အခန်း ၁၄၄
Vol. 15 Ch. 144
144
အစားအသောက်များ စားသောက်ပြီးနောက် ကလေးများက မင်းသမီးစံအိမ်တော်မှ အစေခံများကို အိမ်ပြန်ရန် ပျော်ပျော်ရွှင်ရွှင်ဖြင့် လှမ်းခေါ်လိုက်ကြသည်။
မင်းသမီးစံအိမ်တော်သို့ပြန်လာသော လူအုပ်ထဲတွင် အနည်းငယ် အရက်မူးနေသော ဧကရာဇ်နှင့် ဧကရာဇ်မမြင်အောင်ရှောင်ကာ နန်းတော်ထဲမှ လျှို့ဝှက်ထွက်လာသော ကြင်ယာတော်ရှုတို့လည်း ပါဝင်၏။
သူတို့မှာ မူလကနန်းတော်သို့ပြန်ရန် စီစဉ်ထားခဲ့သော်ငြား မင်းသမီးစံအိမ်တော်၏အဝင်ဝတွင် စားဖိုမှူးက ကလေးများ ညနက်ပိုင်းတွင် အစားလွန်သွားသဖြင့် အစာကြေစေရန်ဟော်သွန်းလက်ဖက်ရည် ဖျော်ပေးနေသည်ဆိုသော စကားကိုကြားလိုက်ရသည်။
ဗိုက်ပြည့်နေပြီဖြစ်သော သူတို့နှစ်ယောက်မှာ မင်းသမီးစံအိမ်တော်သို့ဝင်ကာ အခမဲ့လက်ဖက်ရည်သောက်သွားရန် ချက်ချင်းဆုံးဖြတ်လိုက်ကြတော့၏။
ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် ရှောင်ကျိုးကလှဲရန် လှေကားထစ်တစ်ခုကို ချက်ချင်းရှာလိုက်ပြီး သူမခြေထောက်လေးများကိုထောင်ကာ သီချင်းတစ်ပုဒ် ညည်းရင်း အေးအေးလူလူအနားယူနေတော့သည်။
"ဟေး ဒီနေ့က နေ့ကောင်းရက်မြတ်လေးမို့ ငါ့ဆန္ဒတွေ အကုန်ပြည့်ဝမှာ"
ဧကရာဇ်က လှေကားထစ်ပေါ်ရှိ သမီးဖြစ်သူကိုမြင်သောအခါ သူမဟန်ကို အတုခိုးကာ ဘေးတွင်ဝင်ထိုင်လိုက်၏။
"အဲ့ဒီသီချင်းလေးက အတော်ကောင်းတာပဲ ဘယ်ကနေ သင်လာတာလဲ၊ ခမည်းတော် တစ်ခါမှမကြားဖူးဘူး"
ရှောင်ကျိုးက အကြောင်းပြချက်တစ်ခုကို ချက်ချင်းလုပ်ကြံပြောလိုက်သည်။
"အိပ်မက်ထဲကနေ သင်လာတာ"
ဧကရာဇ်က အလေးအနက်မထားဘဲ သူမမှာ ထောင်ယွမ်ရွာမှ ရွာသားများဆီကနေ သင်လာသည်ဟုသာ ယူဆလိုက်၏။ ဗိုက်ပြည့်လွန်း၍ မလှုပ်နိုင်တော့သဖြင့် သားအဖနှစ်ယောက်က ဘေးချင်းယှဉ်လှဲကာ သီချင်းညည်းရင်း ဒူးများကို လက်ချောင်းများဖြင့် ခေါက်နေကြရာ အလိုလိုက်ခံထားရသည့် ကလေးဆိုးနှစ်ယောက်နှင့်ပင်တူနေတော့သည်။
တစ်ချိန်တည်းမှာပင် ကြင်ယာတော်ရှုက သူမအားတွေ့သွားမည်ကို စိုးရိမ်သဖြင့် သားဖြစ်သူနောက်မှလိုက်ကာ မီးဖိုချောင်ထဲသို့ ဝင်သွား၏။ အစားအသောက်များအကြောင်း သူမသားက စိတ်အားထက်သန်စွာရှင်းပြနေသည်ကိုကြားပြီးနောက်တွင် သူမနန်းဆောင်ကို ဤနေရာသို့လုံးဝရွှေ့ပြောင်းရန်ပင် စဉ်းစားလိုက်မိတော့သည်။ ဤစံအိမ်တော်က နန်းတွင်းထက်ပင် အစားအသောက် ပိုကောင်းနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ချေ။ ဧကရာဇ်စာကြည့်ဆောင်၌ သူမသားယူလာပေးခဲ့သော အစားအစာကိုပြန်တွေးမိပြီး သွားရည်ကျလာတော့၏။ သူမက နန်းတော်ထဲမှ မကြာခဏထွက်ခွင့်မရှိသဖြင့် သားဖြစ်သူလက်ကိုကိုင်ကာ မှာလိုက်သည်။
"ချစ်သားလေး နောက်တစ်ခါ အရသာရှိတာတစ်ခုခုရရင် မယ်တော့်ဆီကိုပို့ပေးဖို့ မမေ့နဲ့နော်၊ သားချည်းပဲ အကုန်စားလို့မရဘူးလေ"
စတုတ္ထမင်းသားက ခေါင်းညိတ်ပြလိုက်၏။
"မယ်တော် စိတ်မပူပါနဲ့၊ တာဝန်ကျေပါ့မယ်လို့ သားကတိပေးပါတယ်"
ကြင်ယာတော်ရှုက ကျေနပ်စွာဖြင့် သားဖြစ်သူခေါင်းလေးကို ပုတ်လိုက်သည်။
‘ဂရုစိုက်တတ်တဲ့ သားတစ်ယောက်ရှိတာက ကောင်းနေရောပဲ၊ မျက်နှာသာရဖို့အတွက်ယှဉ်နေဖို့ ဘာလို့ပူပန်ရမှာလဲ၊ သားလေးနဲ့အတူတူ အစားအသောက်မျှစားရတာထက် ဘယ်အရာကမှပိုအရေးမကြီးဘူးလေ”
ဧကရာဇ်က သူမအားတွေ့သွားမည်ကို စိုးရိမ်သဖြင့် ကြင်ယာတော်ရှုက အသစ်ဖျော်ထားသော ဟော်သွန်းလက်ဖက်ရည်နှင့် အစားအစာအချို့ကို သယ်ကာ ဧကရာဇ်ထက်အရင် နန်းတော်သို့အမြန်ပြန်သွားတော့၏။ မင်းသမီးစံအိမ်တော်မှထွက်လာစဉ် သူမက အနောက်သို့အကြိမ်ကြိမ်လှည့်ကြည့်ကာ သားဖြစ်သူကို ထပ်မံသတိပေးနေတော့သည်။ အရသာရှိသော အစားအစာများရှိပါက နန်းတွင်းအဆောင်များထဲတွင် ငတ်နေသော သူ့အမေအိုကြီးကို မမေ့ရန်ပင်။
စတုတ္ထမင်းသားက မယ်တော်၏လက်ကိုကိုင်ကာ အလွန်တရာမှလွမ်းဆွတ်သနားဖွယ်ကောင်းသော ခွဲခွာခြင်း မြင်ကွင်းကြီးကို သရုပ်ဆောင်ပြနေတော့၏။
ထိုမြင်ကွင်းအားလုံးကို မြင်တွေ့လိုက်ရသော ကျင့်ရှင်းတစ်ယောက်ခေါင်းကိုက်လာတော့သည်။ နန်းတော်မှလာသူတိုင်းတွင် တစ်ခုမဟုတ်တစ်ခု ထူးဆန်းသောရောဂါများ ရှိနေပုံရ၏။ ဧကရာဇ်က လှေကားထစ်ပေါ်တွင်လှဲကာ သီချင်းညည်းနေပြီး သားအမိနှစ်ယောက်ကလည်း တံခါးဝတွင် ဇာတ်လမ်းဆင်နေကြသည်။ ရှောင်ကျိုးလို မင်းသမီးမျိုးရှိနေသဖြင့် တော်ဝင်မိသားစုက အလုံအလောက် ထူးဆန်းနေပြီဟု ကျင့်ရှင်းထင်ထားခဲ့သော်ငြား ပုံမှန်လူတစ်ယောက်မှရှိမနေလိမ့်မည်ဟုတော့ သူမမျှော်လင့်ထားခဲ့ပေ။ သူတို့နှင့်ယှဉ်လျှင်တော့ ရွာသူကြီးလေးက အကောင်းဆုံးဖြစ်နေသည်။ မည်သို့ပင်ဆိုစေ သူမက အသက်ငါးနှစ်သာရှိသေးပြီး ကျေးလက်တွင် ကြီးပြင်းလာသူဖြစ်ရာ အနည်းငယ်ထူးထူးဆန်းဆန်းပြုမူပါကလည်း နားလည်ပေးနိုင်၏။
တော်ဝင်မိသားစု၏လူပုံလယ်မှ ပုံရိပ်မှာ အလွန်တရာမှမြင့်မြတ်ပြီး ခမ်းနားကြီးကျယ်လှသော်ငြား ဤမျှလောက် သာမန်ပြည်သူများလို ပြုမူလိမ့်မည်ဟု ဘယ်သူထင်ထားပါမည်နည်း။ တာအိုဆရာတစ်ပါးဖြစ်သော သူပင် သူတို့ထက်များစွာပို၍ကျက်သရေရှိသည်ဟု ခံစားလိုက်ရသည်။
အဝေဖန်ခံနေရသည်ကို လုံးဝမသိရှာသော ဧကရာဇ်က သမီးဖြစ်သူကိုမေးလိုက်၏။
"ခမည်းတော်က သမီးအတွက်မြေပိုင်ဆိုင်ခွင့်တစ်ခု ပေးမလို့၊ သမီး ဘယ်စီရင်စုကို လိုချင်လဲ၊ လင်ကျန်းစီရင်စုဆိုရင်ရော ဘယ်လိုလဲ၊ အဲ့ဒါက မြို့တော်ရဲ့ဆင်ခြေဖုံးမှာရှိပြီး အနီးနားတစ်ဝိုက်မှာ အချမ်းသာဆုံးပဲ၊ တစ်နှစ်စာ အခွန်ငွေတွေက သမီးရဲ့အိမ်တော်ကို ထောက်ပံ့ဖို့ လုံလောက်ရုံတင်မကဘူး အများကြီးတောင်ပိုနေဦးမှာ"
ဧကရာဇ်တွင် အစီအစဉ်ကောင်းတစ်ခု ရှိနေသည်။ သမီးဖြစ်သူ စည်းစိမ်ယစ်ကာနေနိုင်ရန် လုံလောက်သော အခွန်ငွေများရစေရန်အတွက် အချမ်းသာဆုံးစီရင်စုကို မြေပိုင်ဆိုင်ခွင့်အဖြစ် ရွေးချယ်ပေးခြင်းပင်။
"မင်းသမီးရဲ့ မြေပိုင်ဆိုင်ခွင့် ဟုတ်လား၊ အဲ့ဒါက ဘာလဲ"
ခမည်းတော်က သူမကိုငွေပေးမည်အားကြားလိုက်ရသည်နှင့် ရှောင်ကျိုးက ချက်ချင်းပင် မတ်မတ်ထိုင်လိုက်၏။
ဧကရာဇ်ကလည်း မတ်မတ်ထိုင်လိုက်ပြီး ထိုအရာဘာဆိုသည်ကို ရှင်းပြရန် ပြင်လိုက်သည်။
ထိုစဉ် ဘေးမှအသံတစ်သံက ဖြတ်ပြောလာ၏။
"ရွာသူကြီးလေး၊ ဟော်သွန်းလက်ဖက်ရည်အပူသောက်မလား၊ အအေးသောက်မလား"
ခွက်တစ်ခုကိုင်ထားသော အဘွားရွှီပင်။
"အအေး"
ရှောင်ကျိုးက အဘွားရွှီထံမှဟော်သွန်းလက်ဖက်ရည်ကို ချက်ချင်းလှမ်းယူလိုက်သည်။
ထို့နောက် အဘွားရွှီက လှေကားထစ်ပေါ်တွင်ထိုင်နေဆဲဖြစ်သော ဧကရာဇ်ဘက်သို့ လှည့်မေးလိုက်၏။
"ရွာသူကြီးလေးရဲ့အဖေ၊ ရှင်ကရော အပူသောက်မလား၊ အအေးသောက်မလား"
'ရွာသူကြီးလေးရဲ့အဖေ ဟုတ်လား'
သူ့ရာထူးအသစ်ကြောင့် ပျော်ရွှင်နေခဲ့သောဧကရာဇ်မှာ လုံးဝကိုအံ့အားသင့်သွားရတော့သည်။
ဟော်သွန်းလက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာစရှိသေးသော ကျင့်ရှင်းမှာ သီးပြီးပင်ထွေးထုတ်မိလုနီးပါး ဖြစ်သွားတော့၏။
‘တကယ့်ကို ကမ္ဘာကြီးက ထောင်ယွမ်ရွာကြီးတစ်ခုလုံးပါပဲလား’
ဖခင်ဖြစ်သူ ကြောင်တောင်တောင်ဖြင့် ကြည့်နေသည်ကိုမြင်သောအခါ ရှောင်ကျိုးက အဘွားရွှီထံမှ ရေနွေးခွက်ကို အမြန်ယူပြီး မေးလိုက်သည်။
"မြေပိုင်ဆိုင်ခွင့်ဆိုတာ တကယ်တော့ ဘာလဲဟင်"
ဧကရာဇ်က ချက်ချင်းသတိပြန်ဝင်လာကာ ဟော်သွန်းလက်ဖက်ရည်ကို လှမ်းယူပြီး ရှင်းပြလိုက်၏။
"ဒီမင်းဆက်မှာ မင်းသမီးတစ်ပါးရဲ့မြေပိုင်ဆိုင်ခွင့်ဆိုတာက များသောအားဖြင့် စီရင်စုတစ်ခုပဲ၊ အဓိကရည်ရွယ်ချက်က သမီးအခွန်ငွေတွေ ကောက်ခံဖို့ပဲ၊ ဒါပေမဲ့ အုပ်ချုပ်ရေးပိုင်းမှာတော့ ဝင်ပါခွင့်မရှိဘူး၊ အဲ့ဒါကို သမီးကိုယ်တိုင်စီမံခန့်ခွဲစရာမလိုဘူး၊ အဲ့ဒီအတွက် အရာရှိတွေ ရှိတယ်လေ၊ အခွန်ငွေတွေက သမီးအတွက်မို့ နန်းတွင်းကို ပေးသွင်းစရာမလိုတော့ဘူး"
ရှောင်ကျိုးမှာ ခေါင်းရှုပ်သွားသော်ငြား အဓိကအချက်ကိုတော့ သူမ သဘောပေါက်လိုက်သည်။
'ပိုက်ဆံ'
မြေပိုင်ဆိုင်ခွင့်ရွေးချယ်ခြင်းမှာ အလွန်အရေးကြီးသောကိစ္စဖြစ်သည်ဟု ရှောင်ကျိုးတစ်ယောက် ခံစားလိုက်ရ၏။ ၎င်းက သူမတစ်သက်တာကြွယ်ဝချမ်းသာမှုနှင့် ဂုဏ်သိက္ခာအပေါ် သက်ရောက်မှုရှိနေသည်။
အလွန်တရာမှ ချမ်းသာလှသော သူမ၏ဒုတိယအစ်ကိုကို တွေးမိပြီး သူမမေးလိုက်သည်။
"ဒုတိယအစ်ကိုရဲ့မြေပိုင်ဆိုင်ခွင့်ကရော ဘယ်မှာလဲ"
သူမတွင် ပါးနပ်လှသောအစီအစဉ်တစ်ခု ရှိနေသည်။ ဒုတိယအစ်ကိုက ချမ်းသာသဖြင့် သူမ၏မြေပိုင်ဆိုင်ခွင့်မှာလည်း သူ့အနီးအနားတွင်ဖြစ်ရမည်။
သမီးဖြစ်သူမှာ လုံးဝကိုဘာမှနားမလည်ကြောင်းမြင်သောအခါ ဧကရာဇ်က ရှင်းပြလိုက်၏။
"သမီးရဲ့ ဒုတိယအစ်ကိုနဲ့ တခြားသူတွေက အခုထိအုပ်ချုပ်ခွင့်ရ ဝမ်ဘွဲ့အမည်မရသေးတဲ့အတွက် သူတို့မှာ မြေပိုင်ဆိုင်ခွင့်မရှိသေးဘူး"
အုပ်ချုပ်ခွင့်ရဝမ်ဘွဲ့အမည်လား။
နားလည်ရပိုခက်လာသဖြင့် ရှောင်ကျိုးခေါင်းကုတ်လိုက်တော့သည်။
"မြေပိုင်ဆိုင်ခွင့်ရှိတာနဲ့ အလိုလို ဝမ်ဘွဲ့အမည်ရသွားတာလား၊ ဒါဆို သမီးက ဘယ်လိုရာထူးမျိုးလဲ"
ကျင့်ရှင်းက ဝင်ပြောလိုက်၏။
"မင်းသမီးတွေကို ဝမ်ဘွဲ့ချီးမြှင့်လို့မရဘူး၊ အဲ့ဒါက မင်းသားတွေနဲ့ တော်ဝင်မိသားစုကအမျိုးသားတွေအတွက်ပဲလေ"
ရှောင်ကျိုးမှာ နားထောင်လေလေ တစ်ခုခုလွဲနေသည်ဟု ခံစားရလေလေပင်။
"သူတို့ရဲ့မြေပိုင်ဆိုင်ခွင့်တွေက ဘာတွေလဲ"
ဧကရာဇ် ပြန်ဖြေလိုက်သည်။
"ဒီမင်းဆက်မှာ မင်းသားတစ်ပါး ဝမ်ဘွဲ့ရပြီးသွားရင် သူတို့ရဲ့မြေပိုင်ဆိုင်ခွင့်က များသောအားဖြင့် နယ်မြေတစ်ခုလုံးပဲ၊ အဲ့ဒီနယ်မြေမှာ အုပ်ချုပ်ရေး၊ ဘဏ္ဍာရေးနဲ့ စစ်ရေးအာဏာတွေကို အတိုင်းအတာတစ်ခုအထိ လွတ်လွတ်လပ်လပ်စီမံပိုင်ခွင့်ရှိပြီး အဲ့ဒီနယ်မြေရဲ့ အုပ်ချုပ်သူလုံးလုံးဖြစ်သွားတာပေါ့"
ဧကရာဇ်စကားမဆုံးခင်မှာပင် ရှောင်ကျိုးက ချက်ချင်းခုန်ထလိုက်ပြီး ဖခင်ဖြစ်သူကို လက်ညှိုးထိုးကာ ဒေါသတကြီး စွပ်စွဲလိုက်တော့၏။
"ခမည်းတော်က မိန်းကလေးတွေထက် ယောကျာ်းလေးတွေကို ပိုပြီး မျက်နှာသာပေးတာပဲ"
နယ်မြေတစ်ခုနှင့် စီရင်စုတစ်ခုကြား ကွာခြားချက်မှာ ရှင်းလှသည်။ သူမဖခင်က သူမကို စီရင်စုတစ်ခုသာပေးပြီး အစ်ကိုဖြစ်သူကိုမူ နယ်မြေတစ်ခုလုံးပေးမည်ဖြစ်၏။ ရှောင်ကျိုးတစ်ယောက် အလွန်တရာမှ မကျေမနပ်ဖြစ်သွားပြီး ၎င်းမှာ မတရားဘူးဟုခံစားလိုက်ရသည်။
သူမဖခင်က မိန်းကလေးများထက် ယောကျာ်းလေးများကို ပိုပြီး မျက်နှာသာပေးသည်။ သူမကို ငွေပေးခြင်းဖြင့် ကောင်းကောင်းဆက်ဆံနေသည်ဟု သူထင်ထားခဲ့သော်ငြား အစ်ကိုဖြစ်သူ၏ မြေပိုင်ဆိုင်ခွင့်နှင့် ယှဉ်လိုက်ပါက သူမ၏မြေပိုင်ဆိုင်ခွင့်မှာ ရယ်စရာကောင်းလောက်အောင် သေးငယ်နေတော့၏။ သူမ၏ပျော်ရွှင်မှုများမှာ လုံးဝပျောက်ကွယ်သွားပြီပင်။
ရှောင်ကျိုး၏လက်သီးများမှာ အရိုးများအသံမြည်သည်အထိ ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့သည်။
‘ဒါက တကယ့်ကိုမတရားတာပဲ၊ သူမ ဆက်ပြီး သည်းမခံနိုင်တော့ဘူး၊ တစ်ယောက်ယောက်ကို သေချာပေါက် ထိုးပစ်ရတော့မယ်’
သမီးဖြစ်သူမှ လက်သီးဆုပ်ကာ သူ့အားစိုက်ကြည့်နေသည်ကို မြင်သောအခါ ဧကရာဇ်က ချက်ချင်းခုန်ထလိုက်ပြီး အော်လိုက်၏။
"လင်းယီ ငါ့ကို ကာကွယ်စမ်း"
လင်းယီက အရိပ်ထဲမှထွက်လာပြီး ဧကရာဇ်အရှေ့တွင် ချက်ချင်းဝင်ရပ်လိုက်သည်။
"ရဲတင်းလှချည်လား"
သူအော်ဟစ်ရင်း မိန်းမစိုးဟွမ်ကလည်း ဧကရာဇ်ကို ကာကွယ်ရန် အရှေ့တွင် ဝင်ရပ်လိုက်တော့၏။