← Chapters

အခန်း ၁၄၃

Vol. 15 Ch. 143

အခန်း ၁၄၃

Vol. 15 Ch. 143

143

ကုဇီရှင်းက ဇလုံတစ်လုံးနှင့် တုတ်တစ်ချောင်းကို ဘယ်ကနေဘယ်လိုရလာသည်တော့ မသိ။ သူက အားသို့နှင့် အခြားကလေးများကြားတွင် ကခုန်ရင်း စည်းချက်ကျကျ တီးခတ်နေတော့ရာ ထိုမြင်ကွင်းမှာ မျက်စိပသာဒဖြစ်ပြီး စိတ်အားထက်သန်ဖွယ်ရာကောင်းလှ၏။

မြို့စားကြီးကုက ဤပြဿနာများအားလုံး၏အရင်းအမြစ်ဖြစ်သော သခင်မကြီးကုကို လှမ်းကြည့်လိုက်ပြီး တိုးသဲ့သဲ့အသံဖြင့် ပြောလိုက်သည်။

"ဒါတွေအကုန်လုံးက မင်းလုပ်ရပ်တွေပဲ ပြောစမ်းပါဦး၊ အခု ငါတို့ဘာဆက်လုပ်ကြမလဲ"

သခင်မကြီးကုခမျာ အချိန်များကိုသာ နောက်ကြောင်းပြန်လှည့်ပစ်ချင်နေတော့၏။ သူမမှာ တူမဖြစ်သူကို ခေါ်မလာခဲ့သင့်သလို သားဖြစ်သူ ကိုယ်လုပ်တော်ယူမည့်ကိစ္စကိုလည်း လျှောက်မပြောခဲ့သင့်ချေ။ ထိုစကားများသာမပြောခဲ့လျှင် ဤမျှရယ်စရာကောင်းသော ဇာတ်လမ်းကြီး ဖြစ်လာမည်မဟုတ်ပေ။

ယနေ့တိုင်အောင် အခြေအနေတွေက ဘယ်လိုလုပ်ပြီး ဒီလောက်အထိဆိုးရွားသွားသလဲဆိုသည်ကို သူမနားမလည်နိုင်ဖြစ်နေတော့သည်။ သူမမှာ တစ်နေ့ခင်းလုံးနီးပါး သတိလစ်နေခဲ့ခြင်းဖြစ်ပြီး နိုးလာချိန်တွင်မူ အရာအားလုံးက ပြောင်းလဲသွားခဲ့ပြီပင်။ မြို့စားကြီးက အိမ်ထောင်ရေးကိစ္စများကို သူမချွေးမဖြစ်သူ သခင်မကုထံသို့ လွှဲပြောင်းပေးခဲ့ပြီး သူမကိုယ်တိုင်ကတော့ မြို့တော်၏လှောင်ရယ်စရာကြီးဖြစ်လာခဲ့သည်။ ဘုရားသခင်က သူမကို အပြစ်ပေးလိုက်သလို ခံစားလိုက်ရပြီး မြို့တော်ရှိသခင်မများကြားတွင် မျက်နှာမပြရဲတော့ပေ။ တစ်သက်လုံး ဗိုလ်ကျလာခဲ့သော သခင်မကြီးခမျာ နောက်ထပ်ပြဿနာများထပ်တက်လာပါက နတ်ဘုရားများ၏အပြစ်ပေးမှုအားခံရမည်ကို ကြောက်သွားပြီး ရုတ်တရက် လိမ္မာရေးခြားရှိလာတော့၏။

ကုဇီရှင်း၏အဘိုးနှင့်အဘွားတို့ တံခါးဝတွင် ကြောင်တောင်တောင်ကြီးရပ်နေသည်ကိုမြင်သောအခါ ရှောင်ကျိုးက သူတို့မှာဝမ်းသာလွန်း၍ စကားပင်မပြောနိုင်ဖြစ်နေသည်ဟု ထင်လိုက်သည်။ သူမက ကုမိသားစု၏အိမ်မကြီးတံခါးကို အလျင်အမြန်ဖွင့်ချလိုက်၏။ ကလေးတစ်သိုက်က အပြေးအလွှား ဝင်လာကြပြီး ကုမိသားစုဝင်များကို လူအုပ်ကြီးထဲသို့ ဆွဲခေါ်ကာ မြို့စားကြီးနှင့် သူ့ဇနီးကို ဂုဏ်ပြုကြတော့သည်။

တီးမှုတ်ကခုန်နေသော လူအုပ်ကြီးထဲတွင် သူ့လုပ်ဖော်ကိုင်ဖက်နှင့် ဧကရာဇ်တို့ကိုမြင်လိုက်ရသောအခါ ကမ္ဘာကြီးများ ရူးသွားပြီလားဟု မြို့စားကြီးကုတစ်ယောက် ခံစားလိုက်ရတော့၏။ နံနက်ခင်းညီလာခံတွင် အမြဲလိုလို သေမတတ်ရန်ဖြစ်လေ့ရှိသော သူတို့နှစ်ယောက်က ယခုအခါလက်ချင်းချိတ်ကာ စိတ်အားထက်သန်စွာ ကခုန်နေကြသည်။ ပြီးတော့ အမြဲတမ်းဒေါသအိုးကြီး ဧကရာဇ်ကရော ဘာတွေဖြစ်နေတာလဲ။ နိုင်ငံကြီး ပျက်စီးတော့မှာလား။ သေချာပေါက် ပျက်စီးတော့မှာပဲ။

မြို့စားကြီးကုမှာ သူ့အရှက်ကွဲမှုအတွက် ဆက်မပူပန်နိုင်တော့ပေ။ သူ့ကို ပို၍အရှက်ရစေသည်မှာ သူ့လုပ်ဖော်ကိုင်ဖက်များနှင့် ဧကရာဇ်တို့၏တုံ့ပြန်မှုများပင်။ အမူးပြေသွားပြီး သူတို့သတိပြန်လည်လာချိန်ကျရင် ဘယ်လို တွေးကြမလဲ။

မြို့စားကြီးကုခမျာ သူ့မာနကို စွန့်လွှတ်လိုက်ပြီဖြစ်သလို ဧကရာဇ်ရော သူ့လုပ်ဖော်ကိုင်ဖက်များကပါ သူတို့ပုံရိပ်ကို ဂရုမစိုက်ကြတော့သဖြင့် သူ့အနေဖြင့်လည်း ပုန်းအောင်းနေစရာ အကြောင်းမရှိတော့ပေ။

‘ဘာပဲဖြစ်ဖြစ် ဒုတိယအကြိမ် မင်္ဂလာဆောင်တာက ဘာများရှက်စရာကောင်းနေလို့လဲ’

သူက လက်ရှိအချိန်ကိုသာ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းပြီး အနှီညကိုကျော်ဖြတ်ရန် ဆုံးဖြတ်လိုက်၏။ အဆိုးဆုံးအနေဖြင့် မနက်ဖြန်တွင် သူတို့အားလုံး အရှက်ကွဲမှုကို အတူတကွမျှဝေခံစားကြရုံပင်။

မြို့စားကြီးကုက ဧကရာဇ်နှင့် သူ့လုပ်ဖော်ကိုင်ဖက်များကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီး အိမ်တော်ထိန်းကိုခေါ်ကာ အရက်များယူလာရန် ခိုင်းလိုက်သည်။ သူက လုပ်ဖော်ကိုင်ဖက်များကို အရက်မူးပြီး လဲသွားသည်အထိ တိုက်ရန် သန္နိဋ္ဌာန်ချထား၏။ ဧကရာဇ်ကိုမူ မမူးစေရန် သူ ဂရုစိုက်ရမည်ဖြစ်သည်။ ဧကရာဇ်သာ ကုအိမ်တော်တွင် တစ်ခုခု အမှားလုပ်မိပါက မိသားစုမှာပြဿနာကြီးနှင့် ရင်ဆိုင်ရမည်ဖြစ်၏။ အရာရှိများကို မူးအောင်တိုက်လိုက်ခြင်းဖြင့် ကုမိသားစု၏လုပ်ရပ်များက သိပ်ပြီး ကြည့်ကောင်းလှသည်မဟုတ်ကြောင်း သူတို့နားလည်သွားစေရန်သာ သူ မျှော်လင့်နိုင်တော့သည်။

တံခါးဝရှိ သာမန်ပြည်သူများအတွက်မူ အိမ်တော်ထဲတွင် နေရာအလုံအလောက်မရှိသဖြင့် လူတိုင်း ပျော်ရွှင်စွာစားသောက်နိုင်စေရန် အိမ်ပြင်ဘက်တွင် စားပွဲတစ်ဒါဇင်ခန့်ကို အဆက်မပြတ် ဧည့်ခံကျွေးမွေးရန် ပြင်ဆင်ပေးထား၏။

ကံကောင်းထောက်မစွာဖြင့် ရှောင်ကျိုး ခေါ်လာသော မင်းသမီးစံအိမ်တော်မှ အစေခံများက တကယ်ကိုတန်ဖိုးရှိလှပြီး ဟိုပြေးဒီလွှားဖြင့် ကုအိမ်တော်ကို အများကြီးအကူအညီပေးနိုင်ခဲ့ကြသည်။

ထိုအချိန်တွင် ကုမိသားစုဝင်များက ချန်လဲ့မင်းသမီးလေးကို ဦးချကာ ကျေးဇူးတင်စကားဆိုချင်စိတ်ပင် ပေါက်သွားကြတော့၏။ တကယ့်ကို အဝေးက ဆွေမျိုးထက် အနီးက အိမ်နီးချင်းက ပိုကောင်းသည်။ မင်းသမီးလေးက ဘယ်လောက်တောင် သဘောကောင်းသလဲဆိုတာကြည့်ပါဦး။ ကုမိသားစုကို ကူညီဖို့အတွက် သူမအိမ်တော်က အစေခံများ အကုန်လုံးကိုတောင် လွှတ်ပေးလိုက်သေးသည်။

မြို့စားကြီးနှင့် သူ့ဇနီးက အရက်ခွက်များဖြင့် ကျေးဇူးတင်စကားဆိုခဲ့ကြပြီး မင်းသမီးလေး၏အစေခံများအတွက်လည်း သီးသန့် ဧည့်ခံပွဲတစ်ခုကိုပြင်ပေးခဲ့ကြ၏။

ရှောင်ကျိုးတစ်ယောက် အလွန်တရာမှ ကျေနပ်သွားတော့သည်။

တွေ့လား။ သူမရဲ့ ဦးနှောက်က ထက်မြက်တယ်ဆိုတာ သူမသိပြီးသားလေ။

သူမက အရာအားလုံးကို လှလှပပလေး ဖြေရှင်းနိုင်ခဲ့ခြင်းမှာ တကယ့်ကို ပြီးပြည့်စုံလွန်းလှသည်။

ကလေးများက မင်္ဂလာသကြားလုံးများ တောင်းရန် အိမ်တော်ထိန်းဆီသို့ပြေးသွားကြတော့၏။ ကံကောင်းသည်မှာ သူ့သခင်လေးထံမှ မင်္ဂလာသကြားလုံးအကြောင်းပူဆာခံခဲ့ရသော အိမ်တော်ထိန်းက ကြိုတင်ပြင်ဆင်ထားခဲ့ခြင်းပင်။ မဟုတ်လျှင် ယနေ့ သကြားလုံးများမထုတ်ပေးနိုင်ပါက သူသေရလိမ့်မည်ဟုပင် ခံစားလိုက်ရသည်။

ကလေးများက တန်းစီရပ်ကာ အိမ်တော်ထိန်းထည့်ပေးရန်အတွက် သူတို့အိတ်ကပ်များကို တစ်ယောက်ပြီးတစ်ယောက် ဖွင့်ဟထားကြ၏။ အိမ်တော်ထိန်းက ကလေးတစ်ယောက်စီကို ရက်ရက်ရောရောတစ်ဆုပ်စာစီ ပေးလိုက်သည်။

ကလေးများနှင့် ရောနေသော ကျင့်ရှင်းကလည်း နောက်မှလိုက်လာ၏။ သူက အိတ်ကပ်ကိုဖွင့်ကာ အိမ်တော်ထိန်းအား ထပ်ထည့်ပေးရန် အချက်ပြလိုက်သည်။

မင်္ဂလာသကြားလုံးများက အကန့်အသတ်ရှိသဖြင့် အိမ်တော်ထိန်းက လက်တစ်ဆုပ်စာ အနည်းငယ်သာ ယူလိုက်၏။ ဧည့်သည်များ သိပ်မလာလောက်ဟုထင်ထားသဖြင့် သူက အများကြီး မဝယ်ထားခဲ့ပေ။ ကလေးများသာ တကယ်လိုချင်ကြမည်ဟု တွေးကာ အားလုံးကို သူတို့ဆီသာ ပေးလိုက်မည်ဟု ဆုံးဖြတ်ထားသည်။

သူ့အိတ်ကပ်ထဲရှိ အထီးကျန်နေသော သကြားလုံးအနည်းငယ်ကိုကြည့်ကာ ကျင့်ရှင်းတစ်ယောက် အလွန့်အလွန်မကျေမနပ် ဖြစ်သွားတော့၏။

"ဘာလုပ်နေတာလဲ၊ တာအိုဆရာတွေကို အထင်သေးနေတာလား"

ထိုသို့ပြောပြီးနောက် သူကလက်လှမ်းကာ အိမ်တော်ထိန်းထံမှ သကြားလုံးတစ်ဆုပ်စာကိုလုပြီး သူ့အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်တော့သည်။

အိမ်တော်ထိန်း : 'တချို့အချိန်တွေကျရင်လည်း တကယ်ကို မိုးမွှန်အောင် ကျိန်ဆဲပစ်လိုက်ချင်တာ'

သကြားလုံးများကိုသယ်ကာ ကျင့်ရှင်းက ကလေးများ၏စားပွဲဆီသို့ လှစ်ခနဲ ပြန်သွားတော့၏။ သူက ပိန်ပိန်ပါးပါးလေးဖြစ်သော်ငြား အလွန်လျင်မြန်စွာ စားနိုင်ပြီး ဖက်တီးလေးနှင့် စတုတ္ထမင်းသားတို့ကိုပင် ယှဉ်နိုင်စွမ်းရှိသည်။

စားနေစဉ်တွင် စတုတ္ထမင်းသားက တစ်စုံတစ်ယောက် သူ့ကိုလာတို့နေသည်ကို ခံစားလိုက်ရ၏။ သူမော့ကြည့်လိုက်သောအခါ မယ်တော်ဖြစ်သူကို တွေ့လိုက်ရသည်။ မွန်းလွဲပိုင်းကတည်းက သူကိုယ်တိုင်ရုပ်ဖျက်ကာ နန်းတော်ထဲမှ လျှို့ဝှက်ခေါ်ထုတ်လာခဲ့ခြင်းပင်။ လမ်းပေါ်ရှိ လူအုပ်များကြောင့် သူတို့လမ်းခွဲသွားခဲ့ရပြီး သူမကို ဤနေရာတွင်ပြန်တွေ့ရလိမ့်မည်ဟု သူမထင်ထားခဲ့ပေ။

စတုတ္ထမင်းသားက သူမအတွက် ချက်ချင်းနေရာဖယ်ပေးလိုက်သည်။ သူ့မယ်တော်က သူ့ကို အသီးအရွက်များသာကျွေးကာ အစားအသောက်များ လျှော့ချလေ့ရှိသော်လည်း သူက သားလိမ္မာလေးတစ်ယောက်ဖြစ်ပြီး အရသာရှိသော အစားအစာများရှိလာပါက သူမကိုဘယ်တော့မှ မမေ့ပေ။ ဤကဲ့သို့ ပျော်ပွဲရွှင်ပွဲအခမ်းအနားမျိုးတွင် သူမက ခမည်းတော်ထက် သူပထမဆုံး သတိရမိသူဖြစ်သည်။

ကံကောင်းသည်မှာ ကြင်ယာတော်ရှုက အစားအသောက်ကြိုက်ပြီး သဘောကောင်းသူတစ်ယောက်ဖြစ်နေခြင်းပင်။ အကယ်၍ အခြား ကိုယ်လုပ်တော်တစ်ယောက်ယောက်သာဆိုလျှင် မင်းသားတစ်ပါးက ရုပ်ဖျက်ကာ မယ်တော်ကိုဧည့်ခံပွဲသို့ ခိုးထုတ်လာခြင်းက သေချာပေါက် ပြင်းထန်သော အပြစ်ပေးမှုကိုခံရမည် ဖြစ်၏။

သူ့မယ်တော်မှလွဲ၍ ကလေးများအားလုံး သကြားလုံးရထားကြသည်ကို သတိပြုမိသွားသောအခါ စတုတ္ထမင်းသားက ပန်းကန်ကိုချထားခဲ့ပြီး သူမအတွက်သွားယူပေးရန် အိမ်တော်ထိန်းဆီသို့ ပြေးသွားတော့၏။

ကြင်ယာတော်ရှုက ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာကိုလက်ဖြင့် အုပ်လိုက်သည်။ သူမသားမှာ အလွန်တရာမှ ဂရုစိုက်တတ်သော်ငြား လူကြီးတစ်ယောက်အနေဖြင့် ကလေးများနှင့် သကြားလုံးလုရသည်မှာ အလွန်ရှက်စရာကောင်းလှ၏။ သူမက နှုတ်မှငြင်းနေသော်လည်း သူမပိုက်ဆံအိတ်ကိုမူ အတတ်နိုင်ဆုံးကျယ်ကျယ်ဖွင့်ထားလိုက်သည်။ သားဖြစ်သူသကြားလုံးထည့်ပေးချိန်တွင် ပြုတ်ကျသွားမည်ကို စိုးရိမ်နေတော့၏။

ပိုက်ဆံအိတ်၏အရွယ်အစားကိုကြည့်ရုံဖြင့် ၎င်းက ပိုက်ဆံထည့်ရန်ရည်ရွယ်ထားခြင်းမဟုတ်ကြောင်း သိသာလှသည်။ မည်သည့်အမျိုးသမီး၏ ပိုက်ဆံအိတ်ကမှ လက်သီးဆုပ်နှစ်လုံးစာ အရွယ်အစားရှိလေ့မရှိပေ။ သည့်ထက်သာပိုကြီးမည်ဆိုလျှင် ရှောင်ကျိုးနှင့် ရှန်ကျစ်ယွမ်တို့သယ်လာသော အိတ်ကြီးများလောက်ပင်ကြီးနေမည် ဖြစ်၏။

ကုမိသားစု၏အိမ်တော်ရှိ အုတ်အော်သောင်းနင်းဖြစ်မှုများက မနက်မိုးလင်းသည်အထိ ကြာမြင့်ခဲ့သည်။ မြို့စားကြီးကုက အတင်းအကျပ်ဒုတိယအကြိမ် မင်္ဂလာဆောင်ရသဖြင့် မျက်နှာပျက်ရမည်ကို အစကစိုးရိမ်ခဲ့သော်ငြား မထင်ထားဘဲ ချန်လဲ့မင်းသမီးလေးနှင့် ကလေးတစ်သိုက်က ထိုညကိုခြင်္သေ့အကများနှင့် သီဆိုကခုန်မှုများဖြင့် စည်ကားသိုက်မြိုက်သောမြင်ကွင်းကြီးအဖြစ် ပြောင်းလဲပေးခဲ့သဖြင့် သူ့ရှက်ရွံ့မှုများ သက်သာသွားခဲ့ရသည်။ မည်သို့ပင်ဆိုစေ လမ်းပေါ်တွင် သီဆိုကခုန်နေခဲ့ကြသော သူ့လုပ်ဖော်ကိုင်ဖက်များက နောက်နေ့တွင် သူ့ထက်ပိုရှက်နေကြမည်ဖြစ်၏။

ချန်လဲ့မင်းသမီးလေးနှင့် ကလေးများ ပြန်သွားကြသောအခါ မြို့စားကြီးကုက ကိုယ်တိုင်ကိုယ်ကျ လက်ဆောင်များစွာ ပေးအပ်ခဲ့သည်။ သူ့အမြင်တွင် မြေးဖြစ်သူက နားလည်မှုလွဲအောင်လုပ်ခဲ့သော်ငြား သဘောကောင်းသော မင်းသမီးလေးက ထိုပြဿနာကိုဖြေရှင်းပေးရန် အစွမ်းကုန်ကြိုးစားပေးခဲ့သည်ဟု ထင်ထား၏။ သူမက ကုမိသားစုကို အရှက်ကွဲမည့်အဖြစ်မှ ကယ်တင်ပေးခဲ့သည့်အပြင် သူမ၏ကိုယ်ပိုင်အစေခံများကိုပါ ကူညီရန် စေလွှတ်ပေးခဲ့သည်။ ရိုးရိုးရှင်းရှင်း ပြောရလျှင် သူမက ကုမိသားစု၏ ကယ်တင်ရှင်ပင်။

တစ်ဖန် ထိုးကျွေးခံလိုက်ရပြန်သော ကုဇီရှင်းက သက်ပြင်းချလိုက်၏။

‘နောက်ဆုံးတော့ ငါပဲ အရာအားလုံးအတွက် အပြစ်တင်ခံလိုက်ရတာကိုး’

All Chapters