← Chapters

အခန်း ၁၄၇

Vol. 15 Ch. 147

အခန်း ၁၄၇

Vol. 15 Ch. 147

147

အားသို့ကလည်း ဝင်ပြောလိုက်၏။

"ဟုတ်တယ်၊ ကျွန်တော်လည်း အမေနဲ့ အဘွားကို သတိရတယ်"

ရှန်ကျစ်ယွမ်နှင့် ဖက်တီးလေးမှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့သည်။ သူတို့အတွက်ကတော့ ရွာသူကြီးလေးနောက်သို့လိုက်နေရသရွေ့ ဘယ်နေရာဖြစ်ဖြစ် အတူတူပင် ဖြစ်၏။

ကန်စွန်းဥများကို ကြည့်ပြီးနောက် ရှောင်ကျိုးမှာ သူတို့ထက်ပင် ပိုပြီးအိမ်ပြန်ချင်စိတ်များ တဖွားဖွားဖြစ်ပေါ်လာတော့သည်။ ရွာသူကြီးလေးဖြစ်သည့် သူမ မရှိသည့်အချိန်တွင် အခြားရွာများမှလူများက သူမ၏ရွာသားများကို အနိုင်ကျင့်နေကြမလားဆိုသည်ကို စိုးရိမ်နေမိ၏။ ထို့နောက် အသက်အရွယ်ကြီးရင့်နေကြပြီဖြစ်သော အဘိုးအဘွားများကရော သူတို့သာအနိုင်ကျင့်ခံရပြီး ပြန်မခုခံနိုင်ကြရင် ဘယ်လိုလုပ်မလဲ။

ထိုအကြောင်းကို တွေးမိလေလေ ရှောင်ကျိုးမှာ ပို၍ဝမ်းနည်းလာလေလေဖြစ်ပြီး မျက်ရည်များပင်ဝဲလာတော့၏။

"ငါတို့ဧည့်ခံပွဲစားပြီး လက်ဆောင်တွေယူပြီးတာနဲ့ ပြန်ကြတာပေါ့"

ဘာပဲဖြစ်ဖြစ် ပိုက်ဆံရှာမဲ့ကိစ္စကိုတော့ လက်လွတ်ခံလို့မဖြစ်ဘူးလေ။

ထိုစဉ်ကင်ထားသော ကန်စွန်းဥများကို သယ်လာသည့် ရွှီရှောင်ရှောင်က ထိုစကားကို ကြားလိုက်ရပြီးမေးလိုက်သည်။

"နောက်ဆုံးတော့ ထောင်ယွမ်ရွာကိုပြန်ကြတော့မှာလား၊ ခြံနောက်က ဟင်းသီးဟင်းရွက်တွေ ဘယ်လိုနေမလဲ မသိဘူး၊ အဲ့ဒါတွေကို အရမ်းလွမ်းနေပြီ"

အဘွားရွှီကလည်း ဝင်ပြောလိုက်၏။

"အဝေးကိုရောက်နေတာ ဒီလောက်တောင်ကြာနေပြီဆိုတော့ တကယ်ကို အိမ်ကို ပိုပိုပြီးလွမ်းလာတာပဲ၊ မြို့တော်က အရာရာတိုင်းကောင်းပေမဲ့ စည်ကားသိုက်မြိုက်မှုတော့မရှိဘူး၊ ငါတို့ရွာက အများကြီးပိုကောင်းတယ်၊ သစ်ပင်အောက်မှာထိုင်ပြီး ဟိုအကြောင်းဒီအကြောင်း စကားတွေပြောလို့ရတယ်လေ၊ တကယ်ကို ပျော်စရာကောင်းတာ"

အစ်မရှောင်ရှောင်သယ်လာသည့် ကန်စွန်းဥကင်များကိုကြည့်ကာ ကလေးများမှာ သွားရည်ကျလာတော့၏။

"အနံ့လေးက အရမ်းမွှေးတာပဲ"

အနည်းငယ် အေးသွားသည်နှင့်တစ်ပြိုင်နက် ရှောင်ကျိုးက တစ်ခုကို အလျင်အမြန် ကောက်ကိုင်လိုက်ပြီး မီးကျွမ်းနေသော အပြင်ခွံကိုခွာလိုက်သောအခါ အတွင်းရှိ ရွှေရောင်အသားကို မြင်တွေ့လိုက်ရသည်။ တစ်ကိုက် ကိုက်ကြည့်လိုက်သောအခါ နူးညံ့ပြီး ချိုမြိန်ကာ ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ကိုက်လိုက်တိုင်းမှာ အချိုဓာတ်နှင့် ကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေတော့၏။

ချိုမြိန်လှသောရနံ့က လူတိုင်း၏ ပါးစပ်ထဲတွင် ပျံ့နှံ့သွားပြီး အရသာကလည်း စွဲမက်ဖွယ်ကောင်းလှသည်။

"အရသာရှိလိုက်တာ၊ အရသာရှိလိုက်တာ"

လူတိုင်းက အားရပါးရချီးကျူးနေကြတော့၏။

အားလုံးက အရသာရှိရှိစားသောက်နေကြသည်ကိုမြင်သောအခါ ဆရာကြီးရွှီကလည်း အခွံခွာထားသော အပိုင်းတစ်ခုကို အမြန်ယူကာ ပါးစပ်ထဲသို့ထည့်လိုက်သည်။

"မဆိုးဘူး မဆိုးဘူး၊ ချိုပြီး နူးညံ့နေ‌ရော်ပဲ၊ တကယ်ကို ကောင်းတာ"

ထိုအချိန်တွင် ဆရာကြီးရွှီမှာ ကန်စွန်းဥ၏အထွက်နှုန်းကို မသိသေးဘဲ ၎င်းကိုထောင်ယွမ်ရွာမှ ရွာသားများ စိုက်ပျိုးထားသော အရသာရှိသည့် အစားအစာတစ်ခုအဖြစ်သာ ယူဆထားခြင်းပင်။

စားနေစဉ်တွင် ဆရာကြီးရွှီက မေးလိုက်သည်။

"မင်းသမီးလေးက ဧည့်ခံပွဲပြီးတာနဲ့ ချက်ချင်းထွက်သွားဖို့ စီစဉ်ထားတာလား"

ရှောင်ကျိုး ခေါင်းညိတ်ပြလိုက်၏။

"ကိုယ်ရံတော်တပ်မှူးနဲ့ ဒုတပ်မှူးကိုရော ရှာတွေ့ပြီလား"

ဆရာကြီးရွှီက ဆက်မေးလိုက်သည်။

ရှောင်ကျိုး ခေါင်းခါပြလိုက်၏။

ကျင့်ရှင်း အကြံပြုလိုက်သည်။

"မင်းအဖေက မင်းလိုချင်တဲ့သူကိုရွေးလို့ရတယ်လို့ ပြောထားတယ်မဟုတ်လား၊ မြို့တော်က အစွမ်းအထက်ဆုံး စစ်သူကြီးတွေကို ဘာလို့မခေါ်သွားတာလဲ၊ ချုံကျိုးက နယ်စပ်နဲ့နီးတယ်ဆိုတော့ စစ်ဖြစ်လာရင်တောင် မင်းအတွက် အကူအညီဖြစ်တာပေါ့"

ထိုအချိန်တွင် ရွာသူကြီးလေးနှင့်အတူ ချုံကျိုးသို့သွားခြင်းက အကြံကောင်းတစ်ခုမဟုတ်နိုင်ကြောင်း ကျင့်ရှင်းက ရုတ်တရက် ခံစားလိုက်ရ၏။ ထိုနေရာက အလွန်ဆင်းရဲပြီး စစ်ပွဲများကလည်း အမြဲလိုလိုဖြစ်ပွားနေသည်။ အကယ်၍ ရန်သူများသာ ကျူးကျော်လာပါက ချုံကျိုးက ပထမဆုံးဒုက္ခရောက်မည် ဖြစ်၏။

‘သူတော့ သေချာပေါက်ပွဲသိမ်းပြီပဲ’

ဆရာကြီးရွှီက ဖြည့်ပြောလိုက်သည်။

"မင်းသမီးလေး သဘောကျတဲ့သူကို ရွေးနိုင်တယ်လို့ ဧကရာဇ်ကပြောထားပေမဲ့ နန်းတွင်းအရာရှိတွေကတော့ မင်းသမီးလေးနဲ့အတူ ချုံကျိုးကိုသွားဖို့ သေချာပေါက် ဆန္ဒရှိကြမှာမဟုတ်ဘူး၊ မင်းသမီးလေးအနေနဲ့ ရာထူးမရှိတဲ့သူတွေကိုပဲ ရွေးချယ်လို့ရနိုင်မယ်"

ရှောင်ကျိုး အလျင်အမြန်ခေါင်းခါပြလိုက်၏။

"သူတို့ကိုလည်း မလိုချင်ပါဘူးနော်၊ သူတို့အကုန်လုံးက အဘိုးကြီးတွေချည်းပဲ"

"ဒါဆို ချုံကျိုးကိုရောက်မှပဲ တစ်ယောက်ယောက်ကို ရှာကြတာပေါ့"

ဆရာကြီးရွှီ ပြောလိုက်သည်။

လူတိုင်း ကန်စွန်းဥကင်များစားလို့ပြီးသွားသောအခါ စတုတ္ထမင်းသားက သူ့မယ်တော်ကို သတိရသွားပြီးပြောလိုက်၏။

"မယ်တော်ကို မြည်းကြည့်ဖို့အတွက် တစ်ခုယူသွားပေးချင်တယ်"

သူမဖခင်က ငွေကြေးရော နယ်မြေပါ ထောက်ပံ့ပေးနေသည်ကို ပြန်တွေးမိပြီးနောက် ရှောင်ကျိုးက ခဏစဉ်းစားပြီးပြောလိုက်သည်။

"ငါလည်း ခမည်းတော်မြည်းကြည့်ဖို့အတွက် တစ်ခုသွားပို့ပေးမယ်"

ရှောင်ကျိုးက နန်းတော်ထဲမှ မိန်းမစိုးဟွမ်နှင့် လင်းယီတို့ကိုပါသတိရသွားသဖြင့် အိတ်တစ်လုံးကို ချက်ချင်းဆွဲယူကာ မီးဖိုချောင်သို့ ပြေးသွားရာ ရွှီရှောင်ရှောင်က သူတို့အတွက် အနည်းငယ်ကို အလျင်အမြန်ကင်ပေးလိုက်၏။

ရှောင်ကျိုးက ရေနွေးငွေ့များထွက်နေသော ကန်စွန်းဥကင်များကို သယ်ကာ နန်းတော်သို့ သွားရန်ပြင်လိုက်သည်။

ရှီထုံနှင့် ကျန်းဟယ်တို့က ရွာသူကြီးလေး နောက်တစ်ကြိမ်အပြင်ထွက်တော့မည်ကို မြင်လိုက်ရသောအခါ အတူလိုက်သွားရန် ချက်ချင်းပင်ပူဆာကြတော့၏။

ဘာမှလုပ်စရာမရှိသဖြင့် ရှောင်ကျိုးက သူတို့နှစ်ယောက်ကို အပြင်သို့ လမ်းလျှောက်ထွက်ရန် ခေါ်သွားမည်ဟု ဆုံးဖြတ်လိုက်ပြီး လက်တစ်ဖက်လျှင် တစ်ယောက်စီသယ်ကာ ဖခင်ဖြစ်သူ၏ အိပ်ဆောင်ဆီသို့ ဦးတည်သွားတော့သည်။

ရှီထုံနှင့် ကျန်းဟယ်တို့မှာ ချက်ချင်းပင် ဝမ်းသာအားရ အော်ဟစ်လိုက်ကြ၏။

ဆူညံသံများကြောင့် နားစည်များပင် နာကျင်လာသဖြင့် ရှောင်ကျိုးက ဟောက်လိုက်သည်။

"အသံမထွက်ကြနဲ့၊ တစ်ယောက်ယောက်ကများ အသံထွက်ရင် သေချာပေါက် အရိုက်ခံရမယ် မှတ်"

ကျန်းဟယ်နှင့် ရှီထုံတို့မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားကြတော့၏။

မပျံနိုင်သော စတုတ္ထမင်းသားမှာ နန်းတော်သို့ ရထားလုံးဖြင့်သာ လိမ္မာရေးခြားရှိရှိ လိုက်ပါသွားရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

ရှောင်ကျိုးက ကလေးများကို တစ်ဖက်တစ်ချက်စီ သယ်ကာ ဧကရာဇ်၏အိပ်ဆောင်သို့သွားပြီး ဧကရာဇ်ထိုင်နေသည့် စားပွဲအောက်တွင် ကျန်းဟယ်နှင့် ရှီထုံတို့ကိုချထားလိုက်သည်။

သူ့မျက်လုံးများကို ကြက်ဥဖြင့်ကပ်နေသော ဧကရာဇ်က မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သမီးဖြစ်သူက သူ့အား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။

သူ့ကျောရိုးတစ်လျှောက် စိမ့်တက်သွားသလို ခံစားလိုက်ရသည်။

‘ဒီကလေးမက ဘယ်လိုလုပ်ဝင်လာတာလဲ’

‘နန်းတော်တံခါးဝက တော်ဝင်ကိုယ်ရံတော်တပ်တစ်ခုလုံးကို သူ့သမီးက သုတ်သင်ပစ်လိုက်တာလား’

‘တံခါးဝက အစောင့်ကရော သေသွားပြီလား’

‘မဟုတ်ရင် သူ့သမီးက ဘာလို့ သူ့ဆီကို အကြောင်းကြားခြင်းမရှိဘဲ ရောက်လာရတာလဲ’

"သမီး... သမီး ဘယ်လိုလုပ် ဝင်လာတာလဲ၊ အပြင်က လူတွေရော အသက်ရှင်သေးရဲ့လား"

ဧကရာဇ်က တုန်တုန်ရီရီလေသံဖြင့်မေးလိုက်သည်။

ရှောင်ကျိုး ပြန်ဖြေလိုက်၏။

"သူတို့ အပြင်မှာနေပူဆာလှုံနေကြတယ်၊ သမီးက ပျံဝင်လာတာလေ၊ သူတို့ သမီးကိုမမြင်လိုက်ဘူး"

ရှောင်ကျိုး ဘယ်လိုဝင်လာသလဲဆိုလျှင် သူမက ဒီအတိုင်းပျံဝင်လာခြင်းသာ ဖြစ်သည်။ သို့သော်လည်း နန်းတော်သို့ရောက်ကြောင်း အကြောင်းကြားရသည့် ပုံမှန်လုပ်ထုံးလုပ်နည်းများကို သူမက စိတ်ပျက်လာပြီး စောင့်ရသည်ကိုလည်း စိတ်မရှည်တော့ပေ။ ထို့ကြောင့် သူမ၏ ဝိညာဉ်စွမ်းအင်အချို့ကို အသုံးပြုကာ မည်သူမျှမသိအောင် ဝင်လာခဲ့ခြင်းပင်။ ယင်းက သေချာပေါက် ပိုမြန်ပြီး ယခုမှစ၍ ဤနည်းလမ်းကိုသာ သူမ၏အဓိက ဝင်ပေါက်အဖြစ် အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ကျိုးက အဝတ်အိတ်ထဲမှ စက္ကူဖြင့်ထုပ်ထားသော ကန်စွန်းဥကင်များကို ထုတ်ယူကာ ဧကရာဇ်ထံသို့ကမ်းပေးရင်း ပြောလိုက်သည်။

"ဒါတွေက သမီးတို့ရွာရဲ့ဒေသထွက်ကုန်တွေလေ၊ ခမည်းတော်စားဖို့အတွက် ပေးတာ၊ အခုလေးတင် ကင်ထားတာ အရမ်းစားလို့ကောင်းတယ်"

ဧကရာဇ်က ရေနွေးငွေ့များထွက်နေသော အစားအစာကိုမြင်ပြီး ထွက်ပေါ်လာသော ရနံ့ကိုရှူမိလိုက်၏။ သူ့ဗိုက်ထဲမှ အသံဗလံများမြည်လာပြီး သမီးဖြစ်သူ နန်းတော်ထဲသို့ မည်သို့ဝင်ရောက်လာသည်ကို သူဂရုမစိုက်နိုင်တော့ပေ။ သိလိုက်ရလျှင်လည်း ထူးခြားသွားမည် မဟုတ်သလို သူ့သမီးက သူ့စကားကို နားထောင်မည်လည်း မဟုတ်ချေ။ ဧကရာဇ်က ကန်စွန်းဥကင်ကို လှမ်းယူကာ အလျင်အမြန် စတင်စားသောက်တော့၏။

ရှောင်ကျိုးက အခန်းထဲတစ်ချက် ဝေ့ကြည့်လိုက်ရာ ဖခင်ဖြစ်သူ တစ်ယောက်တည်းသာရှိနေသည်ကို မြင်လိုက်၍ အိတ်ထဲမှကန်စွန်းဥကင် နှစ်ခုကို အမြန်ထုတ်ပြီး အဘိုးဟွမ် (မိန်းမစိုး)ကို သွားရှာတော့သည်။

ရှောင်ကျိုးတစ်ယောက် မနက်က ကန်စွန်းဥကင်များ အစားများသွား၍လားတော့မသိ သူမ ရုတ်တရက် လေလည်ချင်လာတော့၏။ နန်းတွင်းအစေခံများဝိုင်းနေသဖြင့် သူမပုံရိပ်ကို ဂရုစိုက်ကာ မနည်းအောင့်ထားရသည်။

သူမက အစေခံများကို မိန်းမစိုးဟွမ် ဘယ်မှာရှိလဲဟု အလျင်အမြန် မေးလိုက်ပြီးနောက် သူ့လက်ထဲသို့ ကန်စွန်းဥကင်တစ်ခုကို ထိုးထည့်ကာ ပြောလိုက်၏။

"ရော့ စားလိုက်"

ထိုသို့ပြောပြီးနောက် သူမက မင်းသမီးစံအိမ်တော်ဘက်သို့ ချက်ချင်းပျံတက်သွားတော့သည်။ ဆက်အောင့်ထားနိုင်စွမ်းမရှိတော့သဖြင့် အိမ်သို့ ချက်ချင်းပြန်ရန် လိုအပ်နေပြီပင်။

နန်းတော်ထဲတွင်ကျန်ခဲ့သော ကျန်းဟယ်နှင့် ရှီထုံတို့မှာ ရွာသူကြီးလေး ခုနကပြောသွားခဲ့သည့် အသံမထွက်ရန်နှင့် ထွက်ပါက အရိုက်ခံရမည်ဆိုသည့် စကားကို သတိရနေကြ၏။ ထို့ကြောင့် သူတို့နှစ်ယောက်က မြေကြီးပေါ်တွင် စကားတစ်ခွန်းမှမဟဘဲ ထိုင်နေကြပြီး စားပွဲခြေထောက်များပေါ်ရှိ ပန်းပုရုပ်များကိုသာ စိုက်ကြည့်နေကြတော့သည်။

ထို့ကြောင့်ပင် ဧကရာဇ်မှာ သူ့အခန်းထဲတွင် ကလေးနှစ်ယောက်ပိုနေသည်ကို သတိမထားမိသေးခြင်းဖြစ်၏။

ကျောက်ကြမ်းပြင်ပေါ်တွင် ထိုင်နေသော သုံးနှစ်အရွယ်ကလေးလေးမှာ ဗိုက်ထဲတွင် လေများပြည့်လာသလို ခံစားလိုက်ရသည်။ သူက လေလည်ချင်သည်ကို အောင့်ထားရန် ငယ်လွန်းသေးသဖြင့် သူ့ဗိုက်ကို ညှစ်ထုတ်လိုက်တော့၏။

*ဘူ*ကနဲ အသံအကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။

တိတ်နေသော နန်းဆောင်ထဲတွင် ထိုအသံက အလွန်တရာမှထင်ရှားနေတော့၏။

ဧကရာဇ်က ချက်ချင်းပင်စားနေသည်ကို ရပ်လိုက်ပြီး ထိတ်လန့်တကြားဖြင့် ဟိုဟိုဒီဒီကြည့်ကာ အော်လိုက်သည်။

"လင်းယီ"

လင်းယီက ချက်ချင်းပေါ်လာ၏။

ဧကရာဇ် အလျင်အမြန်မေးလိုက်သည်။

"အဲ့ဒါ ဘာအသံလဲ"

လင်းယီက သူ့ကိုသနားကမားဟန်ဖြင့်စိုက်ကြည့်နေသော ကလေးနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်၏။

သူက အရှေ့သို့တိုးသွားပြီး ကလေးနှစ်ယောက်ကို လေထဲသို့ မ,တင်လိုက်သည်။

သို့သော် ရှီထုံနှင့် ကျန်းဟယ်တို့မှာ အပေါ်သို့မြှောက်တင်ခံလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့ဗိုက်များ သက်သာရာရသွား၍လားတော့မသိ အဆက်မပြတ် လေလည်ကြတော့၏။

တင်ပါးလေးနှစ်စုံနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသော လင်းယီမှာတုန်ယင်သွားပြီး ကလေးနှစ်ယောက်ကို လွှတ်ချလိုက်လုနီးပါးပင်ဖြစ်သွားတော့သည်။

သူက သူတို့ကိုမြေကြီးပေါ်သို့ အလျင်အမြန် ပြန်ချပေးလိုက်၏။

အရသာရှိသော အစားအစာကို မြည်းစမ်းရသဖြင့် ဧကရာဇ်၏ကနဦး ပျော်ရွှင်မှုများမှာ ချက်ချင်းပင်ပျောက်ကွယ်သွားတော့သည်။

သူက တံခါးပေါက်ဘက်သို့ အလျင်အမြန် လှမ်းခေါ်လိုက်၏။

"ချန်လဲ့ ဘယ်မှာတုန်း"

*ဘူ*

တံခါးဝတွင် ရပ်နေသော မိန်းမစိုးက အလျင်အမြန် ဝင်လာပြီး သတင်းပို့လိုက်သည်။

"ချန်လဲ့မင်းသမီးလေးက မိန်းမစိုးဟွမ်ကို အစားအစာတွေပို့ပေးပြီးတာနဲ့ မင်းသမီးစံအိမ်တော်ကို ပြန်သွားပါပြီ"

*ဘူ*

မိန်းမစိုးက အသံထွက်လာရာနေရာသို့ အံ့ဩတကြီး လှမ်းကြည့်လိုက်၏။

မိန်းမစိုးက သူ့ကိုကြည့်နေသည်ကို မြင်သောအခါ ရှီထုံက အလျင်အမြန် အားယူကာ နောက်တစ်ကြိမ်လေလည်လိုက်ပြန်သည်။

*ဘူ*

မိန်းမစိုးမှာ လုံးဝကိုဆွံ့အသွားတော့၏။

‘ဒါဆို ချန်လဲ့မင်းသမီးလေးက ဒီကလေးနှစ်ယောက် လေလည်တာ မင်းသမီးစံအိမ်တော်ရဲ့ ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတယ်လို့ထင်လို့ ဧကရာဇ်ကို အဲ့ဒီအသံကြားရအောင် နန်းတော်ဆီ လွှတ်လိုက်တာပေါ့’

မိန်းမစိုးတစ်ယောက်တည်း ဤသို့တွေးနေခြင်းမဟုတ်ဘဲ မျက်နှာမည်းကြီးဖြင့် အထက်တွင်ထိုင်နေသော ဧကရာဇ်နှင့် လေလည်သံများကြောင့် မှင်သက်နေသော လင်းယီတို့ကပါ ထိုကောက်ချက်ကို ချလိုက်ကြတော့သည်။

*ဘူ*

All Chapters