← Chapters

အခန်း ၁၄၂

Vol. 15 Ch. 142

အခန်း ၁၄၂

Vol. 15 Ch. 142

142

ညနေစောင်းအချိန်သို့ရောက်လာသောအခါ ကုမိသားစုက အခြေအနေကို ဟန်လုပ်ကာ ပြီးစလွယ်ဖြတ်သန်းသွားရန်သာ မူလကစီစဉ်ထားခဲ့သည်။ အခြားအရာရှိများကလည်း အခြေအနေကို ရိပ်မိနေကြပြီး သူတို့စိတ်ထဲတွင် ပွဲကြည့်ချင်နေကြသော်ငြား မိမိကိုယ်ကိုထိန်းချုပ်ကာ ယခင်အကြိမ်က မပို့လိုက်ရသော လက်ဆောင်များကို အစေခံများမှတစ်ဆင့်သာ ပေးပို့ရန် စီစဉ်ထားကြ၏။

မထင်ထားဘဲ အိမ်မှနေ၍ အခြေအနေကို စောင့်ကြည့်နေကြသော အရာရှိများမှာ လမ်းမပေါ်မှ တီးမှုတ်သံများနှင့် ဗုံသံများကိုကြားလိုက်ရပြီး တူရိယာအမျိုးမျိုး၏ စူးရှကျယ်လောင်လှသော အသံများကလည်း ထိုးဖောက်ဝင်ရောက်လာတော့သည်။

စူးစမ်းလိုစိတ်ကို မထိန်းနိုင်ကြတော့သဖြင့် အရာရှိများမှာ သူတို့အိမ်တော်များထဲမှ ထွက်လာကြတော့၏။ လမ်းမပေါ်တွင် တူရိယာများတီးမှုတ်ကာ ရှေ့ဆောင်လာသော ကလေးတစ်သိုက်ကို မြင်လိုက်ရပြီး သူတို့နောက်တွင် တိရစ္ဆာန်ပုံသဏ္ဌာန်ရှိသော ထူးထူးဆန်းဆန်း အရာဝတ္ထုကြီးများက လိုက်ပါလာကြသည်။ စုံစမ်းမေးမြန်းကြည့်ပြီးနောက် ၎င်းကို ခြင်္သေ့အကဟုခေါ်ကြောင်းနှင့် ထိုအရာဝတ္ထုကြီးများမှာ ခြင်္သေ့များဖြစ်ပြီး တစ်ကောင်လျှင် လူ ၂ ယောက်က သယ်ဆောင်ကပြရကြောင်းကို သူတို့သိသွားကြသည်။

အနီးနားတွင်လည်း လူအချို့က ဗုံများကို စည်းချက်ကျကျနှင့် စိတ်အားထက်သန်စွာ တီးခတ်နေကြ၏။

ဆူညံနေသော မောင်းနှင့် ဗုံသံများကြားတွင် ခြင်္သေ့များက လေထဲသို့မြင့်မြင့်ခုန်တက်ကာ မြေကြီးပေါ်တွင် လူးလှိမ့်နေကြသည်။ အရှေ့မှ ခြင်္သေ့အသေးလေးကတော့ အထူးသဖြင့် သွက်လက်ဖျတ်လတ်ပြီး မျက်စိဖမ်းစားနိုင်လှ၏။ ၎င်းက လူအုပ်ထဲသို့တိုးဝင်ကာ ခေါင်းခါ၊ အမြီးယမ်းပြီး လူများနှင့် အပြန်အလှန် ဆော့ကစားနေကာ ရယ်စရာကောင်းသော လှုပ်ရှားမှုများဖြင့် ဘယ်ညာလိမ်ယှက်ကပြနေတော့သည်။

ဘေးပတ်လည်ရှိ လူအုပ်ကြီးကလည်း အဆက်မပြတ် အားပေးအော်ဟစ်နေကြ၏။

အားပေးမှုများစွာကို မြင်လိုက်ရသောအခါ ကလေးများမှာ အထူးစိတ်လှုပ်ရှားသွားကြပြီး ကြီးမားလှသော အောင်မြင်မှုတစ်ခုကို ခံစားလိုက်ကြရတော့သည်။

ထို့ကြောင့် ထင်ရှားပေါ်လွင်လိုသော ရှောင်ကျိုးက သူမအရည်အချင်းကို စတင်ထုတ်ပြလာတော့သည်။ မြို့စားကြီးကုအတွက် အထူးရည်ရွယ်ကာ နေ့ခင်းကတည်းက သူမ လေ့ကျင့်ထားခဲ့သော ချိုမြိန်လှသည့်သီချင်းတစ်ပုဒ်ပင်။

ရှောင်ကျိုးက နှဲကိုတီးမှုတ်ရင်း ကခုန်ကာ သူမရှေ့ရှိ အခြားသူများကို ဦးဆောင်ညွှန်ကြားနေတော့၏။

"တွီ တွာ၊ တွီ တွာ၊ တွီ တွာ၊ တွီ တွာ"

မင်းသမီးစံအိမ်တော်မှ လူများကလည်း နောက်မှလိုက်ကာ ကခုန်ရင်း သီချင်းလိုက်ဆိုကြတော့သည်။

"သန်မာတောင့်တင်းပြီး မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ဒီကုက ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့သူပါ၊ နှမလေးက ဘယ်ကလာတာလဲ၊ မြို့တော်ကလား တခြားကလား၊ ငါ့ရဲ့ ဘဝလက်တွဲဖော် လုပ်ချင်လား၊ မင်းလေးက ကြံချောင်းလိုမျိုးချိုမြိန်လိုက်တာ"

ထိုအသံများမှာ နားကွဲမတတ်ဆူညံနေပြီး လမ်းမတစ်ခုလုံး ပဲ့တင်ထပ်နေတော့၏။

သီချင်းသံကြောင့် ချက်ချင်းပင် ဆွဲဆောင်ခံလိုက်ရသော ပတ်ဝန်းကျင်ရှိ လူအုပ်ကြီးမှာလည်း ဝင်ရောက်ပါဝင်လာကြပြီး အတူတကွကခုန်သီဆိုကြတော့သည်။

"ချိုမြိန်လှတဲ့ ပျားရည်လေး"

"ချိုမြိန်လှတဲ့ ပျားရည်လေး"

မြင်ကွင်းကြီးမှာ တကယ့်ကိုခမ်းနားကြီးကျယ်လှပြီး လူတိုင်း၏သီဆိုသံများက မြို့တော်တစ်ခုလုံးပဲ့တင်ထပ်နေကာ နန်းတော်ထဲတွင် စာချွန်လွှာများကို စစ်ဆေးဖတ်ရှုနေသော ဧကရာဇ်၏ နားဆီသို့ပင် ရောက်ရှိသွားတော့၏။

ဧကရာဇ်က ထိုဆူညံသံများကို စုံစမ်းရန် မိန်းမစိုးကို အပြင်သို့လွှတ်လိုက်သည်။

‘ရန်သူနိုင်ငံကများ မြို့တော်ကို ကျူးကျော်ဝင်ရောက်လာတာလား’

မကြာမီတွင် မိန်းမစိုးမှာ မြို့တော်ထဲရှိ စည်ကားသိုက်မြိုက်နေသော မြင်ကွင်းကို ဧကရာဇ်အား ပြန်လည်လျှောက်တင်လိုက်၏။

စာချွန်လွှာများကို အာရုံစိုက်ဖတ်ရှုရန် ရုန်းကန်နေရသော ဧကရာဇ်မှာ ရုတ်တရက် အလုပ်ဆက်မလုပ်နိုင်တော့ပေ။ ဧကရာဇ်က အမိန့်ပေးလိုက်သည်။

"ဒီညက မြို့စားကြီးကုရဲ့မင်္ဂလာဧည့်ခံပွဲဆိုတာ ငါ မှတ်မိတယ်၊ မြို့စားကြီးက နန်းတွင်းအတွက် နှစ်ပေါင်းများစွာ အလုပ်အကျွေးပြုခဲ့တာလေ၊ အခု သူ မင်္ဂလာဆောင်တော့မှာဆိုတော့ ငါကိုယ်တိုင်သွားပြီး အားပေးထောက်ခံမှု ပြသင့်တယ် သွားကြစို့"

ဧကရာဇ်၏ကိစ္စအဝဝကို တာဝန်ယူရသော မိန်းမစိုးဟွမ်က နန်းတွင်းအစေခံများကို ရထားလုံးပြင်ရန် ချက်ချင်း အမိန့်ပေးလိုက်ပြီး သက်တော်စောင့်များကလည်း ဧကရာဇ်ကိုလိုက်ပါစောင့်ရှောက်ရန် အမိန့်အတိုင်းလိုက်နာဆောင်ရွက်ကြတော့၏။

သို့သော်လည်း ဧကရာဇ်မှာ ဤမျှလောက် အုတ်အော်သောင်းနင်းမဖြစ်စေချင်ပေ။ သူက သက်တော်စောင့်များကို ပြန်လွှတ်လိုက်ပြီး သာမန်အရပ်ဝတ်ကို လဲလှယ်ကာ မိန်းမစိုးဟွမ်နှင့် သူ့လျှို့ဝှက်သက်တော်စောင့် လင်းယီတို့ ၂ ယောက်တည်းကိုသာ ခေါ်ဆောင်၍ နန်းတော်ထဲမှ တိတ်တဆိတ်ထွက်လာခဲ့တော့သည်။

ဧကရာဇ်မှာ မြို့တော်၏လမ်းမများပေါ်သို့ ရောက်လာသောအခါ လူအုပ်ကြီး၏ တိုက်မိခြင်းကိုပင် ခံလိုက်ရလုနီးပါး ဖြစ်သွား၏။ လူတိုင်းက သီဆိုကခုန်နေကြသည်ကိုမြင်သောအခါ ဧကရာဇ်က ရုပ်ဖျက်ထားမှုနှင့် ပြည်သူများ သူ့ကိုမမှတ်မိနိုင်ခြင်းကို အခွင့်ကောင်းယူကာ ကခုန်နေသည့်အထဲသို့ ဝင်ရောက်ပါဝင်သွားတော့သည်။

မိန်းမစိုးဟွမ်မှာ ဧကရာဇ်ဘေးတွင် လိုက်ပါခုန်ပေါက်ရင်း အရေးကြီးကိစ္စများကို အဆက်မပြတ်သတိပေးနေရသဖြင့် တကယ်ကိုစိတ်ပူပန်နေရတော့၏။

"သခင်၊ ဖြည်းဖြည်း ခုန်ပါဦး"

"နည်းနည်းလောက် ဖယ်ပေးကြပါ၊ ကျွန်တော့်သခင်ကို မတိုးကြပါနဲ့"

"ငါ့သခင်ရဲ့ခြေထောက်ကို နင်းရဲတယ်ပေါ့လေ"

"...."

ဧကရာဇ်မှာ ပြည်သူများ သူ့ကိုမှတ်မိမည်မဟုတ်ဟု တွေးထားသော်ငြား ဘေးမှနေ၍ ပွဲကြည့်နေကြသော အရာရှိများပါ လူအုပ်ထဲတွင် ရောနေသည်ကိုမူ သူသတိမထားမိခဲ့ပေ။

စစ်သူကြီးစူးက သူ့ဘေးတွင်ခုန်ပေါက်နေသော ဧကရာဇ်ကိုမြင်လိုက်ရသောအခါ ပထမတော့ထိတ်လန့်သွားပြီးနောက် ပိုလို့တောင်ပျော်ရွှင်စွာ ခုန်ပေါက်လိုက်တော့၏။ သူက ဧကရာဇ်ကို အော်ခေါ်တော့မည့်ဆဲဆဲတွင် ဧကရာဇ်မှာ အရပ်ဝတ်ဖြင့်ဖြစ်နေသည်ကို သတိပြုမိသွားပြီး သူ့လေသံကို ချက်ချင်းပြောင်းကာပြောလိုက်သည်။

"အရှင်... အဲ သခင်ကြီး ဂါရဝပြုပါတယ်"

ဧကရာဇ် : 'ဒုက္ခပါပဲ၊ နန်းတွင်းအရာရှိတွေနဲ့တော့ တည့်တည့်ကိုတိုးပြီပဲဟေ့'

ဧကရာဇ်မှာ အနည်းငယ်ထိတ်လန့်သွားသော်ငြား နန်းတွင်းရှိအဖြောင့်မတ်ဆုံးနှင့် အတည်ကြည်ဆုံးအရာရှိများဖြစ်ကြသည့် စစ်ဆေးရေးအရာရှိနှင့် ဓလေ့ထုံးတမ်းဝန်ကြီးတို့ပင် လူအုပ်ထဲတွင် လိုက်ပါကခုန်နေကြသည်ကို မြင်လိုက်ရသောအခါမှ သက်ပြင်းချနိုင်သွားတော့သည်။ မနက်ဖြန် မနက်ခင်းညီလာခံတွင် စည်းကမ်းမကျမှုဖြင့် စစ်ဆေးရေးအရာရှိ၏စွပ်စွဲပြစ်တင်ခံရမည်ကို သူစိုးရိမ်စရာမလိုတော့သည့်ပုံပင်။

မည်သို့ပင်ဖြစ်စေ သူတို့အမူအကျင့်နှင့် ပတ်သက်၍ အတိကျဆုံးဖြစ်သော စစ်ဆေးရေးအရာရှိနှင့် ဓလေ့ထုံးတမ်းဝန်ကြီးတို့ကိုယ်တိုင်ကပင် လက်ရှိတွင် သာမန်ပြည်သူများနှင့်အတူ ခုန်ပေါက်နေကြသည်။

ဧကရာဇ်လည်း ချက်ချင်းပင် စိတ်လွတ်ကိုယ်လွတ်ဖြင့် လူအုပ်ကြီးနှင့်အတူ စတင်ခုန်ပေါက်တော့၏။

တကယ်တမ်းတွင် အရာရှိများမှာ သူတို့သဘောဖြင့်သူတို့ ကခုန်ရန်လာခဲ့ကြခြင်း မဟုတ်ပေ။ သူတို့က ကိုယ့်အိမ်တော်တံခါးဝတွင်ရပ်ကာ ပွဲကြည့်နေကြစဉ် အရိုအသေတန်သော သာမန်ပြည်သူတစ်ယောက်က သူတို့ကိုလူအုပ်ကြီးထဲသို့ ဆွဲသွင်းသွားခဲ့ခြင်းပင်ဖြစ်၏။ ထိုသို့ဖြင့် အရာရှိများက လူအုပ်ထဲတွင် ရောနှောကာ သီဆိုကခုန်နေကြသည့် မြင်ကွင်းကြီး ဖြစ်ပေါ်လာခြင်းပင်။

သေချာသည်ကတော့ အချိန်အကြာကြီး အလုပ်လုပ်ရခြင်းက လူများကို အနည်းငယ် ရူးသွားစေနိုင်သည်။ ပိုမိုကျယ်ပြန့်သော ရှုထောင့်မှကြည့်မည်ဆိုလျှင် နန်းတွင်းတွင် တရားဝင်စာပေအသုံးအနှုန်းများဖြင့်သာ စကားပြောလေ့ရှိကြသော အရာရှိများမှာ သာမန်ပြည်သူများထက်ပင် ပို၍စိတ်လှုပ်ရှားနေကြတော့၏။

တီးမှုတ်သံများ၊ အော်ဟစ်အားပေးသံများဖြင့် ပြည့်နှက်နေသောပွဲတော်လှည့်လည်သည့်လူအုပ်ကြီးမှာ မြို့စားကြီးကုအိမ်တော်သို့ ရောက်ရှိလာကြသည်။ ကလေးအချို့က ကုမိသားစု၏တံခါးရှေ့တွင် ဗြောက်အိုးများကို အလျင်အမြန်ချထားကာ မီးရှို့ပြီးနောက် ထွက်ပြေးသွားကြ၏။ မောင်းနှင့် ဗုံသံများက ဗြောက်အိုးသံများနှင့် ရောနှောသွားကာ အလွန်တရာမှ စည်ကားသိုက်မြိုက်ပြီး ပျော်ရွှင်ဖွယ်ကောင်းသောအငွေ့အသက်ကို ဖန်တီးပေးနေတော့သည်။

ဗြောက်အိုးသံများ ရပ်တန့်သွားပြီးမှသာ ကုမိသားစုဝင်များက အပြင်သို့ ချောင်းကြည့်ရဲကြတော့၏။

တံခါးဝရှိ လူအုပ်ကြီးကိုမြင်လိုက်ရသောအခါ ဆက်ခံသူကုက သူ့ဖခင်ဖြစ်သူ မြို့စားကြီးကုဘက်သို့ လှည့်မေးလိုက်သည်။

"အဖေ၊ ကျွန်တော်တို့မိသားစုက ပုန်ကန်နေလို့လား၊ မြို့တော်ကလူတွေအကုန်လုံး ကျွန်တော်တို့ကိုလာတိုက်ခိုက်ကြတာလား"

သခင်မကုမှာလည်း မှင်သက်သွားရ၏။ သူမက တံခါးဝကိုကြည့်ကာ တံတွေးတစ်ချက်မျိုချပြီး မေးလိုက်သည်။

"ကျွန်မတို့က ဘယ်လိုတန်ဖိုးဖြတ်မရတဲ့ ရတနာတွေကိုများ ဖွက်ထားမိလို့လဲ၊ ဒါမှမဟုတ် နိုင်ငံတစ်နိုင်ငံထက်ပိုပြီး ချမ်းသာသွားစေနိုင်တဲ့ ရတနာမြေပုံများ ကျွန်မတို့ဆီမှာ ရှိနေလို့လား၊ မြို့တော်ကလူတွေ အဲ့ဒါကို သိသွားပြီး လာခိုးကြတာလား"

မြို့စားကုကြီးမှာ ထိုအရူး ၂ယောက်ကို ကြည့်ကာ ဒေါသထွက်လွန်းသဖြင့် လဲသေလုမတတ်ပင် ဖြစ်သွားရတော့၏။

ကုမိသားစုတံခါးပွင့်လာပြီး ကုဇီရှင်း၏ အဘိုးအဘွားများနှင့် မိဘများရပ်နေသည်ကို မြင်လိုက်ရသောအခါ ရှောင်ကျိုးက နှဲကိုချက်ချင်းထပ်တီးမှုတ်လိုက်ပြီး သီချင်းသံမှာ ကုမိသားစုတစ်စုလုံးထံ ပဲ့တင်ထပ်သွားစေတော့သည်။

"တွီ တွာ၊ တွီ တွာ"

လမ်းတစ်လျှောက်လုံး သီဆိုကခုန်လာခဲ့ကြသောလူများမှာ သီချင်းကို စာသားမကျန် မှတ်မိနေကြပြီဖြစ်ရာ ချက်ချင်းပင် ဝင်ရောက်သီဆိုကြတော့၏။

"သန်မာတောင့်တင်းပြီး မားမားမတ်မတ်ရပ်တည်နိုင်တဲ့ ငါကုက ပွင့်လင်းပြီး ပျော်ပျော်နေတတ်တဲ့သူပါ၊ နှမလေးက ဘယ်ကလာတာလဲ၊ မြို့တော်ကလား တခြားကလား၊ ငါ့ရဲ့ ဘဝလက်တွဲဖော် လုပ်ချင်လား၊ မင်းလေးက ကြံချောင်းလိုမျိုး ချိုမြိန်လိုက်တာ"

"ချိုမြိန်လှတဲ့ ပျားရည်လေး"

"ချိုမြိန်လှတဲ့ ပျားရည်လေး"

သီချင်းကိုရနေပြီဖြစ်သော ဧကရာဇ်မှာ ယခုအခါ မိန်းမစိုးဟွမ်နှင့် လက်ချိတ်ကာ "ချိုမြိန်လှတဲ့ ပျားရည်လေး" ဟု ညည်းတွားရင်း အတိုင်းမသိပျော်ရွှင်စွာဖြင့် ကခုန်နေတော့သည်။

ဧကရာဇ်၏အခြေအနေကို မြင်လိုက်ရသောအခါ အမြဲတမ်း ဘေးမှလိုက်ပါစောင့်ရှောက်ရသည့် မိန်းမစိုးဟွမ်မှာ အလွန်တရာမှ ဝမ်းသာပီတိဖြစ်သွားရ၏။

ဧကရာဇ် ဤမျှပျော်ရွှင်ပြီး စိတ်လက်ပေါ့ပါးမနေခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။

ကုအိမ်တော်ရှေ့ရှိ လူ ၂ယောက်က ထပ်မံ၍ စကားပြောလာကြပြန်၏။

"အဖေ သူတို့က ဒီနေ့အဖေနဲ့ အမေရဲ့ မင်္ဂလာဆောင်အတွက် ဂုဏ်ပြုဖို့လာကြတာလား၊ ကျွန်တော်တို့ ကုမိသားစုက မြို့တော်တစ်ခုလုံးလာပြီး ဂုဏ်ပြုရလောက်တဲ့အထိ ဂုဏ်သိက္ခာကြီးမားလိမ့်မယ်လို့ သားတစ်ခါမှ မတွေးဖူးဘူး"

"ဟုတ်တယ်၊ ပြောရမယ်ဆိုရင် ဒီသီချင်းက တကယ်ကို နားထောင်လို့ကောင်းတာပဲ၊ ချိုမြိန်ပြီး ချစ်စရာလေး ဟီးဟီး"

မြို့စားကြီးကုမှာ အချိန်အတော်ကြာ သည်းခံခဲ့သော်လည်း နောက်ဆုံးတွင် သူ့သည်းခံနိုင်စွမ်းကုန်သွားပြီဟု ခံစားလိုက်ရသည်။ သူက အိမ်တော်ထိန်းကို ခေါ်ကာ ထိုလူ ၂ ယောက်၏ပါးစပ်ကို ပိတ်ထားရန် ခိုင်းလိုက်ပြီး နောက်တစ်ခါထပ်ပြောပါက မိသားစုစည်းမျဉ်းများနှင့်အညီ အပြစ်ပေးမည်ဟု အမိန့်ချလိုက်တော့၏။

ဆက်ခံသူကုနှင့် သူ့ဇနီးတို့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြသော်ငြား သူတို့ခန္ဓာကိုယ်များကမူ အပြင်ဘက်ရှိ စည်းချက်အတိုင်း လိုက်ပါယိမ်းနွဲ့နေခြင်းကို မထိန်းချုပ်နိုင်ကြပေ။

ဆက်ခံသူကုက သူ့ဇနီးကို တီးတိုးပြောလိုက်သည်။

"သခင်မ အရှေ့မှာအဲ့ဒီလောက် တက်တက်ကြွကြွကနေတဲ့ ကောင်လေးကိုကြည့်စမ်း၊ အဲ့ဒါ ငါတို့ရဲ့ရှင်းအာမလား"

သခင်မကု လှမ်းကြည့်လိုက်သောအခါ တကယ်ကို ဟုတ်နေတော့၏။

"ရှင်သိလား၊ ရှင်းအာ က တာက တကယ်ကို ကြည့်ကောင်းတာပဲ”

All Chapters