← Chapters

အခန်း ၁၅၀

Vol. 15 Ch. 150

အခန်း ၁၅၀

Vol. 15 Ch. 150

150

ဘေးတွင်ထိုင်နေသော ဧကရာဇ်ကတော့ စိတ်မသက်မသာဖြစ်နေခဲ့၏။ သူ့သမီးက တစ်ခုခုများ ထပ်ကြံစည်နေပြန်ပြီလား။

သူ့သမီးလေးမှာ ပြုံးလိုက်လျှင် အလွန်ချစ်စရာကောင်းသော်ငြား ဤချစ်စရာကောင်းသည့် ကလေးမလေးမှာ အကြမ်းဖက်ရန် ဝန်မလေးတတ်သည့် လူကြမ်းကြီးဖြစ်နေသည်။ ဧကရာဇ်ခမျာ အလွန်အမင်းစိတ်ပျက်အားငယ်နေရ၏။ သူ့ဖခင် သက်ရှိထင်ရှားရှိစဉ်က သူ့မှာသားတစ်‌ယောက်အနေဖြင့် ဤမျှလောက်အထိ သူရဲဘောကြောင်ခဲ့ဖူးခြင်းမရှိပေ။ ယခု ဧကရာဇ်ဖြစ်လာချိန်တွင်မူ သမီးလေး၏အလိုကို လိုက်လျောသည်းခံနေရလိမ့်မည်ဟု ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ချေ။

သူ့နည်းတူ စိတ်မသက်မသာဖြစ်နေသူက မလှမ်းမကမ်းတွင်ထိုင်နေသည့် ကြင်ယာတော်တစ်ပါးပင်ဖြစ်ပြီး သူမမျက်လုံးများက အစေခံတစ်ယောက်လို ဟိုဟိုဒီဒီအလုပ်များနေသည့် အကြီးအကဲတစ်ယောက်ကိုသာ စူးစိုက်ကြည့်နေခဲ့၏။

ကြင်ယာတော်ခမျာ အလွန်အမင်း ထိတ်လန့်နေတော့သည်။ အကြီးအကဲမှာ ချန်လဲ့မင်းသမီးလေး၏အကြောင်းပြချက်မရှိ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးကတည်းက ကြင်ယာတော်မှာ သူမနန်းဆောင်သို့ပြန်ရောက်ပြီးနောက် အချိန်အတော်ကြာအောင်တွေးနေခဲ့သည်။ ချန်လဲ့မင်းသမီးလေးက သူမသရုပ်မှန်ကိုသိနေမည်မှာ သေချာသည်ဟုခံစားမိသော်ငြား သူမထံသို့ ဘာကြောင့်ပြဿနာလာမရှာသေးတာလဲဆိုသည်ကိုမူ နားမလည်နိုင်အောင်ဖြစ်နေခဲ့ရ၏။

ယခုအခါ ကြင်ယာတော်မှာ သူမနန်းဆောင်ထဲတွင် အစဉ်အမြဲကြောက်ရွံ့တုန်လှုပ်စွာဖြင့် နေထိုင်နေရပြီး တစ်နေ့တွင် အိပ်ရာမှနိုးလာချိန်၌ သူမခုတင်ခေါင်းရင်းတွင် ချန်လဲ့မင်းသမီးလေး ထိုင်နေမည်ကို အလွန်အမင်းစိုးရိမ်နေတော့သည်။

နေ့စဉ်နှင့်အမျှ ကြင်ယာတော် အများဆုံးလုပ်လေ့ရှိသည့်အရာမှာ နှစ်ချီကြာအောင် သူမလုပ်ခဲ့သည့်မကောင်းမှုအားလုံးကို ပြန်စဉ်းစားခြင်း၊ ချန်လဲ့မင်းသမီးလေးက သူမကိုမည်သို့မည်ပုံ အပြစ်ပေးမလဲဆိုသည်နှင့် သူမ မည်သို့သေဆုံးရမလဲဆိုသည်တို့ကိုသာ တွေးနေခြင်းပင်။

ကြင်ယာတော်မှာ တွေးရင်းတွေးရင်းဖြင့်သာ အချိန်ကုန်နေရတော့သည်။ သူမက ချန်ရှန်းနန်းဆောင်အတွက် နှစ်ပေါင်းများစွာ ကြိုးကြိုးစားစားအလုပ်လုပ်ပေးခဲ့သော်ငြား အရေးကြီးသည့် သတင်းအချက်အလက်တစ်ခုမျှပင် ပေးပို့နိုင်ခဲ့ခြင်းမရှိကြောင်း ထင်လာမိ၏။ သူမတာဝန်မှာ ဧကရာဇ်ကို စောင့်ကြည့်ရန်ဖြစ်ပြီး သူမရရှိနိုင်သော အများဆုံးသတင်းမှာ ဧကရာဇ်က ထူးထူးဆန်းဆန်း ဘာမှမလုပ်ဘူးဆိုသည့် အရာပင်ဖြစ်၏။ မည်သို့ပင်ဆိုစေကာမူ ဧကရာဇ်က တစ်နေ့လုံး စားလိုက်အိပ်လိုက်မှလွဲ၍ ဘာမှမလုပ်ဘဲ မည်သည့်အရေးကြီးကိစ္စကိုမျှ လုပ်ဆောင်နေသည်ကိုလည်း သူမ တစ်ခါမှမမြင်ဖူးခဲ့ချေ။

ချန်လဲ့မင်းသမီးလေး မြို့တော်သို့ နောက်ဆုံးတွင် ပြန်လည်ရောက်ရှိလာချိန်၌ ကြင်ယာတော်က သူမ၏လုပ်ဆောင်ချက်များကို ပိုမိုကောင်းမွန်လာစေမည်ဟုတွေးကာ သတင်းများစွာကို အလျင်အမြန်ပင် ပေးပို့လိုက်၏။ သို့သော် ထိုသတင်းများကို တစ်စုံတစ်ယောက်ကကြားဖြတ်ဖမ်းယူသွားလိမ့်မည်ဟု မည်သူထင်ထားပါမည်နည်း။

'အခုတော့ အကြီးအကဲတောင် မင်းသမီးစံအိမ်တော်မှာ အစေခံအဖြစ် အလုပ်လုပ်နေရတာကိုမြင်ရတော့ ငါကရော နောက်ဆုံးမှာ ဘယ်လိုနေရာမျိုး ရောက်သွားမလဲမသိဘူး'

ကြင်ယာတော်က ရုတ်တရက်အရှုံးပေးလိုက်ပြီး သတင်းပို့ခြင်းကိုရပ်တန့်လိုက်တော့သည်။ သူမခမျာ အသက်မည်မျှဆက်ရှင်ရမည်ကိုပင် မသေချာတော့ချေ။

တစ်ချိန်က စိတ်ဓာတ်ကျနေခဲ့သော ကြင်ယာတော်ခမျာ သူမဝမ်းနည်းမှုနှင့် ဒေါသများကို အစားအသောက်ပေါ်တွင်သာ ပုံချလိုက်ပြီး တစ်နပ်ပြီးတစ်နပ် မနားတမ်းစားနေတော့၏။

သခင်မလေး၏ရင်ခွင်ထဲတွင် မှီခိုနေသော ယွိဟွာက သူမတပည့်ကြီးကို စူးစူးရဲရဲစိုက်ကြည့်လိုက်ပြီးနောက် ဒုတိယတပည့်ကြီးကိုပါ လှည့်ကြည့်လိုက်ကာ ထိုနှစ်ယောက်ထဲမှ မည်သူက သူမစကားကို ပိုနားထောင်မလဲဟု တွေးနေတော့သည်။

ရှောင်ကျိုးက အောက်သို့ငုံ့ကြည့်လိုက်ရာ ယွိဟွာတစ်ယောက် မည်သည့်အရာအားကြံစည်နေသည်ကို ချက်ချင်းပင် သိလိုက်၏။ သူမက ယွိဟွာ၏လည်ပင်းကို ဆွဲကိုင်ကာ ခြိမ်းခြောက်လိုက်သည်။

"နင် ဒီမှာ ပြဿနာရှာရဲရှာကြည့်၊ နင့်ကို အဘွားရွှီဆီ အပ်လိုက်ပြီး ပန်းတွေက ဘာလို့ ဒီလောက်နီရဲနေရတာလဲဆိုတာကို သိသွားအောင်လုပ်ပေးမယ်"

ထိုစကားကို ကြားလိုက်ရသောအခါ တစ်ခုခုကြံစည်နေခဲ့သော ယွိဟွာခမျာ ချက်ချင်းပင် လိမ္မာရေးခြားရှိသွားပြီး သူမမျက်လုံးများကပင် ပို၍ကြည်လင်လာခဲ့တော့သည်။

တစ်ချိန်တည်းမှာပင် ရှောင်ကျိုးက စွမ်းချိုက်ဟု နာမည်ပြောင်ပေးထားကာ သိုလှောင်ရုံကို စောင့်ကြပ်ရန် တာဝန်ပေးထားသော ကြက်တူရွေးမှာမူ အပျင်းထူကာ မြို့တော်၏လမ်းမများပေါ်သို့ရောက်လာခဲ့ပြီး လမ်းကြားတစ်ခုထဲတွင် တစ်စုံတစ်ခုကို ခိုးကြောင်ခိုးဝှက်ရောင်းနေသော ဈေးသည်တစ်ယောက်ကို တွေ့လိုက်ရ၏။

ဈေးသည်က သူ့ခြင်းတောင်းအဖုံးကို မ,ကာ လာရောက်ဝယ်ယူသူအား ထိုပစ္စည်းကို လျှို့ဝှက်ဆန်းကြယ်စွာဖြင့် မိတ်ဆက်ပေးလိုက်သည်။

"ခင်ဗျား ဒါကို မီးထွန်းလိုက်ရင် ခင်ဗျားရဲ့ဆန္ဒတွေ သေချာပေါက်ပြည့်ဝသွားစေလိမ့်မယ်"

ထိုသူက သူ့လက်ထဲရှိ ပစ္စည်းကိုကြည့်ကာ မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။

"မီးထွန်းလိုက်ရုံပဲလား"

ဈေးသည် ခေါင်းညိတ်ပြလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒါက ခင်ဗျားရဲ့ ကျန်းမာရေးကို မထိခိုက်စေပါဘူး"

သူ့ဘေးရှိ စွမ်းချိုက်က ဈေးသည်၏ခြင်းတောင်းထဲရှိ ပစ္စည်းများကိုကြည့်ရင်း ခေါင်းလေးကိုစောင်းလိုက်၏။

'လူတွေရဲ့ဆန္ဒတွေကို ပြည့်ဝသွားစေနိုင်တယ် ဟုတ်လား၊ တစ်ခုလောက် ယူသွားပြီး စမ်းကြည့်ရင်ကောင်းမလား'

ထိုသူနှစ်ယောက် အရောင်းအဝယ်လုပ်နေကြစဉ် စွမ်းချိုက်က ဈေးသည်၏ ခြင်းတောင်းထဲမှ ထိုပစ္စည်းတစ်ခုကို ခိုးကြောင်ခိုးဝှက်နှင့် သတိမထားမိအောင် ခိုးယူလိုက်တော့သည်။ ၎င်းက ထိုအရာကိုယူကာ မင်းသမီးစံအိမ်တော်ဘက်သို့ ပျံသွား၏။

မီးဖိုချောင်အနီးမှ ဖြတ်သွားစဉ် စွမ်းချိုက်က မီးဖိုပေါ်ရှိ မီးတောက်ကိုမြင်လိုက်ရသည်။ ဈေးသည်ပြောခဲ့သော မီးထွန်းလိုက်တာနဲ့ အလုပ်ဖြစ်မယ်ဟူသည့်စကားကို သတိရသွားကာ စွမ်းချိုက်က ထိုအမွှေးတိုင်ကို မီးကူးလိုက်တော့၏။ အမွှေးတိုင်မှ အခိုးအငွေ့များ စတင်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် စွမ်းချိုက်က အမှတ်ယူရန် သခင်မလေးထံသို့ အလျင်အမြန် ပျံသွားတော့သည်။ ၎င်းကဆန္ဒများကို ပြည့်စေနိုင်သည့် အံ့သြဖွယ်ကောင်းလှသည့် အရာတစ်ခုပင်။

လမ်းတစ်ဝက်သို့ ရောက်သောအခါ စွမ်းချိုက်က သိုလှောင်ရုံထဲတွင် လှုပ်ရှားမှုအချို့ကို သတိပြုမိသွားလိမ့်မည်ဟု ဘယ်သူကများထင်ထားမှာလဲ။ သူ့တာဝန်ကို သတိရသွားသဖြင့် ချက်ချင်းပင် အနီးသို့ကပ်သွားရာ သိုလှောင်ရုံထဲတွင် မသင်္ကာစရာလူနှစ်ယောက် ခိုးကြောင်ခိုးဝှက်ဖြင့် ဘာလုပ်နေမှန်းမသိအောင် အလုပ်ရှုပ်နေကြသည်ကို မြင်လိုက်ရ၏။

စွမ်းချိုက်မှာ ချက်ချင်းပင် အထိတ်တလန့် ဖြစ်သွားတော့သည်။ သခင်မလေးက သူမကိုသိုလှောင်ရုံ စောင့်ကြပ်ရန် တာဝန်ပေးထားခဲ့သော်ငြား သူမအပျင်းထူနေခဲ့သဖြင့် တစ်စုံတစ်ယောက်က သိုလှောင်ရုံထဲသို့ ဝင်ရောက်သွားခဲ့ချေပြီ။ စွမ်းချိုက်ခမျာ အလွန်အမင်းကြောက်လန့်သွားကာ နှုတ်သီးဖြင့် ကိုက်လာသော အမွှေးတိုင်ကို လွှင့်ပစ်လိုက်ရာ တိုက်ဆိုင်စွာဖြင့်ပင် ထိုအမွှေးတိုင်က သိုလှောင်ရုံထဲသို့ တိုက်ရိုက်လိမ့်ဝင်သွားတော့၏။

သိုလှောင်ရုံထဲရှိ လူနှစ်ယောက်မှာတော့ မင်းဆရာကြီးနှင့် ကျောင်းထိုင်ဘုန်းကြီးတို့ပင်။

အချစ်နှင့် အမုန်းပြင်းထန်သော ကာလတစ်ခုကို ဖြတ်သန်းပြီးနောက် ထိုနှစ်ယောက်မှာ နားလည်မှုလွဲခြင်းများကို နောက်ဆုံး၌ဖြေရှင်းနိုင်ခဲ့ကြသည်။ ထို့နောက် သူတို့နှစ်ယောက်လုံးက ချန်လဲ့မင်းသမီးလေး၏အနိုင်ကျင့်စော်ကားခြင်းကို ခံထားရသည့် သနားစရာကောင်းသည့် လူများဖြစ်နေကြောင်းသိလိုက်ရ၏။ ထို့ကြောင့် သူတို့နှစ်ယောက်ပူးပေါင်းကာ လက်စားချေရေး မဟာမိတ်အဖွဲ့ကို ဖွဲ့စည်းလိုက်ကြပြီး ချန်လဲ့မင်းသမီးလေးကို ထိုက်တန်သော ပြစ်ဒဏ်ပေးရန် သန္နိဋ္ဌာန်ချထားခဲ့ကြတော့သည်။

သူတို့အတွေ့အကြုံများကို သေသေချာချာပြန်စဉ်းစားကြည့်ပြီးနောက် သူတို့နှစ်ယောက်လုံးက အရာတစ်ခုတည်းနှင့် ကြုံတွေ့ခဲ့ရကြောင်းကို သဘောပေါက်သွားကြသည်။ ထိုအရာမှာ သူတို့ကိုလွင့်ထွက်သွားစေခဲ့သော ဗြောက်အိုးများပင်။ ၎င်းက မည်သည့်အရာဖြစ်ကြောင်း သူတို့မသိကြသော်ငြား ရိုးရိုးသာမန်ပစ္စည်းမဟုတ်ကြောင်းကိုတော့ သူတို့နှစ်ယောက်လုံးခံစားမိကြ၏၊ အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ်ပြီး ဒီလောက်တောင် စွမ်းအားကြီး‌နေရမှာလဲ။

ထို့ကြောင့် မင်းသမီးစံအိမ်တော်၌ ဧည့်ခံပွဲကျင်းပနေချိန်ကို အခွင့်ကောင်းယူကာ လူတိုင်းဧည့်ခန်းမဆောင်၌ ရှိနေပြီး သိုလှောင်ရုံတွင် လူရှင်းနေစဉ် ထိုနေရာသို့သွား၍ သူတို့ကို လွင့်ထွက်သွားစေခဲ့သော အရာကို ရှာဖွေရန် ဆုံးဖြတ်လိုက်ကြသည်။ ထို့နောက် ၎င်းက မည်သည့်အရာဖြစ်ကြောင်းသိနိုင်ရန် သခင်ကြီးထံသို့ လွှဲပြောင်းပေးအပ်ရန် စီစဉ်ထားကြ၏။

သိုလှောင်ရုံထဲတွင် မွှေနှောက်ရှာဖွေနေကြသော လူနှစ်ယောက်ကို မြင်လိုက်ရသောအခါ စွမ်းချိုက်က လန့်နေရာမှ စိတ်လှုပ်ရှားလာတော့သည်။ ၎င်းက သူမ၏ပထမဆုံးတာဝန်ဖြစ်ပြီး ဤမျှလောက် ကြီးမားသောသားကောင်ကို ဖမ်းမိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။ ၎င်းကတော့ ကြီးမားလှသည့် အောင်မြင်မှုကြီးတစ်ခုပင်။

စွမ်းချိုက်က ဧည့်ခန်းမဆောင်သို့ အပြေးအလွှား သွားလိုက်၏။ စားပွဲထိပ်တွင်ထိုင်နေသော ရှောင်ကျိုးကို မြင်သည်နှင့်တစ်ပြိုင်နက် စွမ်းချိုက်က စိတ်လှုပ်ရှားစွာဖြင့် အော်ချလိုက်တော့သည်။

"သူခိုး၊ သိုလှောင်ရုံထဲမှာ သူခိုးရှိတယ်၊ သူခိုး"

သိုလှောင်ရုံလား သူခိုးပေါ့လေ။ ဤအကဲဆတ်လွန်းသည့်စကားလုံးများကို ပေါင်းလိုက်ခြင်းက ယုံနိုင်စရာပင်မရှိတော့ချေ။

ထိုစကားကို ကြားလိုက်ရသောအခါ ရှောင်ကျိုးတစ်ယောက် အမျက်ချောင်းချောင်းထွက်သွားတော့သည်။ သူမက တူများကို လွှင့်ပစ်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ပျောက်ကွယ်သွားတော့၏။

သူမအနောက်မှ ချက်ချင်းလိုက်သွားကြသည်မှာ မင်းသမီးစံအိမ်တော်မှ ကလေးများပင်ဖြစ်ပြီး ကြက်သွေးများ ထိုးသွင်းခံထားရသကဲ့သို့ တက်ကြွနေကြကာ ခြေဖျားလေးများဖြင့် မြေကြီးကို ဖွဖွလေးနင်းပြီး ရွာသူကြီးလေးရှိရာသို့ ပျံသွားကြတော့သည်။

သခင်ကြီးရှန်က သူ့ဘေးတွင် ယခုလေးတင်ထိုင်နေခဲ့သော မြေးမလေးက သူ့မျက်စိရှေ့မှ ရုတ်တရက်ထပျံသွားသည်ကို မြင်လိုက်ရ၏။ သခင်ကြီးရှန်က သူ့မျက်လုံးများကို ပွတ်လိုက်ပြီး သူမြင်နေရသည့်အရာကိုပင် မယုံနိုင်အောင်ဖြစ်သွားရသည်။ ရှန်မိသားစုထဲတွင် သိုင်းပညာကျွမ်းကျင်သူဟူ၍ တစ်ယောက်မျှမရှိခဲ့ဖူးချေ။ ရှန်မိသားစု တစ်ခုလုံးမှာ လက်တစ်ဖက်ပင်မမြှောက်နိုင်သော ပညာတတ်စာပေပညာရှင်များသာဖြစ်ကြသည်။ ယခုမူ သူ့မြေးမလေးမှာ စာပေလည်း တတ်ကျွမ်းသလို သိုင်းပညာတွင်လည်း ကျွမ်းကျင်နေခဲ့ပြီပင်။

သခင်ကြီးရှန်က အလားတူပင် အံ့အားသင့်ကာ မှင်သက်နေသော အကြီးဆုံးမြေးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး ချက်ချင်းပင်ရွံရှာသွားတော့၏။

မင်းသမီးစံအိမ်တော်၏ဘဏ္ဍာတိုက် အခိုးခံရကြောင်းကြားလိုက်ရသောအခါ ဧည့်သည်များမှာ ချက်ချင်းပင် ပွက်လောရိုက်သွားကြတော့သည်။ မင်းသမီးစံအိမ်တော်က ပစ္စည်းတွေကို လာခိုးရဲလောက်အောင် ဘယ်သူကများ အသက်ကို ဉာဏ်မစောင့်နိုင်ဖြစ်နေရတာလဲ။

စိတ်လှုပ်ရှားစရာများအားကြည့်ရသည်ကို သဘောကျသော ဧည့်သည်တစ်သိုက်က ဧည့်ခံပွဲသို့လာရောက်ရခြင်းမှာတန်ပြီဟု ချက်ချင်းပင် ခံစားလိုက်ရ၏။ သူတို့မှာ အရင်ကတစ်ခါမှမစားဖူးသော အလွန်အရသာရှိသည့် အစားအစာများကို စားခွင့်ရရုံသာမက ကြည့်ရှုစရာ ပျော်စရာကိစ္စများစွာလည်းရှိနေသည်။ ထို့ကြောင့် လူတစ်အုပ်ကြီးက မင်းသမီးစံအိမ်တော်၏ သိုလှောင်ရုံရှိရာအရပ်ဆီသို့ လိုက်သွားကြတော့သည်။

စတုတ္ထမင်းသားမှာ အလွန်အမင်း စိုးရိမ်နေတော့၏။ သူက ဘာလို့မပျံတတ်သေးရတာလဲ။

သူ့ခြေထောက်များမှာ အားကုန်ပြေးနေရသဖြင့် အငွေ့များပင်ထွက်နေသော်ငြား ချန်လဲ့မင်းသမီးလေးတို့ အုပ်စုကိုတော့ မီအောင်မလိုက်နိုင်သေးချေ။

သားဖြစ်သူ၏ဆွဲခေါ်မှုကြောင့် ကြင်ယာတော်ရှုတစ်ယောက် ချော်လဲမတတ်ဖြစ်သွားသဖြင့် သူမစကတ်ကို မ,တင်လိုက်ပြီး သူမအသွင်အပြင်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။ ချန်လဲ့မင်းသမီးလေး သူခိုးဖမ်းသည်ကိုကြည့်ရမည့်အရေးနှင့်ယှဉ်လျှင် အသွင်အပြင်က ဘာများအရေးပါတော့မည်နည်း။

ထို့ကြောင့် အစပိုင်းတွင် စတုတ္ထမင်းသားက မိခင်ဖြစ်သူကို ဆွဲခေါ်သွားရာမှ ကြင်ယာတော်ရှုက သားဖြစ်သူကို အတင်းဆွဲခေါ်ကာ ကမူးရှူးထိုးပြေးလွှားသွားတော့၏။

လေဆင်နှာမောင်းတစ်ခုကဲ့သို့ သူ့ရှေ့မှ ဖြတ်ပြေးသွားသော ထိုလူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက်ကို ကြည့်လိုက်၏။

ဧကရာဇ် : ‘ဒါကတော့ တကယ့်ကို လွန်လွန်းသွားပြီ၊ တိုင်းပြည်ရဲ့အရှင်ဖြစ်တဲ့ ငါ့ရှေ့ကနေ သူတို့က ဘယ်လိုလုပ်ပြီးပြေးရဲရတာလဲ’

ထို့နောက် ဧကရာဇ်အား မကျော်တက်ရဲကြသော အရာရှိများနှင့် ကြင်ယာတော်များက ဘာကိုမှဂရုမစိုက်ဘဲ ရှေ့ဆုံးမှ ပြေးနေသည့် ကြင်ယာတော်ရှုကို ကြည့်ကာ စစ်ဆေးရေးအရာရှိယန်ကို ကရုဏာသက်စွာဖြင့်ကြည့်လိုက်ကြသည်။ ပုံမှန်အားဖြင့် စည်းကမ်းတင်းကျပ်လွန်းလှသည့် စစ်ဆေးရေးအရာရှိယန်မှာ ဤကဲ့သို့သောသမီးမျိုးကို ပျိုးထောင်ထားလိမ့်မည်ဟု သူတို့ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ကြချေ။ ဧကရာဇ်အပေါ် ဤမျှလောက်မလေးမစားလုပ်ပြီး ဧကရာဇ်ကသာ အငြိုးထားခဲ့မည်ဆိုပါက ကြင်ယာတော်ရှုမှာ နောက်နောင်တွင် နန်းဆောင်အတွင်း၌ မည်သို့ဆက်လက်နေထိုင်ရမလဲဟု သူတို့တွေးနေမိကြ၏။

သမီးဖြစ်သူ၏အကျင့်စရိုက်ကို အမြဲတမ်း သိထားသော စစ်ဆေးရေးအရာရှိယန်ကမူ လူအုပ်ကြီး၏စိုက်ကြည့်နေမှုများကို မမြင်ချင်ယောင်ဆောင်ကာ ဧကရာဇ်အနောက်မှ လိုက်ပါရန် သူ့ခြေလှမ်းများကို တိတ်တဆိတ် ပိုမြန်လိုက်တော့သည်။

All Chapters