အခန်း ၁၅၄
Vol. 16 Ch. 154
154
ဆရာကြီးရွှီပြောသည့် "ကိုယ်ရေးကိုယ်တာပစ္စည်းများ" ဆိုသည်မှာ ဘာကိုဆိုလိုမှန်း ရှောင်ကျိုးတစ်ယောက် နားမလည်သော်ငြား သူမမှာ ခွန်အားကြီးသဖြင့် ကျင့်ရှင်းမှမည်သည့်နေရာတွင်ရှိကြောင်း ပြောပြလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ကျိုးက ချက်ချင်းပင် အလွယ်တကူ မ,ပစ်လိုက်တော့၏။
အံဆွဲများနှင့် ဗီရိုများကို မွှေနှောက်ရှာဖွေနေကြသော လူအုပ်ကြီးကိုကြည့်ရင်း သခင်မကျိုးခမျာ သူတို့ထဲရှိတစ်ယောက်မှ သူမခင်ပွန်းဖြစ်သူအတွက် တရားမျှတမှုကို ထိန်းသိမ်းပေးရန်လာရောက်သူများအဖြစ် မမြင်နိုင်တော့ပေ။ သခင်မကျိုး မနေနိုင်တော့ဘဲမေးလိုက်သည်။
"မင်းသမီးလေးက ဘာရှာနေတာလဲ၊ အကူအညီ လိုသေးလား"
ကျင့်ရှင်းမှာ စိတ်အားထက်သန်နေသော သခင်မကျိုးကို တစ်ချက်ကြည့်လိုက်ပြီးအမြန်ပြောလိုက်၏။
"အခုလောလောဆယ်တော့ မလိုသေးဘူး၊ နောက်မှသုံးဖို့ ခွန်အားတွေ ချွေတာထားလိုက်ပါဦး"
စစ်ဆေးရေးအရာရှိယန်မှ ရုတ်တရက် အော်လိုက်သည်။
"တွေ့ပြီ ဒါလား"
စစ်ဆေးရေးအရာရှိယန်ရှာတွေ့ထားသောသေတ္တာကို ရှောင်ကျိုး အမြန်ယူလိုက်ပြီး သော့ကိုချိုးဖျက်ကာ သေတ္တာကို အကြမ်းပတမ်းဖွင့်လိုက်တော့သည်။
သေတ္တာထဲတွင် အဝတ်အစားများဖြင့် ပြည့်နှက်နေပြီး အမျိုးသမီးအဝတ်အစားများဖြစ်နေကြောင်း အထင်အရှားပင်။
ရှောင်ကျိုးက အရာရှိကျိုး၏ချွေးမဖြစ်သူကိုဆွဲခေါ်လာပြီး အရောင်အသွေးစုံလင်သော အဝတ်အစားများဖြင့်ပြည့်နေသည့်သေတ္တာကို လက်ညှိုးထိုးပြကာ မေးလိုက်၏။
"နင့်အဝတ်အစားတွေ ရှာကြည့်"
အရာရှိကျိုး၏ချွေးမမှာ အလွန်အမင်း ရှက်သွားတော့သည်။
‘နေပါဦး၊ ချန်လဲ့မင်းသမီးလေးက ဘာတွေ ပြောနေတာလဲ’
သေတ္တာထဲတွင် ယောက္ခမ၏အတွင်းခံများဟုထင်ရသော အရာများဖြင့်ပြည့်နှက်နေသည်။ သူမအတွင်းခံတွေက ယောက္ခထီးရဲ့အခန်းထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေနိုင်မှာလဲ။
"မင်းသမီးလေး မနောက်ပါနဲ့၊ ကျွန်မအဝတ်အစားတွေက ယောက္ခထီးရဲ့သေတ္တာထဲမှာ ဘယ်လိုလုပ်ပြီးရှိနေမှာလဲ"
ထိုသို့ပြောပြီးနောက် သူမက သေတ္တာထဲရှိ အတွင်းခံများကို ဖြူရော်နေသော မျက်နှာဖြင့် စိုက်ကြည့်နေသည့် ယောက္ခမဖြစ်သူ သခင်မကျိုးကိုလှည့်ကြည့်လိုက်တော့၏။
အရာရှိကျိုး၏ချွေးမက ဘာမှမလုပ်သည်ကိုမြင်သောအခါ လက်တွေ့လုပ်ဆောင်တတ်သော ရှောင်ကျိုးက အရာရှိကျိုး၏သားဖြစ်သူကို ရှေ့သို့ချက်ချင်း ဆွဲခေါ်ပြီးပြောလိုက်သည်။
"နင့်မိန်းမရဲ့အဝတ်အစားတွေ ရှာကြည့်၊ အဲ့ဒီမှာ သေချာပေါက်ရှိရမယ်၊ နင့်အဖေက အရမ်းကပ်စေးနှဲတာ နင်သိလား၊ သူ့အတွက် အဝတ်အစားမဝယ်ဘဲ နင့်မိန်းမရဲ့အဝတ်အစားတွေကို ခိုးဝတ်တယ်၊ ပြီးတော့ နင်တို့အိမ်တော်က အစေခံမလေးတွေ အများကြီးဆီကနေလည်း အဝတ်အစားတွေခိုးသေးတယ်၊ ငါတို့ဆရာကြီးက ခိုးတာမကောင်းဘူးလို့ ပြောတယ်၊ နင့်အဖေကို ဒီအကျင့်ဆိုးပြင်ဖို့ ပြောသင့်တယ်၊ ဒါက လုံးဝမကောင်းဘူး"
ရှောင်ကျိုးက အရာရှိကျိုး၏သားဖြစ်သူကို တစ်ချက်ကြည့်ပြီး ဆက်ပြောလိုက်၏။
"ဒါနဲ့ နင့်အဖေက အရမ်းအရှက်မရှိတာပဲ၊ နင့်မိန်းမ ရေချိုးနေတာကိုတောင် ချောင်းကြည့်သေးတယ်တဲ့"
ထိုစကားများကြောင့် အခန်းထဲရှိလူတိုင်း မှင်သက်သွားကြတော့သည်။
ပို၍အံ့သြစရာကောင်းသည်မှာ ကျိုးမိသားစုအိမ်တော်မှ အစေခံမလေးများက သေတ္တာများထဲတွင် သူတို့ကိုယ်ပိုင်အဝတ်အစားများကို ရှာတွေ့သွားကြပြီး သူတို့ထဲမှတစ်ယောက်က အဝတ်အစား အနည်းငယ်ကိုရွေးထုတ်ကာ အရာရှိကျိုး၏ချွေးမထံသို့ ကမ်းပေးရင်းပြောလိုက်၏။
"သခင်မလေး၊ ဒါတွေက သခင်မလေးဟာတွေပါ"
အရာရှိကျိုး၏ချွေးမခမျာ သူမမျက်စိရှေ့တွင် အကြိမ်ကြိမ်မည်းမှောင်သွားသလို ခံစားလိုက်ရတော့သည်။ သူမက အစေခံမလေးလက်ထဲမှ အဝတ်အစားများကို တုန်တုန်ရီရီဖြင့်ယူလိုက်ပြီး သေသေချာချာ ကြည့်လိုက်၏။ တကယ်ကို သူမအဝတ်အစားများဖြစ်နေသည်။
"ယောက်ျား ဒါ... ဒါက..."
အရာရှိကျိုး၏သားလည်း အမြန်ယူကြည့်လိုက်၏။ သူက ရင်းနှီးနေသလို ခံစားလိုက်ရပြီး မိခင်ဖြစ်သူထံလှည့်ကာ မေးလိုက်သည်။
"အမေ၊ ဒါက ဘယ်လိုဖြစ်ရတာလဲ"
သခင်မကျိုး ပတ်ဝန်းကျင်ကိုကြည့်လိုက်ရာ သေတ္တာထဲရှိအဝတ်အစားများအားလုံးကို အစေခံမလေးများက သူတို့ပစ္စည်းဟုဆိုကာ ယူသွားကြသည်ကို မြင်လိုက်ရသည်။ သေတ္တာကြီးမှာ ဗလာဖြစ်သွားသော်လည်း သူမကိုယ်ပိုင်အဝတ်အစားများကို တစ်ထည်မျှရှာမတွေ့ခဲ့ပေ။ ရှင်းရှင်းပြောရလျှင် သေတ္တာတစ်လုံး,လုံးထဲ၌ သူမနှင့် သက်ဆိုင်သောပစ္စည်းဟူ၍ တစ်ခုမျှပင်ရှိမနေခဲ့ခြင်းပေ။
ထိုအချိန်မှာပင် တံခါးအပြင်ဘက်၌ ဆူညံသံများ ထွက်ပေါ်လာ၏။ ကျောက်ဟူနှင့် သူ့အပေါင်းအပါများက အပြင်ဘက်ရှိလူများကို မြင်သည်နှင့်တစ်ပြိုင်နက် အတွင်းသို့ ချက်ချင်း အော်ဟစ်အသိပေးလိုက်ကြသည်။
"အရာရှိကျိုး ပြန်လာပြီ"
ခင်ပွန်းဖြစ်သူ၏နာမည်ကို ကြားလိုက်ရသောအခါ ထိုအဘိုးကြီးက ချွေးမဖြစ်သူ ရေချိုးနေသည်ကိုခိုးကြည့်ရုံသာမက အမျိုးမျိုးသောအောက်ခံအဝတ်အစားများကိုပါ လျှို့ဝှက်သိမ်းဆည်းထားကြောင်းကို သတိရသွားပြီး သခင်မကျိုးမှာ ချက်ချင်းပင် အမျက်ချောင်းချောင်းထွက်သွားတော့၏။
ရှောင်ကျိုးက ထိုမျက်နှာအမူအရာကို ချက်ချင်း မှတ်မိလိုက်သည်။ ၎င်းက အဘွားရွှီမှ တစ်ယောက်ယောက်ကို ရိုက်ချင်နေချိန်တွင် ဖြစ်ပေါ်လေ့ရှိသည့် အမူအရာမျိုးပင်။
ရှောင်ကျိုး ဘေးမှတောင့်တင်းခိုင်မာသော တုတ်တစ်ချောင်းကို ချက်ချင်းကောက်ယူကာ သခင်မကျိုးလက်ထဲသို့ ထိုးထည့်ပေးလိုက်ပြီး တိုက်တွန်းလိုက်၏။
"သွား မင်းမကျေနပ်ရင် သွားချလိုက်၊ တစ်ခါရိုက်လို့မလောက်ရင် နှစ်ခါရိုက်၊ နှစ်ခါရိုက်လို့ မလောက်ရင် သေတဲ့အထိ ရိုက်ပစ်လိုက်၊ ကိုယ့်ကိုကိုယ်တော့ အနစ်နာမခံနဲ့"
သခင်မကျိုးက သူမလက်ထဲသို့ ထိုးထည့်ခံလိုက်ရသောတုတ်ကို ဆုပ်ကိုင်ကာ အိမ်ထဲမှ အပြေးအလွှားထွက်သွားတော့သည်။
ဒေါသထွက်နေသော သခင်မကျိုးက ရှေ့တွင်လူများဝိုင်းနေသည့် ဧကရာဇ်ကိုပင်မမြင်တော့ဘဲ သူမခင်ပွန်းဖြစ်သူကိုသာ မြင်နေတော့၏။
သခင်မကျိုးက ဧကရာဇ်ကိုရှောင်ကွင်းသွားကာ တုတ်ကိုမြှောက်ပြီး ခင်ပွန်းဖြစ်သူကို စရိုက်ရင်းကျိန်ဆဲလိုက်တော့သည်။
"နင့်ကို သေတဲ့အထိရိုက်ပစ်မယ် အရှက်မရှိတဲ့ အဘိုးကြီး၊ ဒီအရွယ်ကြီးကျမှ ဒီလိုအရှက်မရှိတဲ့ကိစ္စတွေကို လုပ်ရဲသေးတယ်ပေါ့၊ နင်ကအရှက်မရှိပေမဲ့ နင့်သားနဲ့ချွေးမကတော့ အရှက်ရှိသေးတယ်ဟဲ့"
အရာရှိကျိုးက သူ့အပေါ်ကျရောက်လာသောတုတ်ကို မြင်လိုက်ရသောအခါ အော်ဟစ်ကာ ချက်ချင်းထွက်ပြေးတော့၏။
သခင်မကျိုးက တုတ်ကိုကိုင်ကာ သူ့နောက်မှလိုက်ရင်း ဆက်ကျိန်ဆဲလိုက်သည်။
"နင်က ပြေးရဲတယ်ပေါ့လေ၊ ထပ်ပြေးကြည့်စမ်း၊ နင့်ကို သေတဲ့အထိ ရိုက်ပစ်မယ် သောက်အဘိုးကြီး"
ရှောင်ကျိုးနှင့် အခြားသူများက တစ်ယောက်နောက် တစ်ယောက်လိုက်ရိုက်နေကြသော ထိုလူနှစ်ယောက်ကို အရောင်လက်နေသောမျက်လုံးများဖြင့် ကြည့်နေကြတော့၏။
အချိန်သိပ်မကြာလိုက်ခင်မှာပင် သခင်မကျိုးမှာ အမောမခံနိုင်တော့ဘဲ တုတ်ကိုမှီကာ တဟူးဟူးဖြင့်အမောဖြေနေရတော့သည်။
ရှောင်ကျိုးက သခင်မကျိုးမှာ ရိုက်နှက်ခြင်းမှ အနားယူရန်ပြင်နေပုံရသော်ငြား အရာရှိကျိုးကမူ ဆက်ထွက်ပြေးရန် ခွန်အားများရှိနေသေးသည်ကို မြင်လိုက်ရ၏။
၎င်းမှာ တကယ့်ကိုတရားလွန်လွန်းလှ၏။ ပြိုင်ဆိုင်လိုစိတ်ပြင်းထန်သော ရှောင်ကျိုးမှာ ချက်ချင်းပင် အထိတ်တလန့်ဖြစ်သွားတော့သည်။
"ငါတို့ အခုမှစရုံလေးပဲ ရှိသေးတာကို အရှုံးပေးတော့မလို့လား၊ သခင်မကျိုးက အရမ်းအားနည်းလွန်းတယ်၊ သူမ ခွန်အား ပြန်ဖြည့်ဖို့လိုတယ်"
ရှောင်ကျိုးက စတိုးဆိုင်ထဲမှဝါးဘူးလေးဖြင့်ထည့်ထားသော Red Bullတစ်ပုလင်းကို ချက်ချင်းလဲလှယ်ယူလိုက်သည်။ သူမက သခင်မကျိုးထံပြေးသွားပြီး ဝါးဘူးလေးကို ကမ်းပေးကာ ပြောလိုက်၏။
"သခင်မကျိုး ပင်ပန်းနေလောက်ပြီ၊ ရေဆာပြေအောင် ရေနည်းနည်းသောက်လိုက်ဦး"
သခင်မကျိုးက ချန်လဲ့မင်းသမီးလေး သူမအပေါ် စိုးရိမ်ပေးနေသည်ကိုမြင်သောအခါ အလွန်အမင်းစိတ်လှုပ်ရှားသွားပြီး အလျင်အမြန်ကျေးဇူးတင်စကား ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မင်းသမီးလေး"
ထိုသို့ပြောပြီးနောက် သူမက ချန်လဲ့မင်းသမီးလေးလက်ထဲမှ ဝါးဘူးကိုယူကာ တစ်ငုံသောက်လိုက်ပြီး သေသေချာချာ အရသာခံကြည့်လိုက်ရာ အင်မတန်အရသာရှိကြောင်းတွေ့လိုက်ရ၏။ ထို့နောက် သူမက ဝါးဘူးထဲရှိရေများကို တစ်ကြိုက်တည်းမော့သောက်လိုက်တော့သည်။
ရှောင်ကျိုးက သူမသောက်လို့ပြီးသွားသည်ကို စောင့်ကြည့်နေခဲ့ပြီး သူမက တုတ်ကိုမှီကာ ထိုနေရာတွင် ဆက်အနားယူနေဆဲဖြစ်သည်ကိုမြင်သောအခါ စိုးရိမ်လာကာ သခင်မကျိုး၏ဒေါသမီးကို လေပင့်ပေးလိုက်၏။
"သခင်မကျိုး၊ အရာရှိကျိုးက တောင်းပန်စကားမပြောရသေးဘူးလေ၊ နောက်တစ်ခါလည်း သူများတွေ ရေချိုးတာကို ထပ်ပြီးခိုးကြည့်ချင်သေးလို့များလား"
ချန်လဲ့မင်းသမီးလေး၏ကလေးဆန်သောစကားများကို ကြားလိုက်ရသောအခါ ယခုလေးတင်မှငြိမ်ကျသွားသော သခင်မကျိုး၏ဒေါသများက ထောင်းခနဲ ပြန်ထွက်လာပြီး သူမတွင် ကုန်ခမ်းသွားခြင်းမရှိသော ခွန်အားများ ရှိနေသကဲ့သို့ ခံစားလိုက်ရတော့သည်။ သခင်မကျိုးက တုတ်ကိုဆုပ်ကိုင်ကာ အော်လိုက်၏။
"နင် ဘယ်ကိုသွားမလို့လဲ"
ထို့နောက် သူမက ခင်ပွန်းဖြစ်သူအနောက်သို့ ထပ်ပြေးလိုက်တော့သည်။
ဤဟိန်းဟောက်သံက ပွဲလာကြည့်သော ဧည့်သည်များကို အောင်မြင်စွာ သတိပြန်ဝင်လာစေခဲ့သည်။ သခင်မကျိုးက တုတ်ကိုပြင်းပြင်းထန်ထန် ဝှေ့ယမ်းနေပြီး အရာရှိကျိုးတစ်ယောက် နာကျင်စွာထွက်ပြေးနေရသည်ကိုမြင်သောအခါ လူတိုင်း အလွန်အမင်း အံ့အားသင့်သွားကြတော့၏။ သခင်မကျိုးက အလွန်ကြောက်စရာကောင်းကြောင်းကို သူတို့ ကြားဖူးခဲ့ကြပြီး ယခုအခါ သူမ၏နာမည်ကျော်ကြားမှုက တကယ်ကို ထိုက်တန်ကြောင်းမြင်တွေ့လိုက်ရသည်။ ဤသည်က ကြောက်စရာကောင်းရုံသက်သက် မဟုတ်တော့ဘဲ ရက်စက်ကြမ်းကြုတ်သည်ဟုပင် ဆိုနိုင်တော့သည်။
အရာရှိကျိုးအနောက်သို့ လိုက်နေသော သခင်မကျိုးမှာ ကျိုးမိသားစုခြံဝင်းထဲတွင် အကြိမ်ပေါင်းများစွာပြေးလွှားနေသော်ငြား မပင်ပန်းတော့သည်ကို ရှောင်ကျိုးကကျေနပ်အားရစွာဖြင့် ကြည့်နေတော့၏။ သူမက ရင်ဘတ်ပေါ်ရှိ တကယ်မရှိနေသော အနီရောင်ပဝါလေးကို ကျေနပ်အားရစွာဖြင့် ပွတ်သပ်လိုက်သည်။ သူမက အခြားသူများအား ကူညီပေးရသည်ကို အနှစ်သက်ဆုံးဖြစ်ပြီး သူမက တကယ့်ကိုကလေးလိမ္မာလေး တစ်ယောက်ပင်။
ရှောင်ကျိုးက ငိုကြွေးနေဆဲဖြစ်သော အရာရှိကျိုး၏ချွေးမနှင့် ဒေါသထွက်နေပုံရသော အရာရှိကျိုး၏သားဖြစ်သူကို တစ်ချက်ကြည့်ပြီး နှစ်သိမ့်ပေးလိုက်၏။
"နင်တို့ဝမ်းနည်းနေစရာ မလိုပါဘူး၊ အဝတ်အစားအသစ်တွေ ဝယ်လို့ရတာပဲဟာ၊ ဒါက အဝတ်အစားတစ်ထည်တလေပါပဲ၊ အဘွားရွှီကို နင့်အတွက်တစ်ထည်ချုပ်ပေးဖို့ ငါပြောလိုက်မယ်လေ"
အရာရှိကျိုး၏ချွေးမမှာ ပို၍ပင် ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။
ရှောင်ကျိုး ခေါင်းကုတ်လိုက်ပြီး သူမ ဘာများအပြောမှားသွားသလဲဆိုသည်ကို နားမလည်နိုင်အောင်ဖြစ်နေတော့၏။
‘ဒီအရာရှိကျိုးရဲ့ချွေးမက ဘာလို့များ ပိုပြီးတောင် ငိုနေရတာလဲ’
ကျင့်ရှင်းက ရွာသူကြီးလေး၏လက်ကို ခေါင်းပေါ်မှဖယ်ပေးလိုက်ပြီး ရှင်းပြလိုက်သည်။
"သူမအဝတ်အစားတွေ ပျောက်သွားလို့ မဟုတ်ဘူးလေ၊ အရာရှိကျိုးက သူမ ရေချိုးနေတာကို ခိုးကြည့်တယ်လို့ ခံစားနေရလို့၊ သူမက ကျိုးမိသားစုအိမ်တော်မှာ ဆက်နေဖို့ရှက်နေပြီး ကျိုးမိသားစုက သူမကွယ်ရာမှာ အတင်းပြောကြမှာကို ကြောက်နေတာ"
ရှောင်ကျိုး နားမလည်နိုင်သဖြင့် အရာရှိကျိုး၏ချွေးမကို မော့ကြည့်ကာ မေးလိုက်၏။
"နင်က ဘာလို့ရှက်နေရတာလဲ၊ နင်က သူများရေချိုးတာကို ခိုးကြည့်ခဲ့တာမှ မဟုတ်တာ၊ ဘယ်သူကများ နင့်ကိုဘာစကား ပြောရဲမှာလဲ၊ အဲ့ဒီလိုပြောတဲ့လူကလဲ သူများရေချိုးတာခိုးကြည့်ချင်နေလို့ နေမှာပေါ့၊ နောက်တစ်ခါ တစ်ယောက်ယောက်က နင့်ကိုတစ်ခုခုပြောလာရင် သူ့ကိုနင့်ယောက္ခမဆီသာ အပ်လိုက်"
ထိုသို့ပြောပြီးနောက် သူမက အရာရှိကျိုးကို မြေပြင်ပေါ် ဖိချကာရိုက်နေသော သခင်မကျိုးကို လက်ညှိုးထိုးပြပြီး ဆက်ပြောလိုက်သည်။
"ဟိုမှာတွေ့လား၊ နင့်ယောက္ခမက သူများရေချိုးတာကို ခိုးကြည့်တဲ့လူတွေကို အမုန်းဆုံးပဲ၊ အဲ့ဒီလိုလူစားမျိုး နောက်တစ်ယောက်ထပ်ပေါ်လာရင် နင့်ယောက္ခမဆီသာ အပ်လိုက်၊ သူမက တုတ်နဲ့ အသေရိုက်ပေးလိမ့်မယ်"
ပွဲကိုစောင့်ကြည့်နေကြသော ကျိုးမိသားစုအိမ်တော်မှ အစေခံများနှင့် အလုပ်သမားများမှာ ထိုစကားများကို ကြားလိုက်ရသောအခါ အလွန်အမင်းတုန်ရီသွားကြတော့၏။