အခန်း ၁၃၉
Vol. 14 Ch. 139
139
မင်းသားများကပါ စတင်လှုပ်ရှားလာကြသည်ကိုမြင်သောအခါ အောက်ခြေအရာရှိများကလည်း သဘာဝကျကျပင် လိုက်လံလုပ်ဆောင်ကြတော့၏။ အသက်ကြီးမှ ကိုယ်လုပ်တော်ယူမည့် မြို့စားကြီးကု၏လုပ်ရပ်ကြီးကို လူအများက ရှက်စရာကောင်းသည်ဟု သတ်မှတ်ထားကြသော်ငြား အဆင့်အတန်းမြင့်သူများကပါ လက်ဆောင်များ ပေးပို့ကြသည်ကိုမြင်သောအခါ အောက်ခြေအရာရှိများခမျာလည်း ကိုယ်ပိုင်လက်ဆောင်များပြင်ရန် ဖိအားဝင်သွားကြတော့သည်။ ကွယ်ရာတွင် မည်မျှပင်လှောင်ပြောင်ရယ်မောနေကြစေကာမူ နောက်တစ်နေ့တွင် သူတို့လက်ဆောင်များကို သွားရောက်ပို့ဆောင်ရန် တာဝန်ရှိကြောင်းခံစားခဲ့ကြရ၏။ တစ်စိတ်တစ်ပိုင်းက အမှန်တရားကိုဖော်ထုတ်ရန်ဖြစ်ပြီး နောက်တစ်စိတ်တစ်ပိုင်းကတော့ ပွဲကြည့်ရန်ပင်။ မည်သို့ပင်ဆိုစေ နာမည်ကြီးလောက်အောင် သဝန်တိုတတ်သည့် သခင်မကုကိုယ်တိုင်က မြို့စားကြီးအတွက် ကိုယ်လုပ်တော်ယူရန် စီစဉ်ပေးနေသည်ဆိုသည့်ကိစ္စကို လူတိုင်းက စပ်စုချင်နေကြ၏။
လူတိုင်း မျှော်လင့်စောင့်စားနေကြသည့် နေ့ရက်က အလျင်အမြန်ပင် ရောက်လာတော့သည်။
ကုဇီရှင်း၏သူငယ်ချင်းဖြစ်သော ဟဲချန်းရှန့်က လက်ဆောင်ကို ပထမဆုံးပေးပို့လာ၏။ ထိုလက်ဆောင်ရောက်လာချိန်တွင် တံခါးစောင့်မှာ သခင်လေး၏သူငယ်ချင်းထံမှ နောက်ထပ် လက်ဆောင်တစ်ခုသာဖြစ်မည် ယူဆကာ သိပ်ပြီးဂရုမစိုက်ခဲ့ပေ။ သို့သော်လည်း သခင်ကြီး၏လုပ်ဖော်ကိုင်ဖက်များ ပိုမိုရောက်လာကြပြီး တစ်ယောက်ချင်းစီတိုင်းက တန်ဖိုးကြီးလက်ဆောင်များကို ကိုင်ဆောင်ကာ နားလည်ရခက်သော ဂုဏ်ပြုစကားများပြောလာကြသောအခါ တံခါးစောင့်ခမျာ ကြောင်တောင်တောင်ဖြစ်သွားရတော့သည်။
အခြေအနေကို နားမလည်နိုင်ဖြစ်နေသဖြင့် တံခါးစောင့်မှာ သခင်ဖြစ်သူကို အပြင်သို့ထွက်လာရန် သွားခေါ်ရုံမှလွဲ၍ အခြားရွေးချယ်စရာ မရှိတော့ပေ။
မြို့စားကုမှာလည်း ထိုနည်းတူပင် ခေါင်းရှုပ်သွားရ၏။ သူ့ဇနီးက သူ့ကို အသိမပေးဘဲ အိမ်တွင်ပွဲတစ်ပွဲပွဲများ လုပ်နေသလားဟု တွေးလိုက်မိသော်ငြား ဧည့်သည်များမှာ သူ့လုပ်ဖော်ကိုင်ဖက်များဖြစ်နေပြီး အားလုံးက လက်ဆောင်များကိုင်လာကြသဖြင့် အဓိပ္ပာယ်မရှိပေ။ အိမ်ထောင်ဦးစီးဖြစ်တဲ့ သူကိုယ်တိုင်တောင်မသိလိုက်ရဘဲ အိမ်တော်ထဲမှာ အခမ်းအနားတစ်ခုများရှိနေနိုင်လား။
မြို့စားကုကိုမြင်လိုက်ရသည်နှင့် သခင်ကြီးဟဲက အရှေ့သို့ချက်ချင်းတက်လာကာ လက် ၂ ဖက်ကို ယှက်၍ နှုတ်ဆက်လိုက်သည်။
"မြို့စားကု၊ ခင်ဗျားက ကိုယ်လုပ်တော်အသစ်ရဖို့ တယ်လည်းကံကောင်းတာပဲ၊ ဒါက မိသားစုအတွက် မဟာကံထူးမှုကြီးပဲ၊ ခင်ဗျားနဲ့ ကိုယ်လုပ်တော်အသစ်လေးနဲ့ အသက် ၁၀၀တိုင် အတူတကွ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"
သခင်ကြီးရှန်ကလည်း ပြုံးပြုံးရွှင်ရွှင်ဖြင့် နောက်မှလိုက်လာ၏။
"အိမ်တော်ထဲကို နောက်ထပ်အလှလေးတစ်ယောက် တိုးလာတဲ့အတွက် မြို့စားကြီးကို ဂုဏ်ပြုပါတယ်၊ ကိုယ်လုပ်တော်အသစ်လေးက နူးညံ့သိမ်မွေ့ပြီး ကိုယ်ကျင့်တရားကောင်းပါစေ၊ မိသားစုမျိုးဆက်ပြန့်ပွားဖို့အတွက် သားသမီးတွေ အများကြီးမွေးပေးနိုင်ပါစေ"
အသက်ပိုငယ်သော အရာရှိများကလည်း လေးလေးစားစားဖြင့် ဂုဏ်ပြုစကားများပြောကြားရန် အရှေ့သို့ တက်လာကြတော့သည်။
"သခင်ကြီးက အရမ်းလေးစားခံရသူမို့ ဒီမင်္ဂလာပွဲကတော့ ပိုပြီးပြည့်စုံသွားစေတာပါပဲ၊ ကိုယ်လုပ်တော်အသစ်လေးက သခင်ကြီးအနားမှာ အဖော်ပြုပြီး မိသားစုဘဝရဲ့ ပျော်ရွှင်မှုတွေကို အတူတကွ မျှဝေခံစားနိုင်ပါစေ"
"သခင်ကြီးက အခုထိခွန်အားတွေအပြည့်နဲ့ ကျန်းမာနေတုန်းပဲ၊ ဒီပျော်စရာကောင်းတဲ့ မင်္ဂလာပွဲက တကယ်ကို အားကျစရာပါပဲဗျာ၊ သခင်ကြီးနဲ့ ကိုယ်လုပ်တော်အသစ်လေး အတူတကွ သက်ရှည်ကျန်းမာပြီး ပျော်ရွှင်ပါစေလို့ ဆုတောင်းပါတယ်"
"အိမ်တော်ထဲကို လူသစ်ထပ်တိုးလာတဲ့အတွက် သခင်ကြီးကို ဂုဏ်ပြုပါတယ်ဗျာ၊ သခင်ကြီးနဲ့ ကိုယ်လုပ်တော်အသစ်လေး ချစ်ချစ်ခင်ခင်နဲ့ ပျော်ပျော်ရွှင်ရွှင် နေသွားနိုင်ပါစေ"
"....."
မြို့စားကြီးကုမှာ ဂုဏ်ပြုဆုတောင်းစကားများကြားတွင် ဘာလုပ်ရမှန်းမသိဘဲ ရပ်နေမိ၏။ သူတို့ပြောနေသည်များကို တစ်ခွန်းမျှ နားမလည်နိုင်သဖြင့် သူ့အနေဖြင့် ဒီနေ့ ခြေလှမ်းအထွက်မှားခဲ့သလားပင် ခံစားလိုက်ရတော့သည်။
မြို့စားကြီးကုက မျက်မှောင်ကြုတ်ကာ နားမလည်နိုင်သော အမူအရာဖြင့်မေးလိုက်သည်။
"ခင်ဗျားတို့အားလုံးက ဘာကိုဆိုလိုတာလဲ၊ တစ်ခုခုများ နားလည်မှုလွဲနေတာလား"
နောက်ထပ် အရာရှိတစ်စုက ဂုဏ်ပြုစကားများပြောကြားရန် အရှေ့သို့တိုးလာချိန်တွင်ပင် ကလေးတစ်သိုက်က ကုအိမ်တော်ဘက်သို့ အပြေးအလွှား ရောက်လာကြ၏။
ခေါင်းဆောင်လုပ်သူမှာ အခြားသူမဟုတ်ဘဲ နာမည်ကြီး ချန်လဲ့မင်းသမီးလေးဖြစ်နေသည်ကို မြင်သောအခါ အရာရှိများက အလျင်အမြန်ပင် ဦးညွှတ်ကာ အရိုအသေပေးလိုက်ကြတော့သည်။
"ကျွန်တော်တို့ မင်းသမီးလေးကို ဂါရဝပြုပါတယ်"
သူမ၏အဆင့်အတန်းနှင့် အသားကျနေပြီဖြစ်သော ရှောင်ကျိုးက ကိုယ်ကိုမတ်ကာ လက်ကိုအသာမြှောက်ပြီး ပြန်ဖြေလိုက်၏။
"ထကြ"
ရှောင်ကျိုးက အရာရှိများကိုကျော်ဖြတ်ကာ မြို့စားကြီးကုအနားသို့ တိုးသွားသည်။ သူမယူလာသည့် ငါးမျှားတံကို ကမ်းပေးလိုက်ပြီး မြို့စားကု၏ဗိုက်ကို ပုတ်ကာပြောလိုက်၏။
"မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေးမြန်မြန်ရပါစေနော်၊ အဘိုးက ငါးမျှားရတာကြိုက်တယ်ဆိုလို့ ဒီငါးမျှားတံကို ယူလာပေးတာ၊ မြန်မြန်မင်္ဂလာဆောင်တော့နော်၊ အဘိုးရဲ့ မင်္ဂလာပွဲမှာ အရသာရှိတာတွေစားရဖို့ မျှော်လင့်နေတာ"
စတုတ္ထမင်းသားက ခမည်းတော် ဧကရာဇ်ထံမှရလာသော စာလုံးလှကို အလျင်အမြန်ထုတ်လိုက်ပြီး မြို့စားကြီးကု၏ဘေးတွင် ရပ်နေသည့် အိမ်တော်ထိန်းလက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ဒါက ခမည်းတော်ဆီကနေ ငါကိုယ်တိုင်ကိုယ်ကျ တောင်းလာတဲ့ စာလုံးလှပဲ၊ ရွှေစင် ၁၀၀၀တန်တယ်လို့ ခမည်းတော်က ပြောတယ်၊ အဲ့ဒါကြောင့် သေသေချာချာသိမ်းထားရမယ်နော်၊ အချိန်ရောက်ရင် မင်္ဂလာသကြားလုံးတွေ အများကြီးဝယ်ဖို့တော့ မမေ့နဲ့ဦး"
တန်ဖိုးကြီးမားလှသော စာလိပ်ကိုလက်ထဲတွင် ကိုင်ထားရင်း အိမ်တော်ထိန်းမှာ ကျေးဇူးတင်စကားဆိုရန်အတွက် နန်းတော်ရှိရာဘက်သို့ ချက်ချင်းပင်ဒူးထောက်ကာ အရိုအသေပေးလိုက်တော့၏။
မြို့စားကု : ...
ကျောက်ဟူနှင့် သူ့အပေါင်းအပါများကလည်း ကြက်ဥတစ်အိတ်၊ ရေကန်ထဲမှ ဖမ်းလာသော ငါးအချို့၊ ထင်း ၂ စည်းနှင့် ဒယ်အိုး၊ ဟင်းအိုးအမျိုးမျိုးစသည့် သူတို့ကိုယ်ပိုင်လက်ဆောင်များကို အသီးသီး ပေးအပ်ကြတော့သည်။
မြို့စားကြီးကုမှာ ခေါင်းထဲမိုက်ခနဲဖြစ်သွားပြီး အသံဩဩဖြင့်မေးလိုက်၏။
"ကျွန်တော်က မင်္ဂလာဆောင်တော့မယ်လို့ မင်းသမီးလေး ဘယ်ကနေများ ကြားလာရတာလဲ"
ရှောင်ကျိုးမှာ ခဏကြောင်သွားတော့သည်။
‘ဟုတ်သားပဲ၊ မနေ့က အဲ့ဒါကိုဘယ်သူပြောလိုက်တာလဲ’
သူမ သေသေချာချာမမှတ်မိတော့သော်ငြား မြို့စားကြီး မင်္ဂလာဆောင်မည်ဆိုသည်ကိုတော့ တိတိကျကျမှတ်မိနေ၏။
စတုတ္ထမင်းသားက ဝင်ပြောလိုက်သည်။
"ညီမလေး ချန်လဲ့ မေ့သွားပြီလား၊ ကုဇီရှင်းရဲ့အဘိုးအတွက် ကိုယ်လုပ်တော်ရှာပေးချင်တာ သူ့အဘွားလေ"
ရှောင်ကျိုးတစ်ယောက် ချက်ချင်းပင် မှတ်မိသွားတော့၏။ တစ်ခုခုလွဲချော်နေသည်ဟု ခံစားရသော်ငြား သူမက အသေးစိတ်ကို သေသေချာချာမမှတ်မိနိုင်တော့ဘဲ ဤကိစ္စက အမှန်ပင်ဖြစ်ကြောင်းကိုသာ အခိုင်အမာယုံနေတော့သည်။ မည်သို့ပင်ဆိုစေ ကုမိသားစုက ပွဲကြီးပွဲကောင်းတစ်ခုတော့ သေချာပေါက် ကျင်းပပေးမည်သာ ဖြစ်၏။
မြို့စားကြီးကုက အစေခံတစ်ယောက်ကို အလျင်အမြန်ခေါ်ယူလိုက်ပြီး ဤအခြေအနေကို ရှင်းပြရန် သူ့ဇနီးကို အပြင်သို့ခေါ်ထုတ်လာဖို့ အမိန့်ပေးလိုက်သည်။
အစေခံမှာ အိမ်ထဲသို့အပြေးအလွှား ဝင်သွားပြီး မကြာမီ ပြန်ထွက်လာကာ သတင်းပို့လိုက်၏။
"သမားတော်က ပြောတယ်၊ သခင်မကြီး မနေ့က ဒေါသထွက်ပြီးမေ့လဲသွားတာ အခုထိသတိမရသေးဘူးတဲ့"
ထိုစကားကို ကြားလိုက်ရသောအခါ အရာရှိများက မြို့စားကြီးကုကို အပြစ်တင်ရှုတ်ချသည့်အကြည့်များဖြင့် ကြည့်လိုက်ကြတော့သည်။
သခင်ကြီးဟဲက ပြောလိုက်သည်။
"မြို့စားကြီး ခင်ဗျားဒီနှစ်တွေတစ်လျှောက်လုံး ကိုယ်လုပ်တော်ယူခွင့် မပေးခဲ့တဲ့ သခင်မကြီးကိုမကျေနပ်ရင်တောင်မှ သူမကိုရွဲ့ပြီး ဒီအရွယ်ကြီးရောက်မှ ဒီလောက်အုတ်အော်သောင်းနင်းဖြစ်အောင် မလုပ်သင့်ဘူးလေ၊ ဒါက ခင်ဗျားရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေတာပဲ၊ ဘာလို့ လုပ်ရက်ရတာလဲ"
အခြားအရာရှိများကလည်း ဝင်ပြောကြ၏။
"ဒီကိစ္စကို အကြောင်းပြချက်ကောင်းအောင်လို့ သခင်မကြီးရဲ့နာမည်ကိုတောင် သုံးလိုက်သေးတယ်၊ ဒါကိုကြားရင် ဘယ်သူမဆို ဒေါသထွက်မှာပဲလေ၊ ခင်ဗျားတို့ ၂ ယောက် အတူတူနေလာခဲ့တာ ဒီလောက်နှစ်တွေတောင်ကြာနေပြီကို ဘာလို့ရွဲ့ပြီး ဆက်ဆံရေးကို ထိခိုက်အောင် လုပ်ရတာလဲ"
လူအုပ်ကြီးက ဆက်၍တီးတိုးဝေဖန်နေကြသဖြင့် မြို့စားကြီးကုခမျာ ခေါင်းပိုမူးလာကာ ဘာလုပ်ရမှန်းမသိတော့ပေ။
နောက်ဆုံးတွင်တော့ သူအော်လိုက်တော့သည်။
"ငါ ကိုယ်လုပ်တော်မယူဘူးကွ၊ ဒီကောလာဟလတွေကို ဘယ်သူဖြန့်နေတာလဲဆိုတာကိုသာသိရရင် သူတို့ကို ပြန်ပေးဆပ်ခိုင်းမယ်"
"အဘိုး၊ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေးမြန်မြန်ရပါစေနော်"
"အဘိုး၊ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေး မြန်မြန်ရပါစေနော်"
"အဘိုး၊ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေး မြန်မြန်ရပါစေနော်"
ကြက်တူရွေးတစ်ကောင်၏အော်သံက လူတိုင်းအာရုံကို ဆွဲဆောင်သွားတော့၏။ အငယ်ဆုံးမြေးဖြစ်သူ ကုဇီရှင်းတစ်ယောက် ငှက်လှောင်အိမ်ကို ကိုင်လာခြင်းပင်။ အထဲရှိကြက်တူရွေးလေးမှာ ထိုဂုဏ်ပြုစကားများကိုသာ မရပ်မနား ဆက်တိုက်အော်ဟစ်နေတော့သည်။
ဒေါသထွက်စရာကောင်းလှသော ထိုအသံများကို ကြားလိုက်ရသဖြင့် မြို့စားကြီးကုက သူ့မြေးဖြစ်သူကို တုန်ရင်နေသော လက်များဖြင့် လက်ညှိုးထိုးကာ မေးလိုက်သည်။
"မင်း မြို့တော်လမ်းမတွေပေါ်ကနေ ဒီကြက်တူရွေးကို ဒီအတိုင်းကြီးကိုင်လာတာလား"
ကုဇီရှင်း ခေါင်းညိတ်ပြလိုက်၏။ အဘိုးဖြစ်သူကို အံ့အားသင့်သွားစေရန် မနက်စောစောကတည်းက သူထွက်လာခဲ့ခြင်းဖြစ်ပြီး အစေခံများသိသွားကာ သူ့အစီအစဉ်ကို ကြိုဖွင့်ပြောပြလိုက်မည်ကို စိုးရိမ်သဖြင့် မြင်းလှည်းမစီးဘဲ လမ်းလျှောက်ပြန်လာရန်ပင် ရွေးချယ်ခဲ့သည်။
မြို့စားကြီးကုက မျှော်လင့်ချက်ရောင်ခြည်လေးဖြင့် သူ့အိမ်တော်တံခါးဝဘက်သို့တစ်ချက် လှမ်းကြည့်လိုက်သည်။ လူအုပ်ကြီးမှာ သူ့ကိုမြင်လိုက်သည်နှင့်တစ်ပြိုင်နက် ထပ်မံ၍ဂုဏ်ပြုစကားများ အော်ဟစ်ကြပြန်တော့၏။
"ဂုဏ်ပြုပါတယ် သခင်ကြီး၊ ဂုဏ်ပြုပါတယ် သခင်ကြီး"
"သခင်ကြီးက အသက်ကြီးပေမဲ့ ခွန်အားတွေအပြည့်နဲ့ ကျန်းမာနေတုန်းပဲ"
"သခင်ကြီးက တကယ်ကိုကံကောင်းတာပဲ"
"သခင်ကြီး သားလေးမြန်မြန် ပွေ့ချီခွင့်ရပါစေ"
"...."
မရပ်မနား ဆက်တိုက်ရွာချနေသော ဂုဏ်ပြုဆုတောင်းစကားများကြောင့် နောက်ဆုံးတွင် မြို့စားကြီးကုမှာ ဒေါသထွက်လွန်းသဖြင့် သတိလစ်သွားတော့သည်။
မြို့စားကြီး လဲကျသွားသည်ကိုမြင်သော်လည်း ရှောင်ကျိုးမှာမူ ဒေါသထွက်နေဆဲပင်။ သူမက အဘိုးကြီးမှာ သူမလက်ဆောင်ကို လိမ်လည်ရယူရန်အတွက် သတိလစ်ဟန်ဆောင်နေကြောင်း တွေးလိုက်မိ၏။
"ဟမ့် လူလိမ်ကြီး၊ နင်မင်္ဂလာမဆောင်ဘူးဆိုရင် ငါ့လက်ဆောင်တွေကို လိမ်ယူဖို့ မတွေးနဲ့နော်"
ထိုသို့ပြောပြီးနောက် ရှောင်ကျိုးက သတိလစ်နေသော မြို့စားကြီးထံမှ သူမ၏ငါးမျှားတံကို ပြန်လုကာ အိမ်သို့ ဒေါသတကြီး ပြန်သွားတော့သည်။ သူမခမျာ ပွဲကြီးပွဲကောင်းစားရမည်ဟု မျှော်လင့်ကာ အလကားသက်သက် စိတ်လှုပ်ရှားခဲ့ရ၏။ နောက်မှပိုစားနိုင်ရန်အတွက် မနက်စာကိုပင်မစားဘဲနေခဲ့သေးသည်။ မိသားစုတစ်စုလုံးမှာ သူမဆီက လက်ဆောင်ကို လိမ်ယူချင်နေတဲ့ လူလိမ်တွေဖြစ်နေလိမ့်မည်ဟု ဘယ်သူကများ ထင်ထားပါမည်နည်း။