အခန်း ၁၄၅
Vol. 15 Ch. 145
145
ကျောက်ဟူနှင့် အခြားသူများက အခြေအနေကို နားမလည်ကြသော်ငြား ရွာသူကြီးလေး၏ဖခင်က ရွာသူကြီးလေးကို ဒေါသထွက်အောင် လုပ်လိုက်သည်ကတော့ ရှင်းနေ၏။ ကလေးများက ချက်ချင်းပင် ဝင်ရောက်ရန်ပွဲဆင်ချင်နေကြသော်လည်း အသိတရား အနည်းငယ်ကျန်နေသေးသော ကျင့်ရှင်းက သူတို့ကို နောက်သို့ဆွဲထားလိုက်သည်။
"အဲ့ဒါ သူတို့ကိစ္စလေ ဝင်မပါကြနဲ့၊ ဒီတိုင်းပဲ ကြည့်နေကြ၊ မင်းတို့ရဲ့ ရွာသူကြီးလေးက ရှုံးမယ်လို့များထင်နေလား"
ဤကလေးစုတ်များက လက်ရှိ ဧကရာဇ်အားပြေးသွားပြီး ဝိုင်းရိုက်ကြမည်ကို ကျင့်ရှင်းတစ်ယောက် တကယ်ကို လန့်နေမိ၏။ ဧကရာဇ်က သူ့သမီးအရင်းကိုမူ ဒုက္ခပေးမည်မဟုတ်သော်ငြား ကျောက်ဟူနှင့် အခြားအပြင်လူများ၏ကံကြမ္မာကတော့ မသေချာနိုင်ချေ။
ဘေးမှနေ၍ ပွဲကြည့်နေသော ဆရာကြီးရွှီမှာလည်း ဆက်ထိုင်မနေနိုင်တော့ပေ။ သူက ကလေးများကို နောက်သို့တွန်းပို့လိုက်ပြီး ရှောင်ကျိုးအနားသို့ ပြေးသွားကာ တောင်းပန်လိုက်သည်။
"မင်းသမီးလေး မင်းသမီးလေး၊ အဲ့လိုလုပ်လို့မရဘူးလေ"
ရှောင်ကျိုးက ဆရာကြီးရွှီကို သစ္စာဖောက်တစ်ယောက်လိုကြည့်လိုက်၏။
"ဆရာကြီးရွှီကရော ယောကျာ်းလေးတွေကို ပိုပြီးမျက်နှာသာပေးတာလား"
ဆုပ်ထားသော လက်သီးကိုမြင်လိုက်ရသဖြင့် ဆရာကြီးရွှီက လက်ကို အလျင်အမြန် ခါပြလိုက်သည်။
"မဟုတ်ရပါဘူး"
ရှောင်ကျိုးက ဧကရာဇ်ဆီသို့ခုန်အုပ်လိုက်၏။ လင်းယီက သူမကိုတားရန် အပြေးအလွှားဝင်လာသော်ငြား ထိုးခံလိုက်ရသဖြင့် မြေကြီးပေါ်သို့လဲကျသွားတော့သည်။
မိန်းမစိုးဟွမ်က ဝင်ရောက်တားဆီးရန် ကြိုးစားသော်လည်း ကျောက်ဟူနှင့် အခြားသူများ၏ပိတ်ဆို့တွန်းဖယ်ခြင်းကို ခံလိုက်ရ၏။
"ဧကရာဇ်ကို ကာကွယ်ကြ၊ ဧကရာဇ်ကို ကာကွယ်ကြ၊ မင်းတို့က ပုန်ကန်ချင်နေကြတာလား"
မိန်းမစိုးဟွမ်က ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ စကားပြောလို့မဆုံးသေးခင်မှာပင် ကလေးအချို့က သူ့ကိုခေါင်မိုးပေါ်သို့ မ,တင်သွားကြတော့၏။
ခေါင်မိုးပေါ်တွင်ရပ်နေရသော မိန်းမစိုးဟွမ်ခမျာ ကြောက်ဒူးတုန်နေတော့သည်။
သူ့ကိုယ်ရံတော်အကြီးအကဲမှာ သမီးဖြစ်သူ၏ တစ်ချက်တည်းသော ထိုးကြိတ်မှုကိုပင်မခံနိုင်ဘဲ အကူအညီမဲ့သွားသည်ကို ဧကရာဇ်က ထိတ်လန့်တကြားကြည့်နေမိ၏။ သူ့မိန်းမစိုးအကြီးအကဲမှာလည်း ခေါင်မိုးပေါ်တွင် သောင်တင်နေပြီး မိမိကိုယ်ကိုပင် မနည်းကာကွယ်နေရသည်။
"သမီးက ဧကရာဇ်ကိုလုပ်ကြံချင်နေတာလား"
ဧကရာဇ် အော်လိုက်သည်။ သူ စကားပြောလို့မဆုံးသေးခင်မှာပင် သူ့မျက်လုံးအား လက်သီးတစ်ချက်လာမှန်သည်ကို ခံစားလိုက်ရ၏။
ဧကရာဇ်အရိုက်ခံရသည်ကို မြင်သောအခါ မိန်းမစိုးဟွမ်က အော်တော့မည်လုပ်သော်ငြား အိမ်နီးချင်းများမသိစေရန် ကျင့်ရှင်းက သူ့ပါးစပ်ကို အလျင်အမြန် ပိတ်ထားလိုက်သည်။
ဆရာကြီးရွှီက အသိတရားရှိသော ကျင့်ရှင်းကို ကျေနပ်အားရစွာကြည့်လိုက်မိ၏။ လူရိုင်းတစ်သိုက်ကြားထဲတွင် နောက်ဆုံးတော့ ပါးနပ်သူတစ်ယောက်ရှိနေသေးသည်။ အရေးကြီးသည့်အချိန်များတွင် ဤတာအိုဆရာလေးမှာ တော်တော်လေး အသုံးဝင်လှ၏။
ဖခင်ဖြစ်သူ ဒုက္ခိတမဖြစ်စေရန် သူမခွန်အားကို ထိန်းထားခဲ့သော ရှောင်ကျိုးမှာ ဧကရာဇ်၏ညာဘက်မျက်လုံး မည်းညိုသွားသည်ကို မြင်သောအခါ အချိုးညီချင်သော ရောဂါက ရုတ်တရက်ပြန်ထလာတော့၏။ မူလက သူမမှာ တစ်ချက်တည်းသာထိုးရန် ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ အချိုးညီသွားစေရန် သူ့ဘယ်ဘက်မျက်လုံးကိုပါ ထပ်ထိုးချင်လာတော့သည်။
အထိုးခံလိုက်ရသဖြင့် မှင်သက်နေသော ဧကရာဇ်က သမီးဖြစ်သူ နောက်တစ်ချက်ထပ်ထိုးရန် ပြင်နေသည်ကို မြင်လိုက်ရပြီး အော်လိုက်သည်။
"ရပ်လိုက်စမ်း၊ မြေပိုင်ဆိုင်ခွင့်လေး တစ်ခုအတွက်နဲ့ ငါတို့ထိုင်ပြီး သေချာစကားပြောကြတာပေါ့"
ရှောင်ကျိုးက လက်သီးကိုချက်ချင်းပြန်ချလိုက်၏။
"တကယ်လား"
တုံ့ဆိုင်းနေပါက နောက်တစ်ချက်ထပ်ထိုးခံရမည်ကို စိုးရိမ်သဖြင့် ဧကရာဇ်က အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ပန်ဒါမျက်လုံးများဖြင့် ဧကရာဇ်ကိုစိုက်ကြည့်ရင်း ရှောင်ကျိုးလက်များက ဆက်ထိုးချင်သဖြင့် ယားနေတော့၏။
သမီးဖြစ်သူက လက်သီးများကိုထပ်ဆုပ်လိုက်သည်ကို မြင်သောအခါ ဧကရာဇ်က ဆရာကြီးရွှီနောက်သို့ ချက်ချင်း ပြေးပုန်းလိုက်သည်။ သူ အမှားလုပ်မိသွားကြောင်း သဘောပေါက်သွား၏။ ယနေ့ သူ့လျှို့ဝှက်သက်တော်စောင့်များနှင့် တော်ဝင်ကိုယ်ရံတော်များကိုပါခေါ်လာခဲ့သင့်သည်။
ဆရာကြီးရွှီက တီးတိုးပြောလိုက်သည်။
"ဧကရာဇ် မြေပုံယူလာခဲ့လား၊ မင်းသမီးလေး ဘယ်နေရာကို သဘောကျလဲ ကြည့်လို့ရအောင် ပြပေးလိုက်ပါလား"
ဧကရာဇ်က လင်းယီကိုရှာလိုက်၏။
"အင်း မြေပုံပါတာပေါ့၊ လင်းယီ အဲ့ဒါ ဒီကိုယူခဲ့စမ်း"
ရှောင်ကျိုးလက်သီးကြောင့် မြေကြီးပေါ်သို့ လဲကျသွားသော လင်းယီမှာ သတိပြန်ဝင်လာစေရန် အချိန်ခဏယူလိုက်ရပြီးနောက် သူ့ကိုယ်ပေါ်မှ မြေပုံကို ထုတ်ပေးလိုက်တော့သည်။
ဧကရာဇ်က ၎င်းကိုအလျင်အမြန် လှမ်းယူကာ ဖြန့်ခင်းလိုက်၏။
၎င်းကိုမြင်သောအခါ ရှောင်ကျိုးက မျက်လုံးများကို အချိုးညီအောင်လုပ်မည့်အကြံကို စွန့်လွှတ်လိုက်ပြီး နောက်ဆုံးတွင် လက်သီးဆုပ်ကို ဖြေလျှော့လိုက်တော့သည်။
ရှောင်ကျိုးက ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မြေပုံကို စစ်ဆေးကြည့်လိုက်သည်။ နားမလည်သဖြင့် သူမမေးလိုက်၏။
"ထောင်ယွမ်ရွာက ဘယ်နယ်မြေထဲမှာလဲ"
"ချုံကျိုးနယ်မြေလေ"
ဧကရာဇ် ပြန်ဖြေလိုက်သည်။
ရှောင်ကျိုးက တုံ့ဆိုင်းမနေဘဲပြောလိုက်၏။
"ဒါဆို သမီးချုံကျိုးနယ်မြေကိုယူမယ်"
ဧကရာဇ်မှာ သူနားကြားမှားသွားလားဟု တွေးလိုက်မိတော့သည်။
"သမီးက ချုံကျိုးကိုလိုချင်တာလား"
ဆရာကြီးရွှီက ဝင်ပြောလိုက်၏။
"မင်းသမီးလေး၊ သေချာ ပြန်စဉ်းစားပါဦး၊ အလောတကြီး လုပ်စရာမလိုပါဘူး၊ တခြားရွေးချယ်စရာတွေကိုလည်း ကြည့်ရအောင်လေ"
ရှောင်ကျိုးက မြေပုံကိုလက်ညှိုးထိုးပြလိုက်သည်။
"ချုံကျိုးက ဘယ်မှာလဲ"
ဆရာကြီးရွှီက ထိုနေရာကိုဝိုင်းပြလိုက်၏။
"ချုံကျိုးက မြို့တော်နဲ့အဝေးဆုံးမှာရှိပြီး နယ်စပ်နဲ့လည်းနီးတယ်၊ စစ်ဖြစ်လာရင် ပထမဆုံးဒုက္ခရောက်မဲ့နေရာပဲ၊ အဲ့ဒီနေရာက တော်တော်လေးဆင်းရဲပြီးတော့ မြို့တော်ကနေရာထူးချခံရတဲ့ အရာရှိတွေကို အဲ့ဒီကိုပို့လေ့ရှိကြတယ်"
ချင်းရှန်မှာတော့ မဆင်းရဲသလို မြို့တော်နှင့်လည်းနီးသည်ဟု ရှောင်ကျိုးက ခံစားလိုက်ရသည်။
သူမအတွေးများကို ဖတ်မိသွားသည့်အလား ဆရာကြီးရွှီကဆက်ပြောပြသည်။
"ချင်းရှန်က ချုံကျိုးနယ်မြေထဲမှာ အချမ်းသာဆုံးနေရာတွေထဲက တစ်ခုဖြစ်ပြီး မြို့တော်နဲ့လည်း အနီးဆုံးပဲလေ၊ ကျန်တဲ့နေရာတွေကတော့ အဲ့ဒီလောက် မကောင်းဘူး"
၎င်းကို နားလည်သွားပြီးနောက် ရှောင်ကျိုးက ဝိုင်းပြထားသော ထောင့်တစ်နေရာကိုကြည့်လိုက်ပြီး ၎င်း၏ဘေးရှိ နေရာကို လက်ညှိုးထိုးကာမေးလိုက်၏။
"ဒါကရော ဘယ်နေရာလဲ"
ဧကရာဇ်က ပြန်ဖြေလိုက်သည်။
"အဲ့ဒါက နန်လင်းနိုင်ငံရဲ့နယ်မြေလေ၊ သမီး တခြားနေရာရွေးလိုက်ပါလား"
ချုံကျိုးကို ရွေးချယ်ခြင်းမှာ နယ်နှင်ဒဏ်ပေးခံရသည်နှင့်တူနေသည်။ ၎င်းက ခေတ်နောက်ကျပြီး ခေါင်လွန်းကာ အန္တရာယ်များသော နယ်မြေနှင့်လည်း ထိစပ်နေ၏။ ရှီမိသားစုတစ်စုတည်းသာ ထိုနယ်စပ်ကို ကာကွယ်ပေးရန် ဆန္ဒရှိခဲ့ကြသည်။ သုန့်ရှားနိုင်ငံမှာ ပတ်ဝန်းကျင်ရှိနိုင်ငံများထဲတွင် အားအနည်းဆုံးဖြစ်ပြီး နယ်မြေများဆုံးရှုံးခဲ့ရသဖြင့် အဆက်ဆက်သောမင်းဆက်များတစ်လျှောက် ကျုံ့ဝင်လာခဲ့သည်။ နယ်စပ်များက ပြန်လည်ရှုပ်ထွေးလာပြီဖြစ်ရာ ဧကရာဇ်မှာ ရှီမိသားစု၏တပ်မတော်ကို ရှာဖွေရန် အလွန်တရာမှ အသည်းအသန်ဖြစ်နေတော့၏။
မကြာခဏ သတိမေ့တတ်သော ရောဂါကို ခံစားနေရသည့် ဧကရာဇ်မှာ အတိတ်ကိုပြန်မှတ်မိရန် ကြိုးစားသည့်အခါတိုင်း ခေါင်းကိုက်လေ့ရှိသည်။ သူက တစ်ခါတစ်ရံတွင် မိမိကိုယ်ကို ရုပ်သေးရုပ်တစ်ရုပ်လို ခံစားရပြီး တစ်ခါတစ်ရံတွင်တော့ အစစ်အမှန် အုပ်ချုပ်သူတစ်ဦးလို ခံစားရသဖြင့် စိတ်ကစဉ့်ကလျားဖြစ်လုမတတ်ပင် ဖြစ်နေရတော့၏။
ရှောင်ကျိုးက မြေပုံပေါ်ရှိ ချုံကျိုး၏သေးငယ်လှသော ထောင့်လေးကို စိုက်ကြည့်လိုက်ပြီး မျက်စိနောက်သွားတော့သည်။
"ဘာလို့ ချုံကျိုးမှာ ထောင့်တစ်ထောင့်ပဲရှိရတာလဲ၊ ဘာလို့ စက်ဝိုင်းပုံစံ မဟုတ်ရတာလဲ၊ ကြည့်ရတာ အဆင်မပြေဘူး"
ရှောင်ကျိုးက ချုံကျိုးကိုဗဟိုပြုကာ ပြီးပြည့်စုံသော စက်ဝိုင်းတစ်ခုကို ရေးဆွဲလိုက်၏။
ဧကရာဇ်မှာ ဆွံ့အသွားရတော့သည်။
"သမီးက တခြားနိုင်ငံ ၃ ခုကိုပါ ဝိုင်းလိုက်တာလေ"
သူက သုန့်ရှားနိုင်ငံကို လက်ညှိုးထိုးပြလိုက်၏။
"ဒါတွေကမှ ငါတို့ရဲ့နယ်မြေအစစ်တွေ"
သူတို့နယ်မြေမှာ အခြားနိုင်ငံများ၏ ထက်ဝက်ပင်မရှိသည်ကို မြင်သောအခါ ရှောင်ကျိုးမေးလိုက်သည်။
"ဘာလို့ သူတို့ရဲ့နယ်မြေတွေက အဲ့ဒီလောက်ကျယ်ပြီး သမီးတို့ဟာကသေးနေရတာလဲ"
ဧကရာဇ် သက်ပြင်းချလိုက်၏။
"ငါတို့ရဲ့ဘိုးဘေးတွေက အရည်အချင်းမရှိခဲ့ကြဘူးလေ၊ သူတို့စစ်ရှုံးတော့ နယ်မြေတွေပါ ဆုံးရှုံးခဲ့ရတယ်၊ ခမည်းတော်ရဲ့လက်ထက်ရောက်တော့ ဒီလောက်ပဲ ကျန်တော့တာပေါ့"
ရှောင်ကျိုးက မသေချာသဖြင့်မေးလိုက်သည်။
"နယ်မြေတွေကို စစ်တိုက်ပြီးယူကြတာလား၊ နိုင်တဲ့သူက မြေကိုရတာလား"
ဧကရာဇ်က သူမစကားများကို အလွန်အကျွံ ခွဲခြမ်းစိတ်ဖြာမနေတော့ဘဲ ပြန်ဖြေလိုက်၏။
"ဟုတ်တယ်၊ ငါတို့ စစ်ရှုံးရင်မြို့တွေ အသိမ်းခံရတာပေါ့"
ရှောင်ကျိုးက နားလည်ကြောင်းပြသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်သည်။
သူမက အသစ်တဖန် ဆုံးဖြတ်ချက်ချလိုက်ပြီး ပြောလိုက်၏။
"သမီး ချုံကျိုးကိုပဲလိုချင်တယ်"
ထိုအချိန်တွင် သမီးဖြစ်သူ၏လက်သီးကို ကြောက်၍ဖြစ်စေ၊ ကုမိသားစု အိမ်တော်တွင် သောက်ခဲ့သောအရက်၏ အရှိန်ကြောင့်ဖြစ်စေ၊ ဧကရာဇ်က သမိုင်းစဉ်အလာကို ချိုးဖောက်ကာ သမီးဖြစ်သူအား နယ်မြေတစ်ခုလုံးကို မြေပိုင်ဆိုင်ခွင့်အဖြစ် ပေးအပ်ရန် သဘောတူလိုက်တော့သည်။