← Chapters

အခန်း ၁၄၈

Vol. 15 Ch. 148

အခန်း ၁၄၈

Vol. 15 Ch. 148

148

ဧကရာဇ်က လင်းယီကိုအမြန်အော်လိုက်သည်။

"ဒီကလေးနှစ်ယောက်ကို မြန်မြန်ခေါ်သွားစမ်း၊ တတ်နိုင်သမျှ အဝေးဆုံးကို ခေါ်သွား"

ထိုစကားကို ကြားလိုက်ရသောအခါ ရှီထုံနှင့် ကျန်းဟယ်တို့က စားပွဲခြေထောက်များကို ချက်ချင်း တင်းတင်းကျပ်ကျပ်ဖက်ထားပြီး မဖယ်ပေးဘဲ နေကြတော့သည်။ လင်းယီက သူတို့ကို မ,တင်လိုက်ချိန်တွင် ရွာသူကြီးလေးဖခင်၏ စားပွဲပေါ်ရှိမုန့်များက မည်မျှအရသာရှိပုံပေါက်ကြောင်း သူတို့သတိထားမိသွားကြ၏။

လင်းယီက ကလေးနှစ်ယောက်ကို မတော်တဆတိုက်မိသွား၏။ သူတို့က သူ့ကို "ဘူ"ဟု ချက်ချင်းလေလည်ပြလိုက်သဖြင့် လင်းယီမှာ လက်ကို ချက်ချင်း ပြန်ရုတ်သွားတော့သည်။

ကျန်းဟယ်နှင့် ရှီထုံတို့က ဧကရာဇ်အနားသို့ ပြေးသွားကာ စားပွဲပေါ်သို့ မော့ကြည့်ပြီး မေးလိုက်သည်။

"ရွာသူကြီးလေးရဲ့အဖေ၊ ဒါတွေကို သားတို့စားလို့ရလား"

*ဘူ*

ဧကရာဇ် : !!!

ဧကရာဇ်က သူ့စားပွဲပေါ်ရှိ မုန့်များနှင့် ပန်းကန်များအားလုံးကို ကလေးနှစ်ယောက်ရင်ခွင်ထဲသို့ အလျင်အမြန် ထိုးထည့်ပေးလိုက်၏။

"ကဲ၊ မင်းတို့ အခုသွားလို့ရပြီ၊ ပြန်ပြီးတော့မှစားကြ"

ရှီထုံနှင့် ကျန်းဟယ်တို့က မုန့်ပန်းကန်များကို ကိုယ်စီကိုင်ထားကြပြီး "ဘူ" ဟူသော လေလည်သံများကြားတွင် မုန့်များကို အငမ်းမရစားသောက်နေကြတော့သည်။

သူတို့ကို မင်းသမီးစံအိမ်တော်သို့ ချက်ချင်းပြန်ခေါ်သွားရန် ဧကရာဇ်က လင်းယီကို လက်ဟန်ခြေဟန်ဖြင့်အမိန့်ပေးလိုက်၏။

လင်းယီတစ်ယောက် တွေးလိုက်မိသည်။

'ငါ့လိုကိုယ်ရံတော်တစ်ယောက်က ဘာလို့များ ဒီလိုဒုက္ခခံနေရတာလဲ'

လင်းယီက အရှေ့သို့တိုးသွားကာ ကလေးနှစ်ယောက်ကို ကောက်ချီလိုက်ပြီးနောက် "ဘူ" ဟူသော အသံနှစ်သံနှင့်အတူ ဧကရာဇ်၏အိပ်ဆောင်ထဲမှ ပျောက်ကွယ်သွားတော့၏။

မင်းသမီးစံအိမ်တော်သို့ပြန်ရာလမ်းတွင် ရှီထုံနှင့် ကျန်းဟယ်တို့မှာ ဝမ်းသာအားရအော်နေကြပြီး သူတို့ခြေထောက်များကို အပြင်းအထန် ကန်ကျောက်နေကြရာ လေများပိုထွက်လာကြတော့သည်။

လမ်းတစ်လျှောက်လုံး ဆူညံသံများကို သည်းခံလာခဲ့ရသော လင်းယီက ကလေးနှစ်ယောက်ကို မင်းသမီးစံအိမ်တော်၏ခြံဝင်းထဲတွင် ချပေးလိုက်ပြီး နန်းတော်သို့ ချက်ချင်းပြန်ပျောက်သွားတော့၏။

စိတ်လှုပ်ရှားမှုများအပြည့်ဖြင့် ရှီထုံနှင့် ကျန်းဟယ်တို့နှစ်ယောက်တည်းသာ ကျန်ရစ်ခဲ့သည်။

အခုလေးတင် လေလည်ပြီးသွားသော ရှောင်ကျိုးက တံခါးဝတွင်ရပ်နေသည့် ရှီထုံနှင့် ကျန်းဟယ်တို့ကိုမြင်လိုက်ရ၏။

ရှောင်ကျိုး : 'ဒုက္ခပါပဲ၊ ဒီနှစ်ယောက်ကို ငါ ထပ်မေ့သွားပြန်ပြီ'

"နင်တို့နှစ်ယောက် ဘယ်လိုပြန်ရောက်လာတာလဲ"

ခြံဝင်းထဲတွင် ရုတ်တရက် ပေါ်လာသော ရှီထုံနှင့် ကျန်းဟယ်တို့ကို သတိပြုမိသွားသဖြင့် ကျောက်ဟူနှင့် အခြားသူများက မေးလိုက်ကြသည်။

သူတို့ စောစောက ရွာသူကြီးလေးလက်ဗလာဖြင့် အိမ်သို့အပြေးအလွှား ပြန်လာသည်ကို မြင်တွေ့ခဲ့ရသည်။ ဒီနှစ်ယောက်ကများ ကိုယ်ဖော့သိုင်းကို ခိုးသင်ထားကြတာလား။

ရှီထုံက လေထဲသို့အလျင်အမြန် လက်ညှိုးထိုးပြကာ ပြောလိုက်၏။

"ပျံတတ်တဲ့ ဦးလေးကြီးက သားတို့ကို ပြန်ခေါ်လာပေးတာ"

*ဘူ*

ထိုရင်းနှီးနေသောအသံကို ကြားလိုက်ရသောအခါ ကျောက်ဟူတစ်ယောက် အရှုံးမပေးချင်စိတ်များပေါ်လာတော့သည်။

သူတို့က ထိုနှစ်ယောက်ထက် ပိုကျယ်လောင်သောအသံကို ချက်ချင်း ထုတ်လွှတ်လိုက်ကြ၏။

ရှီအန်းကလည်း ၎င်းကို ရယ်စရာကောင်းသည်ဟု ထင်သွားပြီး အသံအကျယ်ကြီးတစ်သံကို ထုတ်လွှတ်လိုက်သည်။

သူက ယုံကြည်မှုအပြည့်ဖြင့် ကြေညာလိုက်၏။

"ငါ့အသံက အကျယ်ဆုံးပဲ"

စိတ်အားထက်သန်သွားသော ဖက်တီးလေးက ချက်ချင်းဝင်ပြောလိုက်သည်။

"ငါ့အသံက အကျယ်ဆုံး"

အခြားသူများရှေ့တွင် လေလည်ရသည်မှာ ရှက်စရာကောင်းသည်ဟု မူလက တွေးထားခဲ့သော ရှောင်ကျိုးမှာ ရုတ်တရက် ပြိုင်ဆိုင်ချင်စိတ်များ ပြင်းပြလာတော့၏။ သူမက ဗိုက်ကို ပွတ်သပ်ကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး မည်သူ့ထက်မဆို ပို၍ကျယ်လောင်သော လေလည်သံကို ထုတ်လွှတ်လိုက်သည်။

"ဘယ်သူ ရှိသေးလဲ"

လူတိုင်းက ရွာသူကြီးလေးကို ချက်ချင်းပင် လက်မထောင်ပြလိုက်ကြတော့၏။

လေလည်လိုက်ရသော်ငြား ဗိုက်အနည်းငယ်တင်းနေသေးသည့် ရှောင်ကျိုးမှာ အားစိုက်ထုတ်လိုက်ခြင်းက အမှန်တကယ်ပင် ပိုမိုသက်သာသွားစေကြောင်း သဘောပေါက်သွားသည်။

ထို့နောက် သူမက ကလေးများနေ့တွင် အတန်းဖော်များနှင့်အတူ ကစားလေ့ရှိသည့် မုန်လာဥကစားနည်းကို သတိရသွားတော့၏။

"ဂိမ်းတစ်ခု ကစားကြရအောင်"

ရှောင်ကျိုးတစ်ယောက် အကြံပြုလိုက်ရာ ကလေးတစ်သိုက်က ချက်ချင်း ဝိုင်းအုံလာကြတော့သည်။

ရှောင်ကျိုးက ကလေးများကို စည်းမျဉ်းများ ရှင်းပြလိုက်၏။

"ထိုင်တာ နေရာမှားသွားရင်၊ အမှားလုပ်မိရင်..."

ရှောင်ကျိုးက ပြစ်ဒဏ်တစ်ခုကို စဉ်းစားလိုက်သည်။

ဆရာကြီးရွှီက ဘေးမှဝင်ပြောလိုက်၏။

"တစ်ကြိမ်မှားထိုင်မိရင် ဒီနေ့သင်ခဲ့တဲ့ ကွန်ဖြူးရှပ်ကျမ်းစာကို ကူးရေးရမယ်၊ နှစ်ကြိမ်မှားထိုင်မိရင် နှစ်ခေါက်ကူးရေးရမယ်"

ရှောင်ကျိုးတစ်ယောက် ချုံကျိုးမြို့စားအဖြစ် ဘွဲ့ချီးမြှင့်ခံရပြီးကတည်းက ဆရာကြီးရွှီမှာ ကလေးများ၏ ပညာရေးကို အထူးဂရုစိုက်လာခဲ့ပြီး သူတို့ကိုစာများကျက်ရန်၊ စာလုံးများမှတ်မိရန်နှင့် သင်ယူနိုင်ရန် အခွင့်အရေးရတိုင်း ကြိုးပမ်းနေခဲ့သည်။ သူ့လက်ရှိတာဝန်မှာ ကလေးများကြားရှိ စာမတတ်မြောက်မှုကိုအမြန်ဆုံး အမြစ်ဖြတ်ချေမှုန်းရန်ဖြစ်ပြီး ဂုဏ်သိက္ခာကြီးလှသော မြို့စားကြီးတစ်ပါးက အခြေခံစာလုံးများကိုပင်မဖတ်တတ် မမှတ်မိဘဲ စာမတတ်ပေမတတ်တစ်ယောက် မဖြစ်စေချင်ပေ။

ဗိုက်သက်သာသွားစေရန်နှင့် မည်သူက လေအကျယ်ဆုံးလည်နိုင်သလဲဆိုသည်ကို ပြိုင်ချင်ရုံသက်သက်သာဖြစ်သော ရှောင်ကျိုးမှာ ယခုအခါ ကိုယ့်သေတွင်းကိုယ်တူးမိသလိုခံစားလိုက်ရတော့၏။

ကစားပွဲထဲမပါလိုက်ရသည့်အတွက် ဝင်ကစားချင်သည်ဟု ပူဆာနေခဲ့ကြသော ရှီထုံနှင့် ကျန်းဟယ်တို့မှာ နေရာမှားထိုင်မိပါက စာကျက်ရမည်ဟု ကြားလိုက်ရသောအခါ ချက်ချင်းပင် ပူဆာနေခြင်းကို ရပ်တန့်လိုက်ကြတော့သည်။ သေချာသည်ကတော့ စာဖတ်ခြင်းနှင့် ပတ်သက်သည့် မည်သည့်အရာမဆိုလူများကို စိတ်ဝင်စားမှုလုံးဝ ပျောက်ကွယ်သွားစေနိုင်စွမ်းရှိသည်။

ရွာသူကြီးလေးက စည်းမျဉ်းများကို ရှင်းပြပြီးနောက် ဆရာကြီးရွှီ၏ပြစ်ဒဏ်အနေဖြင့် ကွန်ဖြူးရှပ်ကျမ်းစာများကို ကူးရေးရမည်ဆိုသည့် စကားကိုကြားရသော်ငြား ကလေးများမှာ ပါဝင်ဆင်နွှဲရန် စိတ်အားထက်သန်နေကြဆဲပင်။ စည်းမျဉ်းများက ရိုးရှင်းသည်ဟုထင်ကြပြီး သူတို့ထဲမှ မည်သူကမျှ နေရာမှားထိုင်မိမည့်သူဖြစ်လိမ့်မည်ဟု မယုံကြည်ကြချေ။ အားလုံးက ယုံကြည်မှုအပြည့်ရှိနေကြ၏။

သူတို့စတော့မည့်ဆဲဆဲတွင် ဘေးအိမ်ရှိ ကုမိသားစုအိမ်တော်ထဲ၌ အကျဉ်းကျနေခဲ့ရာမှ နောက်ဆုံးတွင် ခိုးထွက်လာနိုင်ခဲ့သော ကုဇီရှင်းတစ်ယောက် ရောက်လာခဲ့သည်။ သူက အားလုံးကို ခေါ်ပြီး ကစားချင်သည်ဟု အကြောင်းပြကာ ကစားပွဲကိုမြင်လိုက်ရသည်နှင့် ချက်ချင်းပင် ဝင်ပါရန် ပူဆာတော့၏။

သို့နှင့် "ဘူ ဘူ ဘူ”ဟူသော လေလည်သံများနှင့်အတူ "မုန်လာဥ"ကစားပွဲကို တရားဝင်စတင်လိုက်တော့သည်။

ရှောင်ကျိုးက ပထမဆုံးစတင်လိုက်၏။

"မုန်လာဥမည်း ထိုင်၊ မုန်လာဥမည်း ထိုင်၊ မုန်လာဥမည်း ထိုင်ပြီးရင် မုန်လာဥဖြူ ထိုင်"

*ဘူ*

မုန်လာဥဖြူဖြစ်သော အားသို့က ချက်ချင်း တုံ့ပြန်လိုက်သည်။

"မုန်လာဥဖြူ ထိုင်၊ မုန်လာဥဖြူ ထိုင်၊ မုန်လာဥဖြူ ထိုင်ပြီးရင် မုန်လာဥစိမ်း ထိုင်"

*ဘူ*

"မုန်လာဥစိမ်း" အမည်ရသော ကျောက်ဟူမှာ သဘောတကျရယ်နေတော့၏။

အားသို့က ကျောက်ဟူကို လက်ညှိုးထိုးပြကာ ဆရာကြီးရွှီထံသို့ တိုင်လိုက်သည်။

"ဆရာကြီး ဆရာကြီး၊ ကျောက်ဟူမှားသွားပြီ၊ သူ့ကို ပြစ်ဒဏ်အနေနဲ့ တစ်ခေါက်ကူးရေးခိုင်းရမယ်"

ကျောက်ဟူက အမြန်ပြန်ချေပလိုက်၏။

"မင်းအသံက အရမ်းတိုးနေတာလေ၊ ငါ သေသေချာချာမှ မကြားလိုက်ရတာ၊ အဲ့ဒါ အတည်မယူဘူး၊ အတည်မယူဘူး"

အားသို့က ရွာသူကြီးလေးထံသို့ ချက်ချင်း လှည့်တိုင်လိုက်ပြန်သည်။

"ရွာသူကြီးလေး၊ ကျောက်ဟူကို ပေးမကစားနဲ့တော့၊ သူက လူလည်ကျနေတာ"

ရှောင်ကျိုးက သူမလက်သီးပိစိလေးကို မြှောက်ပြလိုက်၏။

ကျောက်ဟူက ချက်ချင်းပင် အလျှော့ပေးလိုက်သည်။

"တစ်ခေါက် ကူးရေးဆိုလည်း ကူးရေးမယ်လေ၊ ပြန်စကြမယ်၊ ဘယ်သူကများ ကြောက်နေလို့လဲ"

ထိုသို့ပြောပြီးနောက် သူက စဆောင့်ကြောင့်ထိုင်လိုက်၏။

"မုန်လာဥစိမ်း ထိုင်၊ မုန်လာဥစိမ်း ထိုင်၊ မုန်လာဥစိမ်း ထိုင်ပြီးရင် မုန်လာဥနီ ထိုင်"

*ဘူ*

ရှန်ကျစ်ယွမ်က အလွယ်တကူပင် ဖမ်းယူလိုက်သည်။

"မုန်လာဥနီ ထိုင်၊ မုန်လာဥနီ ထိုင်၊ မုန်လာဥနီ ထိုင်ပြီးရင် မုန်လာဥစိမ်း ထိုင်"

*ဘူ*

ပြစ်ဒဏ်ခံရမည်ကို စိုးရိမ်နေသော ရှီအန်းမှာ သေချာနားစွင့်ထားလိုက်၏။ သူ့အမည်ကို ကြားလိုက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း သူတုံ့ပြန်လိုက်၏။

"မုန်လာဥစိမ်း ထိုင်၊ မုန်လာဥစိမ်း ထိုင်၊ မုန်လာဥစိမ်း ထိုင်ပြီးရင် မုန်လာဥဝါ ထိုင်"

*ဘူ*

မုန်လာဥဝါဖြစ်သော ကုဇီရှင်းမှာ မျက်နှာကြီးနီရဲလာပြီး မှင်သက်စွာ ရပ်နေတော့သည်။ သူက "ဘူ" ဟူသော အသံကို မညှစ်ထုတ်နိုင်သဖြင့် မိမိကိုယ်ကို အံဝင်ခွင်ကျမဖြစ်ဟု ခံစားလိုက်ရကာ ကစားပွဲတွင်ရှုံးသွားတော့သည်။

မြို့တော်က အနိုင်ကျင့်ဗိုလ်ကျတတ်သည့် သခင်လေးတစ်ပါးဖြစ်သော သူက တစ်နေ့တွင် လေမလည်နိုင်သည့်အတွက် ယုံကြည်မှုပျောက်ဆုံးကာ သိမ်ငယ်သွားရလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။

ထို့ကြောင့် အခုမှရောက်လာခါစဖြစ်သော ကုဇီရှင်းတစ်ယောက် စာတစ်ခေါက် ကူးရေးရန် ပြစ်ဒဏ်ချမှတ်ခံလိုက်ရတော့သည်။

လူတိုင်းက ပွဲကျသွားကြတော့၏။

ဂိမ်းကစားရသည်မှာ ပျော်စရာကောင်းလှပြီး အချိန်မည်မျှကုန်ဆုံးသွားမှန်းပင် မသိလိုက်ကြပေ။ ကစားပွဲပြီးသွားသောအခါ ကလေးများအားလုံး စာအကြိမ်ပေါင်းများစွာ ကူးရေးရသည့် ပြစ်ဒဏ်များကိုလည်း ရခဲ့ကြသည်။ ကျောက်ဟူက အများဆုံးရခဲ့ပြီး ဖက်တီးလေးနှင့် ထျဲနျိုတို့က သူ့နောက်တွင် အသီးသီး ရှိနေကြ၏။

ဆရာကြီးရွှီက လူတိုင်းအတွက် သူ မှတ်တမ်းတင်ထားသော ပြစ်ဒဏ်အရေအတွက်များကို အလွန်တရာမှ ကျေနပ်အားရနေတော့သည်။ သူက ကလေးများကို အလျင်အမြန် ဆွဲခေါ်ကာ စာရေးစားပွဲများတွင် ထိုင်စေပြီး စာလုပ်ခိုင်းကြတော့သည်။

အချိန်အတန်ကြာ ကစားပြီးနောက် ရှောင်ကျိုးက သူမဖတ်စာအုပ်ထဲရှိ ကောက်ကွေးနေသော စာလုံးများကို ကြည့်ကာ တိတ်တဆိတ်သမ်းလိုက်သည်။

‘စာဖတ်ရတာက လူတွေကို တကယ်အိပ်ငိုက်စေတာပဲ’

အခြားသူများအားလုံးက မင်းသမီးစံအိမ်တော်မှဖြစ်ကြပြီး သူတစ်ယောက်တည်းသာ ကုမိသားစုမှ ဖြစ်နေသည်ကိုမြင်သောအခါ ကုဇီရှင်းက ဆင်ခြေပေးကာ လစ်ထွက်သွားရန် စီစဉ်လိုက်၏။

ကံမကောင်းစွာဖြင့် သူ့အကြံအစည်များ မည်မျှပင် ကောင်းနေစေကာမူ ခြေနှစ်လှမ်းတောင် မလျှောက်ရသေးခင်မှာပင် ကျောက်ဟူနှင့် သူ့အပေါင်းအပါများက သူ့ကို ခွေးခြေခုံပေါ်သို့ အတင်းထိုင်ခိုင်းလိုက်ပြီး စာရေးလို့မပြီးမချင်း ထွက်သွားခွင့်မရှိကြောင်း ကြေညာလိုက်တော့သည်။

ကုဇီရှင်းက တွေးလိုက်မိ၏။

'ဒီနေ့မှ လာလည်ဖို့ မရွေးခဲ့သင့်တာကွာ၊ မနည်းခိုးထွက်လာခဲ့ရတာကို နောက်ဆုံးတော့ မင်းသမီးစံအိမ်တော်မှာ စာကူးရေးနေရတယ်'

ထို့ကြောင့် ကလေးများမှာ မျက်ရည်များဝဲကာ သမ်းဝေရင်းပြစ်ဒဏ်အဖြစ် စာများကို စတင်ကူးရေးကြတော့သည်။ အခြေအနေကိုမသိသော သူများသာဆိုလျှင် သူတို့ကို ဆရာကြီးရွှီမှ ရိုက်ထားသည်ဟုပင် ထင်သွားကြမည်ဖြစ်၏။

ကံကောင်းထောက်မစွာဖြင့် အချိန်သိပ်မကြာလိုက်ခင်မှာပင် အဘွားရွှီက ထမင်းစားချိန်ရောက်ပြီဟု ကြေညာကာ သူတို့ကိုလာရောက်ကယ်ဆယ်ပေးခဲ့သည်။

သို့သော်ငြား ကလေးတစ်သိုက် ထမင်းစားစားပွဲဆီသို့ အပြေးအလွှား သွားနေကြစဉ် ဆရာကြီးရွှီ၏အသံကို ကြားလိုက်ရသေး၏။

"စာရေးလို့မပြီးကြသေးရင် နေ့လယ်ကျမှ ဆက်ရေးကြ”

All Chapters