← Chapters

အခန်း ၁၃၇

Vol. 14 Ch. 137

အခန်း ၁၃၇

Vol. 14 Ch. 137

137

အားသို့ ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ဒါဆို မင်းအဘိုးကိုပဲယူခိုင်းလိုက်လေ၊ အဲ့ဒါဆိုရင် မင်းနေရာပျောက်သွားမှာကို ပူစရာမလိုတော့ဘူး၊ မင်းအဖေက မင်းအဖေ၊ မင်းအမေကလည်း မင်းအမေပဲလေ၊ ပြီးတော့ မင်းကလည်း သူတို့ရဲ့တစ်ဦးတည်းသော သားလေးအဖြစ် ဆက်ရှိနေမှာပေါ့"

ရှန်ကျစ်ယွမ်က သဘောတူလိုက်၏။

"အဲ့ဒီအကြံကဖြစ်နိုင်ချေရှိတယ်၊ နင့်အဘွားက ယင်အာကိုစိတ်မချလို့ သူမအနားမှာပဲထားချင်တယ်လို့ ပြောခဲ့တယ်မလား၊ တကယ်လို့ ယင်အာက နင့်အဘိုးကိုသာယူလိုက်ရင် နင့်အဘွားက သူမကို နေ့တိုင်းတွေ့ရပြီပေါ့၊ ဟုတ်တယ်မလား"

ထျဲနျိုတစ်ယောက် ရှန်ကျစ်ယွမ်နှင့် အားသို့ကို လက်မထောင်ပြလိုက်တော့သည်။

"မင်းတို့နှစ်ယောက်က တယ်လည်း ဉာဏ်ကောင်းကြပါလား"

ရှောင်ကျိုးကလည်း ဤအကြံမှာ အကြံကောင်းဟု တွေးလိုက်၏။

"နင့်အဘိုးမင်္ဂလာဆောင်ရင် ငါတို့ကို ဖိတ်ဖို့မမေ့နဲ့နော်"

ကုဇီရှင်းခမျာ သူတို့၏ရုတ်တရက် ဆူညံသွားသော စကားသံများကြောင့် ခေါင်းရှုပ်သွားရပြီး နောက်ဆုံးစာကြောင်းဖြစ်သည့် သူ့အဘိုး မင်္ဂလာဆောင်မည်ဆိုသည်ကိုသာ မှတ်မိလိုက်တော့သည်။

ကလေးများမှာ စကားပြောရင်းပြောရင်းနှင့် အစောပိုင်းက သူတို့ဆွေးနွေးနေခဲ့သည့်အကြောင်းအရာကို လုံးဝမေ့ပျောက်သွားကြ၏။ ယခုအခါ မင်္ဂလာဧည့်ခံပွဲတွင် သူတို့စားရမည့်အရသာရှိလှသော အစားအသောက်များအတွက်သာ အာရုံရောက်နေကြတော့သည်။

ရှောင်ကျိုးက ကုဇီရှင်းကိုမေးလိုက်သည်။

"နင့်အိမ်က စားဖိုမှူးချက်တဲ့ဟင်းတွေက အရသာရှိရဲ့လား"

ကုဇီရှင်းက အတည်ပြုလိုက်၏။

"ငါတို့အိမ်စားဖိုမှူးက ဧကရာဇ်ကိုယ်တိုင်ချီးမြှင့်ထားတဲ့ နန်းတွင်းစားဖိုမှူးလေ၊ သူချက်တဲ့ဟင်းတွေက အရမ်းကို အရသာရှိတာ"

အစားအသောက်အကြောင်း ကြားလိုက်ရသည်နှင့် စတုတ္ထမင်းသားနှင့် ဖက်တီးလေး၏မျက်လုံးများမှာ အရောင်လက်သွားကြတော့သည်။

"မင်းအဘိုးက ဘယ်တော့ မင်္ဂလာဆောင်မှာလဲဟင်၊ မင်းအိမ်က စားဖိုမှူးကို အသားတွေပိုချက်ပေးဖို့ ပြောထားလို့ရမလား"

ကုဇီရှင်းက ခဏစဉ်းစားလိုက်ပြီး ပြောလိုက်၏။

"ငါလည်း မသိဘူးလေ"

ရှောင်ကျိုး၏စိတ်လှုပ်ရှားမှုမှာ ထိပ်ဆုံးမှတ်သို့ရောက်နေပြီး ကုဇီရှင်းကိုပြောလိုက်သည်။

"နင့်အဘိုးပြန်လာတဲ့အထိ စောင့်ပြီးတော့ မင်္ဂလာသကြားလုံးတွေပါမပါ သွားမေးကြည့်ပါလား၊ နင့်မိသားစုက ဘယ်လိုအမျိုးအစားတွေ ဝယ်မလဲဆိုတာ ငါသိချင်လို့၊ မြို့တော်က တခြားလူတွေဆီက မင်္ဂလာသကြားလုံး ငါတစ်ခါမှ မစားဖူးသေးဘူး"

စတုတ္ထမင်းသားက အလျင်အမြန်ပင် ဝင်ပြောလိုက်၏။

"ငါကတော့ စားဖူးတယ်၊ ငါ့ဒုတိယအစ်ကိုရဲ့မင်္ဂလာဆောင်တုန်းက အရသာရှိတဲ့ အစားအသောက်တွေ အားကြီးပဲ၊ သကြားလုံးတွေကလည်း တအားကောင်းတာ၊ ပြီးတော့ လူတွေလည်း အများကြီးလာကြတယ်"

ကျောက်ဟူနှင့် ကျန်ကလေးများမှာလည်း စိတ်လှုပ်ရှားသွားကြတော့သည်။

"အဲ့ဒါက တကယ်ပျော်စရာကောင်းမှာပဲနော်၊ ဟုတ်တယ်မလား"

စတုတ္ထမင်းသားက ခေါင်းကို အပြင်းအထန် ညိတ်ပြလိုက်၏။

ကလေးများအားလုံး၏အာရုံမှာ ကုဇီရှင်းထံသို့ ပြန်ရောက်သွားကြတော့သည်။

"ငါတို့ ပိုစားရအောင်လို့ မင်္ဂလာသကြားလုံးတွေ အများကြီးဝယ်ဖို့ နင့်အိမ်တော်ထိန်းကို ပြောပေးလို့ရမလား"

ကုဇီရှင်းမှာ အနည်းငယ် ကြောင်တောင်တောင်ဖြစ်နေသော်ငြား သဘောတူသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်၏။

အိမ်ထဲတွင် အဘွားရွှီနှင့် ကုဇီရှင်း၏အဘွားတို့ အငြင်းပွားနေကြဆဲဖြစ်သည်ကိုမြင်သောအခါ ရှောင်ကျိုးမှာ ချက်ချင်းပင် စိတ်ဝင်စားမှု လျော့ကျသွားတော့သည်။

"လူတွေက မင်္ဂလာဆောင်ရင် လက်ဆောင်တွေ ပေးကြတယ်မလား၊ သွားဝယ်ကြရအောင်လေ၊ ကုဇီရှင်း နင့်အဘိုးက ဘာကြိုက်တတ်လဲ"

ကုဇီရှင်းက အဘိုးဖြစ်သူဝါသနာပါသည့်အရာကို ပြန်စဉ်းစားလိုက်ပြီး အလျင်အမြန် ပြောလိုက်၏။

"ငါ့အဘိုးက ငါးမျှားရတာကြိုက်တယ်"

'ငါးမျှားတာလား၊ ဒါဆိုရင် သူ့အတွက် ငါးမျှားတံလိုမှာပေါ့'

ရှောင်ကျိုးက သူမဆိုင်တွင် ငါးမျှားတံအချို့ရှိသည်ကို သတိရသွားပြီးပြောလိုက်သည်။

"ဒါဆိုရင် ငါ နင့်အဘိုးကို ငါးမျှားတံ လက်ဆောင်ပေးမယ်"

စတုတ္ထမင်းသားက အမြန်ဝင်ပြောလိုက်၏။

"ငါ့အဖေဆီမှာလည်း ငါးမျှားတံတစ်ချောင်းရှိတယ်၊ ငါ့ကို ခဏစောင့် ငါ နန်းတော်ကိုပြန်သွားပြီး မင်းအဘိုးအတွက် သွားယူပေးမယ်၊ မင်းအဘိုးကို ငါ့အတွက် မင်္ဂလာသကြားလုံးတွေ ပိုပေးဖို့ ပြောဖို့တော့ မမေ့နဲ့နော်"

ကုဇီရှင်း ခေါင်းညိတ်ပြလိုက်သော်ငြား စိတ်ထဲတွင်မူ အဘိုးဖြစ်သူကို မည်သည့်လက်ဆောင်ပေးရမည်ဆိုသည့် ကိစ္စကသာ ကြီးစိုးနေတော့သည်။ အဘိုးက သူ့ကိုအချစ်ဆုံးဖြစ်ပြီး မုန့်များနှင့် ကစားစရာများကို အမြဲတမ်းဝယ်ပေးလေ့ရှိ၏။ သူက လိမ္မာရေးခြားရှိသည့် မြေးကောင်းတစ်ယောက်ဖြစ်ရန် ဆုံးဖြတ်ထားပြီး အဘိုးအတွက် အမှန်တကယ် အထူးခြားဆုံးလက်ဆောင်တစ်ခုကို ကိုယ်တိုင်ကိုယ်ကျဝယ်ပေးချင်နေသည်။ ထိုသို့ဆိုလျှင် အဘိုးမှာလည်း အလွန်ပျော်ရွှင်သွားမည် ဖြစ်၏။

ရှောင်ကျိုးက ကုဇီရှင်းကို သူ့ခြံဝင်းဆီသို့ ပြန်ပို့ပေးလိုက်ပြီးနောက် ကျောက်ဟူနှင့် အခြားသူများကိုပါ မင်းသမီးစံအိမ်တော်သို့ခေါ်သွားကာ လက်ဆောင်များ ပြင်ဆင်ကြတော့သည်။

စတုတ္ထမင်းသားမှာ မင်းသမီးစံအိမ်တော်သို့ ရောက်သည်နှင့်တစ်ပြိုင်နက် သူ့အစေခံများကိုခေါ်ကာ နန်းတော်ဆီသို့ ချက်ချင်း ထွက်သွားတော့၏။

ကုဇီရှင်းတစ်ယောက် မြို့တော်၏ လမ်းမများထက်တွင် လမ်းလျှောက်နေစဉ် လတ်တလော ရန်ဖြစ်ထားပြီးနောက် အိမ်တွင်းအကျယ်ချုပ်ကျနေသည့် ဟဲချန်းရှန့်နှင့် အမှတ်မထင်ဆုံတွေ့သွားတော့သည်။

ရက်အတော်ကြာ အကျဉ်းချခံထားရသည့် ဟဲချန်းရှန့်မှာ သူ့သူငယ်ချင်းဖြစ်သူကို မြင်လိုက်ရသောအခါ အတိုင်းမသိ ဝမ်းသာသွားတော့၏။ သူတို့နှစ်ယောက် မကြာသေးခင်ကတင် ရန်ဖြစ်ထားကြသော်ငြား ကုဇီရှင်းမှာလည်း သူ့လိုပင်အိမ်ပြင်ထွက်ခွင့် အပိတ်ခံထားရသည်ကို သိလိုက်ရသဖြင့် ဟဲချန်းရှန့်စိတ်ထဲတွင် ခံစားရပိုကောင်းသွားသည်။ အေးအတူပူအမျှ ဝေမျှခံစားနိုင်သည့် သူတို့နှစ်ယောက်ကသာ ညီအစ်ကိုအရင်းအချာများဖြစ်ကြောင်းကို သူကောက်ချက်ချလိုက်၏။

ဟဲချန်းရှန့်က ကုဇီရှင်းပခုံးကို ဖက်ကာ ပြောလိုက်သည်။

"လာကွာ၊ ငါ ဒီနေ့မှအပြင်ထွက်ခွင့်ရတာ၊ မင်းကို အရသာရှိတဲ့ဟာတစ်ခုခု ကျွေးပါ့မယ်"

အဘိုးဖြစ်သူအတွက် လက်ဆောင်ကိစ္စကိုသာတွေးနေသည့် ကုဇီရှင်းကမူ စိတ်ဝင်စားခြင်းမရှိပေ။

"မသွားဘူး"

ကုဇီရှင်းက ငြင်းလိုက်သည်။

သူ့သူငယ်ချင်းဖြစ်သူ၏ ပူပန်နေသော မျက်နှာကိုကြည့်ကာ ဟဲချန်းရှန့်က မေးလိုက်၏။

"မင်း မိဘတွေက မင်းကိုရိုက်လွှတ်လိုက်လို့လား"

ကုဇီရှင်း ခေါင်းခါပြလိုက်သည်။

"ဒါဆို မင်းရဲ့မုန့်ဖိုးတွေ ဖြတ်ခံလိုက်ရလို့လား"

ကုဇီရှင်းက ဆက်ခေါင်းခါပြနေ၏။

"ဒါဆို မင်းက ဘာဖြစ်နေတာလဲ"

ကုဇီရှင်းက ဟဲချန်းရှန့်ကိုကြည့်လိုက်ပြီး ခဏတာစဉ်းစားကာ မေးလိုက်သည်။

"စကားမစပ် ငါ့အဘိုးက မင်္ဂလာဆောင်တော့မှာလေ၊ အဲ့ဒါ သူ့ကိုပျော်သွားအောင် ဘာလက်ဆောင်ပေးရမလဲ"

ဟဲချန်းရှန့်တစ်ယောက် ခေါင်းကုတ်လိုက်၏။ သူ မှတ်မိသလောက်ဆိုလျှင် သူ့သူငယ်ချင်းတွင် အဘွားတစ်ယောက်ရှိနေသေးသဖြင့် သူကနားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"မင်းအဘိုးက မင်္ဂလာဆောင်မှာ ဟုတ်လား၊ မင်းအဘွားက သဘောတူလို့လား"

ကုဇီရှင်းက သခင်မကြီးခေါ်လာသည့် မိန်းကလေးကို ပြန်တွေးလိုက်ပြီး သူ့ခေါင်းထဲတွင် အားသို့နှင့် အခြားသူများ ပြောခဲ့သည့်စကားများဖြင့် ပြည့်နှက်သွားတော့၏။

"ငါ့အဘွားကိုယ်တိုင်က ငါ့အဘိုးနဲ့မိတ်ဆက်ပေးခဲ့တာလေ၊ ငါ့အဘွားက သူမရဲ့တူမကို မခွဲနိုင်လွန်းလို့ နေ့တိုင်း အတူတူနေရအောင် ငါ့အဘိုးနဲ့ပေးစားလိုက်တာလို့ပြောတယ်"

ကုဇီရှင်းက သူငယ်ချင်းဖြစ်သူကို ကြည့်ကာ ဖိတ်လိုက်သည်။

"အဘိုး မင်္ဂလာဆောင်တဲ့အခါကျရင် ငါ့အိမ်ကို ပွဲတက်ဖို့လာခဲ့လေ"

သူ့သူငယ်ချင်း ဖိတ်ခေါ်သည်ကို မြင်သောအခါ ဟဲချန်းရှန့်က သဘောတူသည့်အနေဖြင့် အလျင်အမြန် ခေါင်းညိတ်ပြကာ ပြောလိုက်၏။

"ငါ့အဘိုးရဲ့နံရံမှာ ချိတ်ထားတဲ့ပန်းချီကားကို မင်းအဘိုးက တော်တော် သဘောကျနေပုံရတာကို ငါမှတ်မိသေးတယ်၊ ငါ့အဘိုးဆီကနေ အဲ့ဒီပန်းချီကားကိုသွားယူပြီး မင်းအဘိုးကိုပေးရင်ရော ဘယ်လိုလဲ၊ သူ သေချာပေါက် သဘောကျမှာပဲ"

ကုဇီရှင်း၏မျက်လုံးများမှာ အရောင်လက်သွားတော့သည်။

"အဘိုးကို ဘာပေးရမလဲဆိုတာ ငါသိပြီ"

ဟဲချန်းရှန့် မေးလိုက်၏။

"ဘာလဲ"

"ကြက်တူရွေးလေ၊ ငါ့အဘိုးက ကြက်တူရွေးတွေကို တအားချစ်တာ၊ အရင်က သူအကောင်လေးတစ်ကောင် မွေးထားဖူးပေမဲ့ အဲ့ဒါကပျံထွက်သွားလို့ သူတော်တော်ကြာတဲ့အထိ ဝမ်းနည်းနေခဲ့တာကို ငါမှတ်မိသေးတယ်"

ထိုသို့ပြောပြီးနောက် ကုဇီရှင်းက ဟဲချန်းရှန့်ကို ထိုနေရာတွင်ပင် ချက်ချင်း ထားရစ်ခဲ့ကာ ကြက်တူရွေးဆိုင်ဘက်သို့ ပြေးသွားတော့သည်။

ကုဇီရှင်းက အချိန်အတော်ကြာအောင် ရှာပြီးနောက် နောက်ဆုံးတွင်တော့ ဈေးသည်တစ်ဦးကို တွေ့သွား၏။ ဈေးဝယ်လာသူများကို ကံကောင်းစေရန် ဆုတောင်းပေးနေသည့် ကြက်တူရွေးတစ်ကောင်ကို လက်ညှိုးထိုးပြကာ ကုဇီရှင်းက မေးလိုက်သည်။

"ခင်ဗျားရဲ့ကြက်တူရွေးက တခြားဟာတွေရော ပြောတတ်သေးလား"

ဈေးသည်က ထိုကလေး၏ဝတ်စားဆင်ယင်မှုမှတစ်ဆင့် ကုဇီရှင်းမှာ ငွေကြေးပေါများလှသော သခင်လေးတစ်ပါးဖြစ်ကြောင်း သိနိုင်သဖြင့် အလျင်အမြန်နှင့် တက်တက်ကြွကြွပင် ကြက်တူရွေးလေးအား မိတ်ဆက်ပေးတော့၏။

"သေချာတာပေါ့၊ ဒီကြက်တူရွေးလေးက ဉာဏ်အရမ်းကောင်းတာမို့ သခင်လေးကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး"

"တကယ်လား၊ သူ့ကို သင်ပေးဖို့ အချိန်ဘယ်လောက်ကြာမလဲ"

ကုဇီရှင်း မေးလိုက်သည်။

"အဲ့ဒါက သင်ပေးတဲ့ နည်းလမ်းအပေါ် မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ဘူးလေ၊ ကျွမ်းကျင်မှု နည်းနည်းတော့ လိုတာပေါ့၊ သေသေချာချာ သင်ပေးရင်တော့ တစ်ညတည်းနဲ့ တတ်နိုင်တယ်၊ တကယ်လို့ သေချာမသင်ပေးနိုင်ဘူးဆိုရင်တော့ ၁၀ ရက် ဒါမှမဟုတ် လဝက်လောက်တော့ကြာနိုင်တယ်"

ဈေးသည်က ဖြေလိုက်၏။

"ကျွန်တော့်အတွက် သင်ပေးထားလို့ရမလား၊ မနက်ဖြန်ကျရင် လာယူလှည့်မယ်"

ကုဇီရှင်းက အမြန်မေးလိုက်သည်။

"ဒါဆို စရန်ငွေတော့ပေးဖို့လိုမယ်၊ မနက်ဖြန် သခင်လေးပြန်မလာခဲ့ရင် ဘယ်လိုလုပ်မလဲ"

ဈေးသည်က သူ့စိုးရိမ်မှုကို ဖော်ပြလိုက်၏။

"ဘယ်လောက်လဲ"

ကုဇီရှင်းက သူ့အိတ်ကပ်ထဲသို့ အလျင်အမြန် နှိုက်လိုက်သည်။

ဈေးသည်က ငွေကိုတစ်ချက်လှမ်းကြည့်လိုက်ပြီး ပြောလိုက်၏။

"စရန်ငွေက ၁၀ တေးလိုပါတယ်၊ မနက်ဖြန်ကျရင် ကြက်တူရွေးလေးကို အဆင်သင့်ဖြစ်အောင် လုပ်ပေးထားမယ်၊ အဲ့ဒီအခါကျမှ ကျန်တဲ့ ၁၀တေးကို ပေးလို့ရပါတယ်"

ကုဇီရှင်းက ၁၀တေးကို ကမ်းပေးလိုက်ပြီးနောက် ကြက်တူရွေးကို မည်သည့်စကားများ သင်ပေးရမည်ဆိုသည်ကို ဈေးသည်အား တိတိကျကျပြောပြခဲ့ကာ နောက်တစ်နေ့တွင် လာယူမည်ဖြစ်ကြောင်း ကတိပေးလိုက်တော့သည်။

သခင်လေးမှ ကြက်တူရွေးကိုပြောခိုင်းသည့် စကားများကို ကြားလိုက်ရသောအခါ ဈေးသည်မှာ အလွန်တရာမှ အံ့အားသင့်သွားရ၏။ ထိုစကားများကို သူ သေသေချာချာနားမလည်သော်ငြား ငွေကြေးအတွက်ကြောင့်သာ ကောင်းချီးပေးရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

All Chapters