အခန်း ၁၅၂
Vol. 16 Ch. 152
152
ရုတ်တရက် သူ့ဆီသို့လျှောက်လာနေသော အဘွားရွှီကိုမြင်လိုက်ရသောအခါ ဧကရာဇ်မှာ အလွန်အမင်း ထိတ်လန့်သွားပြီး နောက်သို့တစ်လှမ်းဆုတ်လိုက်၏။
'ဒီအဘွားကြီးက ငါ့ကိုပါလာဆဲဦးမှာတော့ မဟုတ်ပါဘူးနော်'
အဘွားရွှီက ရွာသူကြီးလေး၏မျက်လုံးများအား ဧကရာဇ်အုပ်ထားသည်ကို မြင်သောအခါ အလျင်အမြန်ပင် လေးစားစွာဖြင့် ပြောလိုက်သည်။
"အရှင်က တကယ့်ကိုလူကောင်းတစ်ယောက်ပါပဲ"
ထိုဘုန်းကြီးဖြစ်စေ၊ မင်းဆရာကြီးဖြစ်စေ သူတို့နှစ်ယောက်လုံးက လူကောင်းများမဟုတ်ကြောင်းကို အဘွားရွှီ မှတ်မိနေပြီး အထူးသဖြင့် မင်းဆရာကြီးမှာ အရင်က သူမ၏ရွာသူကြီးလေးကို အန္တရာယ်ပြုရန် ဆုတောင်းပွဲကို အကြောင်းပြကာ လုပ်ကြံရဲခဲ့သူဖြစ်၏။ အကယ်၍ သူမရွာသူကြီးလေးသာ စွမ်းဆောင်ရည်မမြင့်ပါက မင်းဆရာကြီး၏ထောင်ချောက်ထဲသို့ သေချာပေါက် ကျရောက်သွားခဲ့လိမ့်မည်ဖြစ်သည်။
ရွာသူကြီးလေးက ငယ်သေးသဖြင့် အခြားသူများ၏ မကောင်းသော ရည်ရွယ်ချက်များကို မခွဲခြားနိုင်သော်ငြား သူမကတော့ မှတ်မိနေသည်။ ယခု ရွာသူကြီးလေး၏ဖခင်ဖြစ်သူက ထိုနှစ်ယောက်ကို ကွပ်မျက်ရန် အမိန့်ပေးလိုက်သည်ကို မြင်သောအခါ အဘွားရွှီ မချီးမွမ်းဘဲ မနေနိုင်တော့ချေ။
ရုတ်တရက် အချီးမွမ်းခံလိုက်ရသော ဧကရာဇ်က သူ့ကျောကို အနည်းငယ် မတ်လိုက်၏။
‘ဒီအဘွားကြီးက တကယ်အကဲဖြတ်နိုင်စွမ်း ရှိတာပဲ'
မင်းဆရာကြီးနှင့် ဘုန်းကြီးတို့ ကွပ်မျက်ခံရရန် ဆွဲခေါ်သွားခြင်းခံရသည်ကိုမြင်သောအခါ ကြင်ယာတော်မှာ ပို၍ပင်ကြောက်လန့်သွားပြီး သူမခေါင်းက လည်ပင်းပေါ်မှ ပြုတ်ကျတော့မလိုပင် ခံစားလိုက်ရတော့သည်။
ချန်ရှန်းနန်းဆောင်က အပင်ပန်းခံကာ လေ့ကျင့်ပေးထားသော မင်းဆရာကြီးနှင့် ဘုန်းကြီးတို့က ချန်လဲ့မင်းသမီးလေး၏တစ်ကွက်တည်းသော တိုက်ခိုက်မှုကိုပင်မခံနိုင်ဘဲ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့ကြသည်။ သိုင်းပညာပင်မတတ်ကျွမ်းသော သူမကဲ့သို့ ကြင်ယာတော်တစ်ပါးက ယခုမှစ၍ ချန်လဲ့မင်းသမီးလေး၏စောင့်ကြည့်မှုအောက်တွင် ဘယ်လိုများအသက်ရှင်ရပ်တည်နိုင်ပါမည်နည်း။
မင်းဆရာကြီးနှင့် ဘုန်းကြီးတို့ခေါ်ဆောင်သွားခံရသည်ကို မြင်သောအခါ ရှောင်ကျိုးက သူမပိုင်ဆိုင်မှုများကို စစ်ဆေးရန် သိုလှောင်ရုံထဲသို့ အမြန် ဝင်သွားတော့၏။ ပစ္စည်းများက အလွန်ပြည့်ကျပ်နေသဖြင့် ကြည့်ရသည်မှာ မျက်စိပသာဒဖြစ်လှသည်။ သိုလှောင်ရုံသာ ဒီထက်နည်းနည်းလောက် ပိုကြီးရင် ကောင်းမှာပဲဟု သူမ ဆန္ဒပြုမိ၏။
သူမပိုင်ဆိုင်မှုများကို စာရင်းစစ်ပြီးနောက် သူမဖခင်အနောက်မှလိုက်ကာ ဧည့်ခံပွဲသို့ အပြည့်အဝကျေနပ်စွာဖြင့် ပြန်လာခဲ့တော့သည်။
ဧည့်ခံပွဲသို့ ပြန်ရောက်သောအခါ ဧကရာဇ်က နန်းတွင်းအရာရှိအများစု ရောက်နေကြသည်ကို မြင်လိုက်ရသည်။ သူက ခွက်ကိုမြှောက်ကာ မကြာသေးမီက ချန်လဲ့မင်းသမီးလေးအား ချီးမြှင့်လိုက်သော နယ်မြေအကြောင်းကို သူတို့အား အသိပေးလိုက်၏။
ဧကရာဇ်က ဤကိစ္စကိုရုံးတော်တွင် ဘာကြောင့်မပြောခဲ့သလဲဆိုသော် အရာရှိများက အမျိုးမျိုးသော အကြောင်းပြချက်များဖြင့် သေချာပေါက် ကန့်ကွက်ကြမည်ဖြစ်ပြီး ဧကရာဇ်ကလည်း ထိုအရာများကို ဖြေရှင်းရန် ပျင်းနေသောကြောင့်ပင်။ ထို့ကြောင့် သူက ချန်လဲ့၏ဧည့်ခံပွဲတွင် တိုက်ရိုက်ပြောလိုက်ခြင်း ဖြစ်၏။ အကယ်၍ တစ်စုံတစ်ယောက်က သဘောထားကွဲလွဲမှုများရှိပါက ချန်လဲ့နှင့်တိုက်ရိုက်ပြောဆိုနိုင်ကြောင်း ပြောလိုက်သည်။ နန်းတွင်းအရာရှိများ၏ စွမ်းရည်နှင့် ခံနိုင်ရည်များကို သူ မျှော်လင့်ချက်ကြီးကြီးထား,ထားသည်။ မနက်ခင်းညီလာခံထဲကဲ့သို့ အရာရှိများ၏စကားအရာတွင် ကျွမ်းကျင်လိမ္မာမှုများကို မြင်တွေ့ရရန်မျှော်လင့်ထားပြီး သူကတော့ ဘေးမှနေ၍ ပွဲကို တိတ်တဆိတ်ထိုင်ကြည့်နေရုံသာ ဖြစ်၏။
ထို့ကြောင့် ကောက်ကျစ်စဉ်းလဲသော ဧကရာဇ်က ခွက်ကိုမြှောက်ကာ သမီးဖြစ်သူအား အသံကျယ်ကျယ်ဖြင့်ဂုဏ်ပြုစကားပြောလိုက်၏။
"ချန်လဲ့၊ ချုံကျိုးနယ်မြေမှာ သမီးရဲ့ဉာဏ်ပညာနဲ့ အမြော်အမြင်တွေကို ပြသနိုင်မယ်လို့ မျှော်လင့်တယ်၊ မေတ္တာတရား၊ သနားကြင်နာမှုတွေနဲ့ အုပ်ချုပ်ပြီး အဲ့ဒီဒေသကို ကောင်းချီးမင်္ဂလာတွေယူဆောင်လာပေးနိုင်ပါစေ"
ထိုသို့ပြောပြီးနောက် ဧကရာဇ်က ဘုရင်တစ်ပါး၏ခံ့ညားထည်ဝါမှုနှင့် ကြီးမြတ်မှုတို့ကိုပြကာ ကိုကာကိုလာကိုတစ်ကြိုက်တည်း မော့သောက်လိုက်တော့သည်။ မသိသောသူများက ဧကရာဇ်ဖန်ခွက်ထဲတွင် အရက်ပြင်းများပြည့်နေသည်ဟု ထင်သွားကြမည် ဖြစ်၏။
ရှောင်ကျိုးကလည်း အလွန်ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမခွက်ငယ်လေးကို မြှောက်ကာ ဖခင်ဖြစ်သူ၏ခွက်နှင့်တိုက်ပြီး ရဲဝံ့စွာပြောလိုက်သည်။
"ခမည်းတော်၊ သမီးရှိနေသရွေ့ စိတ်မပူနဲ့၊ သမီးနယ်မြေက အနာဂတ်မှာ အင်အားအကြီးဆုံးဖြစ်လာစေရမယ်"
ထိုသို့ပြောပြီးနောက် သူမက ဖခင်ဖြစ်သူကို အတုယူကာ ဖန်ခွက်ထဲရှိ ကိုကာကိုလာကို တစ်ငုံတည်းမော့သောက်လိုက်တော့၏။
သမီးဖြစ်သူ၏အပြုအမူကိုကြည့်ရင်း ဧကရာဇ်မှာ ရုတ်တရက် စိတ်မသက်မသာ ဖြစ်သွားတော့သည်။
'နေပါဦး၊ ငါးနှစ်အရွယ် ကလေးမလေးက ချုံကျိုးကို အုပ်ချုပ်ဖို့ ဘယ်လိုလုပ်ပြီး တာဝန်ယူနိုင်မှာလဲ၊ ချုံကျိုးက အရာရှိတွေနဲ့ ပြည်သူတွေကရော သူမရဲ့ရိုက်နှက်မှုကို ခံနိုင်ရည်ရှိကြပါ့မလား'
အောက်တွင်ထိုင်နေကြသော အရာရှိများမှာ သူတို့နားကြားမှားသည်ဟု ထင်နေကြ၏။
သူတို့က ချုံကျိုးနယ်မြေကို မင်းသမီးလေးအား အပိုင်စားအဖြစ် ချီးမြှင့်လိုက်ခြင်း ဟုတ်မဟုတ် အထက်ရှိ ဧကရာဇ်ထံသို့ လေးစားစွာဖြင့် အလျင်အမြန် မေးမြန်းလိုက်ကြသည်။
ဧကရာဇ်က ဆုချီးမြှင့်ရုံသာမက ချန်လဲ့အတွက် ဧကရာဇ်အမိန့်စာချွန်တော်ကိုပါ ထုတ်ပြန်ပေးခဲ့ခြင်းဖြစ်သည်။
သေချာသောအဖြေကို ရလိုက်သောအခါ အရာရှိများမှာ မှင်သက်သွားကြတော့၏။
မင်းသားများစွာပင် နယ်မြေများမရရှိကြသေးရာ မင်းသမီးတစ်ပါးက ဘယ်လိုလုပ်ပြီး အရင်ဆုံးရသွားရတာလဲ။ နေပါဦး မင်းသမီးတစ်ပါးရဲ့နယ်မြေဆိုတာက စီရင်စုတစ်ခုမဟုတ်ဘူးလား။ ဘယ်တုန်းက နယ်မြေတစ်ခုလုံးဖြစ်သွားရတာလဲ။
အရာရှိများမှာ ဆက်မအောင့်နိုင်ကြတော့ချေ။ အရာရှိတစ်ဦးက မတ်တတ်ရပ်ကာ အရိုအသေပေးပြီး ပြောလိုက်သည်။
"အရှင့်ရဲ့လုပ်ရပ်ကို ကျွန်တော်တို့ လက်ခံနိုင်စရာမရှိပါဘူး၊ ရှေးယခင်ကတည်းက မင်းသမီးတစ်ပါးရဲ့ နယ်မြေက စီရင်စုတစ်ခုထက်ပိုခဲ့ဖူးတာ တစ်ခါမှ မရှိခဲ့ပါဘူး၊ နယ်မြေတစ်ခုလုံးကို ချီးမြှင့်တယ်ဆိုတဲ့ ထုံးစံမျိုး တစ်ခါမှ မရှိခဲ့ပါဘူး၊ ဒါ့အပြင် မင်းသားတွေကတောင် နယ်မြေမရကြသေးပါဘူး၊ အခု ချုံကျိုးကို မင်းသမီးဆီ ချီးမြှင့်တာက ထုံးစံတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေပါတယ်"
အခြားအရာရှိတစ်ဦးကလည်း အလျင်အမြန် မတ်တတ်ရပ်ကာပြောလိုက်၏။
"မှန်ပါတယ် အရှင်၊ အရှင်က ချုံကျိုးကို မင်းသမီးဆီ ချီးမြှင့်တာက အရင်က တစ်ခါမှမကြုံဖူးတဲ့ လုပ်ရပ်တစ်ခုပါ၊ အရှင့်ရဲ့အမိန့်ကို ရုပ်သိမ်းပေးဖို့ မျှော်လင့်ပါတယ်"
အခြားအရာရှိများကလည်း ဝင်ရောက်ထောက်ခံကြသည်။
"အရှင်၊ ကျွန်တော်တို့လည်း အဲ့ဒီအမြင်ကို ထောက်ခံပါတယ်၊ မင်းသားတွေကိုတောင် နယ်မြေတွေ မချီးမြှင့်ရသေးပါဘူး၊ အကယ်၍ မင်းသမီးသာ ချုံကျိုးကို အရင်ရသွားမယ်ဆိုရင် ဒါ မတရားရာကျပြီး သဘောထားကွဲလွဲမှုတွေ အလွယ်တကူ ဖြစ်ပေါ်စေနိုင်ပါတယ်၊ အရှင့်အနေနဲ့ပြန်စဥ်းစားပြီး အမိန့်စာချွန်တော်ကို ရုပ်သိမ်းပေးဖို့တောင်းဆိုပါတယ်"
"......"
တစ်ခဏချင်းမှာပင် ဧည့်ခံပွဲ၏လေထုမှာ တင်းမာသွားပြီး အရာရှိများက မနားတမ်း တောင်းဆိုနေကြသဖြင့် အလွန်အမင်း တင်းမာလှသော အခြေအနေတစ်ခု ဖြစ်ပေါ်လာတော့၏။
အရာရှိများ ဒေါသတကြီးဖြစ်နေကြစဉ် သခင်မကြီးရှီက ပထမဆုံးအဖြစ် ကျက်သရေရှိစွာ ဦးညွှတ်အရိုအသေပေးလိုက်ပြီးနောက် ခါးကိုမတ်ကာ အသံကျယ်ကျယ်နှင့် ပြတ်သားစွာ ပြောလိုက်သည်။
"အရာရှိမင်းတို့ သိပ်ပြီးတော့ အမြင်မကျဉ်းကြပါနဲ့၊ ကျွန်မရဲ့မြေးမလေးက ငယ်ငယ်ကတည်းက ထူးထူးခြားခြား ဉာဏ်ရည်ထက်မြက်ပြီး စိတ်ထားကောင်းမွန်တဲ့သူပါ၊ သူမက စာပေကျွမ်းကျင်တယ်၊ ရည်မှန်းချက်ကြီးတယ်၊ ပြီးတော့ သိုင်းပညာမှာလည်း ကျွမ်းတယ်၊ ဒီမှာရှိတဲ့ ဘယ်သူကမှ သူမပြိုင်ဘက် မဟုတ်ပါဘူး၊ ချုံကျိုးကို မင်းသမီးဆီ ချီးမြှင့်တာက အရှင့်ရဲ့ပညာရှိတဲ့ ဆုံးဖြတ်ချက်ပါပဲ၊ သူမရဲ့ စာပေနဲ့ သိုင်းပညာစွမ်းရည်တွေ ပေါင်းစပ်ပြီး ချုံကျိုးကိုသေချာပေါက် ကောင်းကောင်းအုပ်ချုပ်နိုင်မှာဖြစ်ပြီး ပြည်သူတွေအတွက် ကြီးပွားတိုးတက်မှုတွေ ယူဆောင်လာပေးနိုင်မှာပါ"
ရှောင်ကျိုးက အဘွားဖြစ်သူ သူမကို ချီးမွမ်းနေသည်အား ကြားလိုက်ရသောအခါ ချက်ချင်းပင်ရင်ကော့ခေါင်းမော့လိုက်ပြီး ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်ပြလိုက်၏။
'ငါ့အဘွားပြောတာ မှန်တယ်၊ ငါက ငယ်ငယ်ကတည်းက စာပေကျွမ်းကျင်တယ်၊ ရည်မှန်းချက်ကြီးတယ်၊ ဉာဏ်ကောင်းတယ်၊ သဘောကောင်းတယ်၊ ပြီးတော့ စာပေရော သိုင်းပညာပါ ကျွမ်းတယ်'
သခင်ကြီးရှန်မှာ သူ့မြေးမလေးမှ ဆွဲထူလိုက်သဖြင့် မသိမသာမတ်တတ်ရပ်လိုက်ရပြီး သူ့ရှေ့ရှိ စားပွဲကိုပင်တိုက်မိမတတ်ဖြစ်သွားတော့သည်။ ဆူညံသံက အလွန်ကျယ်လောင်သွားသဖြင့် ဧည့်ခံပွဲရှိလူတိုင်း လှည့်ကြည့်လာကြ၏။
မြေးမလေး၏တွန်းပို့မှုခံလိုက်ရသော သခင်ကြီးရှန်ခမျာ ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ကြေညာလိုက်သည်။
"လူကြီးမင်းတို့ ခေါင်းမာမနေကြပါနဲ့၊ ပြီးတော့ ရှေးဟောင်းစည်းမျဉ်းတွေကို ဖက်တွယ်မနေသင့်ဘူး၊ စည်းမျဉ်းတွေကို ခေတ်နဲ့အညီပြောင်းလဲသင့်တယ်၊ မင်းသမီးလေးရဲ့စွမ်းဆောင်ရည်တွေကို လူတိုင်းသိကြပါတယ်၊ သူမကို ချုံကျိုး ချီးမြှင့်တာက အရှင့်ရဲ့ယုံကြည်မှုနဲ့ သူမအပေါ်ထားရှိတဲ့ မျှော်လင့်ချက်ကြီးမားမှုပါပဲ၊ အရင်က အစဉ်အလာတွေရဲ့ ချုပ်နှောင်မှုကို ဘာလို့ခံနေမှာလဲ၊ မင်းသားတစ်ပါးကို နယ်မြေပေးအပ်တာက သူ့အချိန်နဲ့သူဖြစ်လာမှာပါ၊ ဒီလိုကိစ္စအတွက် အရှင်က မင်းသမီးအပေါ် မျက်နှာသာပေးတာကို ဘယ်လိုလုပ်ပြီး မေးခွန်းထုတ်နိုင်မှာလဲ"
ချန်လဲ့မင်းသမီးလေးက သူ့ကို အခက်အခဲမှ ကယ်တင်ခဲ့သည်ဟု ရင်ထဲမှ အခိုင်အမာယုံကြည်ထားသော မြို့စားကြီးကုမှာ သူမကျေးဇူးကို အမြဲသိတတ်နေခဲ့ပြီး ကျေးဇူးဆပ်ရန် အခွင့်အရေးကို ရှာနေခဲ့သူဖြစ်သည်။ သူက ချက်ချင်းပင် ရှေ့ထွက်လာပြီး ထောက်ခံပြောလိုက်၏။
"အရှင်က ဉာဏ်ပညာကြီးမားလှပါတယ်၊ ချုံကျိုးကို ချန်လဲ့မင်းသမီးလေးဆီ ချီးမြှင့်တာက တကယ့်ကို ထက်မြက်တဲ့ လုပ်ရပ်ပါပဲ၊ မင်းသမီးက ဉာဏ်ရည်ထက်မြက်ပြီး ကိုယ်ကျင့်တရားကောင်းမွန်တဲ့အပြင် တိုင်းပြည်ကို အုပ်ချုပ်နိုင်တဲ့ အရည်အချင်းလည်းရှိပါတယ်၊ သူမရဲ့ အုပ်ချုပ်မှုအောက်မှာ ချုံကျိုးက သေချာပေါက် ကြီးပွားတိုးတက်လာမှာပါ၊ ဒီလုပ်ရပ်မှာ ဘာတွေများမှားနေလို့လဲ"
စစ်သူကြီးဆုက ချက်ချင်း မတ်တတ်ရပ်ကာ သူမကို အသံကျယ်ကျယ်ဖြင့် ထောက်ခံလိုက်သည်။
"ဟမ့် မင်းတို့လိုခေါင်းမာတဲ့ အမိုက်အမဲတစ်သိုက်က ရှေးဟောင်းစည်းမျဉ်းတွေကို ဖက်တွယ်ဖို့ပဲသိကြပြီး ခေတ်နဲ့အညီ ဘယ်လိုလိုက်လျောညီထွေနေရမယ်ဆိုတာကို မသိကြဘူး၊ မင်းသမီးရဲ့ အရည်အချင်းနဲ့ ဗျူဟာတွေက ယောက်ျားတွေထက် လုံးဝမနိမ့်ကျပါဘူး၊ ဒါဆိုရင် ဘာလို့ သူမကို ချုံကျိုးမချီးမြှင့်နိုင်ရမှာလဲ၊ မင်းသားတွေ ဘွဲ့ထူးတွေမရသေးတာက အရှင့်ရဲ့ကိုယ်ပိုင်စဉ်းစားဆုံးဖြတ်ချက်၊ မင်းတို့က အရှင်က မင်းသမီးအပေါ် မျက်နှာသာပေးတာနဲ့ ယုံကြည်မှုကို ဘယ်လိုလုပ်ပြီး ဒီလိုမျိုး မေးခွန်းထုတ်ရဲကြတာလဲ"
ငါးနှစ်အရွယ် မင်းသမီးတစ်ပါးကို နိုင်ငံအုပ်ချုပ်နိုင်သည့် အရည်အချင်းရှိသည်ဟု သိသိသာသာလိမ်ညာချီးမွမ်းနေကြသော အရာရှိအချို့နှင့် ရင်ဆိုင်ရချိန်တွင် သူမကိုဆန့်ကျင်ရန် မတ်တတ်ရပ်လာသော အရာရှိများမှာ နောက်မဆုတ်သွားကြဘဲ ပို၍ပင်ပြင်းပြင်းထန်ထန်ချေပလာကြတော့၏။
အရာရှိတစ်ဦးက ရှေ့ထွက်လာကာ လက်ယှက်ပြီး ပြောလိုက်သည်။
"လူကြီးမင်းတို့ ဒါကမှန်ပေမဲ့ ဘိုးဘေးတို့ရဲ့ဥပဒေတွေကို ဖျက်သိမ်းလို့မရပါဘူး၊ သမိုင်းတစ်လျှောက်လုံးမှာ မင်းသမီးတွေက စီရင်စုတစ်ခုထက်မပိုတဲ့ နယ်မြေတွေကိုပဲ ချီးမြှင့်ခံခဲ့ရတာပါ၊ ဒါသတ်မှတ်ထားတဲ့ စည်းမျဉ်းဖြစ်ပြီး အလွယ်တကူ ချိုးဖောက်လို့လည်း မရပါဘူး"
အခြားအရာရှိတစ်ဦးက အမြန် ဖြည့်စွက်ပြောလိုက်၏။
"မင်းသမီးက အရည်အချင်းရှိတယ်ဆိုရင်တောင် အသက်ငါးနှစ်ပဲရှိသေးတဲ့ ကလေးမလေးတစ်ယောက်ပါ၊ မင်းသားတွေက တိုင်းပြည်ရဲ့အုတ်မြစ်ဖြစ်ပြီး သူတို့ကိုတောင် နယ်မြေတွေမချီးမြှင့်ရသေးပါဘူး၊ မင်းသမီးက နယ်မြေတစ်ခုလုံးကိုကြိုရတာက ယုတ္တိမရှိသလို အကြောင်းပြချက်လည်းမခိုင်လုံပါဘူး"
နောက်ထပ်အရာရှိတစ်ဦးက အလောတကြီး ဝင်ပြောလိုက်သည်။
"ဒါ့အပြင် ချုံကျိုးကကျယ်ဝန်းပြီး မတူကွဲပြားတဲ့ဒေသတစ်ခုဖြစ်သလို အုပ်ချုပ်ရတာလည်း အရမ်းခက်ပါတယ်၊ ပြီးတော့ နယ်စပ်နဲ့လည်း နီးပါတယ်၊ မင်းသမီးက ဆော့ကစားရမဲ့ အရွယ်ဖြစ်တဲ့ ငါးနှစ်ပဲရှိသေးတော့ ဒီလိုကြီးမားတဲ့တာဝန်ကြီးကို ထမ်းဆောင်နိုင်မှာ မဟုတ်ပါဘူး၊ အကယ်၍ ကောင်းကောင်းမအုပ်ချုပ်နိုင်ဘူးဆိုရင် အရှင့်ရဲ့ကြိုးပမ်းအားထုတ်မှုတွေကို ဖြုန်းတီးပစ်ရာ မရောက်ဘူးလား"
လူတိုင်းက ဝင်ရောက်ပြောဆိုလာကြသည်နှင့်အမျှ သူတို့စိတ်ခံစားမှုများက ပိုမိုလှုပ်ရှားလာကြပြီး ဧည့်ခံပွဲမှာ နောက်ထပ်ပြင်းထန်သော ငြင်းခုံပွဲတစ်ခုဆီသို့ ကျဆင်းသွားတော့၏။