← Chapters

အခန်း ၁၄၉

Vol. 15 Ch. 149

အခန်း ၁၄၉

Vol. 15 Ch. 149

149

အချိန်တို့ အလျင်အမြန်ကုန်လွန်သွားပြီးနောက် အိမ်တော်ထိန်း၏ကြိုးပမ်းအားထုတ်မှုကြောင့် ချန်လဲ့မင်းသမီးလေး၏ဧည့်ခံပွဲဖိတ်စာများမှာ အရာရှိအသီးသီးအိမ်တော်များသို့ တဖြည်းဖြည်းချင်း ရောက်သွားတော့၏။

ရှောင်ကျိုးကတော့ စောစောစီးစီးထလာခဲ့သည်။ ယနေ့ပွဲ၏ဇာတ်လိုက်လေးဖြစ်သဖြင့် အဘွားရွှီက ရွာသူကြီးလေးအတွက် တောက်တောက်ပြောင်ပြောင် အနီရောင်ပိုးထည်ဝတ်စုံလေးကို ရွေးပေးထားကာ ထိုဝတ်စုံပေါ်တွင် ပန်းပွင့်များကြား၌ အသက်ဝင်စွာပျံဝဲနေသောလိပ်ပြာပုံများကို လက်ရာမြောက်လှသည့် ရွှေချည်မျှင်များဖြင့် ပန်းထိုးထားသည်။ ဆံပင်တွင်လည်း ရှန်ကျစ်ယွမ် စည်းပေးထားသည့် ဆံပင်လေးနှစ်ဖက်ကိုပင် ဒီအတိုင်းထားထားသော်ငြား ယနေ့တွင်မူ ဆံပင်လေးများကို ဖဲကြိုးအနီလေးများဖြင့် စည်းထားသဖြင့် ပိုပြီးပွဲလမ်းသဘင်ဆန်ကာကြည့်ကောင်းနေတော့သည်။

အဘွားရွှီနှင့် အခြားသူများက ရွာသူကြီးလေးအား အလွန်ချစ်စရာကောင်းကြောင်း ချီးမွမ်းနေကြသော်ငြား ရှောင်ကျိုးကမူ မှန်ထဲသို့ကြည့်ကာ မိမိကိုယ်ကိုယ် နီကျားနှင့် တစ်ထေရာတည်းတူနေသည်ဟု တွေးနေမိတော့၏။ သူမခြေထောက်အောက်တွင် မီးဘီးနှစ်ဖက်သာရှိနေပါက နီကျားနှင့် ပို၍ပင်တူသွားလိမ့်မည်ဟု တွေးလိုက်မိသည်။

ရှောင်ကျိုးက ခွေးခြေခုံအသေးလေးတစ်ခုကိုယူကာ မင်းသမီးစံအိမ်တော်၏တံခါးဝတွင်ထိုင်ပြီး သီချင်းတညည်းညည်းလုပ်နေခဲ့၏။

"သူ သူ သူပဲ ငါတို့သူငယ်ချင်းလေး နီကျား"

အချိန်အတော်ကြာအောင် ရှာဖွေပြီးနောက် ကျင့်ရှင်းက တံခါးဝတွင်ထိုင်နေသည့် ရှောင်ကျိုးကို နောက်ဆုံး၌တွေ့သွားပြီး စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"မင်း ဘာလို့ဒီမှာလာထိုင်နေတာလဲ"

ရှောင်ကျိုးက အပြင်ဘက်သို့လက်ညှိုးထိုးပြကာ အတည်ပေါက်အမူအရာဖြင့် ပြောလိုက်၏။

"လက်ဆောင်တွေယူမလို့"

ကျင့်ရှင်းက ထိုကလေးမလေးကို ခွေးခြေခုံနှင့်တကွ ခြံဝင်းထဲသို့အမြန်ပွေ့ချီသွားတော့သည်။

ရှောင်ကျိုးက သူ့ကိုစူးစူးဝါးဝါးစိုက်ကြည့်လိုက်ကာ တာအိုဆရာလေးကို ရိုက်ရန်အထိပင်ပြင်နေခဲ့ချေပြီ။

ကျင့်ရှင်းက အမြန်ရှင်းပြလိုက်၏။

"မင်းရဲ့အဆင့်အတန်းက အခုဆိုရင် အရင်နဲ့ မတူတော့ဘူးလေ၊ အဲ့ဒါကြောင့် ဟန်လေးဘာလေး ထိန်းရမယ်၊ ဘယ်လိုလုပ်ပြီး အပြင်မှာထွက်ထိုင်ပြီး လက်ဆောင်တောင်းနေလို့ရမှာလဲ၊ စိတ်မပူနဲ့၊ မင်းက အခုဆိုရင် ဝမ်ဘွဲ့ရတဲ့မင်းသမီးတစ်ပါးလေ၊ မင်းဆီလာတဲ့လူတွေက လက်ဆောင်အကောင်းစားကြီးတွေ သေချာပေါက်ယူလာကြမှာ၊ အိမ်ရှင်တစ်ယောက်အနေနဲ့ မင်း အပြင်ထွက်နေစရာမလိုဘူး၊ သူတို့လာပြီး ဂါရဝပြုမှာကိုပဲ စောင့်နေရုံပဲ"

ကျင့်ရှင်းခမျာ မိမိကိုယ်ကိုတာအိုဆရာတစ်ယောက်အဖြစ် ဂုဏ်ပုဒ်အား ဖြုန်းတီးနေမိသည်ဟု ခံစားလိုက်ရကာ မင်းသမီးစံအိမ်၏အထိန်းတော်ကြီးတစ်ယောက်ဖြစ်သင့်ပြီး တစ်နေ့လုံးကိစ္စအဝဝကို လိုက်ပူပန်ပေးနေရသည်ဟု ထင်နေမိတော့သည်။

ကျောက်ဟူနှင့် အခြားသူများက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်ကြ၏။

"ရွာသူကြီးလေးက အခု ဘယ်လိုဘုရင်မျိုးဖြစ်သွားတာလဲဟင်"

ကျင့်ရှင်း ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"ပုံမှန်အားဖြင့်တော့ ကိုယ်ပိုင်တဲ့နယ်မြေနာမည်ရဲ့နောက်မှာ ဝမ်လို့ ထည့်ခေါ်ရတာပေါ့၊ ရွာသူကြီးလေးရဲ့နယ်မြေက ချုံကျိုးမှာဆိုတော့ ချုံကျိုးဝမ်ပေါ့"

ကျောက်ဟူနှင့် အခြားသူများက ဇဝေဇဝါဖြစ်ကာ မေးလိုက်ကြ၏။

"ဆင်းရဲတဲ့ဘုရင်လား"

ကျင့်ရှင်းကလည်း ရှောင်ကျိုးအပေါ်တွင် ဆင်းရဲသော ဘုရင်ဟူသည့် အမည်ကို တပ်လိုက်ခြင်းက မည်မျှအဆင်မပြေကြောင်း ရိပ်မိသွားတော့သည်။

လူတစ်စုလုံးက ရှောင်ကျိုးကိုစိုက်ကြည့်လိုက်ကြ၏။

ရှောင်ကျိုး နှာခေါင်းရှုံ့လိုက်သည်။

"နင်တို့တွေကမှ ဆင်းရဲတဲ့ဘုရင်တွေ၊ နင်တို့တစ်မိသားစုလုံး ဆင်းရဲကြတာ"

ရှောင်ကျိုးက သူမသိုလှောင်အိတ်လေးကို အမြန်ကြည့်လိုက်ရာ ကံကောင်းထောက်မစွာဖြင့် တေးများအပြည့်ရှိနေသည်။ သူမက ချက်ချင်းပင် ယုံကြည်မှုများရှိလာခဲ့ကာ မိမိကိုယ်ကိုယ် လုံးဝမဆင်းရဲကြောင်းသိလိုက်ရ၏။

အဘွားရွှီကလည်း ကျင့်ရှင်းခေါင်းကို ဖွဖွလေးပုတ်ကာ ဆူလိုက်တော့သည်။

"ဒီနေ့က ရွာသူကြီးလေးရဲ့ဧည့်ခံပွဲနေ့ကြီးလေ၊ နင်တို့တွေကတော့ ရွာသူကြီးလေးရှေ့မှာ နိမိတ်မကောင်းတာတွေပြောပြီးပြဿနာရှာနေကြတယ်"

ကျင့်ရှင်း : "မဟုတ်ဘူးလေ၊ ဘယ်သူက နိမိတ်မကောင်းတာတွေ ပြောလို့လဲ၊ ဒါက အရှိကိုအရှိအတိုင်းပြောတာပဲဟာ၊ အဲ့ဒီနေရာကို ချုံကျိုးလို့ တကယ်ခေါ်တာပဲကို၊ ကျွန်တော်က ကိုယ့်ဘာသာ တီထွင်ပြောတာလည်းမဟုတ်ဘူး၊ ဘိုးဘွားစဉ်ဆက်ကတည်းက သတ်မှတ်လာတဲ့ နေရာနာမည်ပဲဟာ၊ ဘယ်သူ့ကို သွားအပြစ်တင်ရမှာလဲ"

ကျင့်ရှင်းက ထိုအဘွားကြီးကို သေသေချာချာပြန်ပြောရန် လိုသည်ဟု ခံစားလိုက်ရ၏။

အချေအတင်ငြင်းခုံပြီးနောက် စကားတစ်လုံးမျှပင် ပြန်မပြောနိုင်ခဲ့သော ကျင့်ရှင်းမှာ အဘွားရွှီ၏ဆူပူကြိမ်းမောင်းမှုကြောင့် စကားမဲ့သွားရရှာတော့သည်။

သူကဲ့သို့ တာအိုဆရာတစ်ယောက်က ဉာဏ်ပြိုင်ပွဲတွင် အဘွားကြီးတစ်ယောက်ကို ရှုံးသွားသဖြင့် ကျင့်ရှင်းကတော့ မကျေမနပ်ဖြစ်နေခဲ့၏။ အကယ်၍ အခြားသူတစ်ယောက်ယောက်ဆိုလျှင် ကျင့်ရှင်းက သေချာပေါက် အားမနာတမ်းပြန်ငြင်းမိမည်ဖြစ်သော်ငြား အဘွားရွှီနှင့်ကျမှငြင်းခုံခြင်းမှာ မိမိအတွက် အကျိုးမရှိရုံသာမက ဖိနပ်ဖြင့်ပါအရိုက်ခံရနိုင်သည်ဟု ခံစားလိုက်ရသည်။

စိတ်ပျက်လက်ပျက်ဖြစ်သွားသဖြင့် ကျင့်ရှင်းမှာ မိမိ၏တာအိုစိတ်ဓာတ်မပျက်စီးစေရန် တရားထိုင်ကာ စိတ်ကို အမြန်ဆုံးငြိမ်သက်စေလိုက်တော့သည်။ အဘွားရွှီနှင့် အချိန်အတော်ကြာအောင် အတူတူနေလာခဲ့ရသဖြင့် သူ့ခမျာ မိမိကိုယ်ကို စိတ်ဆိုးအောင်လုပ်ပြီး မိမိဘာသာပြန်ချော့တတ်နေခဲ့ပြီပင်။

သေချာသည်မှာတော့ မည်သူပင်ဖြစ်စေ အစာကွင်းစက်၏ထိပ်ဆုံး၌ရှိနေသော အဘွားရွှီနှင့်တွေ့လျှင်တော့ နောက်ဆုတ်ပေးကြရစမြဲပင်။

မကြာမီမှာပင် ဧည့်သည်တစ်စုက ပွဲတော်သို့ တက်ရောက်ရန် မင်းသမီးစံအိမ်သို့ရောက်လာကြတော့သည်။ သူတို့က အုပ်စုလိုက်စကားစမြည်ပြောဆိုနေကြပြီး အိမ်တော်ထိန်း၏ဦးဆောင်မှုဖြင့် ပွဲတော်ကျင်းပရာနေရာသို့ သွားရောက်ကြ၏။

မင်းသမီးစံအိမ်တော်ကြီးအတွင်း၌ တောက်တောက်ပပအလှဆင်ထားပြီး လှုပ်ရှားသက်ဝင်ကာ စည်ကားသိုက်မြိုက်နေသဖြင့် နေရာတိုင်းတွင် ဇိမ်ခံပစ္စည်းများနှင့် ပျော်စရာအတိ ပြီးပြည့်စုံနေတော့သည်။

ကျယ်ဝန်းလှသော ခြံဝင်းထဲတွင် တန်ဖိုးကြီးသစ်သားများဖြင့် ပြုလုပ်ထားကာ လက်ရာမြောက်သော ပုံရိပ်များ ထုဆစ်ထားသည့် စားပွဲ၊ ကုလားထိုင်များ ပြည့်နှက်နေသဖြင့် ရိုးရှင်းပြီး ခံ့ညားထည်ဝါသောခံစားမှုကို ပေးစွမ်းနေသည်။

ထို့နောက်တွင် ဧကရာဇ်က နန်းတွင်းသူ၊ နန်းတွင်းသားများနှင့်အတူ ရောက်လာခဲ့၏။

သူတို့ ဘာကြောင့် ရောက်လာကြသလဲဆိုလျှင် ရှောင်ကျိုးကိုယ်တိုင် ဖိတ်စာများကို သွားရောက်ပေးပို့ခဲ့သောကြောင့် ဖြစ်သည်။ အချမ်းသာဆုံးလူများက နန်းတော်ထဲတွင်ရှိနေကြောင်း ကျင့်ရှင်းပြောပြထားသဖြင့် ရှောင်ကျိုးက တစ်ယောက်မကျန် အကုန်လုံးကို ဖိတ်ကြားခဲ့ခြင်းပင်။

ဧကရာဇ်က သမီးဖြစ်သူဘေးစားပွဲထိပ်တွင် ထိုင်လိုက်တော့သည်။

သူတို့ ဘာကြောင့်ဘေးချင်းယှဉ်ထိုင်နေကြသလဲဆိုလျှင် သူတို့နှစ်ယောက်လုံးက အဓိကနေရာတွင်ထိုင်ချင်ကြသလို အချင်းချင်းလည်း အလျှော့မပေးချင်ကြသောကြောင့်ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အိမ်တော်ထိန်းက အချိန်မီ နေရာချပေးခဲ့သဖြင့်သာ မဟုတ်ပါက လူတိုင်းက သမီးဖြစ်သူမှ ဖခင်အားရိုက်သည့် နောက်ထပ်ပွဲတစ်ခုကို ကြည့်ရတော့မည်ဖြစ်၏။

အပြန်အလှန်နှုတ်ဆက်ပြီးနောက် ဧည့်သည်များက အသီးသီးနေရာယူလိုက်ကြပြီး စားပွဲပေါ်ရှိ အခိုးအ အငွေ့ထွက်နေသော စားသောက်ဖွယ်ရာများကို ကြည့်လိုက်ကြသည်။ စားပွဲဘေးတွင်လည်း အဆင့်ဆင့်ပြုလုပ်ထားသော စင်အသေးလေးတစ်ခုရှိနေပြီး ပန်းကန်များပေါ်တွင် ဟင်းသီးဟင်းရွက်စိမ်းများကို တင်ထားသည်။

ဧည့်သည်များမှာ ထိုစိမ်းဖန့်ဖန့်နိုင်လှသောအရာများကိုကြည့်ကာ သံသယများဖြင့် ပြည့်နှက်နေကြတော့သည်။ ချန်လဲ့မင်းသမီးလေးက သူတို့ကို အစိမ်းတွေကျွေးပြီး နောက်ပြောင်နေခြင်းများလား။

မြေးမလေး၏ခေါ်ဆောင်မှုကြောင့် ဟော့ပေါ့ကိုအကြိမ်အနည်းငယ် စားဖူးထားပြီးဖြစ်သော သခင်မကြီးရှီကတော့ ပွဲတော်စ,သည်နှင့် မိမိဘာသာပြုတ်စားရန် မစောင့်နိုင်တော့ချေ။

ရှီအန်းနှင့် ရှီမိသားစုမှ သခင်မသုံးယောက်တို့မှာလည်း ခြွင်းချက်မရှိဘဲ အစားအစာများကို ကောက်ယူကာ ရေနွေးပူထဲတွင် နှစ်၍ပြုတ်သည့် အမူအရာများက အထူးပင်ကျွမ်းကျင်နေတော့သည်။

ပတ်ဝန်းကျင်ရှိ ဧည့်သည်များက အနည်းငယ်ရှေ့တိုးကာ နှာခေါင်းများကို ရှုံ့လိုက်ကြပြီး ရနံ့ပြင်းပြင်းကို ရှူမိလိုက်ကြသောအခါ မချီးမွမ်းဘဲမနေနိုင်ကြတော့ပေ။

"ဒီအနံ့ကတော့ တကယ်ကိုထူးခြားတာပဲ၊ အရမ်းကောင်းတယ်"

ရှေ့မှရှီမိသားစုဝင်များ၏ အပြုအမူကို အတုယူကာ သခင်ကြီးရှန်က အသားတစ်ဖတ်ကို ကောက်ယူပြီး ဆူပွက်နေသော အိုးထဲသို့ထည့်လိုက်တော့သည်။ ခဏအကြာတွင် ထိုအသားကိုပြန်ဆယ်ကာ အအေးခံရန်မှုတ်လိုက်ပြီးနောက် ပါးစပ်ထဲသို့ ထည့်ရန်မစောင့်နိုင်တော့ပေ။ ပထမဆုံး နူးညံ့လှသော အသားဖတ်က ပါးစပ်ထဲသို့ရောက်သွားချိန်တွင် ချက်ချင်းပေါက်ကွဲထွက်လာသော ပူစပ်ပူလောင်နှင့် စပ်ထုံထုံအရသာကြောင့် သူ့မျက်လုံးများ ပြူးသွားကာ မျက်နှာကြီး ရဲတက်လာခဲ့၏။ သို့သော်ငြား သူက ရှူးရှူးရှဲရှဲလုပ်ရင်းနှင့်ပင် ခေါင်းတညိတ်ညိတ်ဖြင့် ချီးမွမ်းလိုက်တော့သည်။

"ဒါက ထူးခြားတဲ့အရသာရှိတဲ့ အစားအစာပဲ"

အဘိုးဖြစ်သူနှင့် အတူတူထိုင်နေသော ရှန်ကျစ်ယွမ်က အဘိုးဖြစ်သူ၏မျက်နှာမှာ အစပ်ဒဏ်ကြောင့် နီရဲနေသည်ကို မြင်သောအခါ နို့လက်ဖက်ရည်ကို အလျင်အမြန်ပင် ကမ်းပေးလိုက်၏။

သခင်ကြီးရှန်က တစ်ငုံသောက်လိုက်ရာ နို့လက်ဖက်ရည်အရသာက လျှာပေါ်တွင် ချက်ချင်းပျံ့သွားတော့သည်။ သူ့မြေးမလေးမှာ ဘာကြောင့် နေ့တိုင်း မင်းသမီးစံအိမ်တွင်သာနေချင်နေပြီး ရှန်အိမ်တော်သို့ ပြန်မလာချင်ရတာလဲဆိုသည်ကို သူ ယခုမှသေသေချာချာ နားလည်သွားတော့၏။ မင်းသမီးစံအိမ်တွင် ယခုကဲ့သို့ ထူးခြားဆန်းပြားပြီး အရသာရှိလှသည့် အစားအစာများရှိနေသောကြောင့်ပင်။

အပျော်ဆုံးလူကတော့ ကြင်ယာတော်ရှုဖြစ်ပြီး သားဖြစ်သူနှင့်အတူထိုင်ကာ အလွန်ပျော်ရွှင်စွာ စားသောက်နေသည်။ အကယ်၍ သူမသာ ဧကရာဇ်နှင့် ကွာရှင်းလိုက်လျှင် နန်းတွင်းဥပဒေအရ သူမနှင့် သူမသားကို ချန်လဲ့မင်းသမီးလေးထံသို့ ပေးရန်ခွင့်ပြုနိုင်မလားဟု သူမတွေးနေမိတော့၏။ သူမကတော့ နန်းတော်ထဲတွင် နောက်ထပ် တစ်ရက်မျှပင် ဆက်မနေချင်တော့ပေ။

တစ်ဖက်တွင်လည်း ကြင်ယာတော်ရှု၏ငြင်းပယ်ခြင်းကို ခံထားရသော ဧကရာဇ်ကတော့ ဘေးမှ မိန်းကလေး၏အပြုအမူကို အတုယူကာ ဟင်းသီးဟင်းရွက် အမြောက်အမြားကို အိုးထဲသို့ထည့်နေခဲ့၏။ အသားများ ကျက်သွားသောအခါ သူက ကောက်ယူပြီး အအေးခံရန် မှုတ်လိုက်ကာ ပါးစပ်ထဲသို့ ထည့်ရန်မစောင့်နိုင်တော့ပေ။ စားသောက်ပြီးနောက် ကိုလာကို တစ်ငုံသောက်ရန်လည်းမမေ့ခဲ့ပေ။

စားရသည်ကို အလွန်အမင်းနှစ်ခြိုက်နေသော ဧကရာဇ်က ချက်ချင်းမေးလိုက်တော့သည်။

"ဒါကို ဘယ်သူလုပ်တာလဲ"

ရှောင်ကျိုး စားနေရင်းနှင့်ပင် ပြန်ဖြေလိုက်၏။

"အစ်မရှောင်ရှောင်"

ဧကရာဇ်က ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။

"အဖေ နန်းတွင်းစားဖိုမှူးနှစ်ယောက်နဲ့ အစ်မရှောင်ရှောင်ကိုလဲရင်ရော ဘယ်လိုလဲ"

ရှောင်ကျိုး ချက်ချင်းငြင်းပယ်လိုက်၏။

"မရဘူး၊ အစ်မရှောင်ရှောင်က သမီးပိုင်တာ"

ထိုနည်းလမ်းက အဆင်မပြေကြောင်း မြင်သောအခါ ဧကရာဇ်က စိတ်ကူးပြောင်းကာ မေးလိုက်ပြန်သည်။

"ဒါဆိုရင် နန်းတွင်းစားဖိုမှူးတွေကို အစ်မရှောင်ရှောင်ဆီမှာ ဟင်းချက်နည်းလာသင်ခိုင်းရင်ရော"

ရှောင်ကျိုး ခေါင်းကို ဆက်တိုက်ခါကာ ပြောလိုက်၏။

"မရဘူး၊ မရဘူး"

ဒီဟော့ပေါ့အနှစ်က သူမရဲ့အွန်လိုင်းစတိုးဆိုင်ထဲကပစ္စည်းပဲဟာကို နန်းတွင်းစားဖိုမှူးက ဘယ်လိုလုပ်ပြီး လုပ်နည်းသင်လို့ရမှာလဲ။

သို့သော်ငြား ဖခင်ဖြစ်သူ၏စကားက ရှောင်ကျိုးအား တစ်ခုခုကိုပြန်သတိရသွားစေကာ သူမ ထောင်ယွမ်ရွာသို့ပြန်ရောက်သည့်အခါ ရွာသားများ၏ငရုတ်သီးများ မှည့်နေပြီလားဆိုသည်ကို သွားရောက်စစ်ဆေးရမည်။ အကယ်၍မှည့်နေပါက အစ်မရှောင်ရှောင်မှာ ဟော့ပေါ့အနှစ်များကို ပြုလုပ်နိုင်မည်ဖြစ်၏။ သူမကမူ အသစ်ရထားသောမြေပေါ်တွင် ဟော့ပေါ့ဆိုင်တစ်ဆိုင်ဖွင့်ကာ ငွေကြေးအမြောက်အမြားရှာချင်နေခဲ့သည်။ သူမကတော့ ချမ်းသာတော့မည်ပင်။

"မွားဟားဟားဟား"

ရှောင်ကျိုးတစ်ယောက် တွေးမိလေလေ ပိုပျော်ရွှင်လာလေလေဖြစ်ကာ အသံအကျယ်ကြီးဖြင့် မရယ်ဘဲမနေနိုင်တော့ချေ။

All Chapters