← Chapters

အခန်း ၁၄၆

Vol. 15 Ch. 146

အခန်း ၁၄၆

Vol. 15 Ch. 146

146

"သမီးက ချုံကျိုးကိုလိုချင်တာလား ကောင်းပြီလေ၊ ဒါဆိုရင် အဲ့ဒါကိုသမီးအတွက် ပေးမယ်၊ ဒါပေမဲ့ အဲ့ဒီမှာက ဓားပြတွေသောင်းကျန်းသလို စစ်ပွဲတွေကလည်း အမြဲဖြစ်နေတာ၊ အန္တရာယ်တစ်ခုခုနဲ့ကြုံလာရင် ချက်ချင်း မြို့တော်ကို ပြန်ပြေးလာဖို့မှတ်ထားနော် ချန်လဲ့ သဘောပေါက်လား၊ ခမည်းတော်က သမီးအတွက် ကိုယ်ရံတော် ၁၀၀၀ချီးမြှင့်မယ်၊ ပြီးတော့ တပ်မှူးနဲ့ ဒုတပ်မှူးကိုလည်း သမီးကိုယ်တိုင် ရွေးချယ်ခွင့်ပေးမယ်၊ အခုလောလောဆယ်တော့ နန်းတွင်းမှာ မင်းသမီးတစ်ပါးနောက်ကိုလိုက်ပြီး ချုံကျိုးမှာ သွားအမှုထမ်းချင်တဲ့သူတစ်ယောက်မှ မရှိဘူး"

ဧကရာဇ်က သမီးဖြစ်သူကိုကြိုတင်သတိပေးလိုက်သည်။

ကိုယ်ရံတော်များကိုဖြစ်စေ၊ အခြားအရာများကိုဖြစ်စေ ရှောင်ကျိုးက စိတ်ဝင်စားခြင်းမရှိဘဲ နယ်မြေတစ်ခုလုံးကိုရနိုင်မည်ဆိုသည်ကို သိလိုက်ရသဖြင့် အတိုင်းမသိဝမ်းသာသွားတော့၏။ ရှောင်ကျိုးက ခေါင်မိုးပေါ်သို့ လက်ယမ်းပြလိုက်ရာ ကျောက်ဟူနှင့် အခြားသူများက မိန်းမစိုးဟွမ်ကို အောက်သို့ ချက်ချင်းချပေးလိုက်ကြသည်။

မြေကြီးပေါ်သို့ရောက်သည်နှင့်တစ်ပြိုင်နက် မိန်းမစိုးဟွမ်မှာ ဧကရာဇ်ထံသို့ တုန်တုန်ရီရီဖြင့်ပြေးသွားတော့၏။ ဧကရာဇ်၏ဖူးယောင်နေသော ညာဘက်မျက်လုံးကိုမြင်လိုက်ရသောအခါ သူကစိတ်မကောင်းလွန်းသဖြင့် မျက်ရည်များကို ချက်ချင်း သုတ်ဖယ်လိုက်သည်။ နန်းတွင်းသမားတော်ကို အော်ခေါ်တော့မည်လုပ်သော်လည်း တစ်ခုခုကိုသတိရသွားပြီးနောက် ထိုဂြိုဟ်ဆိုးမလေးက ဧကရာဇ်၏အခြားမျက်လုံးတစ်ဖက်ကိုပါ ထပ်ထိုးမည်စိုးသဖြင့် ပါးစပ်ကို ပိတ်ထားလိုက်ရတော့သည်။ မိန်းမစိုးဟွမ်က ဧကရာဇ်ကိုတွဲထူလိုက်ပြီးနောက် သူတို့နှစ်ယောက်ယှဉ်ရပ်နေကြပုံမှာ တကယ်ကိုသနားစရာကောင်းလှ၏။

ကံကောင်းထောက်မစွာဖြင့် ချင်းရွှီက အချိန်မီပေါ်လာခဲ့သည်။ သူက ဧကရာဇ်မျက်လုံး အယောင်ကျစေရန်နှင့် ဆေးထည့်ပေးရန် အရင်ဆုံးကူညီပေးလိုက်ပြီးနောက် မြေကြီးပေါ်တွင် လဲနေသော လင်းယီ၏ဒဏ်ရာများကိုပါ ကုသပေးလိုက်၏။ သူ့လှုပ်ရှားမှုများမှာ အလွန်တရာမှ ကျွမ်းကျင်လှသည်။

သူ မှီခိုအားထားနေရသော ကျောထောက်နောက်ခံမှာ ပိုပိုပြီး ဩဇာကြီးလာသည်ကို မြင်သောအခါ ကျင့်ရှင်းက ရှောင်ကျိုးကိုဘေးသို့ အလျင်အမြန်ဆွဲခေါ်သွားပြီး သတိပေးလိုက်သည်။

"ခဏနေရင် မင်းအဖေကို နန်းတော်ဆီ ပြန်ပို့ပြီးတော့ တော်ဝင်အမိန့်စာ ချက်ချင်းရေးခိုင်းဖို့ မမေ့နဲ့နော်၊ မနက်ဖြန် အမူးပြေသွားတဲ့အချိန် သူသာ ကတိဖျက်လိုက်ရင် ဘယ်လိုလုပ်မလဲ"

အဓိကအားဖြင့် မနက်ဖြန်ဆိုလျှင် အခြေအနေများပြောင်းလဲသွားနိုင်သည်ကို စိုးရိမ်သဖြင့် ဤကိစ္စကို ချက်ချင်းအဆုံးသတ်သင့်သည်ဟု ကျင့်ရှင်းတစ်ယောက် ခံစားလိုက်ရ၏။ နန်းတွင်းအရာရှိများကသာ ကန့်ကွက်ကြမည်ဆိုပါက အုတ်အော်သောင်းနင်းဖြစ်မှုကြီးပေါ်ပေါက်လာမည်ဖြစ်ပြီး မင်းသမီးလေးထံသို့ ချုံကျိုးကို ပေးအပ်မည့်ကိစ္စမှာ မည်သည့်အချိန်တွင်မှ အတည်ပြုနိုင်မည်ကိုသေချာတော့မည် မဟုတ်ပေ။

ရှောင်ကျိုးက သူမရင်ဘတ်လေးကိုပုတ်ကာ ဤကိစ္စကို သေသေချာချာ ကိုင်တွယ်မည်ဖြစ်ကြောင်း အာမခံလိုက်သည်။ သူမ၏ဖခင် တော်ဝင်အမိန့်စာရေးပေးရန်အတွက် သူမ သေချာပေါက် လုပ်ဆောင်မည်ဖြစ်၏။ ကတိဖျက်ရဲရင် ဖျက်ကြည့်လေ...

သမီးဖြစ်သူအားပေးမိသော လက်ဆောင်အတွက် နောင်တရနေသော ဧကရာဇ်မှာ ကြက်တစ်ကောင်ကိုပိုက်ကာ ရထားလုံးထဲတွင်ထိုင်နေသည့် ရှောင်ကျိုးထံ ကြည့်လိုက်သည်။ သူက ဖူးယောင်ကာ ညိုမည်းနေသော မျက်လုံးများကို အုပ်ကိုင်လိုက်ရာ သွားများပင် ကျင်လာသလို ခံစားလိုက်ရ၏။ ဟော်သွန်းလက်ဖက်ရည်တစ်ငုံသောက်မိရုံလေးနှင့် အထိုးခံလိုက်ရသည်မှာ တကယ်ကိုမတရားလှပေ။

ကလေးတစ်ယောက်နှင့် ကြက်တစ်ကောင်၏စိုက်ကြည့်ခြင်းကို ခံနေရသော ဧကရာဇ်မှာ ရထားလုံးထိုင်ခုံအောက်တွင် မီးဖိုထားသကဲ့သို့ ဂနာမငြိမ် ဖြစ်နေတော့သည်။

နောက်ဆုံးတွင် သူ နန်းတော်သို့ရောက်သွားသော်ငြား သူ့အိပ်ဆောင်ထဲအထိ သမီးဖြစ်သူက နောက်မှလိုက်လာသည်ကိုသာ အကူအညီမဲ့စွာဖြင့်ကြည့်နေရတော့၏။

ဧကရာဇ်က အလျင်အမြန်ပြောလိုက်သည်။

"အခု ပြန်တော့လေ၊ ခမည်းတော် အနားယူဖို့ လိုနေပြီ"

ရှောင်ကျိုးက ခေါင်းခါပြလိုက်ပြီး လက်ကို ဖြန့်ကာပြောလိုက်၏။

"တော်ဝင်အမိန့်စာရေးပြီးတဲ့အထိ စောင့်ပြီးမှပဲ သမီးပြန်မယ်"

ဧကရာဇ်က သမီးဖြစ်သူကိုဈေးဆစ်လိုက်သည်။

"မနက်ဖြန် မနက်လင်းလင်းချင်း သမီးကို ပေးပါ့မယ်၊ အခုက အရမ်းမိုးချုပ်နေပြီလေ၊ သမီး ပြန်ပြီးအနားမယူချင်ဘူးလား"

ရှောင်ကျိုးက ခေါင်းခါပြလိုက်၏။

"ဟင့်အင်း၊ ခမည်းတော် ကတိဖျက်မှာ စိုးရိမ်လို့ အခုပဲရေးပေး"

ပထမဆုံးအကြိမ်အဖြစ် ကတိဖျက်မည်ဟု သံသယဝင်ခံလိုက်ရသော ဧကရာဇ်က ချက်ချင်းပင်ပြန်ချေပလိုက်သည်။

"ဧကရာဇ်ရဲ့စကားက ဥပဒေပဲ၊ ပြီးတော့ ငါ့ကတိက ရွှေလိုပဲတန်ဖိုးရှိတယ်၊ သမီးရဲ့ခမည်း‌တော်ဖြစ်တဲ့ ငါက သမီးကို ဘယ်လိုလုပ် လိမ်ရက်မှာလဲ"

ဧကရာဇ်က ရှင်းပြလေလေ သူကတိဖျက်တော့မည်ဟု ရှောင်ကျိုးမှာ ပိုပြီး ယုံကြည်လာလေလေပင်။ သူမက ထိုးရန်အသင့်ဖြစ်နေသည့်ဟန်ဖြင့် အင်္ကျီလက်များကို ချက်ချင်းခေါက်တင်လိုက်တော့၏။

ဧကရာဇ်မှာ ချက်ချင်းပင် အလျှော့ပေးလိုက်ရပြီး မိန်းမစိုးဟွမ်ကို မှင်သွေးရန် အမိန့်ပေးလိုက်တော့သည်။

တော်ဝင်အမိန့်စာကို အမြန်ဆုံးရေးလိုက်ပြီးနောက် ရှောင်ကျိုးထံသို့ကမ်းပေးလိုက်၏။

တော်ဝင်အမိန့်စာကို ဆုပ်ကိုင်ထားရင်း ရှောင်ကျိုးက ဧကရာဇ်၏နန်းဆောင်မှ အလျင်အမြန် ထွက်လာခဲ့ပြီး မင်းသမီးစံအိမ်တော်ဘက်သို့ ဦးတည်သွားတော့သည်။

ထိုဂြိုဟ်ဆိုးမလေးထွက်သွားသည်ကို ကြည့်ပြီးနောက် ဧကရာဇ်က နာကျင်နေသော သူ့ညာဘက်မျက်လုံးကို အလျင်အမြန်စမ်းလိုက်ပြီး ကျိန်ဆဲလိုက်တော့၏။

"မိဘကျေးဇူးကို နားမလည်တဲ့သမီးစုတ်လေး"

သူက မှန်တစ်ချပ်ကိုထုတ်ယူကာ သနားစရာကောင်းလှသော သူ့ရုပ်သွင်ကို ကြည့်လိုက်သည်။ မိမိပုံရိပ်ကို ဂရုစိုက်တတ်သော ဧကရာဇ်မှာ ညိုမည်းနေသော မျက်လုံးဖြင့် ညီလာခံသို့တက်ကာ လှောင်စရာမဖြစ်ချင်ပေ။ သူကဲ့သို့သော ဧကရာဇ်တစ်ပါးက သမီးဖြစ်သူ၏ရိုက်နှက်မှုကို ခံလိုက်ရကြောင်း မြို့တော်တစ်ခုလုံး သိသွားစေရန် သူ အလိုမရှိပါချေ။

‘သူ့ဂုဏ်သိက္ခာနဲ့ အာဏာက ဘယ်ရောက်သွားတာလဲ’

သူကဘေးရှိ မိန်းမစိုးဟွမ်ကို အမိန့်ပေးလိုက်၏။

"နောက်ရက်အနည်းငယ်လောက် ငါ ညီလာခံမတက်ဘူးလို့ အမိန့်ထုတ်လိုက်စမ်း"

မိန်းမစိုးဟွမ်က အမိန့်ကိုချက်ချင်း လက်ခံပြီးနောက် ထွက်သွားတော့သည်။

ထိုသတင်းကို ကြားလိုက်ရသောအခါ နယ်ပယ်အသီးသီးမှ အရာရှိများမှာလည်း သက်ပြင်းချနိုင်သွားကြတော့၏။ သူတို့မှာ ဧကရာဇ်ထက်ပင် ညီလာခံတက်ရန် ပိုပြီးဆန္ဒမရှိကြပေ။ မည်သို့ပင်ဆိုစေ သူတို့အိမ်ပြန်ရောက်ပြီး စိတ်အေးသွားချိန်တွင် ထိုညက သူတို့၏ကြီးကျယ်ခမ်းနားသော စွမ်းဆောင်ရည်များကို ပြန်သတိရလာကြသည်။ အရှက်ကြီးရှက်ကာ ဘယ်သူ့ကိုမှ မျက်နှာမပြရဲတော့သဖြင့် သူတို့မျက်နှာများကို ဖုံးအုပ်ထားကြတော့သည်။ ယခု သူတို့၏အကြီးမားဆုံး စိုးရိမ်ပူပန်မှုက မနက်ခင်းညီလာခံပင်။ မနေ့ညက လမ်းမများပေါ်တွင် အတူတကွ သီဆိုကခုန်နေခဲ့သူများက ယခုအခါ တိုင်းပြည်ရေးရာများကို အလေးအနက်ထား ဆွေးနွေးနေကြမည်ကို မည်သူကမျှမမြင်ချင်ကြသဖြင့် သူတို့လုပ်ဖော်ကိုင်ဖက်များကို မည်သို့ မျက်နှာပြရမည်မှန်း မသိဖြစ်နေကြသည်။

ဧကရာဇ်ကလည်း ထိုနည်းတူခံစားရပုံပေါ်ပြီး ထို့ကြောင့်ပင် လူတိုင်းကို မနက်ခင်းညီလာခံတက်ခြင်းမှ ကင်းလွတ်ခွင့် ပေးလိုက်ခြင်းဖြစ်ရမည်။ ဧကရာဇ်မှာ တကယ်ကိုပညာရှိလှ၏။

ရှောင်ကျိုးတစ်ယောက် တော်ဝင်အမိန့်စာဖြင့် မင်းသမီးစံအိမ်တော်သို့ ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် လူတိုင်း၏ဝိုင်းရံခြင်းကို ချက်ချင်းခံလိုက်ရတော့သည်။

တော်ဝင်အမိန့်စာကို စစ်ဆေးကြည့်ရန်အတွက် ကျင့်ရှင်းက ရှောင်ကျိုးကို ချက်ချင်းအချက်ပြလိုက်၏။

ရှောင်ကျိုးကမူ ထိုအရာကိုစိတ်ဝင်စားခြင်းမရှိသဖြင့် တော်ဝင်အမိန့်စာကို ကျင့်ရှင်းလက်ထဲသို့ ဒီအတိုင်း ထိုးထည့်ပေးလိုက်သည်။

ကျင့်ရှင်းက တော်ဝင်အမိန့်စာကို ယူကာ ဧကရာဇ် ရေးသားထားသည်များကို သေသေချာချာဖတ်လိုက်၏။ နောက်ဆုံးတွင် သူ သက်ပြင်းချနိုင်သွားတော့သည်။ ယခုအခါ သူ့နေရာလေး လုံခြုံသွားပြီဖြစ်ရာ ဘယ်တော့မှထပ်ပြီး ပူပန်နေစရာမလိုတော့ပေ။

ကျင့်ရှင်း၏ပျော်ရွှင်နေမှုကို မြင်သောအခါ ကျောက်ဟူနှင့် အခြားသူများက အလျင်အမြန်မေးလိုက်ကြသည်။

"ရွာသူကြီးလေး ရာထူးတိုးသွားပြီလား"

ကျင့်ရှင်းက ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

"သေချာတာပေါ့၊ ငါတို့ရဲ့ရွာသူကြီးလေးက အခု ဝမ်ဖြစ်သွားပြီ၊ အခုကစပြီး ချုံကျိုးကို ရွာသူကြီးလေးက အုပ်ချုပ်ရတော့မှာ"

ကျောက်ဟူနှင့် သူ့အပေါင်းအပါများမှာ ကျင့်ရှင်းထက်ပင် စိတ်လှုပ်ရှားနေကြတော့သည်။

ဘုရားရေ သူတို့ရွာသူကြီးလေးက တောင်ဘုရင်ကြီးဖြစ်လာတော့မည်ဖြစ်ပြီး ချုံကျိုးတစ်ခုလုံးက သူမအမိန့်ကို နာခံရတော့မည်ပင်။

ကလေးများ၏ စိတ်လှုပ်ရှားမှုမှာ နောက်တစ်နေ့ မနက်အထိကြာမြင့်ခဲ့တော့၏။

နောက်တစ်နေ့ မနက်စောစောတွင် ချင်းရှန်စီရင်စုမှပို့လိုက်သည်ဟုဆိုကာ အိမ်တော်ထိန်းက စာတစ်စောင်နှင့် ကုန်ပစ္စည်းများ အပြည့်တင်ထားသော လှည်းတစ်စီးကို ယူဆောင်လာခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါ အခုလေးတင် နိုးလာသော ရှောင်ကျိုးက ခုတင်ပေါ်မှ ခုန်ဆင်းလိုက်ပြီး ခြံဝင်းထဲသို့ အပြေးအလွှားသွားကြည့်တော့၏။

"အဘိုးတို့တွေက ဒါတွေကိုပို့လိုက်တာလား"

"ဒါပေါ့"

ကလေးများက အလျင်အမြန်ဝင်ပြောလိုက်ကြပြီး ရထားလုံးဆီသို့ ချက်ချင်း ပြေးသွားကြတော့သည်။ အထဲတွင် ကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေ၏။ ရှောင်ကျိုးက အကြီးဆုံးအိတ်ကြီးများကို လှမ်းယူကာဖွင့်ကြည့်လိုက်သောအခါ သူမက အဘိုးတို့ကိုစိုက်ခိုင်းထားခဲ့သည့် ကန်စွန်းဥများကို မြင်လိုက်ရသည်။

ရှောင်ကျိုးတစ်ယောက် အလွန်တရာ စိတ်လှုပ်ရှားသွားတော့၏။ မျိုးနွယ်စုခေါင်းဆောင်ဖြစ်သော သူမ၏အဘိုးက ထိုအရာအားလုံးကို အောင်မြင်စွာ စိုက်ပျိုးနိုင်လောက်သည်အထိ အရည်အချင်းရှိလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

ကလေးအချို့က ရထားလုံးထဲမှ ကုန်ပစ္စည်းများကို ခြံဝင်းထဲသို့သယ်သွားကြသည်။

ကျောက်ဟူက မြေကြီးပေါ်ရှိ အိတ်အချို့ကို လက်ညှိုးထိုးပြကာ မေးလိုက်၏။

"ရွာသူကြီးလေး ဒါတွေက ဘာတွေလဲ"

ရှောင်ကျိုးက ပြန်ဖြေလိုက်သည်။

"အဲ့ဒါတွေက ကန်စွန်းဥတွေလေ၊ အရမ်းစားလို့ကောင်းတာ"

ထိုသို့ပြောပြီးနောက် မနက်စာအတွက် ကင်စားရန် ရည်ရွယ်ချက်ဖြင့် ရှောင်ကျိုးက ကန်စွန်းဥအနည်းငယ်ကို သယ်ကာ အစ်မရှောင်ရှောင်ကိုရှာရန် မီးဖိုချောင်ထဲသို့ ဝင်သွားတော့၏။

ထိုစကားကို ကြားလိုက်ရသောအခါ စတုတ္ထမင်းသားနှင့် ဖက်တီးလေးမှာ ၎င်းတို့က ဘာမှန်းသေချာမသိသော်ငြား ရွာသူကြီးလေးက အရသာရှိသည်ဟု ပြောသည်ကိုကြားလိုက်ရသဖြင့် အလျင်အမြန်ထပ်ယူကာ မီးဖိုချောင်ထဲသို့ သူမနောက်မှလိုက်သွားကြတော့သည်။

အစ်မရှောင်ရှောင်က ၎င်းတို့ကို ပြောင်စင်အောင် ဆေးကြောပြီး ကင်ပေးမည်ဖြစ်ကြောင်းမြင်သောအခါ သူတို့တစ်သိုက်မှာ ကျေနပ်အားရစွာဖြင့် မီးဖိုချောင်ထဲမှ ပြန်ထွက်လာခဲ့ကြ၏။

ရှောင်ကျိုးက ကျင့်ရှင်းလက်ထဲရှိ စာကိုကြည့်ကာ မေးလိုက်သည်။

"ဒါက ဘယ်သူ့စာလဲ"

ကျင့်ရှင်းက စာကိုတစ်ချက်ကြည့်ပြီး ပြောလိုက်၏။

"ချင်းရှန်စီရင်စုအုပ်ချုပ်ရေးမှူးဆီက စာလေ"

"ငါ့အဖေဆီကလား"

ရှန်ကျစ်ယွမ်က စာကိုအလျင်အမြန် လှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ ပြွတ်သိပ်နေသော စာလုံးများက သူမကိုခေါင်းကိုက်သွားစေ၏။ သူမက ကျင့်ရှင်းထံသို့ ပြန်ပေးပြီး မေးလိုက်သည်။

"ငါ့အဖေက ဘာပြောထားလဲ"

စာကို တည်တည်ငြိမ်ငြိမ်ဖတ်ပြီးနောက် သူက ပြောလိုက်၏။

"မင်းအဖေက ဒီစာကို ရွာသူကြီးလေးဆီရေးထားတာ၊ သူက ဒီပစ္စည်းတွေကို ထောင်ယွမ်ရွာက ရွာသားတွေ ပို့လိုက်တာလို့ပြောတယ်၊ ပြီးတော့ သူ ရေးထားသေးတယ် 'ရွာသူကြီးလေး၊ ရွာသူကြီးလေးရဲ့ ရွာသားတွေကို ပြန်လာမအုပ်ချုပ်ဘူးဆိုရင် ချင်းရှန်စီရင်စုကို ထောင်ယွမ်စီရင်စုလို့ နာမည်ပြောင်းရတော့မယ်'တဲ့"

ကလေးများမှာ မေးခွန်းများဖြင့်ပြည့်နှက်သွားတော့သည်။

"အဲ့ဒါက ဘာအဓိပ္ပာယ်လဲ"

ကျင့်ရှင်းက လက်ဖြန့်ပြလိုက်၏။

"ငါလည်း မသိဘူးလေ၊ ရှန်ကျစ်ယွမ်ရဲ့ အဖေက အဲ့ဒီစကားလုံး နည်းနည်းလေးကိုပဲ ရေးထားတာ"

ဒီလောက်ဝေးတဲ့နေရာကနေ စာပို့တာကိုမှ သူရေးထားတာက ဒီစကားလုံး အနည်းငယ်ပဲလား။

ကလေးများမှာ ဆွံ့အသွားကြတော့၏။

ရွာသားများ ပို့လိုက်သော ကုန်ပစ္စည်းများဖြင့် ပြည့်နှက်နေသည့်ခြံဝင်းကို ကြည့်ကာ ကျောက်ဟူတစ်ယောက် ရုတ်တရက် အိမ်လွမ်းစိတ်ပေါ်လာပြီး မေးလိုက်သည်။

"ရွာသူကြီးလေး၊ ကျွန်တော်တို့ ဘယ်တော့ပြန်ကြမှာလဲ”

All Chapters