အခန်း ၁၄၀
Vol. 14 Ch. 140
140
တစ်ခုခုလွဲနေကြောင်း အာရုံရလိုက်သဖြင့် စတုတ္ထမင်းသားနှင့် သူ့အပေါင်းအပါများက အိမ်တော်ထိန်းထံမှ သူတို့လက်ဆောင်များကို အမြန်ပြန်လုကာ မင်းသမီးစံအိမ်တော်ဘက်သို့ ရှောင်ကျိုးနောက်မှ လိုက်သွားကြတော့သည်။
ကုမိသားစုအိမ်တော်မှ အုတ်အော်သောင်းနင်းဖြစ်မှုများကို ကြည့်ပြီးနောက် သခင်ကြီးရှန်က ကြက်ဥတစ်အိတ်ကို သယ်လာသော သူ့မြေးမလေးကို မြင်လိုက်ရသဖြင့် အလျင်အမြန် လှမ်းခေါ်လိုက်၏။
"ယွမ်အာ အဘိုးကိုစောင့်ဦးလေ"
ထို့နောက် သူအမြန်လစ်ထွက်လာခဲ့သည်။ မြို့စားကြီးကုသာ ဒေါသထွက်လွန်း၍တစ်ခုခုဖြစ်သွားပါက သူ တာဝန်မယူရဲတော့ချေ။
ရှန်ကျစ်ယွမ် လှည့်ကြည့်လိုက်ပြီး သူမအဘိုးဖြစ်နေသည်ကို မြင်သောအခါ ဝမ်းသာအားရဖြင့် အင်္ကျီလက်ကိုဆွဲကာ အော်မေးလိုက်သည်။
"အဘိုး ဒီကို ဘာလာလုပ်တာလဲ"
သခင်ကြီးရှန်က မြေးမလေး၏နဖူးကို ခပ်ဖွဖွတစ်ချက်ပုတ်လိုက်ပြီး ချစ်ခင်ယုယစွာဖြင့် ပြောလိုက်၏။
"ဒီကောင်မလေးကတော့ တကယ့်ကို အသည်းနှလုံးမရှိတာပဲ၊ မြို့တော်မှာ ရောက်နေတာ ဒီလောက်တောင်ကြာနေပြီကို အဘိုးဆီ တစ်ခေါက်လေးတောင် လာမလည်ဘူးနော်"
သွားလည်ရန်ပျက်ကွက်ခဲ့သဖြင့် ရှန်ကျစ်ယွမ်က သူ့အင်္ကျီလက်ကို ဆွဲကာ မင်းသမီးစံအိမ်တော်ဘက်သို့ လမ်းလျှောက်သွားရင်း ကပ်ချွဲလိုက်သည်။
"အဘိုးကလဲ သမီးက နေ့တိုင်းအရမ်းအလုပ်ရှုပ်နေတာ၊ စာလည်းလုပ်ရတယ် သိုင်းလည်းကျင့်ရတယ်၊ ဒါပေမဲ့ အဘိုးကိုတော့ နေ့တိုင်းသတိရပါတယ်နော်"
မြေးဖြစ်သူမှာ စာပေနှင့် သိုင်းပညာများဖြင့် အလုပ်ရှုပ်နေကြောင်း ကြားလိုက်ရသောအခါ အဘိုးရှန်က ရယ်လိုက်၏။
"စာလုပ်တာ ကောင်းတယ်၊ ယွမ်အာက တကယ်ကို တော်တာပဲ၊ မြေးလေးက စာပေရော သိုင်းပညာမှာပါ ကျွမ်းကျင်တဲ့ သူရဲကောင်းမလေး သေချာပေါက် ဖြစ်လာမှာ"
ရှန်ကျစ်ယွမ်က ယုံကြည်မှုအပြည့်ဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သခင်ကြီးရှန်မှာ မင်းသမီးစံအိမ်တော်ထဲသို့ ဝင်ဝင်ချင်းပင် ကလေး ၂ ယောက်က ကြက်တစ်ကောင်ကို နောက်မှလိုက်ဖမ်းကာ အော်နေကြသည်ကို မြင်လိုက်ရ၏။
"ကွတ် ကွတ်"
ယွိဟွာက သူမသခင်မလေးရောက်လာသည်ကို မြင်သည်နှင့်တစ်ပြိုင်နက် ရှောင်ကျိုးရင်ခွင်ထဲသို့ ချက်ချင်းပြေးဝင်သွားတော့သည်။
"ကွတ် ကွတ်၊ ကွတ် ကွတ်"
‘သခင်မလေး နောက်ဆုံးတော့ပြန်လာပြီပေါ့၊ ဒီကလေးတွေကိုထပ်ပြီး မထိန်းချင်တော့ဘူး’
စိတ်ကောက်နေသော ရှောင်ကျိုးက ယွိဟွာကို ရှီထုံ့ရင်ခွင်ထဲသို့ လှမ်းထိုးထည့်လိုက်၏။
ယွိဟွာ : "အိမ်ပေါ်ကနေ ဆင်းသွားချင်နေပြီ၊ ဒီလိုကြီး ဆက်မနေနိုင်တော့ဘူး"
ကံကောင်းထောက်မစွာဖြင့် ယွိဟွာတွင် ကွေ့ဟွာဟုခေါ်သော ညီလေးတစ်ယောက် ရှိနေသည်။ သူ့အစ်ကို ဒုက္ခရောက်နေသည်ကို မြင်သောအခါ အနက်ရောင်ဝတ်ရုံနှင့်လူက ယွိဟွာကို ကလေး ၂ ယောက်လက်ထဲမှ ချက်ချင်း ကယ်ပေးလိုက်တော့၏။
ယွိဟွာ : "ဝါးးးးး ငါ့ညီလေးကတော့ အသိတရားရှိသေးတာပဲ"
ရှန်ကျစ်ယွမ်က ရွာသူကြီးလေးတစ်ယောက် လှေကားထစ်ပေါ်တွင် ဒေါသတကြီးထိုင်နေသည်ကို မြင်သောအခါ သူမအဘိုးကို ချက်ချင်းပစ်ထားခဲ့ပြီး အနားသို့ ပြေးသွားတော့သည်။
"ဘာဖြစ်လို့လဲ ရွာသူကြီးလေး၊ ဘယ်သူက ဒေါသထွက်အောင် လုပ်လိုက်တာလဲ"
ရှောင်ကျိုးက ဘေးအိမ်ရှိကုမိသားစုအိမ်တော်ဘက်သို့ လက်ညှိုးထိုးကာ သနားစရာကောင်းအောင်တိုင်လိုက်၏။
"ဟမ့် သူတို့အကုန်လုံးက လူလိမ်တွေချည်းပဲ၊ ငါ့လက်ဆောင်တွေကို လိမ်ယူသွားပြီးတော့ ငါ့ကို ထမင်းတောင်မကျွေးဘူးလေ"
စတုတ္ထမင်းသားကလည်း လှေကားထစ်ပေါ်သို့ ဒေါသတကြီးဆောင့်ထိုင်ချလိုက်သည်။
"ဟုတ်တယ်၊ ကတိပေးထားတဲ့ မင်္ဂလာသကြားလုံးတွေ ဘယ်ရောက်သွားပြီလဲ"
ဖက်တီးလေးကလည်း ဝင်ရောက်စွပ်စွဲလိုက်၏။
"အစားအသောက်တွေ အများကြီးရှိမယ်ပြောပြီး ရေတစ်ပေါက်တောင်မသောက်ခဲ့ရဘူး"
ကျောက်ဟူက သူသယ်လာသော ထင်း ၂ စည်းကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လှေကားထစ်ပေါ်တွင် ထိုင်လိုက်သည်။
"အဲ့ဒါကတော့ တရားလွန်လွန်းတယ်၊ ငါ မနက်စာတောင် မစားရသေးဘူး၊ ကုဇီရှင်းရဲ့အဘိုးကိုပေးဖို့ ထင်း ၂ စည်းကိုတောင် သွားခုတ်လာခဲ့တာကို သူတို့က မင်္ဂလာမဆောင်တော့ဘူးလို့ ပြောတယ်၊ ငါ ကုဇီရှင်းနဲ့ ဘယ်တော့မှထပ်မဆော့တော့ဘူး"
ရှီအန်းနှင့် အားသို့တို့သာ တိတ်ဆိတ်နေကြပြီး ရွာသူကြီးလေးထုတ်လာသည့် ငါးမျှားတံကို စစ်ဆေးကြည့်ရှုရန် အလုပ်ရှုပ်နေကြတော့၏။
သခင်ကြီးရှန်မှာ နောက်ဆုံးတော့ သဘောပေါက်သွားတော့သည်။ တကယ်တော့ ချန်လဲ့မင်းသမီးလေးက ကုမိသားစုသာ မင်္ဂလာမဆောင်ပါက သူတို့မင်္ဂလာဧည့်ခံပွဲသို့ မတက်ရမည်ကို စိုးရိမ်နေခြင်းပင်
သခင်ကြီးရှန် သဘောတကျရယ်ပြီး ပြောလိုက်သည်။
"မင်းသမီးလေး စိုးရိမ်စရာမလိုပါဘူး၊ မနေ့က စတုတ္ထမင်းသား ဧကရာဇ်ဆီကနေ စာလုံးလှတစ်ခုရလာခဲ့တယ်မလား၊ အဲ့ဒီမှာ ‘ကောင်းကင်ဘုံက ဖန်တီးပေးထားတဲ့ ဖူးစာ’ လို့ ရေးထားတယ်လေ၊ ရှင်ဘုရင်ရဲ့စကားက ဥပဒေပဲ၊ ဧကရာဇ်က သူပေးပြီးသားစာလုံးလှကို ဘယ်လိုလုပ် ပြန်ရုပ်သိမ်းနိုင်မှာလဲ၊ အဲ့ဒါကြောင့် ကုမိသားစုက မင်္ဂလာပွဲနဲ့ ဧည့်ခံပွဲကို မဖြစ်မနေကျင်းပရမှာ၊ မဟုတ်ရင် သူတို့က ဧကရာဇ်ကို လှည့်စားတဲ့အပြစ် ကျူးလွန်ရာကျနေမှာပေါ့"
ကလေးများ၏မျက်လုံးများမှာ အရောင်လက်သွားကြပြီး ရှောင်ကျိုးက အလျင်အမြန်မေးလိုက်၏။
"အဘိုးရှန် အဘိုးဆိုလိုတာက ကုဇီရှင်းရဲ့အဘိုးက မလိမ်ဘူး၊ သူတို့ မင်္ဂလာဆောင်ကြတော့မယ်လို့ ပြောချင်တာလား"
သခင်ကြီးရှန် ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်သည်။
"အင်း၊ ဒါပေမဲ့ ဘယ်သူနဲ့ မင်္ဂလာဆောင်မလဲ၊ ဘယ်လိုလုပ်မလဲဆိုတာကိုတော့ အဘိုးလည်း မသိဘူး"
သူတို့အားလုံးမှာ နန်းတွင်းထဲရှိမြေခွေးအိုကြီးများဖြစ်ကြ၏။ ယနေ့ ကြုံတွေ့ရသည့် အခြေအနေမျိုးနှင့်ပတ်သက်၍ မြို့စားကြီးကုတွင် ဖြေရှင်းမည့်နည်းလမ်းရှိလိမ့်မည်ဟု သခင်ကြီးရှန် ယုံကြည်ထားသည်။ မြို့စားကြီးကု ကိုယ်လုပ်တော်ယူတော့မည်ဟူသော ကောလာဟလကို မည်သူဖြန့်လိုက်သည်ကိုသာ သူမသိရခြင်းဖြစ်ပြီး ၎င်းက ယနေ့တွင် အမှားကြီးတစ်ခုကိုဖြစ်ပေါ်စေကာ ဧကရာဇ်နားဆီသို့ပင် ရောက်သွားခဲ့သည်။ တကယ့်ကို အုတ်အော်သောင်းနင်းပင်ဖြစ်ပြီး ယခုဆိုလျှင် မြို့တော်တစ်ခုလုံး သိနေလောက်ပြီပင်။
ကုမိသားစု၏မြေးဖြစ်သူမှာ ထိုကြက်တူရွေးကိုကိုင်ကာ ငှက်ကလည်း ‘အဘိုး၊ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေး မြန်မြန်ရပါစေနော်’ ဟု လမ်းမများတစ်လျှောက် အော်လာသည့် မြင်ကွင်းကိုတွေးမိလိုက်သောအခါ သခင်ကြီးရှန်မှာ မျက်နှာကို လက်ဖြင့်အုပ်ကာ ရယ်လိုက်မိတော့သည်။ ကံကောင်းထောက်မစွာဖြင့် သူ့မြေးဖြစ်သူမှာ ထိုမျှရှက်စရာကောင်းသည့်အလုပ်မျိုးကို လုပ်မည်မဟုတ်ပေ။ ထိုကဲ့သို့ အရှက်ရစရာ မြင်ကွင်းကို တွေးကြည့်လိုက်ရုံဖြင့် သခင်ကြီးရှန်မှာ သူ့သက်တမ်းများစွာ လျော့ကျသွားမည်ဟုပင် ခံစားလိုက်ရ၏။
မြေးဖြစ်သူကြောင့် ဒေါသထွက်လွန်း၍ သတိလစ်သွားခဲ့ရသော မြို့စားကြီးကုမှာ ယခုအခါ မိသားစုသမားတော်၏ ကုသမှုဖြင့် သတိပြန်လည်လာခဲ့ပြီ ဖြစ်သည်။
မြို့စားကြီးကုက မျက်နှာကျက်ကို ကြည့်ကာ ခုတင်ပေါ်တွင် ကြောင်တောင်တောင် လှဲနေ၏။
သူ့ဂုဏ်သိက္ခာကို အရာအားလုံးထက် တန်ဖိုးထားတတ်သော သူက ယနေ့တွင် မျက်နှာပြစရာမရှိတော့ကြောင်း ခံစားလိုက်ရသည်။ မြို့တော်ထဲမှလူများက သူ့အကြောင်းကို မည်သို့ပြောဆိုကြမည်ကိုပင် သူတွေးပင်မတွေးဝံ့တော့။
ကြက်တူရွေး၏ "အဘိုး၊ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုပါတယ်၊ သားလေး မြန်မြန်ရပါစေနော်" ဟူသော အော်သံက သေလုမျောပါးဖြစ်နေသော မြို့စားကြီးကုကို လန့်နိုးသွားစေတော့သည်။ သူက တံခါးဝရှိ တံမြက်စည်းကိုဆွဲယူကာ မြေးဖြစ်သူခြံဝင်းဆီသို့ အပြေးအလွှား သွားတော့၏။
ကံမကောင်းစွာဖြင့် ကုဇီရှင်းမှာ ပျောက်နေခဲ့ပြီဖြစ်ပြီး သူ ဘယ်နေရာတွင် သွားပုန်းနေမှန်း မည်သူမျှမသိကြပေ။
မြို့စားကြီးကုကလှည့်ကာ မရပ်မနား အော်ဟစ်နေဆဲဖြစ်သော ကြက်တူရွေးဆီသို့ တံမြက်စည်းဖြင့်ရွယ်လိုက်သည်။ ကြက်တူရွေးမှာ အလွန်တရာမှ လန့်ဖြတ်သွားပြီး သော့မခတ်ထားသော ငှက်လှောင်အိမ်ကိုတိုက်ကာ ပျံထွက်သွားပြီး မင်းသမီးစံအိမ်တော်၏ ခြံဝင်းထဲသို့ အတိအကျသွားရောက်နားခိုလိုက်တော့၏။
လှေကားထစ်ပေါ်မှ ကလေးတစ်သိုက်က မြို့စားကြီးကုကို ဂုဏ်ပြုစကားများ ပြောပေးခဲ့သည့် ကြက်တူရွေး မင်းသမီးစံအိမ်တော်ဘက်သို့ ပျံလာသည်ကို မြင်လိုက်ရသဖြင့် အော်လိုက်ကြသည်။
"ငှက်ကို သတ်၊ အဲ့ငှက်ကို သတ်"
ယွိဟွာက ပျံနေသောကြက်တူရွေးကို ကြည့်ကာ အထက်သို့မော့ပြီး ကျိန်ဆဲလိုက်၏။
"ငတုံးငှက်"
လျှောက်ပျံနေသောကြက်တူရွေးမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။ ကြက်တစ်ကောင်က သူ့ကိုစော်ကားရဲသည်ကိုမြင်သောအခါ သူကလည်း ကိုယ်ပိုင်ဆဲသံများဖြင့် ချက်ချင်း ပြန်လည်ချေပလိုက်၏။
"ငတုံးကြက်"
ယွိဟွာမှာ မှင်သက်သွားရတော့သည်။ သူမက ပြိုင်ဘက်ကောင်းနှင့်တွေ့သွားခဲ့လေပြီပင်။
"ကွတ် ကွတ်"
ကြက်တူရွေးကလည်း ချက်ချင်းပင် ကျိန်ဆဲသံဖြင့် ပြန်လည်ချေပလိုက်၏။
"ငတုံးကြက်"
ယွိဟွာက လေထဲသို့ ချက်ချင်းပျံတက်သွားပြီး ကြက်တူရွေးနှင့် စတင်ရန်ဖြစ်တော့သည်။
ဤကြက်တူရွေး၏ ယခင်ပိုင်ရှင်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုသည်မှာ စဉ်းစားစရာပင်။ ယွိဟွာနှင့် ရန်ဖြစ်နေစဉ်အတွင်း သူက ကျိန်ဆဲသံများကို တစ်ခွန်းမှ မထပ်စေဘဲ ဆက်တိုက် ရေရွတ်နေတော့၏။
ရှုံးတော့မည်ကို မြင်သောအခါ ကြက်တူရွေးက ချက်ချင်းပင် ထွက်ပြေးကာ ရှောင်ကျိုးရင်ခွင်ထဲသို့ တန်းတန်းမတ်မတ်ပျံဝင်သွားတော့သည်။
ရှောင်ကျိုးက ကြက်တူရွေးကိုဖမ်းကိုင်လိုက်ပြီး စူးစမ်းလိုစိတ်ဖြင့်စိုက်ကြည့်နေ၏။
'ဆဲတတ်တဲ့ ကြက်တူရွေးလား'
"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"
'သခင်မလေး၊ သူ့ကို ငါ့ဆီပစ်ပေးလိုက်၊ သူ့ကို သတ်ပစ်ချင်လို့'
ရှောင်ကျိုးက ယွိဟွာကိုဘေးသို့ တွန်းဖယ်လိုက်သည်။
"တိတ်တိတ်နေစမ်း၊ ဒီအကောင်ပေါက်လေးကို သေသေချာချာစစ်ဆေးကြည့်ရအောင်"
ရှောင်ကျိုး သူ့ကိုကြည့်နေသည်အားမြင်သောအခါ ကြက်တူရွေးက ချက်ချင်းပင် ရှောင်ကျိုးလက်ဖဝါးနှင့် သူ့ခေါင်းကို ပွတ်သပ်လိုက်၏။ ထို့နောက် ဖားတတ်လွန်းသော ကြက်တူရွေးက အော်လိုက်သည်။
"သခင်မလေး သခင်မလေး၊ ကံကောင်းခြင်းတွေနဲ့ ကြွယ်ဝချမ်းသာပါစေ"
ယွိဟွာမှာ ဒေါသထွက်လွန်းသဖြင့် အမွေးများပင် ထောင်သွားတော့၏။
"ကွတ် ကွတ်၊ ကွတ် ကွတ်၊ ကွတ် ကွတ်"
‘အရှက်မရှိတဲ့အကောင်၊ ဘယ်သူက နင့် သခင်မလေးလဲ၊ အဲ့ဒါ ငါ့သခင်မလေး’
ကြက်တူရွေးက ယွိဟွာကိုရန်စသည့်အလား ရှောင်ကျိုးလက်ဖဝါးကို ဆက်လက်၍ ချွဲနွဲ့ပွတ်သပ်နေတော့သည်။
"ကွတ် ကွတ်၊ ကွတ် ကွတ်"
‘အား၊ ငါ နင့်ကို သတ်ပစ်မယ်’
ရှောင်ကျိုးမှာ ထို ၂ ကောင်၏ဆူညံသံများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာတော့၏။
"ရပ်စမ်း"
ယွိဟွာက ရှောင်ကျိုးကို သနားစရာကောင်းအောင်ကြည့်လိုက်ပြီးနောက် ရှောင်ကျိုးရင်ခွင်ထဲသို့ ချက်ချင်းခုန်ဝင်ကာ ကြက်တူရွေးကို ဘေးသို့တွန်းဖယ်လိုက်သည်။
အရှုံးမပေးလိုသော ကြက်တူရွေးကလည်း ရှောင်ကျိုးပခုံးပေါ်သို့ ချက်ချင်း ပျံတက်သွားတော့၏။
ရှောင်ကျိုးက ကြက်တူရွေးကိုဆွဲခွာလိုက်ပြီး ပြောလိုက်သည်။
"ငါက နင့်သခင်မ မဟုတ်ဘူး၊ အဲ့ဒါကြောင့် ငါ့ကို သခင်လို့မခေါ်နဲ့၊ မဟုတ်ရင် နင့်အမွေးတွေကို နှုတ်ပစ်မယ်"
ကြက်တူရွေး : ?
ထိုစကားကိုကြားလိုက်ရသောအခါ ယွိဟွာမှာ ချက်ချင်းပင် ဆူပူနေခြင်းကို ရပ်တန့်လိုက်တော့၏။ သူမပိုင်ရှင်က သူမကိုသာ အချစ်ဆုံးဆိုသည်ကို သူမ သိသွားခဲ့ပြီပင်။