှာပေးနိုင်မှာလဲ၊ ဘာပဲဖြစ်ဖြစ် ငါ့အဘွားကတော့ ငါ့အဖေအတွက် ဘယ်တော့မှ ကိုယ်လုပ်တော်ရှာပေးမှာ မဟုတ်ဘူး"

ရှန်ကျစ်ယွမ်ကလည်း ပြောလိုက်၏။

"နင်တော့ သွားပြီပဲ၊ နင့်အဖေက ကိုယ်လုပ်တော်ရသွားပြီဆိုတော့ နင့်ကို သားအဖြစ် လိုချင်တော့မှာမဟုတ်ဘူး"

ကုဇီရှင်းက ကြောက်လန့်တကြားဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။

"ငါ... ငါ့အဖေက ငါ့ကိုမလိုချင်တော့ဘူးလား"

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။

"သေချာတာပေါ့၊ နင့်အဖေက နောက်ပိုင်းမှာ သားတွေထပ်ရလာရင် နင့်ကို လိုချင်တော့မှာမဟုတ်ဘူး၊ သူက နင့်ကို အိမ်ထဲကနေတောင် ကန်ထုတ်ပစ်လိမ့်မယ်၊ အဲ့ဒါဆိုရင် နင်က ထမင်းစားဖို့အတွက် သူတောင်းစား လုပ်ရတော့မှာ"

သူတောင်းစားမဖြစ်ချင်သော ကုဇီရှင်းခမျာ ချက်ချင်းမေးလိုက်သည်။

"ဒါဆို ငါ့အဖေ အဲ့ဒီကိုယ်လုပ်တော်ကို မယူအောင် ငါဘယ်လိုတားရမလဲ”

All Chapters