← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

138

သူငယ်ချင်းများ ထွက်ပြေးသွားကြသည်ကို မြင်သောအခါ ဟဲချန်းရှန့်တစ်ယောက် တစ်ယောက်တည်းစားရသည်မှာ ပျော်စရာမကောင်းတော့ကြောင်း ရုတ်တရက် ခံစားလိုက်ရ၏။ အဘိုးဖြစ်သူ၏ အခန်းနံရံတွင်ချိတ်ထားသည့် ပန်းချီကားရှိမရှိ သွားရောက်မေးမြန်းရန်လိုနေသဖြင့် အစေခံကိုခေါ်ကာ ဟဲအိမ်တော်ဘက်သို့ လှည့်ပြန်သွားတော့သည်။

"အဘိုး အဘိုး"

ဟဲချန်းရှန့်အသံမှာ လူမရောက်ခင်ကြိုရောက်လာတော့သည်။

အပြေးအလွှားဝင်လာသော မြေးဖြစ်သူကို မြင်လိုက်ရသဖြင့် သခင်ကြီးဟဲက အံ့အားသင့်သွားကာ မေးလိုက်သည်။

"မင်း အိမ်တော်ကနေ ထွက်သွားပြီ မဟုတ်ဘူးလား၊ ဘာလို့ ပြန်လာတာလဲ"

သခင်ကြီးဟဲမှာ ထူးဆန်းနေသလိုခံစားလိုက်ရ၏။ မြေးဖြစ်သူမှာ အိမ်ထဲတွင် ရက်အတော်ကြာအောင်းနေခဲ့ရသဖြင့် အပြင်ထွက်ကာ ဆော့ကစားနေသင့်သည်။ ဘာလို့ ဒီလောက်စောစောပြန်ရောက်လာရတာလဲ။

ဟဲချန်းရှန့်က အဘိုး၏စာကြည့်ခန်းထဲသို့ ဝင်ဝင်ချင်းပင် နံရံဆီသို့လှမ်းကြည့်လိုက်သည်။

"အဘိုး၊ နံရံမှာချိတ်ထားတဲ့ ပန်းချီကား ဘယ်ရောက်သွားပြီလဲ"

သခင်ကြီးဟဲက နားမလည်နိုင်ဘဲ မေးလိုက်၏။

"ငါ သိမ်းထားလိုက်ပြီ၊ ဘာဖြစ်လို့လဲ၊ မင်းက အဲ့ဒီပန်းချီကားကို ဘာလုပ်ဖို့ ရှာနေတာလဲ"

ဟဲချန်းရှန့်က အလျင်အမြန်ပြောလိုက်သည်။

"အဘိုး၊ အဲ့ဒါလေး ကျွန်တော့်ကိုပေးပါလား၊ ကျွန်တော် ကုဇီရှင်းရဲ့အဘိုးကို လက်ဆောင်ပေးချင်လို့"

သခင်ကြီးဟဲက လက်ဖက်ရည်ခွက်ကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီးနောက် လှောင်လိုက်၏။

"ဒီကောင်စုတ်လေး၊ မင်းက အပြင်လူတွေဘက် ပါနေတာပေါ့လေ၊ ကုမိသားစုက အဲ့ဒီအဘိုးကြီးက မင်းကိုဒီလိုလုပ်ဖို့ ခိုင်းလိုက်တာလား၊ အိပ်မက်သာ မက်နေလိုက်စမ်း"

ဟဲချန်းရှန့်က အရှေ့သို့သွားကာ အဘိုးဖြစ်သူ၏ ခြေထောက်ကိုဖက်ထားလိုက်သည်။

"အဘိုး ပေးပါနော်၊ ကုဇီရှင်းရဲ့အဘိုး မင်္ဂလာဆောင်အတွက် အဲ့ဒီပန်းချီကားကို လက်ဆောင်ပေးမယ်လို့ ကျွန်တော် သူ့ကိုကတိပေးထားလို့ပါ၊ အဘိုးက အကောင်းဆုံး အဘိုးပဲလေ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုပေးပါ၊ နောက်မှ ဒီထက်ပိုကောင်းတဲ့ဟာကို ကျွန်တော် သေချာပေါက် ပြန်ဝယ်ပေးပါ့မယ်"

ထိုစကားကို ကြားလိုက်ရသောအခါ သခင်ကြီးဟဲတစ်ယောက် သီးသွားပြီး သောက်လက်စ လက်ဖက်ရည်များကိုပင် ထွေးထုတ်လိုက်မိတော့သည်။

"မင်း ဘာပြောလိုက်တယ်၊ ကုဇီရှင်းရဲ့ အဘိုးက မင်္ဂလာဆောင်မှာ"

ဟဲချန်းရှန့်က ခေါင်းညိတ်ပြလိုက်၏။

"ကုဇီရှင်းက သူ့အဘွားကိုယ်တိုင်စီစဉ်ပေးတာလို့ ပြောတယ်၊ သူ့အဘိုးက မကြာခင် မင်္ဂလာဆောင်တော့မှာမို့လို့ ကျွန်တော့်ကိုတောင် ပွဲတက်ဖို့ဖိတ်ထားသေးတယ်"

သခင်ကြီးဟဲမှာ ယုံနိုင်စရာမရှိကြောင်း တွေးလိုက်၏။

"ဒီ ၂ ယောက်က ကွယ်ရာမှာ ဒီလို လျှို့ဝှက်ကိစ္စတွေ လုပ်နေကြတယ်ပေါ့လေ၊ ငါ ပြောသားပဲ၊ အဲ့ဒီအဘိုးကြီးက စကားပြောပဲကောင်းတာ၊ ငါတို့လို လူကြမ်းကြီးတွေကို အမြဲတမ်း အထင်သေးတတ်တယ်၊ ဒါပေမဲ့ ဒီအရွယ်ကြီးရောက်မှ ကိုယ်လုပ်တော်ယူဖို့ ရေးကြီးခွင်ကျယ်တွေလုပ်နေတာလား၊ ဒါက လာဘ်စားဖို့ အကြောင်းပြချက် လုပ်နေတာများလား"

အဘိုးဖြစ်သူမှာ တတွတ်တွတ်ရေရွတ်နေပြီး ပန်းချီကားကိစ္စကို လျစ်လျူရှုထားသည်ကိုမြင်သောအခါ ဟဲချန်းရှန့်က သူ့နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တော့သည်။ အော်ဟစ်ငိုယိုကာ ကြမ်းပြင်ပေါ်တွင် လူးလှိမ့်သောင်းကျန်းပြီး ဆွဲကြိုးချသေမည်ဟုပင်လုပ်ကာ ခြိမ်းခြောက်တော့၏။

သခင်ကြီးဟဲက သူ့ကိုကြမ်းပြင်ပေါ်မှ ဆွဲထူလိုက်ပြီး ဆူလိုက်သည်။

"အိမ်တော်ထဲက ကိုယ်လုပ်တော်တွေဆီကနေ ဒီလိုအောက်တန်းကျတဲ့ အကျင့်တွေကို အတုမခိုးဖို့ ငါ မင်းကို ပြောထားတယ်နော်၊ နောက်တစ်ခါ ထပ်လုပ်ရင် မင်းကို မိသားစုစည်းမျဉ်းတွေအတိုင်း အပြစ်ပေးမယ်"

ဟဲချန်းရှန့်က ကပျာကယာထရပ်လိုက်ပြီး နောက်တစ်ခါ မလုပ်ရဲတော့ကြောင်း ကတိပေးလိုက်သော်ငြား တိုးတိုးလေး ထပ်တောင်းဆိုလိုက်၏။

"ဒါဆိုရင် အဘိုး၊ ကျွန်တော့်ကို စာလုံးလှလှလေးနဲ့ ပန်းချီကားလေးပေးလို့ရသေးလား၊ ကျွန်တော် နောက်တစ်ခါ ထပ်မလုပ်တော့ပါဘူးလို့ ကတိပေးပါတယ်"

သခင်ကြီးဟဲက မြေးဖြစ်သူခေါင်းကိုတစ်ချက် ပုတ်လိုက်သည်။

"ဒီကောင်စုတ်လေး၊ မင်း လိုချင်တာရှိမှပဲ ပေါ်လာတော့တယ်၊ ငါ မင်းကိုပန်းချီကား ပေးမယ်၊ ဒါပေမဲ့ အခုကစပြီး မင်းရဲ့ဆရာပြောတာကို သေသေချာချာ နားထောင်ပါ့မယ်လို့ ကတိပေးရမယ်"

ဟဲချန်းရှန့်ခမျာ အခုမှစပြီး ဆရာ့စကားကို မြေဝယ်မကျ နားထောင်မည်ဖြစ်ကြောင်းပြသည့်အနေဖြင့် ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြလိုက်၏။ ပန်းချီကားကို အရင်ရအောင်ယူပြီး ကျန်တာကိုနောက်မှ စဉ်းစားမည်ဟု သူတွေးထားလိုက်သည်။

တစ်ချိန်တည်းမှာပင် နန်းတော်ထဲ၌ ဧကရာဇ်မှာလည်း သခင်ကြီးဟဲနည်းတူ တုံ့ပြန်မှုမျိုး ဖြစ်နေတော့သည်။

ဧကရာဇ်က သူနားကြားမှားသွားကြောင်း သေချာနေသဖြင့် နားကိုပွတ်လိုက်၏။

"မင်းပြောတာက ကုဇီရှင်းရဲ့အဘိုး မင်္ဂလာဆောင်မှာလား၊ ပြီးတော့ သူ့အဘွားကိုယ်တိုင် စီစဉ်ပေးတာလို့"

စတုတ္ထမင်းသားက လိမ္မာရေးခြားရှိရှိ ခေါင်းညိတ်ပြလိုက်သည်။

ဧကရာဇ်က မေးလိုက်၏။

"မင်း အဲ့ဒါကို ဘယ်ကနေကြားလာတာလဲ"

စတုတ္ထမင်းသားက ခဏစဉ်းစားလိုက်သည်။

"ကုဇီရှင်းရဲ့အိမ်ကနေလေ"

ဧကရာဇ်မှာ နားမလည်နိုင်ဖြစ်သွားတော့သည်။ လူငယ်အရွယ်မြို့စားကုမှာ တစ်ချိန်က မိန်းမရှုပ်သူဖြစ်ကြောင်း သူသိထားသော်လည်း နာမည်ကြီးလောက်အောင် သဝန်တိုတတ်သည့် သခင်မကုနှင့် လက်ထပ်ပြီးနောက်တွင်မူ အိမ်သို့သူခေါ်လာသမျှ ကိုယ်လုပ်တော်များအားလုံးကို သခင်မကုက နှင်ထုတ်ခဲ့သည်။ နောက်ဆုံးတွင် မြို့စားကြီးမှာ ထိုအတွေးကိုစွန့်လွှတ်လိုက်ရ၏။ မထင်ထားဘဲ အသက်ကြီးလာသည့်အချိန်မှ သူငယ်ပြန်ကာ ကိုယ်လုပ်တော်ထယူတော့မည်ဖြစ်ပြီး အသက် ၇ နှစ်အရွယ် မင်းသားလေးတောင်ကြားသိရသည့်အထိ အုတ်အော်သောင်းနင်းဖြစ်နေတော့သည်။ ဒရမ်မာများကို သဘောကျတတ်သည့် ဧကရာဇ်က သူ့ကို ထောက်ခံပေးရန် စိတ်အားထက်သန်သွားတော့၏။ မည်သို့ပင်ဖြစ်စေ မြို့စားကြီးမှာ သခင်မကု၏ထိန်းချုပ်မှုအောက်တွင် တစ်သက်လုံးနေခဲ့ရသဖြင့် သူ့နောက်ဆုံးအချိန်များကိုမူ နောင်တများဖြင့် အဆုံးသတ်မသွားသင့်ပေ။

သို့သော်လည်း ဧကရာဇ်မှာ သူ့ကိုယ်ပိုင် စုဆောင်းမှုထဲမှ ငါးမျှားတံတစ်ချောင်းကို ပေးပစ်ရန် နှမြောနေဆဲပင်။

ဒူးထောက်နေသည့် စတုတ္ထမင်းသားကို သူက မေးလိုက်သည်။

"ဒါနဲ့ မင်းက သူ့အဘိုးရဲ့မင်္ဂလာဆောင်မှာ ဘာလို့ သွားဝင်ပတ်သက်နေရတာလဲ၊ ပြီးတော့ ငါ့ရဲ့ငါးမျှားတံကိုပါ ဘာလို့ ပေးပစ်ချင်နေရတာလဲ"

ပွဲတက်ချင်နေသည့် စတုတ္ထမင်းသားက ရိုးရိုးသားသားပင် ပြန်ဖြေလိုက်၏။

"သူက ကျွန်တော့်ကိုဖိတ်လို့ပါ"

"အဲ့ဒါကြောင့် မင်းက ခမည်းတော်ရဲ့ ငါးမျှားတံကိုယူပြီး ပေးပစ်တော့မလို့လား"

စတုတ္ထမင်းသားက အလေးအနက်ထားကာ ခေါင်းညိတ်ပြလိုက်သည်။

ဧကရာဇ် : 'တယ်လည်း အသုံးအဖြုန်းကြီးတဲ့ သားပါလား'

‘အဲ့ဒီငါးမျှားတံက တော်တော်လေးကို တန်ဖိုးကြီးတာ၊ ဒီကလေးက အခုကတည်းက ပေးပစ်ဖို့တွေးနေပြီ’

ဧကရာဇ်က အကြံပြုလိုက်၏။

"ဒီလိုလုပ်ရင်ရော သူ့ကိုပေးဖို့အတွက် ခမည်းတော် စာလုံးလှတစ်ခုရေးပေးမယ်၊ ငါးမျှားတံကိုတော့ မပေးလိုက်နဲ့"

စတုတ္ထမင်းသားက ဇွတ်တောင်းဆိုလိုက်သည်။

"ဒါပေမဲ့ ချန်လဲ့မင်းသမီးလေးကလည်း ငါးမျှားတံ ပေးမှာပဲကို"

ဧကရာဇ်က ပြန်ချေပလိုက်၏။

"ချန်လဲ့ကတစ်ချောင်း ပေးပြီးသားဆိုတော့ ဘာလို့ နောက်တစ်ချောင်းထပ်ထည့်ပေးနေရဦးမှာလဲ၊ မြို့စားကြီးကုမှာလည်း လက် ၂ဖက်ပဲ ရှိတာ၊ သူက ငါးဘယ်နှကောင်များဖမ်းဖို့ လိုနေလို့လဲ"

ထင်ထားသည့်အတိုင်းပင် သမီးဖြစ်သူကသာ အချစ်ရဆုံးဖြစ်နေတော့သည်။ ခြိုးခြံချွေတာတတ်သည့် ခမည်းတော်ဖြစ်သော ဧကရာဇ်မှာ သူ့ကိုယ်ပိုင်ပစ္စည်းများကို စွန့်လွှတ်ရန် ဆန္ဒမရှိပေ။

စတုတ္ထမင်းသားက သဘောတူလိုက်၏။ သူက ခမည်းတော်ဖြစ်သူကို မျှော်လင့်တကြီးဖြင့်ကြည့်ကာ အမြန်ရေးပေးရန် တိုက်တွန်းနေတော့သည်။ မင်းသမီးစံအိမ်တော်သို့ ညစာစားရန် သူ အချိန်မီပြန်သွားရဦးမည်။

ဧကရာဇ်က စက္ကူတစ်ရွက်ကိုယူကာ စုတ်တံကို ကိုင်လိုက်ပြီးနောက် ခမ်းခမ်းနားနား သပ်သပ်ရပ်ရပ်ရေးဆွဲလိုက်တော့သည်။

'ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ဖူးစာ'

မိန်းမစိုးက ၎င်းကိုလိပ်လိုက်ပြီး စတုတ္ထမင်းသားထံသို့ ကမ်းပေးလိုက်၏။

"ရော့ ယူသွားလိုက်၊ ခမည်းတော်ရဲ့ စာလုံးလှက ရွှေစင် ၁၀၀၀တန်တယ်၊ အဲ့ဒါကို ကုမိသားစုဆီပို့ပေးလိုက်ရင် သူတို့ သေချာပေါက်ဝမ်းသာသွားကြလိမ့်မယ်"

စတုတ္ထမင်းသားက ခမည်းတော်ဖြစ်သူ၏ယုံကြည်မှုအပြည့်ရှိနေသော အမူအရာကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျေးဇူးတင်စကားဆိုကာ တန်ဖိုးဖြတ်မရသော စာလုံးလှကို ပိုက်ပြီး မင်းသမီးစံအိမ်တော်ဘက်သို့ ထွက်သွားတော့သည်။

လမ်းတွင် ဧကရာဇ်ကိုရှာရန် နန်းတော်ဆီသို့ ဦးတည်လာသော ဒုတိယအစ်ကိုဖြစ်သူနှင့် ဆုံတွေ့သွား၏။

ဒုတိယမင်းသားက သူ့လမ်းကို ပိတ်ရပ်လိုက်သည်။

"မင်းက ဒုတိယအစ်ကိုကို နှုတ်တောင် မဆက်တော့ဘူးလား"

ပွဲတက်ချင်နေသည့် စတုတ္ထမင်းသားက မတတ်သာသည့်အဆုံး လှမ်းနှုတ်ဆက်လိုက်တော့၏။

"ဂါရဝပြုပါတယ် ဒုတိယအစ်ကို၊ ကျွန်တော် သွားပြီနော်"

ထိုသို့ပြောပြီးနောက် သူက နန်းတော်ထဲမှ ထွက်လာခဲ့သည်။

"ရပ်လိုက်စမ်း"

သူ့ညီလေးမှာ ဧကရာဇ်၏စာကြည့်ဆောင်ဘက်မှလာနေသည်ကို ဒုတိယမင်းသားက မြင်လိုက်ရ၏။ ပုံမှန်ဆိုလျှင် သူတို့ကိုရှောင်လေ့ရှိသည့် ညီလေးက လတ်တလောတွင် ခမည်းတော်ထံသို့ ဘာကြောင့် ဒီလောက် မကြာခဏ သွားရောက်နေရသလဲဆိုသည်ကို သူ နားမလည်နိုင်ဖြစ်သွားရသည်။

"မင်း ဘာတွေကိုင်ထားတာလဲ"

စတုတ္ထမင်းသားက စက္ကူကိုတစ်ချက်ကြည့်လိုက်သည်။

"ဒါက ခမည်းတော်ရေးပေးထားတဲ့ စာလုံးလှလေ၊ ကုဇီရှင်းရဲ့အဘိုးအတွက် မင်္ဂလာလက်ဆောင်"

ဒုတိယမင်းသားက လက်ယမ်းကာ သူ့ကို သွားခွင့်ပြုလိုက်၏။

စတုတ္ထမင်းသားမှာ သူ့ဒုတိယအစ်ကိုက ဆက်ပြီး စကားပြောနေမည်ကို စိုးရိမ်သဖြင့် ချက်ချင်းပင် ထွက်ပြေးသွားတော့သည်။

ဒုတိယမင်းသားမှာ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက်တွင်မှ ဘာဖြစ်နေသည်ကို သဘောပေါက်သွား၏။ သူက ထွက်သွားသော စတုတ္ထမင်းသား၏ကျောပြင်ကို လှည့်ကြည့်ကာ ဘေးရှိအစေခံကို မေးလိုက်သည်။

"စတုတ္ထညီလေးက အဲ့ဒီစာလုံးလှက ကုဇီရှင်းရဲ့အဘိုးအတွက် မင်္ဂလာလက်ဆောင်လို့ ခုနကပြောသွားတာလား"

အစေခံက ခေါင်းညိတ်ပြလိုက်၏။

"ကုဇီရှင်းရဲ့အဘိုးက မင်္ဂလာဆောင်မှာလား"

အစေခံက အလျင်အမြန်ခေါင်းညိတ်ပြလိုက်သည်။

"နန်းတွင်းထဲက မြို့စားကြီးကုလား"

အစေခံက အတည်ပြုသည့်အနေဖြင့် ခေါင်းကို ဆက်တိုက်ငြိမ့်ပြနေတော့၏။

ဒုတိယမင်းသားက ဧကရာဇ်၏ စာကြည့်ဆောင်ဘက်သို့ တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် သူ့စတုတ္ထညီလေး ပြေးထွက်သွားသည့်ဘက်သို့ လှမ်းကြည့်လိုက်သည်။

"ဒါဆို ခမည်းတော်ကိုယ်တိုင်က မြို့စားကုအတွက် စာလုံးလှရေးပေးလိုက်တာပေါ့လေ၊ ဒီမင်္ဂလာပွဲရဲ့နောက်ကွယ်မှာ လျှို့ဝှက်ချက်တစ်ခုခုများ ရှိနေနိုင်မလား"

မွေးရာပါသံသယများတတ်သည့် ဒုတိယမင်းသားက သူ့စတုတ္ထညီလေးထက် အရေးနိမ့်ခံ၍မဖြစ်နိုင်ကြောင်း ခံစားလိုက်ရသဖြင့် လက်ဆောင်တစ်ခု ပြင်ရန် အိမ်သို့ချက်ချင်းပြန်သွားတော့သည်။

သတင်းအမြဲနားစွင့်လေ့ရှိသော တတိယမင်းသားက ဒုတိယမင်းသားနှင့် စတုတ္ထမင်းသားတို့ ၂ ဦးစလုံး မြို့စားကြီးကုထံသို့ လက်ဆောင်များ ပေးပို့ခဲ့ကြသည်ကို ကြားသိသွား၏။ သူကလည်း အရှုံးမခံလိုသဖြင့် နောက်တစ်နေ့တွင် လက်ဆောင်တစ်ခုကို အလျင်အမြန်ပြင်ကာ ကုမိသားစုထံသို့ ပေးပို့လိုက်တော့သည်။

All Chapters