← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

153

ဧကရာဇ်က အရာရှိများငြင်းခုံနေကြသည်ကို စိတ်ဝင်တစား နားထောင်နေပြီးနောက် သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်၏။ အဟမ်း သူမမှာတော့ အရာရှိများထံမှ ဆူညံသံများကို လုံးဝ ဂရုမစိုက်ဘဲ အားရပါးရစားသောက်နေသည်။

‘ဒီအရာရှိတွေ ဘာတွေများငြင်းခုံနေကြသလဲဆိုတာကို နားလည်ဖို့ သူမကငယ်လွန်းသေးတယ် ထင်ပါရဲ့’

အောက်တွင်အသံအကျယ်ဆုံး အော်နေကြသူများက သူမနယ်မြေကိုလုယူရန် ကြိုးစားနေကြသူများဖြစ်ကြောင်း ဧကရာဇ်မှ သမီးဖြစ်သူကိုပြောပြကာ မီးလောင်ရာ လေပင့်ပေးသင့်မသင့် တွေးနေမိတော့၏။

ဧကရာဇ်မှ မီးလောင်ရာလေပင့်ရန် သို့မဟုတ် သွေးထိုးလှုံ့ဆော်ရန်တောင် အချိန်မရလိုက်ခင်မှာပင်...

ကျင့်ရှင်းဘေးတွင်ထိုင်ကာ တာအိုဆရာလေး၏စကားများကို နားထောင်နေရင်း ဧည့်ခံပွဲရှိအထင်ရှားဆုံးအရာရှိများ၏မျက်နှာများကို သေသေချာချာ အကဲခတ်နေသော ဆရာကြီးရွှီမှာ အတင်းသတင်းများကို အားရပါးရစားသုံးပြီးနောက် တိုက်ခိုက်ရန်အသင့်ဖြစ်နေခဲ့ချေပြီ။

ဆရာကြီးရွှီ ရှေ့ထွက်လာပြီး အလှုပ်ရှားဆုံးဖြစ်နေသော အရာရှိကျိုးကို ကြည့်ကာမေးလိုက်သည်။

"အရာရှိကျိုး၊ ဧကရာဇ်က ချုံကျိုးကို မင်းသမီးဆီ ချီးမြှင့်တာ ထုံးစံတွေ၊ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ မင်းပြောနေတာပဲ၊ မင်းအရွယ်လောက်ရှိတဲ့သူတစ်ယောက်က အိမ်မှာချွေးမဖြစ်သူ ရေချိုးနေတာကို ခိုးကြည့်တာကရော သင့်တော်ရဲ့လားဆိုတာ ငါ သိချင်မိတယ်၊ ဒီကိစ္စကို မင်းရဲ့သားကရော သိရဲ့လားဆိုတာကိုလည်း ငါသိချင်မိတယ်"

ထိုစကားကြောင့် ဧည့်ခံပွဲရှိလူတိုင်း အံ့အားသင့်သွားကြတော့၏။

ဤသည်က ကလေးအနည်းငယ်၏အတင်းအဖျင်းရေဒါကိုပါ အောင်မြင်စွာနှိုးဆွပေးလိုက်သည်။ ရှောင်ကျိုးက သူမတူများကို ချက်ချင်း ချထားလိုက်ပြီး ဆရာကြီးရွှီကိုစိုက်ကြည့်နေတော့၏။

စာသင်ခန်းထဲတွင်ဆို ကလေးများ ဤမျှလောက် အာရုံမစိုက်ကြကြောင်း သဘောပေါက်လိုက်သောအခါ ဆရာကြီးရွှီမှာ ဒေါသထွက်လွန်း၍ရူးမတတ်ပင် ဖြစ်သွားရသည်။ အကယ်၍သာ ထိုကလေးများ စာသင်ခန်းထဲတွင် ဤမျှလောက် အာရုံစိုက်ကြမည်ဆိုပါက…

လူတိုင်းက အရာရှိကျိုးကို ထူးဆန်းသောအကြည့်များဖြင့် ကြည့်လိုက်ကြ၏။ မေတ္တာ၊ တရားမျှတမှု၊ ကိုယ်ကျင့်တရားနှင့် ရှက်တတ်မှုအကြောင်း အမြဲပြောလေ့ရှိသော အရာရှိကျိုးက သူ့ကိုယ်ပိုင်အိမ်တော်၌ ဤမျှလောက် ယုတ်မာပြီး အရှက်ကင်းမဲ့သောလုပ်ရပ်မျိုးကို ကျူးလွန်နိုင်လိမ့်မည်ဟု မည်သူကများထင်ထားပါမည်နည်း။ လူများက အရာရှိကျိုးကို ကြည့်လိုက်သောအခါ တည်ငြိမ်အေးချမ်းသည့် သူ့မျက်နှာအောက်တွင် ယုတ်မာပြီး ဆိုးရွားသောသဘာဝတစ်ခုရှိနေကာ လူကောင်းတစ်ယောက်၏ အရိပ်အယောင်လေးပင် မကျန်တော့ကြောင်း ချက်ချင်းခံစားလိုက်ရသည်။

လူအုပ်ကြီး၏စွပ်စွဲမှုများနှင့် ကဲ့ရဲ့ရှုတ်ချမှုများကို ရင်ဆိုင်ရချိန်တွင် အရာရှိကျိုး၏မျက်နှာမှာ နီမြန်းသွားပြီး ဒေါသတကြီးဖြင့်ပြန်ချေပလိုက်၏။

"ခင်ဗျား ကျုပ်ကိုအသရေဖျက်နေတာပဲ၊ ဒါ လုံးဝကိုအဓိပ္ပါယ်မရှိတဲ့စကားတွေ၊ ကျုပ် ကျိုးမျိုးရိုးက တစ်သက်လုံး ရိုးရိုးသားသားနဲ့ ဖြောင့်မတ်စွာ နေထိုင်လာခဲ့တာ၊ ဒီလို ကိုယ်ကျင့်တရားမဲ့တဲ့ အလုပ်မျိုးကို ဘယ်လိုလုပ်ပြီး လုပ်နိုင်မှာလဲ၊ ကျုပ်ကို အရှက်ခွဲဖို့ ဒီလိုအသရေဖျက်တဲ့ စကားမျိုးတွေနဲ့ မလုပ်ကြံပါနဲ့"

အရာရှိကျိုး၏အကြောင်းပြချက်များကို ကြားလိုက်ရသောအခါ ဆရာကြီးရွှီအေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်သည်။

"အရာရှိကျိုး မင်းက ငါမင်းကို အသရေဖျက်နေတယ်လို့ပဲ ဆက်တိုက်ပြောနေတာပဲ၊ ဒါပေမဲ့ မင်းအခန်းထဲမှာ ချွေးမဖြစ်သူရဲ့အောက်ခံအဝတ်အစားတွေတင်မကဘဲ အိမ်တော်ထဲက အစေခံမလေးတွေအားလုံးရဲ့ ကိုယ်ရေးကိုယ်တာ ပစ္စည်းတွေကိုပါ လျှို့ဝှက်သိမ်းဆည်းထားတယ်၊ ဒီလိုညစ်ညမ်းတဲ့ကိစ္စမျိုးကို မင်း ဘယ်လိုရှင်းပြမလဲ"

ဧကရာဇ်က သူ့ဘေးတွင်ဖရဲစေ့စားနေသော သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး သူမလက်ထဲမှ အနည်းငယ်ကို ချက်ချင်းယူလိုက်၏။ အောက်တွင် ဆရာကြီးရွှီမှ ဖရဲစေ့များကို ဆက်ခွာနေသည်ကိုကြည့်ရင်း သူကလည်း ဖရဲစေ့အချို့ကို စားနေတော့သည်။

စစ်ဆေးရေးအရာရှိယန်မှာ ချက်ချင်း ရှေ့ထွက်လာပြီး ပြောလိုက်သည်။

"အရှင်၊ ဆရာကြီးရွှီပြောခဲ့တာတွေက နန်းတွင်းအရာရှိတွေရဲ့ဂုဏ်သိက္ခာနဲ့ သက်ဆိုင်ပြီး ပေါ့ပေါ့တန်တန်ဆုံးဖြတ်လို့မရပါဘူး၊ ကျွန်တော် အရာရှိကျိုးရဲ့ အိမ်တော်ကိုသွားရောက်ပြီး ဒီကိစ္စကို သေချာစုံစမ်းစစ်ဆေးဖို့ ဆန္ဒရှိပါတယ်၊ ပြီးတော့ တရားမျှတမှုရှိစေရမယ်၊ ဘာတစ်ခုမှ လွတ်ကင်းမသွားစေဘဲ အရာရှိကျိုး တစ်စက်လေးမှ မတရားမခံရစေဖို့ ကျွန်တော်သေချာလုပ်ဆောင်ပါ့မယ်"

အထက်တွင်ထိုင်နေသော ကြင်ယာတော်ရှုက ဖခင်ဖြစ်သူ၏စကားများကို ကြားလိုက်ရသောအခါ မျက်စိလှန်လိုက်မိ၏။ ဖခင်ဖြစ်သူ၏ အဆင့်အတန်းမြင့်ပြီး ဖြောင့်မတ်သော စကားများက အပူပြင်းဆုံးအတင်းအဖျင်းသတင်းများကို ပထမဆုံးရနိုင်ရန်အတွက်သာဖြစ်ကြောင်း သူမ မသိဘူးမထင်လိုက်ပါနှင့်။

ရှောင်ကျိုး အမြန်ဝင်ပြောလိုက်သည်။

"ခမည်းတော် သမီးလည်း သွားမယ်၊ သမီးကူညီပေးမယ်၊ သမီးက တရားမျှတမှုကို ထိန်းသိမ်းရတာသဘောကျတယ်၊ ပြီးတော့ ပစ္စည်းတွေရှာတဲ့နေရာမှာလည်း တကယ်တော်တယ်"

ထိုသို့ပြောပြီးနောက် ဖခင်ဖြစ်သူ စကားပြောမည့်အချိန်ကိုပင် မစောင့်တော့ဘဲ သူမက စစ်ဆေးရေးအရာရှိယန်ကို ဆွဲကာပြောလိုက်၏။

"လာ လမ်းပြ"

စစ်ဆေးရေးအရာရှိယန်က အထက်ရှိ ဧကရာဇ်ထံ အလျင်အမြန်ခွင့်တောင်းလိုက်သည်။ ချန်လဲ့မင်းသမီးလေး အိမ်တော်မှထွက်လာချိန်တွင် သူမခြေလှမ်းများက အင်မတန်ပေါ့ပါးနေပုံရ၏။

သူတို့နောက်တွင် လိုက်ပါလာသူများမှာ မင်းသမီးစံအိမ်တော်မှကလေးများနှင့် လူကြီးတစ်သိုက်ဖြစ်ပြီး သူတို့က သူတို့ရွာသူကြီးလေးအတွက် စိတ်ပူသဖြင့် သွားရောက်စစ်ဆေးရမည်ဟု အခိုင်အမာ ပြောဆိုနေကြသည်။

၎င်းကိုမြင်သောအခါ ကြင်ယာတော်ရှုမှာ အလွန်အမင်းစိုးရိမ်သွားတော့၏။ သူမက ဧကရာဇ်ထံ အလျင်အမြန် ဦးညွှတ်ပြီးပြောလိုက်သည်။

"အရှင် ကျွန်မရဲ့အဖေက အသက်ကြီးနေပြီမို့ သမီးတစ်ယောက်အနေနဲ့ သူ့အတွက် စိတ်ပူမိပါတယ်၊ လမ်းမှာ သူ မချော်လဲအောင် ကျွန်မသွားပြီး စောင့်ကြည့်ပေးမှဖြစ်ပါမယ်"

ထိုသို့ပြောပြီးနောက် သူမက သားဖြစ်သူကိုဆွဲကာ ဖခင်ဖြစ်သူထံသို့ ဦးတည်သွားပြီး စိုးရိမ်တကြီးဖြင့်အော်ခေါ်လိုက်၏။

"အဖေ ဖြည်းဖြည်းလျှောက်နော်၊ လမ်းမှာ ကျောက်ခဲတွေ အများကြီးပဲ၊ မတိုက်မိအောင် သတိထားဦး"

ဒုတိယမင်းသား၏ကြင်ယာတော်ကလည်း ဒုတိယမင်းသားကို တံတောင်ဖြင့်တွတ်လိုက်ရာ ဒုတိယမင်းသားခမျာ ချက်ချင်းရှေ့ထွက်လာပြီး ပြောလိုက်သည်။

"ခမည်းတော်၊ ညီမလေးချန်လဲ့နဲ့ ညီလေးတို့ကငယ်သေးတော့ အစ်ကိုကြီးတစ်ယောက်အနေနဲ့ သူတို့အတွက် စိတ်ပူမိပါတယ်၊ ခမည်းတော် ကျေးဇူးပြုပြီး စိတ်ချပါ၊ ညီမလေးချန်လဲ့နဲ့ ညီလေးကို ဘေးကင်းကင်းနဲ့ သေချာပေါက် ပြန်ခေါ်လာခဲ့ပါ့မယ်"

ထိုသို့ပြောပြီးနောက် ဖခင်ဖြစ်သူ၏အကြောင်းပြန်မှုကိုပင်မစောင့်တော့ဘဲ ဖခင်ဖြစ်သူက သူ့ကို ထိုနေရာတွင် ဆက်ထားမည်ကို စိုးရိမ်သဖြင့် သူကကြင်ယာတော်ကိုဆွဲကာ အိမ်တော်ထဲမှ ကမူးရှူးထိုးပြေးထွက်သွားတော့၏။

အစ်ကိုဖြစ်သူထွက်သွားသည်ကို မြင်သောအခါ တတိယမင်းသားမှာ အလွန်တရာစိုးရိမ်သွားပြီး ဧကရာဇ်အား အလျင်အမြန်ပြောလိုက်သည်။

"ခမည်းတော်၊ သားလည်း ဒုတိယအစ်ကို့ကို သွားကူညီလိုက်ပါဦးမယ်"

ထိုသို့ပြောပြီးနောက် သူလည်း လှည့်ကာ နောက်ကိုပင်ပြန်မကြည့်တော့ဘဲ ထွက်သွားတော့၏။

ဧကရာဇ် : 'ဒီစကားကို နားထောင်ကြည့်စမ်း၊ သူတို့က စစ်တိုက်သွားမှာမဟုတ်ဘူး၊ ပျော်စရာ သွားကြည့်ကြမှာ၊ အဲ့ဒီလောက်ကြီး စိတ်အားထက်သန်နေဖို့မလိုပါဘူး၊ ဒါ့အပြင် သူလည်းသွားချင်နေတာပဲ၊ ဘာလို့များ သူ့ကို ထွက်ပေါက်တစ်ခု မဖန်တီးပေးရမှာလဲ'

ဘေးတွင်ရပ်နေသော မိန်းမစိုးဟွမ်မှာ ဧကရာ‌ဇ်လည်း ပွဲသွားကြည့်ရန် စိတ်အားထက်သန်နေကြောင်းကို အကြာကြီးကတည်းက သတိပြုမိထားသဖြင့် ဧကရာဇ်အား အလျင်အမြန်ပြောလိုက်၏။

"ချန်လဲ့မင်းသမီးလေးက ငယ်ပါသေးတယ်၊ အရှင်သွားကြည့်ရင် မကောင်းဘူးလား၊ အရှင် အဲ့ဒီမှာရှိနေရင် တရားမျှတမှုနဲ့ ဖြောင့်မတ်မှုရှိဖို့ သေချာပေါက် လုပ်ဆောင်နိုင်မှာပါ"

ဧကရာဇ်က မိန်းမစိုးဟွမ်ကို ကျေနပ်စွာဖြင့် ကြည့်လိုက်သည်။

"ကောင်းပြီ၊ တရားမျှတမှုကို ထိန်းသိမ်းဖို့အတွက် ကျိုးမိသားစုဆီ ငါသွားမယ်၊ စိတ်ချပါ အရာရှိကျိုး၊ မင်းကိုမတရားမခံရစေရဘူး"

ထိုသို့ပြောပြီးနောက် သူက မိန်းမစိုးဟွမ်၏ရှေ့မှဦးဆောင်ကာ ကျိုးမိသားစုအိမ်တော်သို့ ထွက်ခွာသွားတော့၏။

ဧကရာဇ်ကိုယ်တိုင် အတင်းသတင်းများ သွားရောက်နားထောင်သည်ကို မြင်လိုက်ရသောအခါ လူတိုင်းမျက်လုံးများ အရောင်လက်သွားကြပြီး အနောက်မှလိုက်သွားကြတော့သည်။ ဤလူအုပ်ကြီးမှာ ချန်လဲ့မင်းသမီးလေးအား ချုံကျိုးနယ်မြေ ချီးမြှင့်ခြင်းအကြောင်း ပြင်းပြင်းထန်ထန်ငြင်းခုံနေခဲ့ကြသည်ကို အကြာကြီးကတည်းက မေ့သွားခဲ့ကြချေပြီ။ ယခုအခါ လူတိုင်းစိတ်ထဲတွင် အရာရှိကျိုးက သူ့အိမ်တော်တွင် ချွေးမဖြစ်သူရေချိုးနေသည်ကို တကယ်ခိုးကြည့်ခဲ့သလားဆိုသည်နှင့် ဆရာကြီးရွှီပြောခဲ့သည့် ပစ္စည်းများ အိမ်ထဲတွင် တကယ်လျှို့ဝှက်သိမ်းဆည်းထားသလားဆိုသည့် မေးခွန်းများဖြင့်သာ ပြည့်နှက်နေတော့၏။

ရှောင်ကျိုးနှင့် စစ်ဆေးရေးအရာရှိယန်တို့က ကျိုးမိသားစုအိမ်တော်သို့ ပထမဆုံးရောက်လာကြပြီး သူတို့အနောက်တွင် အတင်းသတင်းများကို သဘောကျသော မင်းသမီးစံအိမ်တော်မှ ပွဲကြည့်သူတစ်သိုက် ကပ်ပါလာကြသည်။

ရှောင်ကျိုးက ကျိုးမိသားစုအိမ်တော်၏တံခါးကို စတင်ထုရိုက်တော့၏။

တံခါးစောင့်က ဧည့်သည်မှာ ချန်လဲ့မင်းသမီးလေးဖြစ်နေသည်ကို မြင်သောအခါ အလျင်အမြန်ဦးညွှတ်လိုက်သည်။

ရှောင်ကျိုး လက်ကာပြကာမေးလိုက်၏။

"ထတော့၊ နင့်သခင်က ဘယ်အခန်းမှာ နေတာလဲ၊ သူ့ကိုသွားတွေ့ဖို့ ငါ့ကိုခေါ်သွား"

တံခါးစောင့်က ချန်လဲ့မင်းသမီးလေး၏စကားများကို နားလည်ရခက်နေသော်ငြား ချန်လဲ့မင်းသမီးလေး၏နာမည်ကျော်ကြားမှုက မြို့တော်တစ်ခွင် ပျံ့နှံ့နေပြီး တံခါးစောင့်ကလည်း အရိုက်မခံချင်သဖြင့် သူမကိုလမ်းပြပေးလိုက်တော့သည်။

သတင်းကိုကြားလိုက်ရသောအခါ သခင်မကျိုး အပြေးအလွှား ရောက်လာပြီး ချန်လဲ့မင်းသမီးလေးအား ဦးညွှတ်ကာပြောလိုက်၏။

"မင်းသမီးလေး အခုလိုကြွလာတာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ စောစောကတည်းက လာမကြိုမိတဲ့အတွက် တောင်းပန်ပါတယ်၊ ကျွန်မရဲ့အိမ်တော်ကို ဘာကိစ္စရှိလို့ကြွလာတာလဲလို့ မေးခွင့်ပြုပါ"

ရှောင်ကျိုးက ချက်ချင်းပင်မကျေမနပ်ဖြင့် ပြောလိုက်သည်။

"အရာရှိကျိုးအတွက် တရားမျှတမှုကို ထိန်းသိမ်းပေးဖို့ ငါလာခဲ့တာ၊ တစ်ယောက်ယောက်က မင်းယောက်ျားကို အသရေဖျက်နေလို့ လက်ပိုက်ကြည့်မနေနိုင်တော့ဘဲ သူ့အပြစ်ကင်းစင်ကြောင်းကို သက်သေပြဖို့လာခဲ့တာ"

သခင်မကျိုးက သူမနှင့်အတူလိုက်လာသော စစ်ဆေးရေးအရာရှိယန်ကို ချက်ချင်းကြည့်လိုက်၏။ စစ်ဆေးရေးအရာရှိယန်က ချက်ချင်းပင်ဖြောင့်မတ်စွာ ခေါင်းညိတ်ပြပြီးပြောလိုက်သည်။

"သခင်မကျိုး စိတ်ချပါ၊ စစ်ဆေးရေးအရာရှိတစ်ယောက်အနေနဲ့ ဒီအမှုကို သေချာပေါက် ဘက်မလိုက်ဘဲဖြေရှင်းပေးမှာမို့ အရာရှိကျိုးကို ဘယ်သူမှမတရားမစွပ်စွဲစေရပါဘူး"

သခင်မကျိုးက ထိုလူနှစ်ယောက်ကို အလျင်အမြန် ကျေးဇူးတင်စကားပြောလိုက်၏။

"ကျွန်မရဲ့ခင်ပွန်းအတွက် တရားမျှတမှုကို ထိန်းသိမ်းပေးတဲ့အတွက် ရှင်တို့နှစ်ယောက်ကို ကျေးဇူးတင်ပါတယ်၊ အကူအညီတစ်ခုခုလိုရင် ကျေးဇူးပြုပြီး ပြောပါနော်"

ရှောင်ကျိုးက သခင်မကျိုး၏ဗိုက်ကို ကျေနပ်စွာဖြင့် ဖွဖွလေးပုတ်ကာပြောလိုက်သည်။

"ငါ သေချာပေါက် တရားမျှတမှုကို ထိန်းသိမ်းပေးမယ် လမ်းပြပေး"

သခင်မကျိုးက ချက်ချင်းပင် ကိုယ်တိုင်လမ်းပြပေးလိုက်၏။ သူမ၏ချွေးမနှင့် သားဖြစ်သူတို့ အပြေးအလွှား ရောက်လာကြသည်ကို မြင်သောအခါ သူမက လာရောက်ကူညီပေးရန် အလျင်အမြန်တောင်းဆိုလိုက်သည်။

ကျိုးမိသားစု၏စိတ်အားထက်သန်သော လမ်းပြမှုဖြင့် ရှောင်ကျိုးနှင့် သူမနောက်လိုက်များက အရာရှိကျိုး၏အဆောင်သို့ အဆင်ပြေချောမွေ့စွာရောက်သွားကြတော့သည်။

All Chapters